အစီအစဉ်များရေးဆွဲခြင်း
Vol. 19 Ch. 278
“အရင်က ငါ့ရဲ့ ဝိညာဉ်စွမ်းအင်တွေကို မစုပ်ယူနိုင်သေးတာက ငါနဲ့ အပြည့်အဝ ပေါင်းစည်းထားခြင်းမရှိသေးလို့ဖြစ်မယ်..”
ဟွမ်းသည် သူ၏ ဝိညာဉ်ပင်လယ်အတွင်းမှ ရွှေရောင်သစ်ပင်ငယ်လေးကို ကြည့်ရင်း နားလည်သွားသည်။
ယခင်က သူ၏ ဝိညာဉ်စွမ်းအင်များကို တိုက်ရိုက်စုပ်ယူနိုင်ခြင်းမရှိသောကြောင့် ကမ္ဘာငယ်၏ စွမ်းအင်များကို စုပ်ယူရန် မြေလွှာတွင် စိုက်ပျိုးထားခဲ့ရ၏။
ယခုတွင် ရွှေရောင်သစ်ပင်ငယ်လေးသည် သူ၏ ဝိညာဉ်စွမ်းအင်များကို စတင်စုပ်ယူနေသည်။
“ငါ့ရဲ့ လင်းရှန်နယ်မြေကရော..”
သူသည် ထိတ်လန့်သွားပြီး ရုတ်ချည်း ထိုသစ်ပင်ငယ်လေးကို စူးစိုက်လိုက်၏။ လင်းရှန်နယ်မြေသည် ရွှေရောင်သစ်ပင်ငယ်လေးထံတွင် တည်ရှိနေမှသာ စိတ်အေးသွားသည်။
ထို့နောက် သူသည် လင်းရှန်နယ်မြေအတွင်းဝင်ရောက်သွား၏။
“ဒါက..”
ဟွမ်းသည် လင်းရှန်နယ်မြေ၏ အပြောင်းအလဲများကို ခံစားမိသွား၏။ ၎င်းသည် နယ်မြေတစ်ခုနှင့် မတူညီတော့ပဲ ကမ္ဘာငယ်လေး သဖွယ်ဖြစ်တည်သွားသည်။
လင်းရှန်းနယ်မြေအတွင်းရှိ ဝိညာဉ်စွမ်းအင် စီးဆင်းနှုန်းသည် သူ မကြုံဖူးသည်အထိပင် သိပ်သည်းလွန်းနေ၏။ သူ၏ ခံစားချက်အရ ကောင်းကင်နန်းတော်၏ အဆင့်တစ် နယ်မြေထက်ပင် ဆယ်ဆခန့် သာလွန်နေသည်။
‘ဒီနှုန်းနဲ့ဆို တပည့်တွေက နှစ်အနည်းငယ်လောက်နဲ့ အဆင့်တွေ တက်လာနိုင်တယ်..’
ထို့အပြင် သူသည် လင်းရှန်နယ်မြေတစ်ခုလုံးကို လိုသလိုခြယ်လှယ်နိုင်စွမ်းရှိလာသည်။ သူ၏ စိတ်တွင် လင်းရှန်နယ်မြေတစ်ခုလုံး၏ အဖြစ်အပျက်များကို တွေ့မြင်နေရ၏။
“ဒါ..လင်းရှု့နဲ့ပေါင်းစပ်ပြီး ရလာတဲ့ စွမ်းအားပေါ့..”
ဟွမ်းသည် ကြီးမားသည့် အပြောင်းအလဲများကြောင့် မှင်သက်နေ၏။ သူသည် နယ်မြေတစ်လုံးလှည့်ပတ်စစ်ဆေးနေသည်။ သူ၏ တပည့်များစိုက်ပျိုးထားသည့် ဝိညာဉ်ဆေးပင်များသည်လည်း ဝိညာဉ်စွမ်းအင်များ ပို၍ ကြွယ်ဝလာ၏။
လင်းရှန်နယ်မြေ၏ တစ်နေရာတွင် ငါးနှစ်အရွယ်ကလေးမလေးတစ်ဦး အိပ်မောကျနေသည်ကို တွေ့လိုက်ရသည်။
“သူမရဲ့ ပြန်လည် မွေးဖွားလာမှုလား..”
လင်းရှု့အသေးစားလေးသည် အိပ်မောကျကာ စွမ်းအင်များ စုစည်းနေဟန်ရှိ၏။ သူမ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရွှေရောင်အလင်းတန်းများ လည်ပတ်စီးဆင်းနေသည်။
ထို့နောက် ဟွမ်းသည် သူမကို မနှောက်ယှက်တော့ပဲ လင်းရှန်နယ်မြေမှ ထွက်ခွာလာ၏။
“ဒီအတိုင်းဆို ငါက ကမ္ဘာငယ်တစ်ခုကို သယ်ဆောင်ထားသလိုဖြစ်နေတာပေါ့..”
ဟွမ်းသည် ထိုသို့အရာသည် မဆိုးလှဟု တွေးမိ၏။
ယခင်အချိန်များတွင် ရွှေရောင်သစ်ပင်ငယ်သည် သူ၏ ဝိညာဉ်ပင်လယ်တွင် တည်ရှိနေသော်လည်း မူလသစ်ပင်အား ဟွမ်းရှန့်နန်းတော်တွင် စိုက်ပျိုးထားခဲ့ရသည်။
ယခုတွင်တော့ မလိုတော့ချေ။ သူလိုအပ်သည့်အချိန်တိုင်း လင်းရှန်နယ်မြေသို့ ဝင်ရောက်နိုင်ပြီဖြစ်၏။
“ယီဟွာ..၊ ဘယ်နေရာကို ရောက်သွားတာလဲ..”
ဟွမ်း၏ မူလရည်ရွယ်ချက်သည် ချုးယွီဟွာကို ရှာဖွေနေခြင်း ဖြစ်သည်။ သို့သော် သူမ၏ အရိပ်အယောင်ပင် မတွေ့ရှိခဲ့ရချေ။
‘သူမရဲ့ အငွေ့အသက်တွေက ကမ္ဘာငယ်လေးကနေ ပျောက်ကွယ်သွားတဲ့အတိုင်းပဲ..’
“သူမရဲ့ ဇာစ်မြစ်ကို ရှာတွေ့သွားတာလား..၊ အချိန်တံခါးနှင့် သက်ဆိုင်နေမယ်ထင်တယ်..”
ဟွမ်း၏ အမူအယာသည် လေးနက်သွား၏။
လေဟာနယ်စစ်တလင်းတွင်လည်း လင်းရှု့နှင့် ဆုံတွေ့ခဲ့ရလေ၏။ လင်းရှု့နှင့် တွေ့ဆုံပြီးနောက်တွင် သူသည် အကြောင်းအရာများစွာကို သိရှိလာသည်။
ထို့အပြင် သူ့ထံတွင် လုပ်စရာအကြောင်းအရာများ အများကြီးရှိလာသည်ကို တွေးမိသွား၏။
သူ၏ ကျန်ရှိနေသည့်ဝိညာဉ်ကို ရှာဖွေရမည်။ ချုးယွီဟွာကိုလည်း ရှာဖွေရပေဦးမည်။
ထျန်းဟုန်ကိုလည်း လွတ်မြောက်စေရန် ကြိုးစားရပေမည်။ ရွှမ်းလင်နှင့် ကတိလည်း ရှိနေသေး၏။
ဘာမှန်းမသိရသည့် တည်ရှိမှုနှင့်လည်း ရင်ဆိုင်ရပေဦးမည်။
“ငါ လင်းထျန်းဘုံကို နှစ်တစ်ရာအတွင်း သွားရောက်ရလိမ့်မယ်..”
ဟွမ်းသည် လင်းရှု့၏ စကားများအရ နှစ်အနည်းငယ်အတွင်း လင်းထျန်းဘုံသို့ သွားရောက်ရန် မခက်ခဲတော့ပေ။ သို့သော် သူ၏တပည့်များကို ဤကမ္ဘာငယ်လေးတွင် မထားခဲ့ချင်ပေ။
သူ၏ ကိစ္စများသည် အရေးကြီးသော်လည်း တပည့်များနှင့်ယှဉ်လျှင် ထိုမျှ အရေးမကြီးတော့ပေ။
ထို့ကြောင့် သူတို့၏ စွမ်းအင်များ တိုးတက်စေပြီးနောက် လင်းထျန်းဘုံကို အတူသွားရောက်ရန် စိတ်ကူးထားသည်။
သူ၏ အတွေးများကို လက်စသတ်ကာ ဟွမ်းရှန့်နန်းတော်သို့ ဦးတည်သွား၏။
“တိတ်ဆိတ်နေပါ့လား..”
ဟွမ်းရှန့်နန်းတော်တွင် တပည့်များ လှုပ်ရှားသွားလာနေသည်ကို မတွေ့ရှိသောကြောင့် အံ့ဩသွားသည်။
ပုံမှန်ဆိုလျှင် ရင်ပြင်တွင် နန်းစောင့်တပည့်များ လှုပ်ရှားသက်ဝင်နေတက်၏။ သို့သော် ယခုတွင် တစ်ယောက်မျှ မတွေ့ရချေ။ ထို့အပြင် မုခ်ဝတွင် စောင့်နေသည့် မီးကြံ့သားရဲ ဟော်ယန်ပင် ရှိမနေချေ။
နန်းစောင့်တပည့်များသည် ဝမ်မုန့်ယွင် သတ်မှတ်ထားသည့် သတ်မှတ်ချက်ဖြစ်သည်။ သူမသည် တပည့်ရေးရာများကို တာဝန်ယူရသည့်အကြီးအကဲတစ်ဦးဖြစ်လေ၏။
နန်းတော်သို့ အသစ်ဝင်ရောက်လာသည့် တပည့် နှစ်ဆယ့်နှစ်ဦးသည် နန်းစောင့်တပည့်အဆင့်များဖြစ်၏။ ကျီးဟူကျိနှင့် ရွှီယင်းအာတို့သည်သာ အဆင့်မြင့်တပည့်နှစ်ဦးအဖြစ်ရာထူးတိုးခံထားရသည်။ ထို့အပြင် သူတို့နှစ်ဦးသည် စီနီယာတပည့်များ ဖြစ်ကြ၏။
ထို့အပြင် ရှင်းဝမ်ကျဲကိုလည်း စီနီယာတပည့်အဖြစ်သတ်မှတ်ထားပြီး သူသည် ထူးခြားစွာနှင့် ခန်းမတစ်ခုရရှိထားသည်။ လင်းယိုဟန်လည်း ထူးခြားသည့် စီနီယာတပည့်တစ်ဦးဖြစ်နေ၏။
သူတို့၏ အထက်တွင်တော့ နန်းတော်၏ သခင်လေးနှင့် သခင်မလေးငါးဦးရှိနေ၏။
မော့ရွှယ်အာသည် နတ်ဆိုးခန်းမသခင်ဖြစ်ပြီး စစ်ရှီးယဲ့အား လတ်တလောတွင် မြူနှင်းမြို့တော်၏ မြို့သခင်ရာထူးပေးအပ်ထားသည်။
စုန့်ချင်းကိုတော့ နန်းတော်၏ ကာကွယ်သူအဖြစ်ထားရှိပြီး ချုးယွီဟွာသည်တော့ သတ်မှတ်မထားရသေးပေ။ ထို့အပြင် သူမသည် နန်းတော်တွင် ရှိမနေတော့ချေ။
ထို့နောက် သူသည် နေရာတစ်ခုတွင် တပည့်များအားလုံး၏ အငွေ့အသက်များ စုစည်းနေသည်ကို တွေ့လိုက်ရသည်။ ထိုနေရာသည် ရွှေရောင်သစ်ပင်ငယ်လေးထားရှိသည် နန်းတော်၏ အထွတ်မြတ်နေရာပင်ဖြစ်လေ၏။
“အရှင်..”
နန်းစောင့်တပည့်များသည် ဟွမ်းရောက်ရှိလာသည်ကို တွေ့မြင်လိုက်သောကြောင့် နှုတ်ဆက်လိုက်ကြသည်။
“ဆရာ..”
လုရှင်းယန်တို့သည် အပြစ်မကင်းသကဲ့သို့ ခေါင်းများ ငုံ့ထားကြ၏။ သူတို့သည် ရှင်းပြပြောဆိုချင်သော်လည်း မည်သည့် နေရာမှစ၍ ရှင်းပြရမည် မသိတော့ပေ။
“ရွှေရောင်သစ်ပင်က ပျောက်ကွယ်မသွားပါဘူး..”
ဟွမ်းသည် ဖြေရှင်းချက်ထုတ်ကာ ရှင်းပြပြောဆိုပေးလိုက်၏။ သူတပည့်များ၏ အသွင်သည် အလွန်ပင် စိတ်ဓာတ်ကျဆင်းနေဟန်ရှိသည်။
အားလုံး၏ မျက်ဝန်းများ ပြူးကျယ်သွားတော့သည်။ ထိုသို့ အဖြစ်အပျက်မျိုး မယုံနိုင်ဖြစ်နေကြ၏။
သို့သော်လည်း ရွှေရောင်သစ်ပင်ငယ် အဆင်ပြေသည်ကို သိရှိလိုက်ရသောကြောင့် စိတ်အေးသွားကြသည်။ ထိုသို့မဟုတ်ပါက သူတို့ထံတွင် ရှင်းပြစရာ အကြောင်းပြချက်မရှိပေ။
နောက်ရက်များတွင် ဟွမ်းရှန့်နန်းတော်သည် ပြန်လည်တည်ငြိမ်သွား၏။ နန်းစောင့်တပည့်များအတွက်လည်း ကုန်းမြေအနှံ့ အတွေ့အကြုံများ ရှာစေကာ သူတို့၏ တိုးတက်ရေးအတွက် ဦးစားပေးခဲ့သည်။
“အရှင်..၊ နန်းတော်အတွက် တပည့်တွေထပ်လက်ခံသင့်တယ်..”
ဝမ်မုန့်ယွင်သည် အကြံပေးလိုက်၏။ ဟွမ်းရှန့်နန်းတော်သည် တိုးတက်လာသော်လည်း တပည့်အင်အားအရ လိုအပ်နေသေးသည်။
“တပည့်သစ်လက်ခံတာနဲ့ ပတ်သတ်ပြီး အကြီးအကဲဝမ်က တာဝန်ယူထားလိုက်ပါ..”
ဟွမ်းသည် ဤအကြိမ်တွင်တော့ တပည့်လက်ခံခြင်းအတွက် ဝင်ရောက်စွက်ဖက်တော့မည် မဟုတ်ပေ။
သို့မှသာ ဝမ်မုန့်ယွင်လည်း စိတ်အေးသွားသည်။ မဟုတ်ပါက ထပ်မံခေါ်ယူမည့်တပည့်များသည်လည်း လက်ဆယ်ချောင်းပင် မပြည့်မည်ကို စိုးရိမ်နေ၏။
“အရှင်..၊ ကျိုးကမ္ဘာငယ်ရဲ့ ဧကရာဇ်က မဟာမိတ်ဖွဲ့ဖို့ ကမ်းလှမ်းထားတယ်..”
စုန့်ချင်းသည် ထိုစဉ်က အဖြစ်အပျက်များကို ရှင်းပြလိုက်သည်။ ထို့အပြင် ကျိုးဧကရာဇ်သည် လာရောက်လည်ပတ်လိုကြောင်း အသိပေးထား၏။
“လက်ခံလိုက်ပါ..”
ဟွမ်းသည် ခေါင်းညိတ်လိုက်၏။ သူသည် ကျီယွမ်နယ်မြေအတွက် မဟာမိတ်များ ရရှိထားလျှင်လည်း မဆိုးလှချေ။ ထို့ကြောင့် ဤနှစ်တစ်ရာအတွင်းတွင် ကျီယွမ်နယ်မြေ ဖွံ့ဖြိုးရေးအတွက် လုပ်နိုင်သည့် အရာများကို လုပ်ဆောင်ပေးခဲ့ပေမည်။
သူ၏ စိတ်တွင် အစီအစဉ်များရေးဆွဲပြီး ဖြစ်သည်။ ထို့အပြင် ကျီယွမ်နယ်မြေရှိ အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံများကို ပြန်လည် ရှင်းလင်းသတ်မှတ်စေမည်။
“ကျီယွမ်ကုန်းမြေတစ်ခုလုံးကို ဟွမ်းရှန့်န်းတော်ရဲ့ ပိုင်နက်အဖြစ်သတ်မှတ်လိုက်ပြီဆိုတဲ့ ကြေညာချက်ထုတ်လိုက်..၊ အနီးအနားက ကုန်းမြေတွေအထိ ကြေညာလိုက်ပါ..”
ဟွမ်းသည် သွမ့်မုယီကို ကြည့်ကာ အမိန့်ပေးလိုက်သည်။ အရင်က အမှောင်စွမ်းအင်ကြောင့်သာ ဟွမ်းရှန့်နန်းတော်အောက် ခိုလှုံလာသူများဖြစ်ကြသော်လည်း ယခုတွင် တရားဝင် အသိအမှတ်ပြုရန် ကြေညာချက် ထုတ်ခိုင်းခြင်းပင်။
“စိတ်ချပါ အရှင်..၊ ကျုပ်ဆောင်ရွက်လိုက်ပါ့မယ်..”
သွမ့်မုယီသည် နာခံလိုက်ကာ ခန်းမအတွင်းမှ နှုတ်ဆက်ထွက်ခွာသွားသည်။