စွမ်းအားကြီးသူများ စုစည်းမှု၊ ရွှီယန်၏ ရောက်ရှိလာမှု(၂)
Vol. 20 Ch. 288
သူရှဲ့လင်ဖုန်းကိုယ်တိုင် ဓားတာအို၏ စတင်ခြင်းအဆင့်သို့ မရောက်ရှိသေးရုံမက သူ၏ဖခင် အပါအဝင် ကျန်းကျွင်းရာရှိ မည်သူမှလည်း ရောက်ရှိခြင်း မရှိသေးပါ။
သူတို့ကို ဓားသိုင်းပညာအား တတ်မြောက်ထားသည်ဟုသာ ယူဆနိုင်၏။ ထိုစကားလုံးများကို အများကြီး ပြောနေစရာ မလိုပေ။
ဟူဟိုင်မှာ ရှဲ့ထန်းဟန်၏ စာပဉ္ဓင်းတစ်ယောက် ဖြစ်ပြီး ကျန်းကျွင်ရာ၏ ထိပ်တန်း စစ်ဘုရင်များထဲမှ တစ်ယောက်ဖြစ်သည်။ ယခုကဲ့သို့သော စွမ်းအားကြီးမားသူ တစ်ယောက်တွင် အမြဲတမ်း ကိုယ်ပိုင် ဂုဏ်ယူမှု ရှိ၏။ သူ့ကိုယ်သူ ဓားတာအိုအား မစတင်သေးဟု ဘယ်လိုလုပ်ပြီး တွေးမှတ်နိုင်မည်လဲ။
အပြင်လူများအနေနှင့် အများကြီး ပြောနေလည်း အသုံးမဝင်ပေ။ အမှန်တရားကို ကိုယ်ကိုယ်တိုင် ရင်ဆိုင်ရန် လိုအပ်၏။
"တကယ့်ကို စည်ကားတာပဲ.."
ရွှီယန်က ချန်းလန်ကျွန်း၏ ပတ်ဝန်းကျင်ကို ကြည့်ကာ သက်ပြင်းချသည်။ သူ၏အကြည့်က ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့ ရှိနေသည့် သစ်သားလှေဟောင်း တစ်ခုပေါ်သို့ ကျရောက်သွား၏။
ဒီတစ်ကြိမ်တွင် ကျန်းကျွင်းရာမှ စွမ်းအားကြီးသူ တစ်ယောက် ရောက်ရှိလာခဲ့ပါသည်။ လိုအပ်ပါက အကူအညီပေးမည် ဖြစ်၏။
သို့ရာတွင် ရွှီယန်အတွက်မူ ဤသည်မှာ လုံးဝ လိုအပ်ခြင်း မရှိပေ။ သူ၏အကြည့်က ချန်းလန်ကျွန်းပေါ်သို့ ရောက်ရှိသွား၏။ နတ်ဆိုးအရှင်သခင် ဟော်ထူက သူ၏ အငွေ့အသက်ကို လုံးဝဖုံးကွယ်ထားခြင်း မရှိပေ။
"စီနီယာအစ်ကို... ဒီမှာ အထွတ်အထိပ်စစ်ဘုရင် ဘယ်နှစ်ယောက်ရှိမယ်လို့ ထင်လဲ.."
မုန့်ချုံက နက်ရှိုင်းသည့် အသံဖြင့် မေး၏။
"၃ယောက်ထက် မနည်းဘူး.."
ရွှီယန်က အသာရယ်သည်။ သူ၏ အသွင်အပြင်က တဖြည်းဖြည်း လေးနက်လာပြီး ပြော၏။
"ဒီနေ့မှာ... အတွင်းဘက်နယ်မြေက ဒီသိုင်းသမားတွေကို စစ်မှန်တဲ့ သိုင်းပညာရဲ့ အနှစ်သာရဆိုတာ ဘာလဲလို့ နားလည်သွားအောင် လုပ်ပေးရမယ်.."
ဒီတိုက်ပွဲတွင် ခွန်အားပြသကာ အဓိက အင်အားစုကြီးများအား အဟန့်အတားဖြစ်စေပြီး ချန်ချင်းစံအိမ်အတွက် လမ်းကြောင်းရှင်းပေးရန် ရည်ရွယ်ထား၏။
ထို့အပြင် သူ၏ သိုင်းပညာအား တိုက်ခိုက်မှုဖြင့် အရည်သွေးကာ ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ရန်လည်း ပြင်ဆင်ထားသည်။ သူသာ ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ပြီးပါက အတွင်းဘက်နယ်မြေ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားမှာပါ။
"အကို... ရေအောက်မှာ အလစ်အငိုက်တိုက်ခိုက်ဖို့ လူတစ်ယောက် စောင့်နေတယ်လို့ ခံစားရတယ်။ သူ့ကို ကျွန်တော် ကိုင်တွယ်လိုက်မယ်.."
မုန့်ချုံ၏ ပုံစံကလည်း လေးနက်သွား၏။ ဒီတိုက်ပွဲတွင် သူ၏ ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာကို ပိုမိုခိုင်မာအောင် ထုဆစ်ပြီး မူလအဆင့်၏ အကြီးစားကျွမ်းကျင်မှုသို့ ချိုးဖျက်ရန် ပြင်ဆင်ထားသည်။
"ကောင်းပြီ.."
ရွှီယန်က ခေါင်းကိုငြိမ့်၏။ ဂရုမစိုက်သည့် အသွင်ဖြင့် ရေပေါ်၌ လျှောက်လှမ်းသွားသည်။ ဆရာဖြစ်သူ၏ သက်တောင့်သက်သာ ရှိလှသည့် ခြေလှမ်းများကို ပြန်လည် မြင်ယောင်မိ၏။
ဒီအချိန်၌ သူသည် စွမ်းအားကြီးမားသူ တစ်ယောက်၏ လွတ်လပ်မှုနှင့် အနှောင်အဖွဲ့ကင်းမှုတို့ကို ခံစားလာရဟန် ရှိသည်။
'ငါက ဆရာနဲ့ အဝေးကြီး အလှမ်းကွာသေးတယ်... သူ့ရဲ့ အနှောင်အဖွဲ့ကင်းတဲ့ ဟန်ပန်နဲ့ သဘာဝရဲ့ စည်းချက်နဲ့ သဟဇာတ ဖြစ်နေတဲ့ ကိုယ်ဟန်ကို လိုက်မလုပ်နိုင်သေးဘူး..'
ရွှီယန်၏ စိတ်ထဲတွင် ခံစားချက်မြင့်စွာ ရှိနေ၏။
မုန့်ချုံက မြစ်အတွင်းသို့ တိုးဝင်ကာ ချောင်းမြောင်းတိုက်ခိုက်သူအား စောင့်စားနေပါသည်။ တစ်ဖက်လူပေါ်လာသည်နှင့် တိုက်ခိုက်မည် ဖြစ်၏။
"သူတို့ ရောက်လာပြီ.."
တိုက်ပွဲကို စောင့်စားနေကြသည့် စွမ်းအားကြီးပုဂ္ဂိုလ် များစွာတို့ ဒီအချိန်၌ လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။
ချောမောသည့် လူငယ်သည် အေးဆေးစွာဖြင့် ရှေ့သို့လျှောက်လှမ်းလာနေ၏။ အန္တရာယ်ရှိသော အခြေအနေသို့ ဝင်ရောက်လာခြင်းနှင့် လုံးဝမတူပါ။ အဲ့ဒီ့အစား နိဗ္ဗာန်ဘုံကဲ့သို့ အေးဆေးလှ၏။
"သခင်လေးရွှီ..."
ယွင်မြောင်မြောင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ကိုယ့်ကိုယ်ကို ရေရွတ်သည်။
စစ်ဘုရင်ဝူရွှမ်းက သူမ၏နဖူးကို လက်ဝါးဖြင့် ရိုက်၏။ သူ၏ ဒီတပည့်အတွက် ကယ်တင်နိုင်ရန် နည်းလမ်းမရှိတော့ကြောင်းအား နားလည်လိုက်သည်။
ချန်းလန်ကျွန်း၏ အပြင်ဘက်ရှိ မြစ်ပြင်ပေါ်တွင် ရွှီယန်က ရပ်တန့်သွားပြီး ပြော၏။
"နတ်ဆိုးအရှင်သခင်ဟော်ထူ... ထွက်လာပြီးတော့ သေလှည့်။ ငါ့ရဲ့ ချန်းလန်ကျွန်းကို မထိခိုက်စေနဲ့.."
"မောက်မာတဲ့ကောင်.."
နတ်ဆိုးအရှင်သခင်ဟော်ထူက အေးစက်စွာ နှာခေါင်းရှုံ့သည်။ ထို့နောက် လေထဲသို့ ပျံတက်ကာ ကျွန်းမှထွက်လာခဲ့၏။
ဟော်ထူပေါ်လာသည်နှင့် သူ၏ မီးနီရောင်ဆံပင်များက လေထဲတွင် လွင့်ပျံနေပြီး သဘာဝ၏ စိတ်ဝိဉာဉ်စွမ်းအင်က ပတ်ဝန်းကျင်တွင် စုစည်းလာခဲ့သည်။ ခဏတာအတွင်းတွင် ဟော်ထူ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးတို့ အနီရောင်သို့ ပြောင်းလာခဲ့၏။ ခန္ဓာကိုယ်မှ သွေးလှိုင်းတို့ မြင့်တက်လာကာ ကြောက်စရာကောင်းသည့် သွေးညည်းသံများ ထွက်ပေါ်နေပါသည်။
တိုးပွားလာနေသည့် သွေးလှိုင်းများက စိတ်ဝိဉာဉ်စွမ်းအင်ကို ညစ်ညမ်းသွားစေသည် ထင်၏။ လေထဲတွင် သွေးညှီနံ့တစ်ခုက ပျံ့လွင့်လာခဲ့သည်။
တစ်လိမ့်လိမ့်တက်နေသည့် သွေးလှိုင်းများက ကြက်သွေးရောင် မီးတောက်အဖြစ် ဖြေညှင်းစွာ ပြောင်းလဲလာ၏။ ၎င်းသည် သတ္တဝါအားလုံးတို့ကို ဖျက်ဆီးနိုင်သည့်နှယ် ရှိသည်။
"သွေးသန့်စင်ခြင်း ငရဲမီးတောက်အတတ်.."
ထိုမြင်ကွင်းကို တွေ့ရပြီးနောက် စွမ်းအားကြီးမားသူအားလုံးတို့၏ ပုံစံများက လေးနက်သွားကြသည်။
ဤသည်မှာ နတ်ဆိုးဂိုဏ်း၏ အထူးသီးသန့် အတတ်ပညာတစ်ခု ဖြစ်ပြီး နတ်ဆိုးအရှင်သခင် ဟော်ထူ၏ နာမည်ကျော်ကြားလာသည့် သိုင်းပညာလည်းဖြစ်သည်။
သွေးသန့်စင်ခြင်း ငရဲမီးတောက်အတတ်သည် စစ်မှန်သည့် သတ်ဖြတ်ခြင်းအတတ် ဖြစ်၏။ သက်ရှိများ၏ အဆီအနှစ်နှင့် အသွေးအသားကို အသုံးပြုကာ ကျင့်ကြံရသည်။ အထူးသဖြင့် သိုင်းသမားများ၏ အဆီအနှစ်နှင့် အသွေးအသားကို လိုအပ်၏။
နတ်ဆိုးအရှင်သခင် ဟော်ထူသည် ထိုအတတ်ကို အထွတ်အထိပ် စစ်ဘုရင်အဆင့်အထိ ရောက်ရှိအောင် ကျင့်ကြံခဲ့လေသည်။ ယခုကဲ့သို့ ခွန်အားကို ရရှိရန်အတွက် လမ်းတလျှောက်တွင် သိုင်းသမားမည်မျှကို သတ်ဖြတ်ပြီး သွေးအဆီအနှစ် မည်မျှကို သန့်စင်ခဲ့မည်နည်း။
"ကောင်လေး... ဒီနေ့မှာ မင်းရဲ့သွေးတွေကို ငါထုတ်ပစ်မယ်.."
နတ်ဆိုးအရှင်သခင် ဟော်ထူက လက်ထဲတွင် အဖျားကောက်ဓားကို ကိုင်ဆောင်ထားသည်။ ကွေးညွတ်နေသည့် သွေးနီရောင်ဓားသွားက သွေးများ စွန်းထင်နေသည် ထင်၏။ မရေမတွက်နိုင်သည့် သိုင်းသမားများ၏ အသက်ကို ချွေယူခဲ့ဟန် ရှိသည်။
ရွှီယန်မှာ တည်ငြိမ်စွာသာ ရှိနေ၏။
"ရတနာတွေကို ဝှက်ထားတဲ့ မြေပုံက ဘယ်မှာလဲ။ ငါ့ကိုပေး... ခင်ဗျားကိုသတ်ပြီးမှ အဲ့ဒါကို လိုက်ရှာရမှာက အရမ်းကို အလုပ်ရှုပ်မှာ.. ဟုတ်တယ်မလား.."
"ဘယ်လောက် မောက်မာတဲ့ကောင်လဲ... ငါမင်းရဲ့နှလုံးသားကို ခွဲထုတ်ပြီး စားပစ်မယ်.."
နတ်ဆိုးအရှင်သခင် ဟော်ထူက အလွန်ဒေါသထွက်သွားပြီး သူ၏မျက်လုံးများ၌ မီးများ လောင်ကျွမ်းလာခဲ့သည်။ မိုးခြိမ်းသံကဲ့သို့ အသံတစ်ခုနှင့်အတူ လေထဲတွင် သွေးတိမ်များ ပေါ်လာပြီး လူးလွန့်နေသည့် သွေးသန့်စင်ခြင်း ငရဲမီးတောက်များအဖြစ် ပြောင်းလဲသွား၏။
ညှို့မှိုင်းကာ ညှီစို့သည့် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေပါသည်။
သူ၏ အဖျားကောက်ဓားကို ဝှေ့ရမ်းလိုက်ပြီးနောက် ကြောက်စရာကောင်းသည့် ငရဲမီးတောက်များက လှုပ်ရှားလာကာ ရွှီယန်ဆီသို့ ဦးတည်သွားသည်။
နတ်ဆိုးအရှင်သခင် ဟော်ထူသည် သူ၏ ပထမဆုံး တိုက်ခိုက်မှုအတွက် ခွန်အားကို ထိန်ချန်ထားခြင်း မရှိပါ။
လူသတ်ငွေ့တို့ ပြင်းပြစွာ ပြည့်နက်နေ၏။
ရွှီယန်၏ ခန္ဓာကိုယ်က ဖျက်ကနဲဖြစ်သွားပြီး အခြားတစ်နေရာ၌ ပေါ်လာခဲ့သည်။
"နတ်ဆိုးရှင်သခင်ဟော်ထူ... မင်းက လိမ်နေတာ ဖြစ်ပြီး တကယ့်ရတနာမြေပုံ ရှိမနေတာ မဟုတ်ဘူးလို့ ငါဘယ်လိုသိနိုင်မှာလဲ.."
ရွှီယန်၏ အသွင်အပြင်က ပေါ့ပါးစွာသာ ရှိနေ၏။ နတ်ဆိုးအရှင်သခင် ဟော်ထူ၏ ကြီးစိုးလှသည့် အရှိန်အဝါနှင့် သက်ရောက်ခြင်း လုံးဝမရှိပုံ ပေါ်သည်။
နတ်ဆိုးအရှင်သခင် ဟော်ထူ၏ မျက်နှာက ညှို့မှိုင်းသွားသည်။ သူ၏တိုက်ခိုက်မှုအား ရွှီယန်က ခန့်မှန်းလို့ မရနိုင်သည့် ခန္ဓာကိုယ်လှုပ်ရှားမှု အတတ်နှင့် အလွယ်တကူ ရှောင်ရှားနိုင်ကြောင်းအား နားလည်လိုက်၏။
"အဲ့ဒီ့မြေပုံက ကျွန်းပေါ်မှာရှိတယ်... ငါပြောထားပြီးပြီလေ.."
နတ်ဆိုးအရှင်သခင်ဟော်ထူက နက်ရှိုင်းသည့် အသံဖြင့် ပြောသည်။
"ငါတို့ တိုက်ခိုက်နေစဉ် အတွင်းမှာ သူများယူသွားရင်ရော.."
ရွှီယန်က ချန်းလန်ကျွန်းကို ကြည့်ကာ အပြုံးတစ်ခုဖြင့် ပြောသည်။
"ဘာလို့ ပုန်းနေတာလဲ။ မြေပုံကိုယူပြီး ဒီကိုလာခဲ့.."
နတ်ဆိုးအရှင်သခင်ဟော်ထူ၏ အကြည့်က ခက်ထန်သွားသည်။ ရွှီယန်သည် ကျွန်းပေါ်တွင် သူတစ်ယောက်တည်း ရှိနေတာ မဟုတ်ကြောင်းကို သိလျက်နှင့် လာရောက် တိုက်ခိုက်ရဲ၏။
သူ၏ထူးဆန်းသည့် ခန္ဓာကိုယ်လှုပ်ရှားမှုအတတ်ကို အားကိုး၍လား... အထိအခိုက် ကင်းမဲ့စွာဖြင့် လွတ်မြောက်နိုင်သည်ဟု တွေးထင်နေ၍လား...
ကျွန်းပေါ်တွင် ပုံရိပ်နှစ်ခုတို့ ပေါ်လာခဲ့၏။ နှစ်ယောက်စလုံးမှာ ဝတ်စုံနက်များကို ဝတ်ဆင်ထားပြီး မျက်လုံးများသာလျှင် ဖော်ထားကြသည်။ တစ်ယောက်က စာလိပ်လေးတစ်ခုကို ရွှီယန်၏ လားရာဆီသို့ ပစ်ပေးလိုက်၏။
ရွှီယန်၏ အစစ်အမှန်ချီက ထွက်ခွာသွားပြီး စာလိပ်ကို ထိန်းချုပ်ကာ မျက်စိရှေ့တွင် ဖွင့်လိုက်သည်။ ဤသည်မှာ မြေပုံတစ်ခု ဖြစ်၏။
သူက ချက်ချင်းပင် ၎င်းကို သိမ်းဆည်းလိုက်သည်။ လူခွဲကာ ဝန်းရံလာနေသည့် ဝတ်စုံနက်နှစ်ယောက်ကို လုံးဝလျစ်လျူရှု့ထား၏။
ဝတ်စုံနက်တစ်ယောက်၏ ရင်ဘတ်တွင် အနီရောင်သစ်ရွက်တစ်ခုကို ထိုးထားသည်။
"စောင့်ရှောက်သူ အဆင့်လား.."
အခြားတစ်ယောက်မှာတော့ လခြမ်းကွေးပုံ တစ်ခုအား ထိုးထား၏။ ဤသည်မှာ ပိုမို စွမ်းအားကြီးမားသည့် ရာထူးလေလား။ ထို့အပြင် လခြမ်းပုံအား ထိုးထားသည့် ဝတ်စုံနက်မှာ အနည်းငယ် ပိုမို စွမ်းအားကြီးမားပါသည်။
အထွတ်အထိပ် စစ်ဘုရင်သုံးယောက် ဖြစ်၏။ တိုက်ပွဲကို ကြည့်ရှု့နေကြသည့် စွမ်းအားကြီးပုဂ္ဂိုလ် များ၏ မျက်နှာက ပြောင်းလဲသွားသည်။ နတ်ဆိုးအရှင်သခင် ဟော်ထူအပြင် ပုန်းအောင်းနေသည့် အခြား အထွတ်အထိပ် စစ်ဘုရင်နှစ်ယောက်လည်း ရှိနေ၏။
ရွှီယန်အနေနှင့် မည်မျှပင် သန်မာစေကာမူ နတ်ဆိုးအရှင်သခင်ဟော်ထူကို အနိုင်ယူနိုင်လျှင်တောင် အထွတ်အထိပ်စစ်ဘုရင် သုံးယောက်တို့ကို မည်ကဲ့သို့ ဆန့်ကျင်နိုင်မည်နည်း။
နတ်ဆိုးရှင်သခင်ဟော်ထူမှာ အထွတ်အထိပ် စစ်ဘုရင်များ အကြားတွင် အသန်မာဆုံးများထဲမှ တစ်ယောက်ဖြစ်နေပြီး ဖြစ်သည်။ ထို့အပြင် ကျန်အထွတ်အထိပ် စစ်ဘုရင်နှစ်ယောက် အကြားရှိ တစ်ယောက်မှာ သူ့ထက်ပိုမို သန်မာ၏။
အခြားတစ်ယောက်မှာလည်း အနည်းငယ် အားနည်းပေမယ့် အထွတ်အထိပ် စစ်ဘုရင်တစ်ယောက် ဖြစ်နေပါသေးသည်။
"ရွှီယန် အန္တရာယ်ရှိနေပြီ.."
ထိုအတွေးက ကြည့်ရှု့နေကြသည့် သိုင်းသမားများ၏ စိတ်ထဲတွင် ပေါ်လာခဲ့၏။
ယွင်မြောင်မြောင်၏ မျက်နှာက ညှို့မှိုင်းသွားပြီး ဆရာဖြစ်သူ၏ လက်ကိုဆွဲကာ ပြောသည်။
"ဆရာ... ရှင်ဝင်ပါမှရမယ်.."
ဝူရွှမ်းစစ်ဘုရင်က အေးစက်စွာပြော၏။
"ဒီကောင်လေးက တကယ့်ကို ကြမ်းတမ်းတယ်... အထွတ်အထိပ်စစ်ဘုရင် တစ်ယောက်ကို ဓားနှစ်ချက်သုံးချက်နဲ့ သတ်လို့ရတယ်။ အထွတ်အထိပ်စစ်ဘုရင် သုံးယောက်ဆိုတာ ၁၀ချက်တောင် မပြည့်ဘူး။ နင်က ဘာကို စိုးရိမ်နေတာလဲ.."
"ဆရာ... အခုက စိတ်ဆိုးနေရမယ့်အချိန် မဟုတ်ဘူးလေ.."
ယွင်မြောင်မြောင်က အမြန်ပြော၏။
"ဒီကောင်လေး ဒီကိုလာရဲကတည်းက သူ့မှာ အနိုင်ရဖို့ မသေချာဘူးလို့ နင်ထင်နေတာလား။ မလိုအပ်တာတွေကို စိုးရိမ်မနေနဲ့ ကောင်မလေး.."
ဝူရွှမ်းစစ်ဘုရင်က သက်ပြင်းချသည်။
"ဒီအထွတ်အထိပ်စစ်ဘုရင် သုံးယောက်ကို ဘယ်လိုမြင်လဲ.."
ဖူယွင်ထန်းက ဘေးရှိ အကြီးအကဲကို မေးသည်။
"မင်းဘာသာကြည့်ပေါ့.."
အကြီးအကဲက ဖြေကြားပြီးနောက် စိတ်အနှောင့်အယှက်ဖြစ်စွာ ပြောသည်။
"ဒီကောင်လေးက ငတုံးမဟုတ်ဘူး... မနိုင်ရင် ထွက်ပြေးလို့ မရဘူးလား။ မင်းက ဘာတွေကို စိုးရိမ်နေတာလဲ... ပြီးတော့ တစ်ခုခု အမှားအယွင်းရှိရင် ဝင်ပါမယ့်လူလဲ ရှိနေတာကို.."
ဖူယွင်ထန်းက အဘိုးအို၏ အကြည့်နောက်သို့ လိုက်ကာ လှည့်ကြည့်ပြီးနောက် အနက်ရောင်ဓားရှည်ကို ပေါင်နှစ်ဖက်ပေါ်တွင် တင်ကာ တင်ပျဉ်ခွေထိုင်နေသည့် သစ်သားလှေပေါ်မှ လူတစ်ယောက်ကို တွေ့လိုက်ရသည်။
"သူလာတာလား.."
ဖူယွင်ထန်းက အနည်းငယ် အံ့သြသွားသည်။ သို့ပေမယ့် အရမ်းကြီး မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် ရွှီယန်သည် ရှဲ့လင်ဖုန်း၏ အမည်ကို အသုံးပြုပြီး ခုနှစ်စင်ကြယ်အကယ်ဒမီ၏ ကျမ်းစာခန်းမသို့ ဝင်ရောက်ခဲ့ဖူး၏။
ဤသည်က သူတို့နှစ်ယောက်အကြား ရင်းနှီးမှုကို ပြသနေပါသည်။
အဘိုးအိုက ချန်းလန်ကျွန်းဆီသို့ ကြည့်ကာ အေးစက်စွာပြောသည်။
"ယင်လုံ့စံအိမ်က မကောင်းဆိုးဝါးကြီးသာ ပေါ်မလာရင် ဒီကိစ္စက ဘာမှမဟုတ်ဘူး။ အဲ့ဒီ့အဘိုးကြီး ပေါ်လာမှပဲ ကိစ္စကြီးမှာ.."
"သူက ဘယ်သူမို့လို့လဲ.."
ဖူယွင်ထန်းက သိလိုစွာမေး၏။ အဘိုးအိုက တိတ်ဆိတ်သွားသည်။ ယင်လုံ့စံအိမ်မှ ခေါင်းဆောင်အား အနည်းငယ် ကြောက်ရွံ့နေဟန် ပေါ်၏။
ရွှီယန်က ပတ်ဝန်းကျင်ကို တောက်ပသည့် မျက်လုံးဖြင့် ကြည့်သည်။
"မျက်နှာမပြရဲတဲ့ လူတွေပဲ.. လာပြန်ပြီ... မင်းတို့နှစ်ယောက်ထဲ လာတာလား.."
ယင်ကျွယ်က လေးနက်စွာပြော၏။
"ရွှီယန်... အဲ့ဒီ့မိန်းကလေး ဘယ်မှာလဲဆိုတာပဲ ငါတို့ကိုပြောလိုက်။ ဒီနေ့မှာ မင်းရဲ့အသက်ကို ချမ်းသာပေးလို့ရတယ်.."
သူတို့သည် စုလင်းရှုံအတွက် လာခဲ့ခြင်း ဖြစ်၏။
ရွှီယန်က အံ့သြခြင်း မရှိပါ။ အဲ့ဒီ့အစား ပိုမိုကာပင် သိလိုလာခဲ့၏။ ဒီဝတ်စုံနက်များသည် အဘယ်ကြောင့် ဂျူနီယာညီမလေးကို ဖမ်းဆီးရန် လက်မလျော့နိုင်ကြသနည်း။ ထို့အပြင် စုလင်းရှုံကိုသာ ဖမ်းမိပါက မည်သည့်တန်ကြေးမဆို ထိုက်တန်သည်ဟု ယူဆထားပုံ ရှိသည်။
"ငါ့ရဲ့အသက်ကို ချမ်းသာပေးမှာလား... မင်းတို့သုံးယောက်နဲ့လား.."
ရွှီယန်၏ မျက်လုံးများက အေးစက်သွား၏။
သူ၏ ပတ်ဝန်းကျင်၌ လေပြင်းတစ်ခု မြင့်တက်လာခဲ့သည်။ လူသတ်ငွေတို့ဖြင့် ပြည့်နှက်လာ၏။ ဓားအိမ်အတွင်းမှ ဓားကိုဆွဲထုတ်ကာ ယင်ကျွယ်ကို ကြည့်ပြီး နှာခေါင်းရှုံ့သည်။
"မြောင်းထဲမှာ ပုန်းအောင်းနေတဲ့ ကြွက်လိုကောင်တွေ... ကိုယ့်နာမည်ကိုတောင် ထုတ်ပြောဖို့ ကြောက်နေတာနဲ့များ စကားကြီးစကားကျယ် ပြောနေသေးတယ်။ ဒီနေ့မှာ ငါဓားနတ်ဘုရားရွှီယန် မင်းတို့ကို ရှင်းထုတ်ပစ်မယ်.."
"ဘုန်း.."
"မောက်မာလိုက်တာ.."
နတ်ဆိုးရှင်သခင် ဟော်ထူက နှာခေါင်းရှုံ့သည်။ သူ၏ အဖျားကောက်ဓားဖြင့် ခုတ်ပိုင်းလိုက်ကာ ကြီးမားသည့် သွေးနီရောင် မီးတောက်လှိုင်းတစ်ခု ထွက်ပေါ်လာ၏။
ကောင်းကင်က အနီရောင်ပြောင်းလဲသွားပြီး တဟစ်ဟစ်မြည်သံများ ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်ကို တိုက်စားနေဟန် တူ၏။
"ဘုန်း.."
ယင်ကျွယ်က လက်ကို မြှောက်လိုက်ပြီးနောက် ကောင်းကင်၏ လိုက်ကာကဲ့သို့ ဓားချက်တစ်ခု ပေါ်လာခဲ့သည်။ တစ်လွှာပြီးတစ်လွှာ ထွက်ပေါ်လာသည့် ဓားအလွှာက ရွှီယန်အား အရပ်မျက်နှာ အားလုံးတို့မှ ပိတ်ဆို့ကာ တိုက်ခိုက်လာ၏။
အခြား ဝတ်စုံနက်ကလည်း သူ၏ တိုက်ခိုက်မှုကို ပြုလုပ်သည်။ အထွတ်အထိပ်စစ်ဘုရင် သုံးယောက်တို့၏ ပူးပေါင်းခွန်အားက ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ အရောင်ကို ပြောင်းလဲသွားစေ၏။
သူတို့၏ ထိတ်လန့်ဖွယ် အမျက်က ရေမျက်နှာပြင်ကို ဖိနှိပ်ထားပြီး အလွှာတစ်ခု နိမ့်ဆင်းသွားစေသည်။
အဝေးမှ ကြည့်ပါက တိုက်ပွဲပြင်၌ ကမ္ဘာဖျက်မည့် စွမ်းအားတစ်ခု မြည်ဟီးလာသည့်ဟန် တူ၏။