ကြားနယ်နိမိတ်
Vol. 19 Ch. 284
“မဟုတ်ဘူး..”
အနက်ရောင်စွမ်းအင်လှိုင်း၏ ကျော်ဖြတ်လာမှုကြောင့် ကျုးယန်ရှောင်သည် အထိတ်လန့်ဟစ်အော်လိုက်ရ၏။
“ဟမ်..၊ ဘာမှမဖြစ်သွားဘူးလား..”
အနက်ရောင်စွမ်းအင်လှိုင်းသည် သူ၏ ခန္ဓာကိုယ်ဖြတ်သန်းသွားသော်လည်း မည်သည့်ပြောင်းလဲမှုမျှ ဖြစ်ပေါ်မလာချေ။ အံ့ဩမှင်သက်သွား၏။
သို့သော် ရုတ်ချည်း သူ၏ နားတွင် အကာကွယ်အလွှာကြီး၏ ပြိုကျပျက်စီးသည့် အသံကို ကြားလိုက်ရ၏။
“ခွမ်း...”
“ဝုန်း..”
အကွယ်အလွှာပျက်စီးပြီးနောက်တွင် နယ်နိမိတ်အစောင့်များ၏ ဌာနတစ်ခုလုံးတွင် ကြီးမားသည့် ပေါက်ကွဲမှုကြီးပေါ်ထွက်လာသည်။
“ဘာလဲဟ..”
ကျုးယန်ရှောင်သည် တုန့်ပြန်ချိန်မရတော့ချေ။ သူနှင့်အတူ နယ်နိမိတ်အစောင့်များ လွင့်စင်သွားလေသည်။
ထိုပေါက်ကွဲမှုကြောင့်ပင် အဆောက်အဦးအားလုံး ပျက်စီးပြိုလဲသွားပြီး စွန့်ပစ်ခံကုန်းမြေကြီးတစ်အခုအလား ဖြစ်သွားလေ၏။ ထိုနေရာတွင် ဖုန်မှုန့်များ တလူလူလွင့်ပျံနေပြီး သဲသဲကွဲကွဲ မမြင်ရတော့ချေ။
“ဒီနည်းစနစ်က အစွမ်းထက်တာပဲ..၊ ဒါပေမဲ့ တစ်ခုခု လွဲမှားနေတယ်လို့ ဘာလို့ တွေးမိနေပါလိမ့်..”
ဟွမ်းသည် ထိုအဖြစ်အပျက်ကို အသာယာကြည့်ရှု့နေ၏။ သူ၏တိုက်ခိုက်မှုသည် အတားအဆီးများကို ဂရုစိုက်ဟန်မရချေ။ ထို့အပြင် သက်ရောက်မှုသည့် အနည်းငယ် နှောင့်နေးဟန်ရှိသည်။
မိနစ်အနည်းငယ်ကြာပြီး ပျံ့လွင့်နေသည့် ဖုန်မှုန့်များ ငြိမ်သက်သွား၏။
“အဟွတ်..”
အပျက်အစီးများကြားမှ ကျုးယန်ရှောင်သည် အနည်းငယ်လှုပ်ရှားလာသည်။ သူ၏ ခန္ဓာကိုယ်သည် အခြေအနေဆိုးရွားနေ၏။
တုန်ယင်နေသည့် လက်များနှင့် ဆေးလုံးများထုတ်ယူကာ သောက်သုံးလိုက်ရသည်။
သူ၏ ဘေးတွင်လည်း အစိတ်စိတ်အမွှာမွှာ ကွဲကြေနေသည့် ရတနာလက်နက်တစ်ခုရှိနေ၏။
သူ၏ ခန္ဓာကိုယ်တွင်းသွေးကြောများကို ဂရုတစိုက် ပြန်လည်ချိန်ညှိနေ၏။ ထိုအချိန်တွင် အံ့ဩတကြီးဖြစ်နေသည့် အသံကို ကြားလိုက်ရသည်။
“မသေးသေးဘူးပဲ..၊ ငါ့စွမ်းအား နိမ့်ကျနေသေးတယ်ထင်တယ်..”
ဟွမ်းသည် ကျုးယန်ရှောင်၏ လှုပ်ရှားမှုများကြောင့် အံ့ဩတကြီး ရေရွတ်လိုက်မိ၏။ ထို့နောက် အတွေးများဝင်ရောက်လာကာ တွေဝေသွား၏။
‘လင်းထျန်းဘုံက တကယ်သာလွန်တဲ့ စွမ်းရည်တွေရှိတာပဲ..’
သူ၏ နည်းစနည်သည် အကန့်အသတ်ရှိသွားဟန်ရသည်။ ထို့အပြင် အကျိုးသက်ရောက်မှုနှောင့်နှေးနေသည့် နည်းစနစ်သည် လိုအပ်ချက်များစွာ ရှိနေသေးသည်ကို သိလိုက်ရ၏။
‘တိုက်ခိုက်မှုရဲ့ အကျိုးဆက်က နောက်ကျလွန်းတယ်..၊ တစ်ထပ်တည်းတူညီအောင်ကြိုးစားရလိမ့်မယ်..’
သို့သော် ဟွမ်း၏ ‘မသေသေးဘူး’ ဆိုသည့် စကားကြောင့် ကျုးယန်ရှောင်သည် ထ၍ပင် တိုက်ခိုက်လိုစိတ်ဖြစ်ပေါ်သွား၏။
‘ငါ မသေသေးလို့စိတ်ပျက်သွားတာလား..၊ ငါ့ကို အသေသတ်ဖို့ ကြံရွယ်ထားတာပေါ့..’
ထိုလူငယ်သည် သူသေဆုံးခြင်းမရှိသည်ကိုပင် ကျေနပ်ဟန်မရချေ။ သူအသက်ရှင်နေရသည့် အကြောင်းအရင်းမှာလည်း အသက်ကယ်ရတနာကြောင့်ပင်။
အသက်ကယ်ရတနာသည် သူ၏ အသက်သာ ကယ်နိုင်ခဲ့၏။ သို့သော် ပြင်းဒဏ်သည့် ဒဏ်ရာများကို မရှောင်လွဲနိုင်ချေ။
‘အသက်ရှင်သေးတာပဲ တော်သေး’ ဟုဆိုရပေမည်။
သူသည် ဒဏ်ရာများကို ကုစားနေသောကြောင့် စကားပြောဆိုနိုင်ခြင်း မရှိသေးချေ။
သူမေးချင်သည့် ပထမဦးဆုံးမေးခွန်းမှာ ‘ဘယ်လိုသောက်ကျိုးနည်း နည်းစနစ်လဲ’ ဟုပင်။
ထိုတိုက်ခိုက်သည့်ပုံစံ၏ ယုတ္တိမရှိမှုကို နားမလည်နိုင်တော့ချေ။ တိုက်ခိုက်မှုသည် အရင်ဖြစ်ပေါ်လာပြီး အကျိုးဆက်သည် အချိန်အနည်းငယ်ကြာ၏။
‘ဒီလို နည်းစနစ်မျိုးကို ဘယ်လိုကျင့်ကြံသူက ကာကွယ်နိုင်မှာလဲ..’
သူသည် ထိုနည်းစနစ် ထိမှန်သွားစဉ်က အကျိုးသက်ရောက်မှုကို မခံစားလိုက်ရပေ။ ထိုသို့ စိတ်ရှုပ်ထွေး နေစဉ်မှ ရုတ်ချည်း အကျိုးဆက်ထွက်ပေါ်လာခြင်းပင်။
‘ဒဏ္ဍာရီလာ နည်းစနစ်တစ်ခုဖြစ်နိုင်လား..၊ လုံးဝကို ဆန်းကြယ်လွန်းတယ်..’
ဟွမ်းသည် ကျုးယန်ရှောင် ကုသနေစဉ် နှောက်ယှက်ခြင်း မရှိခဲ့ချေ။ ပတ်ဝန်းကျင်ကို လေ့လာနေ၏။ ပတ်ဝန်းကျင်၏ အနေအထားကြောင့် တီးတိုးရေရွတ်မိသွားသည်။
“ဒါ..လင်းထျန်းဘုံလား..၊ ထင်ထားတာထက် စုတ်ချာတာပဲ..”
ကျုးယန်ရှောင် “...”
‘ဒီလိုဖြစ်အောင် မင်းလုပ်သွားတာ မဟုတ်ဘူးလား..’
မိနစ်အတော်ကြာပြီးနောက်တွင် ကျုးယန်ရှောင်သည် ကုသရေးဆေးလုံး၏ အာနိသင်ကို အပြည့်အဝ စုပ်ယူပြီးသွားခဲ့သည်။ ထို့နောက် သူ၏ မျက်လုံးများကိုဖွင့်လိုက်၏။ ခန္ဓာကိုယ်မှ ဒဏ်ရာများသည် အကုန်စင်မပျောက်ကွယ်သေးချေ။
ထိုဆေးလုံးသည် သူ၏ စွမ်းအင်များကိုသာ ပြန်လည်ထိန်းညှိပေးနိုင်သည်။
“ငါ့ကို ဘာကြောင့် သတ်ချင်နေတာလဲ..”
ဟွမ်းသည် ကျုးယန်ရှောင် မျက်လုံးပွင့်ပွင့်ချင်း ဦးစွာမေးလိုက်၏။ ထိုသူများသည် သူ့အား ပစ်မှတ်ထားကာ သတ်ဖြတ်ရန်ကြိုးစားခဲ့လေသည်။
“မင်းက ကမ္ဘာငယ်ကလာတဲ့ကျင့်ကြံသူလား..”
ကျုးယန်ရှောင်သည် ဟွမ်း၏ မေးခွန်းကို မဖြေသေးပဲ ပြန်လည်မေးခွန်းထုတ်လိုက်၏။
ဟွမ်းသည် ခေါင်းညိတ်ကာ အတည်ပြုလိုက်သည်။ ထိုသူ့၏ ပုံစံသည် ရန်လိုသည့်အမူအယာရှိမနေပေ။ ထပ်မံတိုက်ခိုက်ချင်စိတ် ရှိလျှင်လည်း ပေတံနှင့် ခေါက်ပေးလိုက်မည်ဖြစ်သည်။
“ကျုပ်တို့က..၊ ကမ္ဘာငယ်နယ်နိမိတ်ကို စစ်ဆေးစောင့်ရှောက်ရတဲ့သူတွေ..”
“ကမ္ဘာငယ်လေးက တက်ရောက်လာတဲ့ ဘယ်ကျင့်ကြံသူမဆို အစစ်အမှန် နတ်ဘုရားအဆင့်မှာ မရှိရင် တားမဝင် ဝင်ရောက်သူဆိုပြီး အပြစ်ပေးရတဲ့သူတွေပါ..”
“ဒါပေမဲ့ အပြစ်ပေးမှုကို ဆန့်ကျင်ပြီး ကမ္ဘာငယ်ရဲ့နယ်နိမိတ်ကို ဖြတ်ကျော်လာနိုင်တဲ့ ကျင့်ကြံသူက မင်းတစ်ယောက်ပဲရှိတယ်..”
ကျုးယန်ရှောင် ရှင်းပြသည့် လေသံသည် အနည်းငယ်တိုးလျ၏။ ဒဏ်ရာကြောင့်လား မပြောတက်ပေ။
ဟွမ်းသည် သို့မှသာ ထိုသူများ သူ့အား တိုက်ခိုက်ကြသည့် အကြောင်းအရင်းကို နားလည်သွားသည်။ သူသည် ဆက်လက်မေးမြန်းလိုက်၏။
“ဒါဆို အစစ်အမှန်နတ်ဘုရားအဆင့်တက်ရောက်သွားရင် ခင်ဗျားတို့က ကမ္ဘာငယ်ကနေ ဆွဲထုတ်သွားတာလား..”
“အဲ့ဒီလို အဖြစ်ပျက်မျိုးက မရှိသလောက်နည်းပါးပေမဲ့..၊ သာမန်ထက်ကျော်လွန်တဲ့ စွမ်းအားတွေပိုင်ဆိုင်ထားတဲ့သူမျိုးဆို ကမ္ဘာငယ်လေးမှာ ဆက်ပြီး နေထိုင်ခွင့် မပေးတော့ဘူး..”
ကျုးယန်ရှောင်သည် ရှင်းပြလိုက်၏။ သူသည် ဟွမ်း၏ မေးခွန်းကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ ထိုသို့ ဖြစ်ရပ်မျိုးသည် မရှိသလောက်နည်းပါးသောကြောင့်ပင်။
ဟွမ်းသည် ထိုစကားကြောင့် အံ့ဩသွား၏။
စုန့်ချင်းသည် သဘာဝထက်ကျော်လွန်သည့် စွမ်းအင်များ ရှိနေသည်လား..။
သူသည် ထိုသို့ အကြောင်းအရာမျိုး မျှော်လင့်မထားမိပေ။ ထို့အပြင် စုန့်ချင်းသည် သူမ၏ စွမ်းအားများကို ထုတ်ဖော်ခဲလေသည်။
ဟွမ်းသည် သိလိုစိတ်နှင့် ဆက်လက်မေးမြန်းလိုက်၏။
“ဒါဆို သူတို့ကို ဘယ်နေရာ ခေါ်ဆောင်သွားခံရတာလဲ..”
“ဒါတော့ ကျုပ်တို့လဲ မသိဘူး..၊ အဲ့ဒီလိုအဖြစ်အပျက်က ကြုံရခဲတယ်၊ ပြီးတော့ ကမ္ဘာငယ်လေးကနေ ဆွဲထုတ်နိုင်စွမ်းအား ကျုပ်တို့မှာ မရှိဘူး..”
ကျုးယန်ရှောင် တွေဝေစွာ ပြောဆိုလိုက်၏။
ဟွမ်းသည် မျက်မှောင်ကြုတ်သွားရသည်။ စုန့်ချင်းသည်လည်း ဆန်းကြယ်လာလေပြီ..။
“ဘယ်သူတွေက ဆွဲထုတ်နိုင်တာလဲ..”
“ကမ္ဘာငယ် လေးတွေရဲ့ စည်းမျဉ်းနဲ့ ဥပဒေသကို ဖီဆန်နိုင်တဲ့သူရဲ့ အဆင့်အတန်းနဲ့ စွမ်းအားက အရမ်းမြင့်လိမ့်မယ်..၊ ဒါပေမဲ့ ဘယ်လိုတည်ရှိမှုမျိုးက အတိအကျ လုပ်နိုင်သလဲ ဆိုတာတော့ ကျုပ်လို စဦးအလွှာကျင့်ကြံသူက မသိနိုင်ဘူး..”
ကျုးယန်ရှောင်သည် ရှင်းပြပြောဆိုလိုက်၏။ ထို့နောက်သူသည် နယ်နိမိတ်အစောင့်များကို စစ်ဆေးကြည့်လိုက်သည်။ သူတို့တွင် သေဆုံးသူ မရှိချေ။
သို့သော် ပြင်းထန်သည့် စွမ်းအင်သက်ရောက်ခံရမှုကြောင့် မေ့မြောနေကြခြင်းဖြစ်သည်။
ထို့အပြင် ဟွမ်း၏ တိုက်ခိုက်မှုသည် သူ့ထံသာ ဦးတည်ထားသောကြောင့် နယ်နိမိတ်အစောင့်များသည် သက်သာရာရခဲ့ခြင်းပင်။ ထို့အပြင် သူသည် နယ်မြေသခင်မှ ပေးအပ်ထားခဲ့သည့် ကာကွယ်ရေးရတနာကြောင့် အသက်ရှင်နေခဲ့ခြင်းဖြစ်၏။
“မင်း ကမ္ဘာငယ်က လာတဲ့ ကျင့်ကြံသူရော ဟုတ်ရဲ့လား..”
ကျုးယန်ရှောင်သည် မရဲ့ဝံ့သည့် လေသံနှင့်မေးလိုက်၏။ ထိုကဲ့သို့ စွမ်းအားနှင့် ကျင့်ကြံသူသည် ကမ္ဘာငယ်မှ တက်ရောက်လာသူဟု ထင်ရက်စရာမရှိချေ။
ထို့အပြင် သူ၏ စွမ်းအားကို ခန့်မှန်း၍မရ..။
ဝိညာဉ်သန္ဓေသား မရှိသေးသော်လည်း အစစ်အမှန်နတ်ဘုရား မဟုတ်ဟု ဆိုရလျှင်လည်း စဦးအလွှာ ကျင့်ကြံသူကိုပင် သတ်ဖြတ်လုနီးပါးဖြစ်ခဲ့သောကြောင့် ဆုံးဖြတ်ရ ခက်ခဲစေ၏။
“ကျုပ်က ကမ္ဘာငယ်လေးက ခုမှ ထွက်လာဖူးတာ..၊ ဒါက လင်းထျန်းဘုံလား”
ဟွမ်းသည် အဖြေနှင့် မေးခွန်း ဒွန်တွဲကာ ဆိုလိုက်၏။ သူသည် ဤနေရာတွင် အချိန်မဖြုန်းချင်တော့ပေ။ ဆက်လက်လုပ်ဆောင်ရမည့် အရာများ ရှိနေသေးသည်။
ကျုးယန်ရှောင်သည် ထိုမေးခွန်းကြောင့် ကမ္ဘာငယ်မှ လာရောက်သူဖြစ်သည်ကို ယုံကြည်သွားသည်။ မဟုတ်လျှင် ထိုသို့ မေးမြန်းနေမည် မဟုတ်ပေ။ သူသည် ရှင်းပြပြောဆိုလိုက်၏။
“ဒါက လင်းထျန်းဘုံနဲ့ ကမ္ဘာငယ်ကြားက နယ်နိမိတ်ပဲ..၊ ကျုပ်တို့က ကမ္ဘာငယ်က တက်ရောက်လာသူတွေက သတ်မှတ်ချက်နဲ့ ပြည့်စုံရင် လင်းထျန်ဘုံထဲရောက်အောင် ပို့ဆောင်ပေးဖို့တာဝန်လည်းရှိတယ်..”