← Chapters

ခင်ဗျားမျက်နှာလိုက်တာလား

Vol. 19 Ch. 285

ခင်ဗျားမျက်နှာလိုက်တာလား

Vol. 19 Ch. 285

“ဒါဆို ခင်ဗျားဆီက ခွင့်ပြုချက်တောင်းရမှာလား..”

ဟွမ်းသည် မျက်နှာသေနှင့် မေးလိုက်၏။ သူ၏ အသွင်သည် ကျုးယန်ရှောင်ကို ထိတ်လန့်စေသည်။

သူသည် ‘သွားခွင့်မပေးရင် ထပ်ရိုက်မယ်’ ဆိုသည့် သဏ္ဌာန်ပေါ်ထွက်နေ၏။

“ကျုပ်ကို ရက်အနည်းငယ်စောင့်ပေးနိုင်မလား..၊ နယ်နိမိတ်အစောင့်တွေ သတိရလာရင် ကျုပ်ကိုတိုင်လိုက်ပို့ပါ့မယ်..”

ကျုးယန်ရှောင်သည် အကျိုးအကြောင်းရှင်းပြလိုက်၏။ သူ့အနေနှင့် ဤနေရာကို ပစ်ပယ်ထား၍ မရချေ။

ဟွမ်း လက်ခံလိုက်၏။ ရက်အနည်းငယ်စောင့်ရန် ပြသနာမရှိချေ။

ကျုးယန်ရှောင်သည် အနားယူစေရန် အဆောင်တော်ပေးအပ်ချင်သော်လည်း သူတို့နယ်နိမိတ်ကူးပြောင်းရေးဌာနသည် ပြောင်တလင်းခါနေလေပြီ..။

နောက်ရက်များတွင်တော့ နယ်နိမိတ်အစောင့်များ တစ်ယောက်ပြီးတစ်ယောက်နိုးထလာခဲ့ကြသည်။

“ဒီနယ်နိမိတ်က လျှပ်စီးမျိုးနွယ်ရဲ့ လက်အောက်မှာ ရှိတာလား..”

ဟွမ်းသည် ကျုးယန်ရှောင်နှင့် စကားစမည်ပြောနေ၏။

“ဟုတ်တယ်..၊ ကျုပ်တို့နေရာက ဝူချီမြို့တော်နဲ့ ချိတ်ဆက်ထားတာပါ..၊ ဝူချီမြို့တော်က လျှပ်စီးမျိုးနွယ်ရဲ့ လက်အောက်ခံမြို့တွေထဲက တစ်ခုပဲ..”

ကျုးယန်ရှောင်သည် ရှင်းပြလိုက်၏။

ဟွမ်းသည် အဓိက အကြောင်းအရင်းကို ဆက်လက် မေးလေသည်။

“လွန်ခဲ့တဲ့ နှစ်ခုနှစ်ဆယ်ကျော်က ကမ္ဘာငယ်လေးက အကူအညီတောင်းခံခဲ့တဲ့ ကျင့်ကြံသူတွေကို ခင်ဗျား ခေါ်ထုတ်သွားတာလား..”

“အကူအညီတောင်းခံတဲ့ကျင့် ကြံသူတွေလား..”

ကျုးယန်ရှောင်သည် သံယောင်လိုက်ရေရွတ်ကာ တွေးတောနေ၏။

“မင်းပြောချင်တာ နယ်မြေကျွန်တွေလား..”

ကျုးယန်ရှောင်၏ မေးခွန်းကြောင့် ဟွမ်းသည် ခေါင်းညိတ်ပြလိုက်သည်။ ကျုးယန်ရှောင်သည် တွေးတွေးဆဆနှင့် ရှင်းပြလိုက်၏။

“ကျုပ်တို့ ဌာနကို အဲ့ဒီလိုကျင့်ကြံသူတွေမလာဖူးဘူး၊ မင်းပြောတဲ့ ကျင့်ကြံသူတွေက အခြားဌာနကနေ ဝင်ရောက်သွားတယ်ထင်တယ်..”

“ဒါဆို သူတို့ကို ဘယ်လိုရှာရမလဲ..”

ဟွမ်းသည် အတွေးကြပ်သွားကာ မေးလိုက်၏။ ဤဘုံငယ် ကမ္ဘာငယ်လေးများထင်ပင် ပို၍ ရှုပ်ထွေးနေသည်။ ထို့အပြင် လင်းထျန်းဘုံနှင့် သူသည် အစိမ်းသက်သက်သာဖြစ်နေ၏။

“သာမာန်အတိုင်းဆို ရှာဖို့မလွယ်ဘူး..၊ မင်းက လျှပ်စီးမြို့တော်ကို သွားရလိမ့်မယ်..၊ အဲ့ဒီက အကြီးအကဲတွေဆီမှာ စုံစမ်း မေးမြန်းနိုင်မှ အဖြေသိနိုင်လိမ့်မယ်..”

ကျုးယန်ရှောင်သည် ထပ်မံရှင်းပြလေ၏။ ထိုကိစ္စများသည် သူ၏ လုပ်ပိုင်ခွင့် ထက်ကျော်လွန်နေသည့် အကြောင်းအရာများဖြစ်နေသည်။ ထို့အပြင် နယ်နိမိတ်ကူးပြောင်းရေးဌာနသည် တစ်ခုတည်းမဟုတ်သောကြောင့် တိတိကျကျ မသိရှိချေ။

ဟွမ်းသည် အသိမှတ်ပြုဟန် ခေါင်းညိတ်ပြလိုက်ရ၏။ သူသည် ထျန်းဟုန်တို့ကို ရှာဖွေရန် ထင်ထားသည်ထက် ရှုပ်ထွေးနေသည်။ ထိုအချိန်တွင် ကျုးယန်ရှောင်သည် အားတုန့်အားနာ လေသံနှင့်ပြော၏။

“လူငယ်လေး..၊ ကျုပ်မနက်ဖြန်မှပဲ ချီဝူမြို့တော်ကို ဝင်တဲ့ ဂိတ်တံခါးကို လိုက်ပို့နိုင်မယ်ထင်တယ်..”

“ပြသနာမရှိဘူး..”

ဟွမ်းသည် နားလည်ပေးလိုက်၏။ ဤနေရာသည် သူ့ကြောင့် ပျက်စီးသွားရခြင်းပင်။

ဤရက်များတွင် နယ်နိမိတ်အစောင့်များ သက်သာလာပြီး ပျက်စီးမှုများကို ပြန်လည်ပြုပြင်နေကြ၏။

“ခေါင်းဆောင်..”

ထိုအချိန်တွင် နယ်နိမိတ်အစောင့်တစ်ဦးသည် အစောတလျင်ရောက်လာ၏။

“ဘာဖြစ်တာလဲ...”

“နောက်ထပ်..၊ နယ်နိမိတ်ဖြတ်ကျော်လာတဲ့ ကျင့်ကြံသူရှိနေတယ်..”

အစောင့်သည် ခပ်သွက်သွက် ဆို၏။

“အစီအရင်ကရော ဘယ်လောက်အထိ ပြီးသွားပြီလဲ..”

ကျုးယန်ရှောင်သည် မျက်မှောင်ကြုတ်ကာ မေးလေသည်။

“သုံးပုံနှစ်ပုံ ပြီးသွားပြီ..၊ ဒါပေမဲ့ ကျုပ်တို့ အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူး..”

အစောင့်သည် တွေးဆကာပြောလိုက်၏။

“ရသလောက်နဲ့ ထိန်းချုပ်ပြီး..၊ စမ်းသပ်မှု ဖွင့်လိုက်ပါ..၊ ပြီးတော့ ငါကိုယ်တိုင် ထိန်းချုပ်မယ်..”

ကျုးယန်ရှောင်သည် မတက်သာသည့်လေသံနှင့် ဆိုလိုက်၏။

ထို့နောက် သူသည် အစောင့်နောက်သို့ လိုက်ပါသွားသည်။ ကျုးယန်ရှောင်သည် အစောင့်များနှင့်အတူ စမ်းသပ်ခြင်းအစီအရင်ကို စတင်ထိန်းချုပ်လိုက်၏။

ဟွမ်း စိတ်ဝင်စားသွားသောကြောင့် ထိုအစီအရင်နားချည်းကပ်ကာ ကြည့်ရှု့လေသည်။

အစီအရင်အတွင်းတွင် လူငယ်လေးတစ်ဦးကို တွေ့ရှိလိုက်ရ၏။ ထိုလူငယ်သည် နက်ပြာရောင်ဝတ်ရုံရှည်နှင့် အသွားကွေးညွှတ်သည့် ဓားမော့ တစ်ချောင်းကို ကိုင်ဆောင်ထားသည်။

ထူးခြားသည်က ထိုလူငယ်၏ ချောမောပုံသည် ဟွမ်းနှင့်ပင် ယှဉ်နိုင်လုနီးပါးဖြစ်၏။ သို့သော် ကွဲပြားသည်မှာ ဟွမ်းသည် အမျိုးသားတစ်ဦး၏ တည်ကြည်လေးနက်သည့် အသွင်ရှိသည်။

သို့သော် ထိုလူငယ်လေးသည် ကြမ်းတမ်းဟန်ရသော်လည်း သူ၏ မျက်နှာသည် နုနယ်လွန်းနေ၏။

သူ၏ ပတ်လည်တွင် ထွက်ပေါ်နေသည့် လျှပ်စီးများကို ဓားမော့နည်းစနစ်များ အသုံးပြုကာ တားဆီးနေ၏။

သို့သော် လျှပ်စီးကြောင်းများသည် သူ၏ ခန္ဓာကိုယ်အတွင်း နည်းမျိုးစုံနှင့် ဝင်ရောက်ဖြတ်သန်းနေသည်။

သူသည် တားဆီးနေသော်လည်း လျှပ်စီးများ၏ မြန်ဆန်မှုကို လိုက်မှီရန်ခက်ခဲနေ၏။

“အဟွတ်..”

သူသည် မထိန်းနိုင်တော့ပဲ သွေးအန်လိုက်ရသည်။ ထို့အပြင် ခန္ဓာကိုယ်မှ ဒဏ်ရာအချို့ ရရှိသွားပြီး သွေးများယိုစိုးလာ၏။

သို့သော် အရှုံးမပေးလိုဟန်နှင့် အားကုန် ခုခံတိုက်ခိုက်နေသည်။

“ခင်ဗျား မျက်နှာမလိုက်လွန်းဘူးလား..”

ဟွမ်းသည် ကျုးယန်ရှောင်ကို မျက်နှာသေနှင့်ကြည့်ကာ မေးခွန်းထုတ်လိုက်၏။

သူအလှည့်တွင် ကြမ်းတမ်းလှသည့် လျှပ်စီးကြောင်းများစွာ နှင့် တိုက်ခိုက်ခဲ့သော်လည်း ဤလူငယ်ကို တိုက်ခိုက်နေသည့် လျှပ်စီးကြောင်းများသည့် နည်းပါးနေသည်။

ထို့အပြင် လျှပ်စီးကြောင်းများမှ ပေါ်ထွက်လာသည့် စွမ်းအင်များသည် သူ၏ အလှည့်တုန်းကထက် အဆတစ်ရာခန့် နိမ့်ကျနေ၏။

“မတူဘူးလေ..၊ သူက အစစ်အမှန်နတ်ဘုရားအဆင့်ရဲ့ စဦးအလွှာကို ချိုးဖြတ်သွားနိုင်လို့ လင်းထျန်းဘုံထဲ ဝင်ရောက်ခွင့်ရှိပြီးသား..၊ ဒါပေမဲ့ သူရဲ့ ကမ္ဘာငယ်က မသန့်စင်ခဲ့တဲ့ စွမ်းအားတွေကို လျှပ်စီးကြောင်းက ဆေးကြောသန့်စင်ပေးနေတာ..”

ကျုးယန်ရှောင်သည် ကွဲပြားမှုကို ဆက်လက် ပြောဆိုလိုက်၏။

“မင်းရဲ့ စွမ်းအားကကြောက်ခမန်းလိလိ ဖြစ်ပေမဲ့ အစစ်အမှန်နတ်ဘုရားတစ်ပါးလို့ ယူဆလို့ မရဘူး..၊ ဒါကြောင့် ငါတို့က ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရတာ..”

ဟွမ်းသည် ကျုးယန်ရှောင်၏ စကားကြောင့် ထိုလူငယ်ကို စူးစိုက်ကြည့်လိုက်၏။ သို့မှသာ လျှပ်စီးကြောင်းများသည် သူ၏ သွေးကြောများကို တိုက်ခိုက်နေခြင်း မဟုတ်ပဲ အညစ်အကြေးများကို သန့်စင်ပေးနေခြင်းဖြစ်သည်ကို တွေ့လိုက်ရသည်။

ဟွမ်းသည် ကျုးယန်ရှောင်ကို တောင်းဆိုလိုက်၏။

“ကျုပ်ရော နောက်တစ်ခေါက် အစီအရင်ထဲ ဝင်လို့ရဦးမလား..”

ကျုးယန်ရှောင် “...”

သူ၏ နှုတ်ခမ်းများ တဆက်ဆက်တုန်ယင်သွား၏။ စိတ်လိုက်မာန်ပါ အော်ဟစ်ချင်လိုက်၏။

‘ငါတို့ သေလုမြောပါးဖြစ်ရုံနဲ့တင် အားမရသေးလို့လား..’

ဟွမ်းသည် ကျုးယန်ရှောင်ထံမှ အမျိုးသမီးတစ်ဦး၏ နားကျည်းနေသည့် အကြည့်များကို ခံစားမိလိုက်သည်။ ထို့ကြောင့် သက်ပြင်းချကာ ဆိုလိုက်၏။

“မရလဲ..ထားလိုက်ပါတော့..”

နာရီဝက်ခန့်ကြာပြီးနောက်တွင် ထိုလူငယ်၏ ခန္ဓာကိုယ်မှ မသန့်စင်သည့် စွမ်းအင်များသည် ပျောက်ကွယ်သွားသည်။ အစီအရင်သည် ရပ်တန့်သွားသောကြောင့် လျှပ်စီးကြောင်းများ ထွက်ပေါ်လာခြင်း မရှိတော့ချေ။

သူသည် အနည်းငယ် အံ့ဩသွားသည် ထိုလျှပ်စီးကြောင်းများသည် သူ့အား သတ်ဖြတ်ရန် ကြိုးစားခဲ့သော်လည်း ထိုသို့ ဟုတ်ဟန် မရချေ။

သူ၏ ဒဏ်ရာများမှ တဆင့် မသန့်စင်မှုများကို ဖယ်ရှားပစ်ခဲ့ဟန်ရှိသည်။

‘ငါ့ရဲ့ စွမ်းအင်တွေ တိုးတက်လာတယ်လို့ခံစားရတယ်..’

သူ၏ ခန္ဓာကိုယ်တွင်း သွေးကြောများကို စစ်ဆေးလိုက်ချိန်တွင် သန့်စင်သည့် စွမ်းအင်များသာ ကျန်ရှိနေသည်ကို တွေ့လိုက်ရ၏။

“မင်း..၊ လင်းထျန်းဘုံကို တက်ရောက်နိုင်ပြီ..”

သူအံ့ဩနေချိန်တွင် ကျုးယန်ရှောင်၏ အသံသည် လေးနက်သည့် အသွင်နှင့် ထွက်ပေါ်လာသည်။

ထို့နောက် သူ၏ ရှေ့တွင် ကျင့်ကြံသူများစွာကို တွေ့ရှိလိုက်၏။ သို့သော် သူတို့၏ အရှိန်အဝါများသည် ဖရိုဖရဲ ဖြစ်နေဟန်ရှိသည်။

“ဒါက လင်းထျန်းဘုံလား..”

ထို့နောက် ကျုးယန်ရှောင်သည် အပြည့်အစုံရှင်းပြလိုက်၏။ ထို့အပြင် အပြန်အလှန် မိတ်ဆက်မှုကြောင့် ထိုလူငယ်သည် ဟုန်ယန်ဖြစ်ပြီး ယန့်ကမ္ဘာငယ်မှ တက်ရောက်လာနိုင်သူဖြစ်သည်။

ဟုန်ယန်၏ အသွင်သည် သူရဲကောင်းဆန်နေသော်လည်း သူ၏ နုနယ်သည့်မျက်နှာအသွင်ကြောင့် ကြည့်ရသည်မှာ တစ်မျိုးတစ်မည်ထူးခြားနေ၏။

“အတော်ပဲ ဖြစ်သွားတာပေါ့ကွာ..၊ သူကလဲ မင်းလိုပဲ ကမ္ဘာငယ်လေးက တက်ရောက်လာတာမကြာသေးဘူး..”

ကျုးယန်ရှောင်သည် မိတ်ဆက်ပေးလိုက်၏။

“ကျုပ်နာမည် ဟုန်ယန်ပါ..”

ဟုန်ယန်သည် ဟွမ်း၏ အသွင်ကြောင့် အံ့ဩသွားသည်။ သူ့အနေနှင့် ထိုသို့ ချောမောသည်အသွင်ကို ယခုမှ မြင်ဖူးသည့်အလား မှင်သက်နေ၏။

“ဟွမ်း..”

ဟွမ်းသည် တိုတိုပြတ်ပြတ်သာ ဆိုလိုက်၏။

“ကောင်လေးတွေ..၊ ဒီနေ့ အနားယူလိုက်ကြဦး..၊ မနက်ဖြန်မှာ ချီဝူမြို့ကို ပို့ဆောင်ပေးမယ်..”

ကျုးယန်ရှောင်သည် နှစ်ဦးသားကို အနားယူခိုင်းလိုက်သည်။

“အကြီးအကဲ..၊ ကိုယ်လက်သန့်စင်လို့ရမဲ့ အခန်း မရှိဘူးလား..”

ဟုန်ယန်သည် သွေးများနှင့် ပေပွနေသည်မို့ သန့်စင်လိုသည်။

“ဟိုမှာ..”

ကျုးယန်ရှောင်သည် စမ်းချောင်းငယ်တစ်ခုကို ညွှန်ပြလိုက်၏။

ထိုအချိန်အချိန်တွင် ဟုန်ယန်သည် အသည်းအသန်အော်ဟစ်မိသွားသည်။

“မဖြစ်နိုင်ဘူး..”

All Chapters