လောင်ကျွမ်းခြင်း
Vol. 19 Ch. 274
“ကျုပ်နှစ်တွေအများကြီးစောင့်ဆိုင်းခဲ့ပေမဲ့ အမွေနဲ့ သင်လျော်တဲ့သူ မတွေ့ခဲ့ဘူး..”
ဓားဧကရာဇ်သည် သက်ပြင်းချကာဆိုလိုက်၏။
“ရှေ့တစ်ခေါက် လေဟာနယ်စစ်တလင်းဖွင့်တုန်းက ရှားရှားပါးပါး ဓားသန္ဓေနဲ့ ကျင့်ကြံသူလေးကို တွေ့ခဲ့ရတယ်..”
ထို့နောက် သူ၏ ခံစားချက်များ ပြင်းထန်လာသည်။
“ဘယ်လို သတ္တဝါမျိုးမှန်း မသိဘူးကွာ..၊ ငါရဲ့ တည်ရှိမှုကို သိအောင် နည်းလမ်းမျိုးစုံနဲ့ ဖော်ပြခဲ့တာတောင် အဖက်မလုပ်ဘူးကွာ..”
ဓားဧကရာဇ်သည် ဝမ်းနည်းပက်လက်နှင့် ပြောဆိုလိုက်၏။
ထိုစဉ်က သူသည် သင့်လျော်သူ တွေ့ရှိလိုက်ပြီဖြစ်သောကြောင့် အတိုင်းအဆမဲ့ ပျော်ရွင်ခဲ့သည်။ သူသည် အသံပို့လွှတ်ခြင်းဖြင့်လည်းကောင်း၊ ဓားစွမ်းအင်များ ယိုစိမ့်စေခြင်းဖြင့်လည်းကောင်း အမျိုးစုံကြိုးစား အသိပေးခဲ့၏။
သို့သော် ထိုကျင့်ကြံသူသည် သူ့အား နည်းနည်းမျှပင် စိတ်ဝင်စားဟန် မရှိခဲ့ချေ။ ဂရုပင် မစိုက်။
ထိုအရာက သူ၏ စိတ်ဓာတ်ကို အောက်ဆုံးအထိ ထိုးကျစေခဲ့၏။
ဟွမ်းသည် ထိုအကြောင်းအရာကို ကြားသိချိန်တွင် အတွေးများပေါ်ထွက်လာသည်။ ထိုကျင့်ကြံသူသည် ပိုင်ကျန့်ယွီဖြစ်သည်မှန်း ခန့်မှန်းမိ၏။ ထိုသို့လုပ်နိုင်သူသည် သူတစ်ဦးသာရှိသည်။ ထို့နောက် သူသည် ခေါင်းခါယမ်းကာ ဆိုလိုက်၏။
“ကျုပ်မှာ ဓားစွမ်းအင်သုံးတဲ့ တပည့်တစ်ဦးရှိတယ်..၊ သူ့မှာလဲ ဓားသန္ဓေခန္ဓာကိုယ်နဲ့ပဲ..”
ဟွမ်း၏ စကားကြောင့် ဓားဧကရာဇ်၏ မျက်ဝန်းများ အရောင်လက်သွားသည်။
“ထျန်းကမ္ဘာငယ်မှာ ဓားသန္ဓေနဲ့ မွေးဖွားသူ နှစ်ဦးတောင် ရှိလာတာလား..”
သူသည် အံ့ဩတကြီးမေးလိုက်၏။ ထိုသို့ပိုင်ဆိုင်သူနှစ်ဦး ပေါ်ထွက်တက်သည်ကို မကြားဖူးခဲ့ချေ။ သူအသက်ရှင်စဉ်တုန်းကလည်း မတွေ့ဖူးချေ။
“ခင်ဗျားပြောတဲ့သူနဲ့ ကျုပ်တပည့်က တစ်ယောက်တည်းပဲ ဖြစ်လိမ့်မယ်..”
ဟွမ်းသည် အတည်ပြုပေးလိုက်၏။
ဓားဧကရာဇ်သည် စိတ်ထဲ တင်းကြပ်သွားသည်။ ထို့နောက် အရာအားလုံး လက်ခံသည့် အသွင်နှင့် သက်ပြင်းချလိုက်၏။
“ဒါဆိုရင် ငါ့ရဲ့ အမွေကို ပေးအပ်ခဲ့ချင်တယ်..”
ဓားဧကရာဇ်သည် လေးနက်သွားသည့် အမူအယာနှင့် ဆိုလိုက်၏။
သူသည် ပိုင်ကျန့်ယွီကို တွေ့မြင်ဖူးပြီးဖြစ်သည်။ သို့သော် ထိုလူငယ်၏ အဖက်မလုပ်မှုကြောင့် ပေးအပ်နိုင်ခဲ့ခြင်းမရှိချေ။
ဟွမ်း၏ တပည့်မှန်း သိလိုက်ချိန်တွင်တော့ သူ့အတွက်မျှော်လင့်ချက်ရှိလာခဲ့ပြီဖြစ်သည်။
“ခင်ဗျား ဝိညာဉ်ပြယ်လွင့်သွားနိုင်တယ်..”
ဟွမ်းသည် သတိပေးလိုက်၏။ ဓားဧကရာဇ်၏ ဝိညာဉ်သည် အချိန်ကြာကြာတည်ရှိနိုင်တော့မည်မဟုတ်ပေ။
အမွေအနှစ်အတွက် စွမ်းအင်များ သုံးလိုက်ပါက ချက်ချင်းပျောက်ကွယ်သွားနိုင်၏။
“ငါ ရှင်သန်နေခဲ့ရတာက ဒီလိုအခိုက်အတန့်အတွက်ပဲ..”
ဓားဧကရာဇ်သည် နောင်တမရဟန်နှင့်ပြောဆိုလိုက်၏။
“မင်းရဲ့တပည့်က ဓားသန္ဓေဆိုတော့ ဓားလမ်းစဉ်ကို အနှေးနဲ့အမြန်ရှာတွေ့နိုင်မှာပဲ..၊ ဒါကြောင့် ငါ့ရဲ့ အတွေ့အကြုံတွေကို မျှဝေပေးခဲ့ချင်တယ်..”
“ပြီးတော့ ငါနောင်တရတဲ့ ကိစ္စက ငါ့ရဲ့နည်းစနစ်ကို မပြန့်ပွားစေခဲ့တာပဲ..၊ ဒါကြောင့် မင်းရဲ့တပည့်က အခြားလက်ဆင့်ကမ်းမှုတွေ လုပ်ပေးခဲ့ဖို့ မျှော်လင့်တယ်..”
ဟွမ်းသည် နားလည်သည့် အမူအယာနှင့် ခေါင်းညိတ်ပြလိုက်၏။ ဓားဧကရာဇ်ကဲ့သို့ မူလနတ်အင်ပါယာတစ်ဦး၏ နည်းစနစ်များသည် ဓားနတ်ဆိုးထက်များစွာ သာလွန်နေသည်မှာ ကျိန်းသေပင်။
ဟွမ်းသည် ဘေးနားရှိ အသက်မဲ့နေဟန်ရှိသည့် အဘိုးအိုကိုမေးလိုက်၏။
“ခင်ဗျားမှရော ပေးစရာအမွေမရှိဘူးလား..”
နတ်ဘုရားဧကရာဇ် “...”
နတ်ဘုရားဧကရာဇ်သည် သက်ပြင်းချကာ ပြောလိုက်၏။
“ငါနဲ့ နတ်ဆိုးဧကရာဇ်က ဒီကောင့်လို တစ်ကောင်ကြွက်မဟုတ်ဘူးလေ..”
ဓားဧကရာဇ် “...”
‘ဘာကိစ္စ ငါ့ကို နှိပ်ကွတ်နေတာတုန်း..’
နတ်ဘုရားဧကရာဇ်သည် ဆက်လက်ပြောဆိုလိုက်၏။
“ငါတို့သုံးယောက်က တစ်ခေတ်တစ်ခါက ထူးချွန်တဲ့ကျင့်ကြံတွေ ဖြစ်ခဲ့ကြတယ်..၊ ငါတို့သေဆုံးခါနီးမှာ ငါတို့ရဲ့ ထူးခြားတဲ့ အရင်းမြစ်တွေကို ထျန်းကမ္ဘာငယ်ထဲ ချန်ထားခဲ့တယ်..၊ ခွန်အားကောင်းတဲ့ နောက်မျိုးဆက်တွေ ပေါ်ထွက်လာစေဖို့ပေါ့..၊ ပြီးတော့ ငါနဲ့ နတ်ဆိုး ဧကရာဇ်က ငါတို့ မျိုးနွယ်တွေမှာ အမွေတွေ ချန်ထားခဲ့နိုင်တယ်လေ..”
“နတ်ဆိုးဧကရာဇ်က ဘယ်မှာလဲ..”
ဟွမ်းသည် အဘိုးအို နှစ်ဦးကိုသာ တွေ့ရှိသောကြောင့်မေးလိုက်၏။ နတ်ဘုရားဧကရာဇ်သည် ဝမ်းနည်းဟန်နှင့် ဆိုလိုက်သည်။
“နတ်ဆိုးဧကရာဇ်က သူ့ရဲ့ သမီးကို နတ်ဆိုးသဖူ ပေးအပ်ပြီးနောက်မှာ ပျောက်ကွယ်သွားပြီ..”
“ဒါပေမဲ့ နတ်ဆိုးမျိုးနွယ်ဝင်အချို့က ငါတို့သေဆုံးပြီးနောက်ပိုင်းမှာ ထျန်းကမ္ဘာငယ်ကို အုပ်စိုးလိုစိတ်ရှိခဲ့တယ်ထင်တယ်..၊ နတ်ဆိုး ဧကရာဇ်ရဲ့ သမီးက သူ့ရဲ့ စွမ်းအားတွေလောင်ကျွမ်းပစ်ခဲ့ပြီး..၊ လောဟာနယ်စစ်တလင်းပွင့်တဲ့ အချိန်မှာ နတ်ဆိုးမျိုးနွယ်ဝင်အချို့ကို ဒီထဲကို ခေါ်သွင်းလာတော့တာပဲ..”
ဟွမ်းသည် အတွေးနက်သွား၏။ သူတွေးသည့်အကြောင်းအရာကိုတော့ သူကိုယ်တိုင်သာ သိပေမည်။
‘ရွှယ်အာကို နတ်ဆိုးသရဖူပေးခဲ့တဲ့ မိန်းကလေးထင်တယ်..’
ထိုစဉ်က မော့ရွှယ်အာသည် လေဟာနယ်စစ်တလင်း ဦးစွာ နှင်ထုတ်ခံခဲ့ရသူဖြစ်သည်။ ကြည့်ရသည်မှာ နတ်ဆိုးဧကရာဇ်၏သမီးသည် ထျန်းကမ္ဘာငယ် ငြိမ်းချမ်းရေးအတွက် သူမ၏ မျိုးနွယ်ကိုပင် စတေးခဲ့လေ၏။ ဟွမ်းသည် မဆိုးလှဟု မှတ်ချက်ချမိလေသည်။
သို့သော် အမှောင်စွမ်းအင်ကြောင့်သာ မဟုတ်လျှင် နတ်ဆိုးမျိုးနွယ်သည် ရှင်သန်နိုင်ဦးမည်ဖြစ်၏။
“ဒီလိုတွေ ဖြစ်ကုန်တာလား..”
ဧကရာဇ်နှစ်ဦးသည် နတ်ဆိုးမျိုးနွယ်၏ အကြောင်းကို ကြားသိပြီးနောက် သက်ပြင်းချလိုက်ကြသည်။
“လူငယ်လေး..၊ ထျန်းကမ္ဘာကို ဆက်လက်စောင့်ရှောက်ပေးဖို့မျှော်လင့်ပါတယ်..”
ဓားဧကရာဇ်သည် ထိုသို့ ပြောဆိုလိုက်ပြီးနောက် လက်အသွင်တစ်ခု ထုတ်ဖော်လိုက်သည်။ ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်မှ စွမ်းအင်များထွက်ပေါ်လာပြီး သူ၏ ရှေ့တွင် သေးငယ်သည့် ကျောက်ပြားတစ်ချပ် ပေါ်ထွက်လာသည်။
သူသည် ထိုကျောက်ပြားအတွင်းသို့ စွမ်းအင်များကို အဆက်မပြတ်ထည့်သွင်းလိုက်၏။ ထိုအရာသည် သူရရှိခဲ့သည့် အတွေ့အကြုံများနှင့် ဓားနှင့်ပတ်သတ်သည့် နည်းစနစ်များပါဝင်သည်။
“အဘိုးကြီး ငါအရင်သွားနှင့်ပြီကွာ..”
ဓားဧကရာဇ်သည် နတ်ဘုရားဧကရာဇ်ကို ကြည့်ရင်းနှုတ်ဆက်လိုက်၏။ သူတို့သည် သေဆုံးသွားပြီးဖြစ်သော်လည်း လေဟာနယ်စစ်တလင်းတွင် ဝိညာဉ်များအဖြစ် အတူတကွ နေထိုင်နိုင်ခဲ့ကြသည်။
တစ်ခဏအကြာတွင် သူ၏ ဝိညာဉ်သည် တဖြည်းဖြည်းဝေဝါးလာကာ မှိန်လျပျောက်ကွယ်သွားတော့၏။
သူမပျောက်ကွယ်ခင်တွင် သူ၏ မျက်နှာတွင် နောင်တရသည့် အမူအယာများရှိမနေခဲ့ပေ။
ဟွမ်းသည် ထိုကျောက်ပြားကို ယူဆောင်လိုက်ပြီး ညင်သာစွာ ဆုပ်ကိုင်ထားလိုက်သည်။
နတ်ဘုရားဧကရာဇ်သည် ဓားဧကရာဇ်၏ ပျောက်ကွယ်သွားခြင်းအတွင် အလွန်ပင် ဝမ်းနည်းမှုများဝင်ရောက်လာသည်။
နတ်ဆိုးဧကရာဇ် ပျောက်ကွယ်သွားစဉ်ကလည်း ဤနည်း၎င်းပင်။
သူတို့သည် ခေတ်ပြိုင်ပါရမီရှင်များဖြစ်သလို အရင်းနှီးဆုံး မိတ်ဆွေသူငယ်ချင်းများလည်း ဖြစ်ကြ၏။
သူသည်လည်း တစ်ချိန်ချိန်ပျောက်ကွယ်သွားမည်ဖြစ်သော်လည်း ထိုနှစ်ဦးမရှိတော့သောကြောင့် အထီးကျန်မှုကို ခံစားလိုက်ရသည်။
“မင်း အဲ့ဒီအမျိုး သမီးကို တွေ့ချင်လား..”
သူသည် ဟွမ်းကို ကြည့်ကာ မေးခွန်းထုတ်လိုက်၏။
“ခင်ဗျားမှာ နည်းလမ်းရှိလား..”
ဟွမ်းသည် မငြင်းဆန်ပေ။ သူ၏ မူလရည်ရွယ်ချက်သည် ချုးယွီဟွာကို ရှာဖွေရန် ဤနေရာသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ထိုအမျိုးသမီးသည် ချုးယွီဟွာ မဟုတ်သော်လည်း ထိုအမျိုးသမီးသည် သူ့ကို သိရှိနေပြီး သူ၏ အတိတ်ကအကြောင်းများကို သိရှိလိမ့်မည်ဟု ခံစားမိ၏။ ထို့ကြောင့် တွေ့ဆုံရန် ဆန္ဒရှိနေ၏။
“ရှိတယ်..၊ ငါ့နောက်လိုက်ခဲ့..”
နတ်ဘုရားဧကရာဇ်သည် တည်ကြည်သည့်အမူအယာနှင့် ဆိုလိုက်၏။
ထို့နောက် လေဟာနယ်စစ်တလင်း၏ နက်ရှိုင်းသည့် တည်နေရာတစ်ခုသို့ ဝင်ရောက်သွားသည်။
ဟွမ်းသည်လည်း နတ်ဘုရားဧကရာဇ်၏ လမ်းကြောင်းအတိုင်း လိုက်ပါသွား၏။
“ဒီနေရာပဲ..”
နတ်ဘုရား၏ကရာဇ်သည် ယစ်ပလ္လင်သဏ္ဌာန်ရှိနေသည့် တည်နေရာတစ်ခုကို ညွှန်ပြလိုက်သည်။
ဟွမ်းသည် တည်နေရာကို လည့်ပတ်စစ်ဆေးလိုက်ချိန်တွင် ခေါင်းတလားနှင့် တူညီသည့် အရာတစ်ခုတစ်လေမှ ရှိမနေမှန်းကို တွေ့လိုက်ရ၏။ ထို့အပြင် ဤနေရာသည် လေဟာနယ်စစ်တလင်းတစ်ခုလုံးတွင် ထူးခြားသည့် စွမ်းအင်များ ပေါ်ထွက်နေသည်ကို ခံစားမိသည်။
ထို့အပြင် ထူးခြားသည့် အပင်ငယ်များစွာလည်း ရှိသည်။ ထိုအပင်များတွင် သူကိုယ်တိုင်ပင် တစ်ခါမျှမမြင်ဖူးသည့် အပင်များပင် ပါဝင်နေ၏။
“မလောနဲ့..၊ သူမကို ရှာတွေ့ဖို့က အဲ့ဒီလောက် မလွယ်ဘူး..”
နတ်ဘုရားဧကရာဇ်သည် ဟွမ်း၏ မေးခွန်းထုတ်လိုသည့် အကြည့်ကြောင့် ပြောဆိုလိုက်သည်။
ထို့နောက် သူသည် ယဇ်ပလ္လင်ပေါ်သို့ တက်ရောက်သွား၏။ သူသည် ယစ်ပလ္လင်ထက်မှနေ၍ ဟွမ်းကို ကြည့်ကာ ပြောဆိုလိုက်သည်။
“ဒါက ငါလုပ်ပေးနိုင်တာအကုန်ပဲ..”
နတ်ဘုရားဧကရာဇ်သည် ချက်ချင်းဆိုသလို သူ၏ ဝိညာဉ်အား လောင်ကျွမ်းစေလိုက်တော့၏။