← Chapters

ဝိညာဉ်နှင့် ခန္ဓာ တစ်သားတည်း

Vol. 19 Ch. 275

ဝိညာဉ်နှင့် ခန္ဓာ တစ်သားတည်း

Vol. 19 Ch. 275

လေဟာနယ်စစ်တလင်း၏ ပြင်ပနယ်မြေရှိ လေထုသည် တင်းမာလျက်ရှိ၏။

“ငါတို့ မတိုက်ခိုက်တော့ဘူး..”

ကျိုးဧကရာဇ်သည် စုန့်ချင်း၏ အမူအယာကြောင့် အလျော့ပေးလိုက်၏။

သူတို့နှစ်ဦးသည် မူလနတ်အင်ပါယာများ ဖြစ်ကြသည်။ တိုက်ခိုက်ပါက ကျိုးကမ္ဘာငယ်သည် ပြိုကျပျက်စီးသွားနိုင်၏။

“မိန်းကလေးတို့ ထွက်သွားနိုင်တယ်..၊ ငါတို့ ကျိုးကမ္ဘာငယ်က ကျင့်ကြံသူတွေကို မင်းတို့ နယ်မြေကို ကျုးကျော်တဲ့ ကိစ္စ ထပ်မရှိစေရဘူးလို့ အာမခံတယ်..”

ကျိုးဧကရာဇ်သည် စိတ်လျော့က ပြောဆိုလိုက်၏။

“အဲ့ဒါဆို အဆင်ပြေတယ်..”

စုန့်ချင်းသည် ခေါင်းညိတ် လက်ခံလိုက်သည်။ သူတို့၏ ရည်ရွယ်ချက်သည် ဟွမ်းရှန့်နန်းတော်၏ ပိုင်နက်ကို မကျုးကျော်စေရန် သတိပေးလိုခြင်းဖြစ်၏။

တစ်ဖက်က အလျော့ပေးသွားပြီမို့ ဆက်လက် တိုက်ခိုက်စရာမလိုတော့ပေ။ စုန့်ချင်းသည် ကြက်သွေးရောင် သံလိုက်အိမ်မြှောင်ကို ထုတ်ကာ ယွဲ့ဝူယောင်တို့နှင့်အတူ ထွက်ခွာသွားရန်ပြင်လိုက်သည်။

“နေပါဦးမိန်းကလေး..၊ မိန်းကလေးနဲ့ လူငယ်လေးတွေကို ကျိုးကမ္ဘာငယ်မှာ ဧည့်ခံပါရစေ..”

ကျိုးဧကရာဇ်သည် အစောတလျင်တားဆီးလိုက်၏။

“မလိုအပ်ပါဘူး..၊ ကျွန်မတို့မှာ အချိန်မရှိလို့ ခွင့်ပြုပါဦး..”

စုန့်ချင်းသည် ညင်ညင်သာသာ ငြင်းဆိုလိုက်၏။

“ကျုပ်တို့ မင်းတို့ရဲ့ နယ်မြေနဲ့ မဟာမိတ်ဖွဲ့ချင်တယ်..”

ကျိုးဧကရာဇ်သည် စုန်ချင်းနှင့် စကားပြောရန် အကြောင်းအရာမျိုးစုံကို ဆင်ခြေပေးနေ၏။

ထို့အပြင် မူလနတ်အင်ပါယာတစ်ဦးရှိသည့် နယ်မြေနှင့် မိတ်ဆွေများ ဖြစ်လာခြင်းသည် မကောင်းသည့် အရာမဟုတ်ပေ။

“ကျွန်မရဲ့ အရှင့်ကို ဒီကိစ္စပြောထားလိုက်ပါ့မယ်..”

စုန့်ချန်းသည် ထိုသို့ပြောပြီးနောက် ကြက်သွေးရောင်သံလိုက်အိမ်မြှောင်ကိုထိန်းချုပ်ကာ ထွက်ခွာသွားသည်။

‘ဘယ်လို..’

ကျိုးဧကရာဇ်သည် အံ့ဩလွန်းကာ အတွေးနက်သွား၏။

‘မူလနတ်အင်ပါယာတစ်ဦးက အရှင် လို့ခေါ်ဆိုရတဲ့သူ ရှိသေးတာလား..’

မူလနတ်အင်ပါယာများသည် ရောက်ရှိရန် လွယ်ကူသည့် အဆင့်မဟုတ်ချေ။ ထို့အပြင် ထိုသို့ရောက်ရှိနေသူများသည်လည်း ကမ္ဘာငယ်များ၏ အထွတ်ထိပ်များသာ ဖြစ်ကြ၏။

‘သူမကတောင် အရှင်လို့ ခေါ်ရတယ်ဆိုတော့ အဲ့ဒီသူက ဘယ်သူများလဲ..’

ကျိုးဧကရာဇ်သည် ထိုကုန်းမြေသို့ သွားရောက်လည်ပတ်ဦးမည်ဟု တွေးလိုက်၏။ သို့သော် ကျိုးကမ္ဘာတွင် သူ၏ တည်ရှိမှု ပေါ်ပေါက်သွားသောကြောင့် ရှင်းပြရပေဦးမည်။

လေဟာနယ်စစ်တလင်းတွင်လည်း တိတ်ဆိတ်မှုသည် ကြီးစိုးနေ၏။

ဓားဧကရာဇ်ပျောက်ကွယ်ပြီးနောက်တွင် နတ်ဘုရားဧကရာဇ်သည် တစ်ဦးတည်း မနေလိုတော့ပေ။ သူသည် ဟွမ်းအတွက် အကူအညီပေးခဲ့ကာ ဤလောကမှ ပျောက်ကွယ်သွားချင်တော့သည်။

“သူတို့ကို ရအောင် ပြန်ရှာပေးပါ..”

ထိုစကားပြောဆိုပြီးသည်နှင့် သူ၏ ဝိညာဉ်ကို ပြန့်ကျဲစေလိုက်ကာ ယဇ်ပလ္လင်ပေါ်ရှိ မီးတောက်များကို ထွန်းလင်းစေခဲ့သည်။ သူသည် ကောင်းကင်နန်းတော်မှ လူများကို ပြန်လည် ခေါ်ဆောင်ပေးစေလိုခြင်းပင်။

မီးတောက်များသည် တဖြည်းဖြည်းလင်းလက်လာပြီးနောက် နတ်ဘုရားဧကရာဇ်၏ ဝိညာဉ်သည် မှုန်ဝါးလာတော့သည်။ ထို့နောက် ဟွမ်းကိုတစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ ဝိညာဉ်သည် လွင့်ပြယ်သွားတော့၏။

ဟွမ်းသည် ထိုမြန်ဆန်သည့် အဖြစ်အပျက်များကြောင့် သက်ပြင်းချလိုက်မိသည်။ သူတို့သည် မည်သည့်ယုံကြည်မှုကြောင့် သူ့ကို အပ်နှံသွားသည်ကို မသိရပေ။

ထို့အပြင် ပြင်ပလောက၏ အဖြစ်အပျက်များအားလုံးကို ရှင်းပြ ပြောဆိုခြင်း မရှိခဲ့သော်လည်း သူ့အား စိတ်ချလက်ချနှင့် အပ်နှံခဲ့လေသည်။

ယစ်ပလ္လင်၏ တုန်ခါလာမှုကြောင့် ဟွမ်း၏ အတွေးစများ ပြတ်တောက်သွား၏။

ထို့နောက်တွင် ယဇ်ပလ္လင်တွင် ရေးဆွဲထားသည့် အစီအရင်မျဉ်းကြောင်းများသည် လင်းလက်လာပြီး ယဇ်ပလ္လင်တစ်ခုလုံးအလင်းတန်းများ ဖုံးလွှမ်းသွားသည်။

“ဝုန်း..”

ယဇ်ပလ္လင်တွင် ကျယ်လောက်သည့် ပေါက်ကွဲသံထွက်ပေါ်လာပြီးနောက် အလင်းတန်းများသည် တဖြည်းဖြည်း ပြန့်ကျဲလာ၏။

ထိုယဇ်ပလ္လင်ထက်မှ တည်ကြည်ချိုသာသည့် အသံတစ်ခုသည် ဒေါသထွက်နေသည့်အလား ပေါ်ထွက်လာသည်။

“အဘိုးကြီးတွေ ငါ့ကို နှိုးရဲတဲ့အထိ ရဲတင်းနေပြီလား..”

အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက် ယဇ်ပလ္လင်ထက်တွင် ခေါင်းတလားတစ်ခု ပေါ်ထွက်လာပြီဖြစ်သည်။

ဟွမ်းသည် ရုတ်ချည်းဆိုသလို ထိုခေါင်းတလားထံမှ ရင်းနှီးသည့် အငွေ့အသက်မျိုး ရရှိလာသည်။

သို့သော် ဝေခွဲ၍ မရ။

ခဏအကြာတွင် ခေါင်းတလား၏ အဖုံးသည် ဖွင့်ဟသွားတော့၏။

“ရှင် ရောက်လာပြီလား..”

ခေါင်းတလားအတွင်းမှ အမျိုးသမီးတစ်ဦးထွက်ပေါ်လာပြီး ဟွမ်း၏ တည်ရှိမှုကို ခံစားမိဟန်နှင့်မေးလိုက်သည်။ သူမသည် ယွဲ့ဝူယောင်တို့အား မင်္ဂလာကောင်းချီးသစ်ပင် ပေးအပ်ခဲ့သည့် လင်းရှု့ပင်။

ထို့နောက် သူမသည် ဟွမ်း၏ ရောက်ရှိလာမှုကို အံ့ဩဟန်မရတော့ချေ။

ထို့အပြင် အဘိုးကြီး နှစ်ဦး၏ အငွေ့အသက်ကို မခံစားမိသောကြောင့် အနည်းငယ်တွေဝေသွားသည်။ ထို့နောက် စိတ်မကောင်းဖြစ်ဟန်နှင့် ထပ်မံမေးမြန်းလိုက်၏။

“အဲ့ဒီအရူးတွေ ထွက်သွားပြီလား..”

လင်းရှု့သည် ဧကရာဇ်နှစ်ဦးကို မေးဟန်ရှိသောကြောင့် ဟွမ်းသည် ခေါင်းညိတ်ကာ အတည်ပြုပေးလိုက်သည်။ ထို့နောက် သူသည် ထိုခေါင်းတလားရှိရာ ယဇ်ပလ္လင်သို့ ချည်းကပ်သွား၏။

လင်းရှု့၏ အငွေ့အသက်များကို ရင်းနှီးဟန်ရှိ သော်လည်း ယခုအထိ စဉ်းစားမရပေ။ ဟွမ်း ဇဝေဇဝါနှင့်မေးလိုက်၏။

“မင်းငါ့ကို သိတာလား..”

သို့သော် လင်းရှု့သည် အဖြေမပေးသေး။

သူမ၏ ဝိညာဉ်ခန္ဓာသည် ဟွမ်းအနီးသို့ ချည်းကပ်လာကာ သူမ၏ သေးသွယ်သည့်လက်ကလေးနှင့် ဟွမ်း၏ မျက်ခုံးနှစ်ခုကြားကို တို့ထိလိုက်သည်။

ထိုအချိန်တွင် ဟွမ်း၏ ဝိညာဉ်ပင်လယ်အတွင်းမှ ရွှေရောင်သစ်ပင်ငယ်လေးသည် လှုပ်ရှားလာပြီး သူမတို့ နှစ်ဦးအကြား ထွက်ပေါ်လာခဲ့၏။

ထိုအဖြစ်အပျက်ကို ရွှမ်းလုံနှင့် ဟေးယန်သည်လည်း အံ့ဩသွားသောကြောင့် ဝိညာဉ်ပင်လယ်အတွင်းမှ ထွက်လာကြသည်။

ဟွမ်းကိုယ်တိုင်လည်း မှင်သက်သွား၏။ ထိုသစ်ပင်ငယ်လေး၏ ကိုယ်ပိုင်ဆန္ဒမဟုတ်လျှင် ဟွမ်းခေါ်ထုတ်လျှင်တောင် အရးမလုပ်ပေ။

“နေပါဦး..မင်းက..”

ဟွမ်းသည် ရုတ်ချည်းမှင်သက်သွား၏။ ရွှေရောင်သစ်ပင်ငယ်လေးမှ ပေါ်ထွက်သည့် အငွေ့အသက်များသည် လင်းရှု့၏ အငွေ့အသက်များနှင့် ဆင်တူနေသည်။

ဆင်တူသည်ထက်ပို၍ တစ်ထပ်တည်းကျနေခြင်းပင်။

ဟွမ်းသည် အံ့ဩစွာ မေးမြန်းလိုက်၏။

“မင်းက ဒီသစ်ပင်ရဲ့ဝိညာဉ်လား..”

“မဟုတ်ဘူး..၊ ကျွန်မက ဒီရွှေရောင်သစ်ပင်..”

လင်းရှု့သည် အတိအလင်း ထုတ်ပြောလိုက်၏။

များသောအားဖြင့် ရတနာလက်နက်များသည် ပုံစံအမျိုးမျိုးနှင့် ဝိညာဉ်ဖြစ်တည်လာတက်ကြသည်။

ဥပမာအားဖြင့် တိမ်လွှာဓားကဲ့သို့ ဓားဝိညာဉ်သည် တဖြည်းဖြည်း အဆင့်မြင့်လာသောကြောင့် ရှောင်ယွင်ဖြစ်တည်လာခြင်းပင်။ သူတို့သည် လက်နက်မှ မွေးဖွားလာသည့် ဝိညာဉ်များပင်။ ရှောင်ယွင်တို့သည် အစစ်မှန်ခန္ဓာကိုယ်မရှိပေ။

သို့သော် သူမသည် ရွှေရောင်သစ်ငယ် စတင်ဖြစ်တည်စဉ်ကတည်းက မွေးဖွားလာခြင်းပင်။ ဆိုရလျှင် သူမသည် ရွှမ်းလုံ၊ ဟေးယန်တို့နှင့် ဆင်တူသည်။

လက်နက်နှင့် ခန္ဓာတစ်သားတည်းဖြစ်တည်နေခြင်းပင်။ တဖြည်းဖြည်း မြင့်တက်လာသည့် အခြားလက်နက်ရတနာများထက် သာလွန်သည့် သက်ရှိများလေ၏။

သူတို့ထံတွင် ကိုယ်ပိုင်အသိစိတ်နှင့် လှုပ်ရှားရှင်သန်နိုင်စွမ်းရှိကြသည်။

“ဒါဆို ရွှေရောင်သစ်ပင်ကို ယောင်အာတို့ပေးလိုက်တဲ့အချိန် မင်းရဲ့ ဝိညာဉ်က ဘာကြောင့် ဒီနေရာမှာ ကျန်နေခဲ့တာလဲ..”

ဟွမ်းသည် စိတ်ရှုပ်ထွေးစွာ မေးလိုက်၏။ သူတို့သည် ဝိညာဉ်နှင့် ခန္ဓာများ ခွဲခြား၍ မရပေ။

လင်းရှု့သည် ရွှေရောင်သစ်ပင်ငယ်လေးဖြစ်လျှင် အဘယ့်ကြောင့် ကွဲကွာနေရသနည်း။

“ဒီကိစ္စက နည်းနည်း ရှုပ်ထွေးတယ်..”

လင်းရှု့သည် ဝမ်းနည်းဟန်နှင့် ဆိုလိုက်၏။

“ကျွန်မရဲ့ မူလရွှေရောင်သစ်ပင်က ပျက်စီးသွားခဲ့ပြီ..၊ ရှင့်ဆီမှာ ရှိတာက မျိုးစေ့ကနေ ပြန်လည်ဖြစ်တည်လာတဲ့ သစ်ပင်လေး..”

လင်းရှု့သည် ထိုသစ်ပင်ငယ်ကို ကြီးရင့်လာအောင် ပျိုးထောင်ခဲ့သော်လည်း နှစ်သန်းပေါင်းများစွာ အချိန်ယူမှ သေးငယ်သည့် အပင်ပေါက်လေးသာ ဖြစ်လာခဲ့သည်။ အကြောင်းမှာ သူမသည် ဝိညာဉ်ကိုယ်ထည်သာရှိပြီး ပြန်လည်ကျင့်ကြံမှု မပြုနိုင်သောကြောင့်ပင်။

သို့သော် ကျင့်ကြံသူတစ်ဦးဦးနှင့် ပေါင်းစည်း၍ ပျိုးထောင်လျှင် ကြီးထွားနှုန်းသည် မြန်ဆန်လာမည်ဖြစ်၏။

“ဒါဆို မင်းရဲ့ဝိညာဉ်နဲ့ ပေါင်းစည်းပြီး ပြန်လည်မွေးဖွားလိုက်ရင် ပိုမမြန်ဘူးလား..”

ဟွမ်းသည် ထောက်ပြပြောဆိုလိုက်၏။ သူမ အဘယ်ကြောင့် ဝိညာဉ်နှင့် ခန္ဓာ ခွဲ၍ ပြုမှုနေမှန်း နားမလည်နိုင်ပေ။

“ကျွန်မ အဲ့ဒီလိုလုပ်လိုက်ရင် အတိတ်က အဖြစ်ပျက်တွေကို မေ့သွားလိမ့်မယ်..၊ ပြန်ပြီးမွေးဖွားလာမဲ့ ကျွန်မရဲ့ ဝိညာဉ်မှာ အတိတ်က အကြောင်းအရာတွေကို မှတ်မိနေမှာ မဟုတ်တော့ဘူး..”

လင်းရှု့သည် ခေါင်းခါယမ်းကာ ပြောလိုက်၏။ ထို့အပြင် ရွှမ်းလုံနှင့် ဟေးယန်တို့ကိုပါ ညွှန်ပြပြီး ဥပမာပေးလိုက်သည်။

“သူတို့နှစ်ယောက်လိုပေါ့..”

All Chapters