← Chapters

အကြွင်းမဲ့စွမ်းအား

Vol. 19 Ch. 283

အကြွင်းမဲ့စွမ်းအား

Vol. 19 Ch. 283

ထိုလက်ဝါးမှ ထွက်ပေါ်လာသည့် စွမ်းအားများသည် မိုးကြိုးနဂါးထွက်ပေါ်လာချိန်က စွမ်းအားအောက် အနည်းငယ်သာ နိမ့်ကျပေ၏။

ဟွမ်းသည် ရွှမ်းလုံပေတံကို တင်းကြပ်သည်အထိ ဆုပ်ကိုင်လိုက်ကာ အရှိန်ဟုန်နှင့် တိုးဝင်သွားသည်။

“သေစမ်း..”

ဟွမ်းသည် လက်ဝါး၏ ဗဟိုချက်ကို ပြင်းထန်စွာ ရိုက်ချလိုက်၏။

“ဝုန်း..”

လက်ဝါးသည် ရွှမ်းလုံပေတံနှင့် ထိခတ်သွားပြီးနောက် အက်ကွဲကြောင်းများ ထင်ဟပ်လာသည်။ ထို့အပြင် ထိုလက်ဝါးတွင်းသို့ အနက်ရောင်မီးတောက်စွမ်းအင်များ စိမ့်ဝင်သွား၏။

“ခွမ်း..”

ခဏအကြာတွင် အနက်ရောင်မီးတောက်များသည် လက်ဝါးတစ်ခုလုံးကို လောင်ကျွမ်းပစ်ကာ အစအနမကျန်အောင် ပျောက်ကွယ်သွားတော့သည်။

“သေစမ်း..”

ဟွမ်းသည် လက်ဝါးပျောက်ကွယ်သွားသော်လည်း မရပ်တန့်ပေ။ အက်ကွဲကြောင်းအတွင်း ဝင်ရောက်လာကာ ပြန်လည်တိုက်ခိုက်လိုက်၏။

“ရဲတင်းလိုက်တာ..”

ဒေါသထွက်ဟန်ရသည့် လေသံနှင့် အတူ စွမ်းအင် အလင်းတန်းများစွာ ထပ်မံပေါ်ထွက်လာပြန်သည်။

“ဝုန်း..”

ဟွမ်းသည် တရစပ် ဝင်ရောက်လာပြီး ထိုအရာများကို တုန့်ပြန်တိုက်ခိုက်မှုများပြုလုပ်လိုက်၏။

ဟွမ်း၏ ဒေါသတကြီး တိုးဝင်လာမှုကြောင့် သူသည် ကမ္ဘာငယ်လေး၏ နယ်နိမိတ်ကို ဖြတ်ကျော်သွားနိုင်ခဲ့သည်။ ထို့အပြင် လေဟာနယ်အက်ကွဲကြောင်းသည်လည်း ပြန်လည်ပျောက်ကွယ်သွားပြီဖြစ်၏။

သူသည် ကမ္ဘာငယ်လေးမှ ထွက်လာနိုင်ခဲ့လေပြီ..။

သို့သော် မပြီးဆုံးသေးချေ။ ချက်ချင်းဆိုသလို သူ၏ ပတ်ပတ်လည်တွင် လျှပ်စီးကြောင်းများစွာ ပေါ်ထွက်လာပြီး ဖိနှိပ်လိုက်ပြန်သည်။

ထိုအဖြစ်အပျက်ကို အဝေးများကြည့်ရှု့နေသည့် ချပ်ဝတ်တန်ဆာများနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးရှိနေ၏။

“ခေါင်းဆောင်..၊ အဲ့ဒီလူကို ဒီအတိုင်း ခွင့်ပြုလိုက်လို့ဖြစ်ပါ့မလား..”

သူ၏ ဘေးရှိ ငယ်သားတစ်ဦးသည် ပူပန်သည့် မျက်နှာထားနှင့် ပြောဆိုလိုက်သည်။

“ကမ္ဘာငယ်တွေရဲ့ ဥပဒေသကို ကျော်လွန်ပြီး ငါတို့ရဲ့ နယ်နိမိတ်ကူးပြောင်းရေးဌာနကို နိမ့်ကျတဲ့ ကျင့်ကြံသူတွေ ရောက်မလာတာကြာပြီ..”

“ဒီအစီအရင်ကို ကျော်ဖြတ်နိုင်ရင် ခွင့်ပြုရလိမ့်မယ်..”

ထိုအမျိုးသားသည် သူ၏ငယ်သားကို ပြောဆိုလေ၏။ သူသည် ကျုးယန်ရှောင်ဖြစ်ပြီး သူတို့သည် အဆင့်နိမ့်နယ်နိမိတ်ကို စောင့်ကြပ်ရသော နယ်နိမိတ်အစောင့်များဖြစ်လေသည်။

“အရှင်..၊ ဒါပေမဲ့ စည်းမျဉ်းနဲ့ မကိုက်ညီဘူးလေ..”

ငယ်သားသည် စိုးရိမ်ဆဲ အမူအယာနှင့်ဆိုလိုက်၏။ သူတို့သည် အသေအချာ စောင့်ကြပ်ခြင်း မရှိသည့်အတွက် ပြစ်ဒဏ် ချမှတ်ခံရနိုင်သည်။

“ဒီလူငယ်က နည်းနည်းတော့ ထူးဆန်းတယ်..၊ ဝိညာဉ်သန္ဓေသား မဖွဲ့စည်းရသေးပေမဲ့ သူရဲ့ စွမ်းအားတွေက ငယ်သား ဆယ့်နှစ်ယောက်ရဲ့ အစီအရင်ကို တားဆီးနိုင်နေတယ်..”

“သူသာ ကျော်ဖြတ်နိုင်ရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် အစစ်အမှန် နတ်ဘုရားတစ်ပါးဆိုတာကို လက်ခံကြရလိမ့်မယ်..”

ကျုးယန်ရှောင်သည် လျှပ်စီးအစီအရင်ကို ရင်ဆိုင်နေသည့် ဟွမ်းကို စမ်းစစ်နေ၏။ အစောင့်ဆယ့်နှစ်ယောက်၏ တိုက်ခိုက်မှုများသည် အစစ်အမှန်နတ်ဘုရားအဆင့်၏ စဦးအလွှာကျင့်ကြံသူများ ရင်ဆိုင်နိုင်သည့်အရာမဟုတ်ပေ။

သူတို့သည် စည်းမျဉ်းချိုးဖြတ်သူအတွက် အပြစ်ပေးသည့် နည်းလမ်းဖြစ်သည်။

“ဝုန်း..”

“ဝုန်း..”

လျှပ်စီးများသည် အဆက်မပြတ် ဟွမ်းကို တိုက်ခိုက်နေ၏။ လျှပ်စီးများသည် ဒီရေလှိုင်းသဖွယ် တလိပ်လိပ် ဝင်ရောက်လာပြီး ဟွမ်းကို ဦးတည်ကာ တိုးဝင်လာသည်။ ထိုလျှပ်စီးလှိုင်းတစ်စင်းသည် မူလ နတ်အင်ပါယာများကို အစအနမကျန်အောင် ချေမွပစ်နိုင်စွမ်းရှိ၏။

“ဝုန်း..”

“ဝုန်း..”

လျှပ်စီးလှိုင်းများသည် ဟွမ်းကို ချေမှုန်းရန် စွမ်းအင်အပြည့်နှင့် ဝင်ရောက်လာသော်လည်း ဟွမ်း၏ အသွင်သည် အကြပ်အတည်းကျရောက်နေဟန် မရှိချေ။

ဟွမ်းသည် ထိုလျှပ်စီးများ၏ တိုက်ခိုက်မှုကို တွန်းလှန်ကာ မည်သည့်အခြေအနေမျိုး ဖြစ်သည်ကို တွေးတောနေသည်။

သူသည် လေဟာနယ်အက်ကြောင်းအတွင်း မဝင်ရောက်ခင်က စကားသံအချို့ ကြားလိုက်ရသော်လည်း ယခုထိ မည်သည့်ကျင့်ကြံသူမျှ မတွေ့ရသေးပေ။

“ဖြစ်နိုင်တာက..”

ရွှမ်းလင်၏ စကားအချို့ကို အမှတ်ရသွားသည်။ ကပ်ဘေးမိုးကြိုးသည် အစီအရင်နှင့် ထုတ်ဖော်ကာ ရင်ဆိုင်စေခြင်းပင်။ ထို့ကြောင့် ဤအရာသည် အစီအရင် တစ်ခုဖြစ်နိုင်သည်ဟုတွက်ဆမိလိုက်၏။

“အစီအရင်ဆိုရင်ဘယ်လိုဖြတ်ရမလဲ..”

ဟွမ်းသည် လွှတ်မြောက်နိုင်ရန် တွေးတောလိုက်၏။ သို့သော် အဖြေသည် တစ်ခုတည်းသာ ထွက်ပေါ်လာသည်။

“အကြွင်းမဲ့စွမ်းအား..”

ဘယ်အစီအရင်နှင့် ဘယ်လိုလှည့်စားမှု နည်းမျိုးစုံရှိရှိ အကြွင်းမဲ့စွမ်းအားနှင့်ဆိုလျှင် တောင့်ခံနိုင်မည်မဟုတ်ပေ။

“ငါ့ရဲ့စွမ်းအားက ဒီအစီအရင်ကို ကျော်လွန်နိုင်မလား..”

သူသည် တိုက်ခိုက်နေသည့် လျှပ်စီးလှိုင်းများထက် လျှပ်စီးလှိုင်းများ ထွက်ပေါ်ရာ အရင်းမြစ်ကို ဖြတ်ဆီးရန် တွေးမိသွား၏။

‘ကမ္ဘာငယ်လေးတုန်းက တိုက်ခိုက်မှုလိုမျိုး ငါ့ရဲ့စွမ်းအားကို ထိန်းသိမ်းဖို့မလိုတော့ဘူး..’

ဟွမ်း၏ မျက်ဝန်းများလေးနက်လာ၏။ သူ့စွမ်းအား၏ အကန့်အသတ်ကို စမ်းသပ်ရန် ဤနေရာသည် အသင့်လျော်ဆုံးဖြစ်ပေသည်။

“ထွက်ပေါ်စမ်း..၊ ငါ့ရဲ့တစ်ခုတည်းသောနည်းစနစ်..”

ဟွမ်းသည် ပါးစပ်ထဲရှိရာ လျှောက်အော်လိုက်၏။ သူသည်လည်း နည်းစနစ်များကို မာန်ပါပါနှင့် အသုံးပြုချင်လေသည်။

သို့သော် သူ၏ ခန္ဓာကိုယ်မှ ပေါ်ထွက်လာသည့် စွမ်းအင်များသည် ပေါက်ကရမဟုတ်ပေ။

လျှပ်စီးလှိုင်းများ၏ တိုက်ခိုက်မှုကို မရှောင်မတိမ်းတော့ပဲ သူ၏ နည်းစနစ်ကိုသာ အာရုံစိုက်နေသည်။

“ဒီကောင်လေး ဘာလုပ်ချင်တာလဲ..”

ကျုးယန်ရှောင်သည် ဟွမ်း၏ အပြုအမူကို အံ့အားသင့်သွား၏။ သူ၏ ပုံစံသည် လျှပ်စီးများကို ကြောက်ရွံ့ကာ လက်လျော့သည့် ပုံစံမဟုတ်သော်လည်း ခုခံမှုများ မလုပ်တော့ချေ။

“ဒီစွမ်းအားက..”

ကျုးယန်ရှောင်သည် ဟွမ်း၏ ခန္ဓာကိုယ်မှ ရုတ်ချည်းပေါ်ထွက်လာသည့် စွမ်းအင်အရှိန်အဝါကြောင့် မှင်သက်သွားသည်။

“ဖျတ်စီးစမ်း..”

ဟွမ်းသည် စွမ်းအင်များကို ရွှမ်းလုံပေတံတွင် စုစည်းလိုက်ပြီးနောက် မာန်ဟုန်အပြည့်နှင့် လွှဲယမ်းလိုက်၏။

အန့်လျန်ကို တိုက်ခိုက်ခဲ့သည့် ပုံစံနှင့် တူညီသော်လည်း မတူညီသည်မှာ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းကြီးပင်။

ထိုသို့ လွှဲယမ်းလိုက်ချိန် ဟွမ်း၏ နောက်ရှိ မပြည့်စုံသည့် စက်ဝန်းကြီးသည် အရူးအမူးလည်ပတ်နေ၏။

ထိုမှ စွမ်းအင်များသည် ရွှမ်းလုံပေတံတွင် စီးဝင်နေပြီး ကြောက်မက်ဖွယ် အနက်ရောင်စွမ်းအင်လှိုင်းကြီး ထွက်ပေါ်လာသည်။

ဟွမ်း၏ စွမ်းအင်လှိုင်းကြီးသည် တိုးဝင်နေသည့် လျှပ်စီးလှိုင်းများကို ဝါးမြိုသွားတော့၏။ လျှပ်စီးလှိုင်းများသည် ရေရုပ်ရေးဆွဲထားသည့်အလား ပျက်ပြယ်ကုန်သည်။

သို့သော် အနက်ရောင်စွမ်းအင်လှိုင်းကြီးသည် ရပ်တန့်ဟန်မပေါ်ချေ။ ဆက်လက်တိုးဝင်နေပြီး ထူးဆန်းသည့် အလွှာတစ်ခုကို ဖြတ်ကျော်သွား၏။

ထိုအချိန်တွင် အလင်းတန်းများနှင့် ပြည့်နှက်နေသည့် အစီအရင်ကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

ထိုအစီအရင်သည် ဟွမ်း၏ ပတ်ပတ်လည်ကို ချုပ်နှောင်ထားသည့် လျှပ်စီးအစီအရင်ဖြစ်ပေ၏။

“ခရက်..”

တစ်ခဏအတွင်းမှာတင် မှန်ချပ်များစွာပေါ်သို့ ခဲတစ်လုံးကျသွားသည့် အသံများထွက်ပေါ်လာသည်။

“ခွမ်း..”

ထိုအစီအရင်အား ထိန်းချုပ်ထားသည့် နယ်နိမိတ်အစောင့်များသည် ချက်ချင်းဆိုသလို သွေးအန်ကာ မေ့မြောသွားကြ၏။

“ဒီကောင်လေးရဲ့စွမ်းအားက ဘာလဲ..”

ကျုးယန်ရှောင်သည် ထိတ်လန့်သွား၏။

“ဘယ်လိုနည်းစနစ်မျိုးလဲ..”

သူ၏ ထိတ်လန့်မှုမှာ အစီအရင် ပြိုကွဲသွားသည်ထက်ကြောက်စရာကောင်းသည့် အရာကို တွေ့မြင်လိုက်ရသောကြောင့်ပင်။

အနက်ရောင်စွမ်းအင်လှိုင်းသည် သူ့ထံတည့်တည့်လာနေသောကြောင့်ပင်။

“ကာကွယ်ရေးအစီအရင်ဖွင့်..”

သူသည် ချက်ချင်းဆို နယ်နိမိတ်အစောင့်များကို အမိန်ပေးကာ သူ၏ ခန္ဓာကိုယ်မှလည်း ပြင်းထန်သည့် စွမ်းအင်များ ထွက်ပေါ်လာ၏။

အနက်ရောင်စွမ်းအင်လှိုင်း၏ အရှိန်သည် လျှင်မြန်လွန်းသောကြောင့် သူတို့သည် မြန်ဆန်စွာ တုန့်ပြန်လိုက်ကြသည်။

သူတို့ဌာန၏ အထက်တွင် ကြီးမားသည့် အကာကွယ်လွှာကြီးတစ်ခု ပေါ်ထွက်လာ၏။ ထိုအလွှာ၏ ထုထည်သည် ထူထည်းလှသည်။

နယ်နိမိတ်အစောင့်များသည် သူတို့၏ စွမ်းအင်များနှင့် ထိုအလွှာကို ထိန်းသိမ်းထားလိုက်ကြ၏။ သူတို့သည် ခုခံရန် အသင့်ဖြစ်နေလေပြီ..။

ကျုးယန်ရှောင်သည် မျက်မှောင်ကြုတ်သွား၏။ ကမ္ဘာငယ်မှ ကျင့်ကြံသူ၏ တိုက်ခိုက်မှုအတွက် ဤသို့ကာကွယ်ရမည်ဟု ဘယ်သောအခါမျှ မတွေးမိခဲ့ချေ။

ထို့နောက် သူသည် လေးနက်သည့်မျက်ဝန်းများ ထုတ်ဖော်လိုက်ပြီး စွမ်းအင်များကို အကာကွယ်ထံ ပို့လွှတ်လိုက်၏။

သို့သော် ထူးဆန်းစွာနှင့်ပင် အနက်ရောင်အလင်းတန်းသည် သူ့ထံသို့ အတားအဆီး မရှိသည့်အလားဝင်ရောက်လာသည်။

“မဟုတ်ဘူး..”

သူသည် အလွန်အမင်း ထိတ်လန့်သွားပြီး အကာအကွယ်မှ စွမ်းအင်များကို ရုတ်သိမ်းကာ သူ့ကိုယ်သူ ကာကွယ်လိုက်ရ၏။

All Chapters