← Chapters

ပေါင်းစည်းခြင်း

Vol. 19 Ch. 277

ပေါင်းစည်းခြင်း

Vol. 19 Ch. 277

ဟွမ်း၏ ဝိညာဉ်ပင်လယ်သည် အတိုင်းဆမဲ့ ကျယ်ပြန်သော်လည်း ကာဆီးထားသည့် အလွှာတစ်ခုရှိကြောင်းကို အမှတ်ရသွား၏။

သူသည် ထိုအရာကို ဖောက်ဖျတ်ရန် ကြိုးစားခဲ့သော်လည်း မည်သို့မျှ မတုန့်ပြန်ခဲ့ပေ။

ထိုအရာသည် ဝိညာဉ်တစ်စိတ်တစ်ပိုင်း လိုအပ်နေခြင်းကြောင့် ဖြစ်နိုင်သည်။

‘အခြားဝိညာဉ်လား..’

သူသည် အစောတလျင် လေသံနှင့် မေးခွန်းထုတ်လိုက်၏။

“ဒါဆို တစ်ခြားဝိညာဉ်ကို ဘယ်မှာ ရှာရမလဲ..”

“ကျွန်မ မသိဘူး..၊ ရှင့်ရဲ့ ဝိညာဉ်က ပုံစံအမျိုးမျိုး ဖြစ်တည်နေနိုင်တယ်..၊ ဒါပေမဲ့ ရှင့်သာ အခြားဝိညာဉ်နဲ့ ဆုံတွေ့နိုင်ရင် ချက်ချင်းခံစားမိလိမ့်မယ်..”

လင်းရှု့သည် သူမ တွေးမိသည့် အရာကို မှတ်ချက်ပြုလိုက်၏။ ထို့နောက် လေးနက်သည့် လေသံနှင့် ဆိုလိုက်သည်။

“ကျွန်မ အဲ့ဒီအရာတွေ ဖြေရှင်းဖို့ ရှင့်ကို တောင်းဆိုချင်တယ်..”

“အဲ့ဒီလောက် အစွမ်းထက်တဲ့ သူတောင် မဖြေရှင်းနိုင်ခဲ့တာ ဘာမှန်းမသိတဲ့ စွမ်းအားနဲ့ငါက ဖြေရှင်းနိုင်မယ်လို့ထင်လို့လား..”

ဟွမ်းသည် ရယ်စရာကောင်းသည့် အလားခံစားမိကာ ခွန်းတုန့်ပြန်လေသည်။

သို့သော် လေးနက်လွန်းသည့် လေသံနှင့် လင်းရှု့သည် အဖြေပေး၏။

“ကျွန်မထင်တယ်..”

“ဘာလို့လဲ..”

ဟွမ်းသည် သူမ၏ စကားကြောင့် အံ့ဩတကြီးဖြစ်ရပြီ..။

“ရှင်က အဲ့ဒီသူနဲ့ တနည်းနည်းနဲ့ ပတ်သတ်နေလိမ့်မယ်..၊ ပြီးတော့ ရှင်က အဲ့ဒီသူ ချန်ထားခဲ့တဲ့ အဖြေဖြစ်နိုင်တယ်..”

လင်းရှု့သည် သူမ၏ ခန့်မှန်းချက်များကို ထုတ်ပြောလိုက်၏။ သို့သော် ဟွမ်းသည် အလွယ်တကူ လက်မခံချေ။

“မင်းခန့်မှန်းချက်က မှားရင်ရော..၊ ငါက ဒီကမ္ဘာငယ်လေးကနေတောင် ထွက်သွားနိုင်တာ မဟုတ်ဘူး..”

“ဒါက ကမ္ဘာငယ်တွေရဲ့ စည်းမျဉ်းကြောင့်ပဲ..၊ ဒါပေမဲ့.. ထူးခြားတဲ့ တည်ရှိမှုတွေက ဒီလိုသေးငယ်တဲ့ စည်းမျဉ်းတွေကို လျစ်လျုရှုနိုင်တယ်..၊ အဲ့ဒီထဲမှာ ရှင်လဲပါတယ်..”

လင်းရှု့သည် ဟွမ်းကို ကြည့်ကာပြောဆိုလိုက်၏။ သူမ၏ အမြင်တွင် ဟွမ်းကို ချုပ်နှောင်ထားနိုင်သည့် စည်ူမျဉ်းများ ရှိမနေချေ။ သူမ ထပ်မံပြောဆိုလိုက်၏။

“ရှင်ဒီနေရာက မထွက်နိုင်တဲ့ အကြောင်းအရင်းက ဒီကမ္ဘာငယ်ထက်ကျော်လွန်တဲ့ လောကအကြောင်းကို သိရှိထားခြင်း မရှိလို့ပဲ..”

ဟွမ်းသည် ထိုစကားများကြောင့် အတွေးနက်သွား၏။ သူမပြောသည်လည်း မမှားချေ။ ကျို့ယင်၊ ရွှမ်းလင်၊ အန့်လျန်တို့နှင့် မဆုံတွေ့ခင်အထိ ဤကမ္ဘာငယ်လေးထက် ကျော်လွန်သည့် အကြောင်းအရာများကို မသိရှိခဲ့ချေ။

ထို့အပြင် ကမ္ဘာငယ်၏ အဆုံးသတ်ကို ရှာဖွေဖူးသော်လည်း တဝဲလည်လည်သာ ဖြစ်နေခဲ့၏။ သူသိရှိလာသည့် အကြောင်းအရာများသည် တစ်စထက်တစ်စ ကျယ်ပြန့်လာမှုကို ခံစားမိသည်။

“ကောင်းပြီ..၊ ငါလုပ်မယ်..”

ဟွမ်းသည် အလေးနက်စဉ်းစားပြီးနောက် အဖြေပေးလိုက်၏။ သူကိုယ်တိုင်လည်း သူ၏ အခြားဝိညာဉ်ကို သိရှိချင်သည်။ ထို့အပြင် ထူးဆန်းသည် လောကကြီး၏ ဖွဲ့စည်းပုံအကြောင်းလည်း စိတ်ဝင်စားလာခဲ့၏။

လင်းရှု့သည် အသိမှတ်ပြုဟန် ခေါင်းညိတ်ပြီးနောက် ဆိုသည်။

“ရွှေရောင်သစ်ပင်ငယ်လေးက ရှင်နဲ့ အပြည့်အဝ မပေါင်းစပ်ရသေးဘူး..၊ ဒါ့ကြောင့် ရှင်ထိန်းချုပ်နိုင်စွမ်းမရှိသေးတာ..၊ ကျွန်မရဲ့ ဝိညာဉ်ကြောင့်လည်း ပါတယ်..”

သူမသည် ထိုသစ်ပင်ငယ်နှင့် မပေါင်းစည်းရသေးသောကြောင့်ပင်။

“မင်းက ကောင်းကင်ရဲ့ အထက်က တည်ရှိမှုတွေကို ထိန်းချုပ်နိုင်တာလား..”

ဟွမ်းသည် ရုတ်ချည်းပြောဆို၏။

“ဘာကိုဆိုလိုတာလဲ..”

လင်းရှု့သည် ရှုပ်ထွေးသွားဟန်နှင့် မေးလိုက်သည်။

ဟွမ်းသည် ကံကြမ္မာဖီဆန်သူဟူသည့် အဖြစ်အပျက်ကို ရှင်းပြလိုက်၏။ ထိုစဉ်က ရွှေရောင်သစ်ပင်ငယ်၏ ဝင်ရောက်တားဆီးမှုကြောင့် ထိုမျှနှင့် အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။

“အဲ့ဒီတည်ရှိမှုတွေကို နောက်ဆိုရင် ရှင်သိလာလိမ့်မယ်..၊ ဒါပေမဲ့ အဲ့ဒီလိုအဖြစ်အပျက်က ထပ်ပြီး ရှိတော့မှာ မဟုတ်ဘူး..”

လင်းရှု့သည် အတိအကျရှင်းပြခြင်းမရှိချေ။

“ဘာကြောင့်လဲ..”

“ကျွန်မက ရှင်နဲ့..၊ အဲ မဟုတ်သေးဘူး..၊ ရွှေရောင်သစ်ပင်နဲ့ ပေါင်းစပ်တော့မှာကြောင့်..”

လင်းရှု့၏ စကားကြောင့် ဟွမ်းသည် အံ့ဩသွားတော့၏။

“မအံ့ဩနဲ့..၊ ကျွန်မရဲ့ ပေါင်းစည်းမှုပြီးမြောက်သွားရင် ဒီမှတ်ညာဏ်တွေ ရှိမရှိက မသေချာတော့ဘူး..၊ ဒါကြောင့် ရှင်သိသင့်တဲ့ အကြောင်းအရာတွေကို ရှင်းပြပေးခဲ့တာ..”

“ကောင်းပြီ..”

ဟွမ်းသည် ခေါင်းညိတ်ကာ လက်ခံလိုက်၏။ လင်းရှု့သည်လည်း ဝိညာဉ်အသွင်နှင့် နှစ်သန်းပေါင်းများစွာ နေထိုင်ခဲ့ရသူဖြစ်သည်။ သူမ၏ စွမ်းအင်များ အတော်ပင် ယုတ်လျော့နေလောက်၏။

“မင်းရဲ့ ရွှေရောင်သစ်ပင်ငယ်က ဘယ်လို စွမ်းအားမျိုး ရှိတာလဲ..”

“နောက်ကျရှင်သိလိမ့်မယ်..”

လင်းရှု့သည် ထိုလူငယ် အတော်အမေးအမြန်းထူဟု သတ်မှတ်လိုက်၏။ သူမသည် ရှင်းပြရလွန်း၍ ခန္ဓာကိုယ်မရှိသော်လည်း အာခေါင်များ ခြောက်ကပ်လာသည်ဟု ခံစားမိသည်။

ထို့နောက် ထပ်မံ အမေးအမြန်း မခံချင်တော့သောကြောင့် သူမတို့နှစ်ဦးကြားရှိ ရွှေရောင်သစ်ပင်ငယ်လေးအတွင်း ဝင်ရောက်သွား၏။

ဟွမ်း “...”

“ကျွန်မ အပြည့်အဝပေါင်းစည်းပြီးရင် ဒီလေဟာနယ်စစ်တလင်းက ပြိုကျသွားလိမ့်မယ်..”

သစ်ပင်ငယ် အတွင်းမှ လင်းရှု့၏ အသံထွက်ပေါ်လာသည်။

ထို့နောက် သစ်ပင်ငယ်လေးမှ ရွှေရောင်အလင်းများသည် တောက်ပနေပြီး သူမ၏ ပေါင်းစည်းမှု လုပ်ငန်း စတင်နေပြီဖြစ်၏။

ဟွမ်းသည် ထိုဖြစ်စဉ်ကို အသေအချာကြည့်ရှုနေသည်။ ပေါင်းစည်းမှုသည် သိမ်မွေ့ညင်သာနေ၏။ ထို့အပြင် ဝိညာဉ်တစ်ခုတည်းဖြစ်သောကြောင့် သွေဖယ်မှု မရှိပေ။

ထိုအချိန်တွင် လင်းရှု့၏ သတိပေးသံ ထပ်မံထွက်ပေါ်လာသည်။

“နတ်ဆိုးစွမ်းအားနဲ့ ကောင်မလေးကို သတိထား..”

“ဘာလို့လဲ..”

ဟွမ်းသည် အလျင်စလိုမေးလိုက်သော်လည်း လင်းရှို့ထံမှ အသံထွက်ပေါ်လာခြင်း မရှိတော့ချေ။

‘ရွှယ်အာကို သတိထားရမှာလား..’

‘သူမရဲ့ ဖျတ်ဆီးခြင်း နတ်ဆိုး နှလုံးသားကြောင့်လား..’

ဟွမ်းသည် အတွေးများစွာ ဝင်ရောက်လာသည်။ သို့သော် မော့ရွှယ်အာသည် အေးချမ်းစွာ နေထိုင်သူဖြစ်ပြီး ယခုတွင် ပို၍ တည်ငြိမ်လာပြီဖြစ်၏။ အဘယ့်ကြောင့် လင်းရှု့သည် ထိုသို့ သတိထားခိုင်းသည်ကို မတွေးတက်တော့ချေ။

ထိုအချိန်တွင် ဟွမ်းရှန့်နန်းတော်တွင် စိုက်ပျိုးထားသည့် ရွှေရောင်သစ်ပင်ငယ်သည် လှုပ်ရှားမှုများ ဖြစ်ပေါ်လာသည်။ ၎င်းသည် ရုတ်ချည်းဆိုသလို ပေါ်ထွက်လာသည့် လေဟာနယ်အက်ကွဲကြောင်းအတွင်း ဝင်ရောက်သွား၏။

ဟွမ်း၏ တပည့်များ “...”

‘ဘာတွေ ဖြစ်ကုန်တာတုန်း..’

လုရှင်းယန်တို့သည် နန်းတော်တွင် ရှိနေကြပြီး ထိုဖြစ်စဉ်ကြောင့် အလျှင်အမြန် လာရောက်ကြည့်ရှုကြသည်။

“ဘယ်ကောင် ကျုးကျော်ရဲတာလဲကွ..”

တပည့်များသည် ချက်ချင်းဆိုသလို သူတို့၏ လက်နက်များထုတ်ကာ ထိုလေဟာနယ် အက်ကွဲကြောင်း အတွင်း ပစ်လွှတ်လိုက်ကြ၏။

သို့သော် လေဟာနယ်သည် ရွှေရောင်သစ်ပင်ငယ် ဝင်ရောက်သွားသည်နှင့် တပြိုင်နက် ပြန်လည်ပျောက်ကွယ်သွားသည်။

သူတို့၏ လက်နက်များသည် မြေပြင်ပေါ်သို့ ကျဆင်းကုန်၏။

“သွားပြီ..၊ ဆရာပြန်လာရင် ဘယ်လို ရှင်းပြရတော့မလဲ..”

သူတို့အားလုံးသည် တုန်ယင်သွားကြသည်။ သူတို့ရှိနေလျက်နှင့် ဟွမ်းရှန့်နန်းတော် ဖောက်ထွင်းခံလိုက်ရခြင်းပင်။ သူတို့သည် မျက်စိနှင့် မြင်တွေ့လိုက်ရသော်လည်း အိမ်မက်အလား ခံစားနေရသည်။

စုန်ချင်းနှင့် ဝမ်မုန့်ယွင်လည်း ထိုအဖြစ်အပျက်ကြောင့် ခေါင်းကိုက်သွားကြ၏။ သူမတို့သည် ချက်ချင်းဆိုသလို လေဟာနယ်လမ်းကြောင်းကို စစ်ဆေးလိုက်သော်လည်း မည်သည့်ခြေရှာမျှ ကျန်ရှိမနေခဲ့ချေ။

မော့ရွှယ်အာလည်း စဉ်းစားရကြပ်သွားသည်။ သူမ၏ အစီအရင်များနှင့် ကာကွယ်ထားသော်လည်း ထိုလေဟာနယ်အက်ကွဲကြောင်းသည် သူမ၏ အစီအရင်များကို လျစ်လျုရှု့နိုင်ဟန်ရ၏။

တစ်ဖက်ရှိ ဟွမ်းသည် လေဟာနယ် ပြိုပျက်မှုကြောင့် ရှောင်တိမ်းကာ ပြင်ပနယ်မြေသို့ ပြန်လည် ထွက်ခွာလာသည်။ ထိုအချိန်တွင် ရုတ်ချည်းဆိုသလို သူ၏ ရှေ့တွင် ရွှေရောင်သစ်ပင်ငယ်ကို တွေ့ရှိလိုက်ရ၏။

“ဘာတွေ ဖြစ်ကုန်တာတုန်း..”

ထို့နောက် သူ၏ လက်တွင်းမှ လင်းရှု့ပေါင်းစည်းထားသည့် ဝိညာဉ်သည် ရွှေရောင်သစ်ပင်ငယ်အတွင်း ဝင်ရောက်သွားသည်။ ရွှေရောင်သစ်ပင်ငယ်သည် ယခုမှ ပို၍ အသက်ဝင်လာဟန်ရှိ၏။

၎င်း၏ ပတ်လည်တွင် ရွှေရောင်အစင်းကြောင်းများပေါ်ထွက်လာကာ အလင်းတန်းများနှင့် တောက်ပနေသည်။

ခဏအကြာမှ ဟွမ်းသည် အဖြစ်အပျက်များကို နားလည်သွားတော့၏။

လင်းရှု့သည် အပြည့်အဝ ပေါင်းစည်းနေခြင်းဖြစ်သည်။

ခဏအကြာတွင် ရွှေရောင်သစ်ပင်ငယ်၏ နှစ်ရွက်တည်းသာ ရှိသည့် အရွက်များသည် လှုပ်ရှားလာ၏။ ရွှေရောင်သစ်ပင်ငယ်လေးသည်အပြည့်ဝပေါင်းစပ်ပြီးဟန်ရသည်။

ထို့နောက် ချက်ချင်းဆိုသလို ဟွမ်း၏ ဝိညာဉ်ပင်လယ်အတွင်း ဝင်ရောက်လာ၏။

“ဘယ်လို အရာမျိုးလဲ..”

ထို့နောက် လင်းရှု့၏ တည်ရှိမှုသည် သူ့စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာတွင် နေရာယူသွားသည်။ ချက်ချင်းဆိုသလို ထိုသစ်ပင်ငယ်နှင့် ထူးခြားသည့် ဆက်နွယ်မှုကို ခံစားလိုက်ရ၏။

ထို့အပြင် ယခင်ကထက် ထိုသစ်ပင်ငယ်ကို ထိန်းချုပ်လာနိုင်သည်ဟု ခံစားမိသွားသည်။

“သူမရဲ့ မူလအသွင်ကြောင့် ငါ့ဝိညာဉ်ပင်လယ်ထဲမှာ နေနိုင်စွမ်းရှိသွားတာလား..”

All Chapters