ဧကရာဇ်နှစ်ပါး၏တုန်လှုပ်မှု
Vol. 19 Ch. 273
နယ်မြေများအဖြစ် အစိတ်စိတ်အမွှာမွှာဖြစ်တည်သွားသည့် ဟွမ်းတို့နေထိုင်ရာကုန်းမြေကြီးတစ်ခုလုံးကို ထျန်းကမ္ဘာငယ်ဟု ခေါ်ဆိုခဲ့ကြသည်။
ယခင်က ထျန်းကမ္ဘာငယ်တွင် မူလနတ်အင်ပါယာအဆင့်များ မရှိခဲ့ချေ။ ဓားဧကရာဇ်တို့ပင် မဟာနတ်အင်ပါယာအဆင့်သာ ရှိခဲ့ကြ၏။ သို့သော် သူတို့သုံးဦးသည် ထိုစဉ်ကတည်းက ထျန်းကမ္ဘာငယ်၏ အထွတ်ထိပ်များဖြစ်နေကြသည်။
နောက်ပိုင်းတွင် ထျန်းကမ္ဘာငယ်သို့ ထူးဆန်းသည့် အမျိုးသမီးတစ်ဦး ရောက်ရှိလာခဲ့၏။ ထိုအမျိုးသမီးသည် ဒဏ်ရာအပြင်းအထန်ရရှိနေသောကြောင့် ထျန်းကမ္ဘာတွင် နေထိုင်မည်ဟု ဆိုခဲ့သည်။
ဒဏ်ရာရာနေသည်ဟုသာဆိုသော်လည်း သူမ၏ အကြည့်တစ်ချက်နှင့်ပင် သူတို့အား ထိတ်လန့် တုန်လှုပ်ရ၏။
ထို့အပြင် သူမ၏ စွမ်းအင်နည်းစနစ်များသည် သူတို့ မကြုံဖူးသည့် အရာများဖြစ်နေခဲ့သည်။ နောက်ပိုင်းတွင် သူမနှင့် ရင်းနှီးလာကြကာ သူတို့အား မူလနတ်အင်ပါယာအဆင့်ထိပင် ရောက်ရှိအောင် လမ်းပြပေးခဲ့၏။
ထို့ကြောင့်ပင် သူနှင့် အခြားဧကရာဇ်နှစ်ဦးသည် မူလနတ်အင်ပါယာများဖြစ်လာကြပြီးထျန်းကမ္ဘာငယ်၏ အင်အားသည် တိုးတက်လာတော့သည်။
သို့သော် သူတို့သည် ရင်းနှီးမှုရှိလာသော်လည်း သူမ၏ အကြောင်းများကို မေးမြန်းရန် မဝံရဲခဲ့ကြပေ။
ထို့နောက်တွင် သူမသည် ထိုဧကရာဇ်သုံးဦးသည် ထျန်းကမ္ဘာငယ်ကို စောင့်ရှောက်နိုင်သည်ဟု ယူဆခဲ့၏။ ထို့ကြောင့် ထူးခြားသည့် လေဟာနယ်စက်ဝန်းတစ်ခု ဖန်တီးခဲ့ပြီး သူမသည် ထိုနေရာတွင်သာ နေထိုင်ခဲ့တော့သည်။
ထိုအရာက ဤလေဟာနယ်စစ်တလင်းဖြစ်ပေါ်လာခြင်းပင်။
အဲ့ဒီနောက်ပိုင်းတွင် သူတို့၏ ထျန်းကမ္ဘာငယ်သည် ခေါင်းသုံးလုံးနှင့် မြွေနဂါးတစ်ကောင်ရောက်ရှိလာခြင်းကြောင့် အေးချမ်းမှုများ ကုန်ဆုံးသွားတော့၏။
ကျို့ယင်၏ ခွန်အားသည် သူတို့သုံးဦးပေါင်းထက်ပင် သန်မာနေပြီး ကြီးမားသည့် တိုက်ပွဲကြီး ဖြစ်ခဲ့ကြသည်။ ထို့အပြင် ကျို့ယင်၏ အနှိုင်းမဲ့ စွမ်းအားများကြောင့် သူတို့သည် အနိုင်ယူရန် မလွယ်ကူခဲ့ချေ။
တိုက်ပွဲကြာလာသည်နှင့်အမျှ ထျန်းကမ္ဘာငယ်သည် ယိုယွင်းလာပြီး အစိတ်အပိုင်းများစွာအဖြစ် ကွဲထွက်သွား၏။
မူလနတ်အင်ပါယာသုံးဦးသည်လည်း ထိုအမျိုးသမီး၏ သင်ပြမှုများနှင့် ရရှိလာသည့် စွမ်းအားကြောင့် ကျို့ယွင်ကို ထိန်းချုပ်နိုင်ခဲ့သည်။
ဓားဧကရာဇ်သည် ချက်ချင်း သူ၏ စွမ်းအားအကုန်သုံးကာ ကျို့ယင်၏ ခေါင်းများကို ပိုင်းဖြတ်နိုင်ခဲ့သည်။ သို့သော် ကျို့ယင်သည် မသေဆုံးခဲ့ပေ။ သူတို့သည် နည်းလမ်းမျိုးစုံနှင့် ကြိုးစားခဲ့သော်လည်း ကျို့ယင်ကို မသတ်နိုင်ခဲ့ပေ။
ထို့ကြောင့် နတ်ဆိုးဧကရာဇ်သည် သူ၏ နတ်ဆိုးစွမ်းအင်များနှင့် ကျို့ယင်၏ ဝိညာဉ်ကို တုပ်နှောင်ကာ နတ်ဘုရားဧကရာဇ်သည် သုံးနေရာခွဲ၍ ချိတ်ပိတ်ခဲ့ကြသည်။
သို့သော် သူတို့သည် ကျို့ယင်ထံမှ ပြင်းထန်လွန်းသည့် အဆိပ်များကို ခံစားခဲ့ရ၏။
ထိုအဆိပ်သည် ချက်ချင်း မသေဆုံးခဲ့သော်လည်း သူတို့၏ ခန္ဓာများ တဖြည်းဖြည်း ယို့ယွင်းလာခဲ့သည်။ မည်သည့်နည်းလမ်းသုံးပါစေ သူတို့သည် ထိုအဆိပ်များကို မဖယ်ရှားနိုင်ပေ။ ကုသမှုများလည်း မလုပ်နိုင်ခဲ့ချေ။
နောက်ဆုံးတွင် ထိုယို့ယွင်းမှုကြောင့် သေဆုံးရမည့်အခြေအနေထိ ဆိုက်ရောက်လာ၏။ ထိုအချိန်တွင် လေဟာနယ်စစ်တလင်းအတွင်းမှ ထိုအမျိုးသမီးသည် ထွက်ပေါ်လာခဲ့ပြီး ထူးဆန်းသည့် နည်းလမ်းနှင့် သူတို့၏ ဝိညာဉ်များကို ကယ်တင်ပေးခဲ့သည်။
သို့သော် အဆိပ်များသည် ဝိညာဉ်အထိပင် ပျံ့နှံ့သွားသောကြောင့် ဝိညာဉ်တစ်စိတ်တစ်ပိုင်းကိုသာ ထိမ်းသိမ်းနိုင်ခဲ့၏။
ထို့ကြောင့်ပင် ယနေ့အထိ သူ့အား မြင်တွေ့နေရခြင်းပင်။ နောက်ပိုင်းတွင် သူတို့သုံးဦးအား လေဟာနယ်စစ်တလင်းတွင်နေထိုင်စေခဲ့ပြီး သူတို့၏ အမွေများကို လွဲအပ်ပေးရန် စောင့်ဆိုင်းခဲ့စေသည်။
“အဲ့ဒီအမျိုးသမီးက ဘယ်မှာလဲ..”
ဟွမ်းသည် သူတပည့်များ၏ ပြောကြားချက်အရ ခေါင်းတလားအတွင်းမှ အမျိုးသမီးသည် သူမနှင့် တွေ့ဆုံရန် မှာကြားခဲ့သည်ကို အမှတ်ရသွား၏။
“သူမက ခေါင်းတလားတစ်ခုထဲမှာ နေတာများတယ်..”
ဓားဧကရာဇ်သည် ရှင်းပြပြောဆိုလိုက်သည်။ ထို့ကြောင့် ဟွမ်းသည် ဆက်လက်မေးမြန်းလိုက်၏။
“ဘယ်မှာသွားတွေ့ရမလဲ..”
“သူမက နှစ်တစ်သောင်းလောက်နေမှ တစ်ခါနိုးထပြီး ပေါ်ထွက်လာတက်တာ..၊ သူမ မနိုးထရင် ဘယ်သူမှ သူမကို တွေ့ဆုံနိုင်စွမ်းမရှိဘူး..”
ဓားဧကရာဇ်သည် သက်ပြင်းချကာ ဆိုလိုက်၏။
ထိုလူငယ်သည် ဤနေရာသို့ မည်သည့်နည်းလမ်းနှင့် ဝင်ရောက်လာသည်ကို မသိရှိသော်လည်း သူ့ကိုပင် ရိုက်နှက်နိုင်စွမ်းရှိသောကြောင့် ထူးဆန်းသည်ဟု ခံစားမိသည်။
ထို့နောက် သူ၏ သိချင်စိတ်ကို မထိန်းနိုင်တော့သောကြောင့် ဟွမ်းကို မေးမြန်းလိုက်သည်။
“မင်း ဒီထဲကို ဘယ်လိုဝင်လာနိုင်တာလဲ..သူမ နိုးထပြီး လေဟာနယ် မုခ်ဝကို ဖွင့်မပေးရင် ပြင်ပက ကျင့်ကြံသူတွေ မဝင်ရောက်နိုင်ဘူးလို့ပြောဖူးတယ်..၊ ပြီးတော့ ဒီနေရာကိုလဲ ရှာမတွေ့နိုင်ဘူး လို့ပြောတယ်..”
“အမှတ်မထင်တွေ့တာပါ..”
ဟွမ်းသည် သာမန်ကာလျှံက အဖြေပေးလိုက်၏။ သို့သော် ဓားဧကရာဇ်သည် ကျေနပ်ဟန်မရချေ။
“ငါ့ကို အသေးစိတ်ပြောစမ်းပါ..”
“အမှိုက်လို ခွန်အားနဲ့ ကျင့်ကြံသူက ကုန်းမြေကို ဖျတ်ဆီးဖို့ လုပ်တယ်လေ..၊ အဲ့ဒါကြောင့် တိုက်ခိုက်ရင်း ဒီနေရာကို ရှာတွေ့တာ..”
ဟွမ်းသည် ရှင်းပြလိုက်၏။ ထိုအဘိုးကြီး၏ အမူအယာသည် ပြင်ပလောကအကြောင်း စိတ်ဝင်စားဟန်ရှိသည်။
“ဒီနေရာရဲ့ လေဟာနယ် အတားအဆီးက မတော်တဆ တွေ့ရှိလောက်တဲ့အထိ အပေါ်ယံမဆန်ပါဘူး..၊ ဘယ်လိုတိုက်ခိုက်မှုမျိုးကြောင့် လေဟာနယ်စစ်တလင်း ပေါ်လာတဲ့အထိ ဖြစ်သွားတာလဲ..”
ဓားဧကရာဇ်သည် စစ်စစ်ပေါက်ပေါက်မေးမြန်းလိုက်၏။ ဟွမ်းသည် စိတ်မပါသည့် လေသံနှင့် ဖြေလိုက်သည်။
“သာမန်တိုက်ခိုက်မှုမျိုးပါပဲ..၊ ပေတံထဲ မီးတောက်လေးထည့်ပြီး ခုတ်လိုက်တာ..၊ ဒီကုန်းမြေရဲ့ လေဟာနယ်က ပါးတယ်ထင်ပါရဲ့..နှစ်ခြမ်းကွဲသွားတော့တာပဲ..”
ဓားဧကရာဇ် “...”
‘ဘယ်လို စွမ်းအားနဲ့တိုက်ခိုက်လိုက်လို့ ကုန်းမြေက နှစ်ခြမ်းကွဲသွားရတာလဲ..၊ ဒါတောင် အသားစိမ်းငါးစိမ်း ခုတ်သလို ပြောနေရတာလဲ..’
ဓားဧကရာဇ်သည် အသက်ရှုမဝသလိုပင် ခံစားလိုက်ရ၏။ သို့သော်လည်း ဤသို့ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ထျန်းကမ္ဘာငယ်တွင် ရှိနေသေးသောကြောင့် တော်သေးသည်ဟု တွေးမိသည်။
ဟွမ်း၏ ရှင်းပြချက်ကြောင့် ထျန်းကမ္ဘာငယ်ကို ကျုးကျော်သူအား သုတ်သင်နိုင်ခဲ့သည်ဟုတွေးမိသွား၏။
ဓားဧကရာဇ်သည် သက်ပြင်းချပြီးနောက် ဆက်လက်မေးမြန်းလိုက်သည်။
“ဒါဆို ကောင်းကင်နန်းတော်ရော..”
ဟွမ်းသည် ကောင်းကင်နန်းတော်၏ အဖြစ်အပျက်များကို ရှင်းပြလိုက်တော့၏။
“ဘာပြောတယ်..”
ထို့အချိန်တွင် ဓားဧကရာဇ်၏ ဂူအတွင်းသို့ ဝိညာဉ်တစ်ခုသည် ထိတ်လန့်တကြားရေရွတ်သံနှင့် အတူရောက်ရှိလာ၏။
“နတ်ဘုရားဧကရာဇ်..”
ဓားဧကရာဇ်သည် ထိုသူ့အား ကြည့်ကာရေရွတ်လိုက်၏။
နတ်ဘုရားဧကရာဇ်သည် ဓားဧကရာဇ်၏ ဂူတွင် ထူးခြားသည့် တုန်ခါမှုများကို ခံစားမိသောကြောင့် ရောက်ရှိလာခြင်းပင်။ သို့သော် သူသည် ဟွမ်း၏ မယုံကြည်နိုင်ဖွယ်ရှင်းပြချက်များကို ကြားသိလိုက်ရသည်။
ကောင်းကင်နန်းတော်သည် နတ်ဘုရားဧကရာဇ်တည်ထောင်ထားသည့် ထျန်းကမ္ဘာငယ်၏ အထက်ပိုင်းအလွှာဖြစ်၏။ ကျို့ယင်နှင့်တိုက်ခိုက်မှုကြောင့် အလွှာများပျက်စီးသွားပြီး ကောင်းကင်နန်းတော်သည်လည်း အောက်အလွာသို့ ကျဆင်းခဲ့ခြင်းပင်။
သို့သော် ကောင်းကင်နန်းတော်သည် ဤကုန်းမြေတွင် မရှိတော့သည်ကို သိလိုက်ရသောကြောင့် သူ၏ စိတ်သည် အပြင်းထန် လှုပ်ယမ်းသွားသည်။
ထို့အပြင် သူ၏ မျိုးဆက်များသည် အခြားလောက၏ ကျွန်ဖြစ်သွားသည်ကို မည်သို့မျှပင် မယုံကြည်နိုင်ဖြစ်နေ၏။ ထိုအရာက သူ့အတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ခုပင်။
“လူငယ်လေး သူတို့ကို ပြန်ခေါ်လာနိုင်လား..”
နတ်ဘုရားဧကရာဇ်သည် တုန်ယင်နေသည့်လေသံနှင့် မေးလိုက်၏။
“အသေချာတော့ မပြောနိုင်ပေမဲ့..၊ အဲ့ဒီနေရာကနေ သူတို့ လွှတ်မြောက်အောင် လုပ်ဖို့ ကျုပ်မှာ တာဝန်ရှိတယ်..”
ဟွမ်းသည် တည်ငြိမ်သည့် အမူအယာနှင့်သာ ဆိုလိုက်၏။ သို့သော် နတ်ဘုရားဧကရာဇ်၏ အမူအယာကြောင့် သူ၏ စွမ်းအင်များနှင့် နတ်ဘုရားဧကရာဇ်၏ အသွင်ကို ထိန်းသိမ်းပေးလိုက်သည်။
နတ်ဘုရားဧကရာဇ်သည် ဒူးထောက်ကာ တောင်းဆိုလိုသည့် အသွင်ပင်။ ဟွမ်းသည် ကတိမပေးခဲ့သလို လက်ခံခြင်းလည်း မရှိခဲ့ပေ။ သို့သော် သူတက်နိုင်သမျှ လုပ်ဆောင်မည်ဖြစ်သည်။
သို့မှသာ နတ်ဘုရားဧကရာဇ်သည် တည်ငြိမ်သွား၏။
“ကျေးဇူးတင်ပါတယ်..”
ဟွမ်းသည် အသိမှတ်ပြုဟန် ခေါင်းညိတ်လိုက်ပြီးနောက် ဓားဧကရာဇ်ကို ကြည့်ကာ မေးလိုက်ပြန်သည်။
“ခင်ဗျားပေးချင်တဲ့ အမွေက ဘာလဲ..”
“လူငယ်လေး ငါလည်း အမွေပေးဖို့ အလျင်လိုနေပေမဲ့ မင်းနဲ့ မလိုက်ဖက်တာ ငါ့ကို အခက်တွေ့စေတယ်..”
ဓားဧကရာဇ်သည် သက်ပြင်းချကာဆိုလိုက်၏။ သူတစ်လျှောက်လုံးကျင့်ကြံခဲ့သည့် ဓားနည်းစနစ်ကို အမွေပေးလိုခြင်းဖြစ်သည်။ သို့သော် ဟွမ်းသည် ခွန်အားအရာတွင် အလွန်သန်မာသော်လည်း သူ၏ ဓားနည်းစနစ်နှင့်လိုက်ဖက်ညီခြင်းမရှိပေ။
“ကျုပ်မှာ ဓားသုံးနိုင်တဲ့ တပည့်တစ်ယောက်ရှိတယ်..”