နတ်ဘုရားအပြစ်ပေးသကဲ့သို့ ဓားချက်တို့ကျဆင်းခြင်း
Vol. 20 Ch. 289
စစ်ဘုရင်သုံးယောက်တို့က လှုပ်ရှားမှု ပြုလိုက်သည်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖျက်စီးနိုင်လောက်သည့် စွမ်းအားက ထွက်ပေါ်လာခဲ့သည်။ တိုက်ပွဲပြင်ကဓားအရိပ်နှင့် သွေးအရိပ် အလင်းတို့ဖြင့် မုန်တိုင်းထန်လာ၏။ အရာအားလုံး၏ အလယ်ဗဟိုမှာတော့ လူငယ်တစ်ယောက်၏ ပုံရိပ်ရှိနေသည်။
ဝူရွှမ်းစစ်ဘုရင်ကဲ့သို့ အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်ပင် လေးနက်လာခဲ့၏။ သူမတို့အနေနှင့် ကိုယ့်ကိုယ်ကို စဉ်းစားမိသည်။ ယခုမျှ စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်သုံးယောက်တို့၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံရချိန်၌ ထွက်ပေါ်လာမည့် ထိတ်လန့်ဖွယ် တိုက်ကွက်များကို ရင်ဆိုင်ရပါက မသေဆုံးလျှင်တောင် ဒဏ်ရာအပြင်းအထန်ရပြီး ထွက်ပြေးလွတ်မြောက်ရန် ခက်ခဲနေမှာပါ။
ဟူဟိုင်၏ မျက်နှာက လေးနက်သွား၏။ သူက မတ်တပ်ရပ်ကာ အနက်ရောင်ဓားရှည်က တုန်ခါလာပြီး အခိုက်အတန့်မရွေး ထွက်ခွာလာတော့မည်နှယ် ရှိသည်။
"ဝေါင်း.."
နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာပြီး ရွှေရောင်နဂါးကြီးက ဓားအလင်းများ အတွင်းသို့ ပြေးဝင်သွားသည်။
ထိုအချိန်၌ ရှိနေကြသည့် ပုဂ္ဂိုလ်အားလုံးတို့ မူးဝေစွာ ခံစားလိုက်ရသည်။ တိုက်ပွဲပြင်ပေါ်၌ တောင်နှင့်မြစ်တို့ ပေါ်လာသည်ဟု မြင်တွေ့ကြရပြီး ရွှေရောင်နဂါးကြီးက မနှိုင်းယှဉ်သာသည့် ထည်ဝါမှုဖြင့် ပျံသန်းနေပါသည်။
"ဒါက ဘယ်လို ဓားသိုင်းမျိုးလဲ.."
ရွှီယန်က လက်ထဲရှိဓားကို ခုတ်ပိုင်းလိုက်သည်နှင့် အရှိန်အဝါတို့ မြင့်တက်လာ၏။ မူလအစစ်အမှန်ချီက လှည့်လည်ကာ သူ၏ပတ်ဝန်းကျင်တွင် တောက်ပသည့် အလင်းတစ်ခု လင်းလက်လာခဲ့သည်။
တောင်နှင့်မြစ်၏ မြင်ကွင်း ပတ်ဝန်းကျင်တွင် နဂါးကြီးတစ်ကောင်၏ ပုံရိပ် လှည့်လည်နေသည်အား ရေးတေးတေး တွေ့မြင်နိုင်၏။
"ဒီနေ့မှာ... နတ်ဆိုးအရှင်သခင် ဟော်ထူကို ချန်းလန်ကျွန်းရဲ့ အပြင်ဘက်မှာ ငါသတ်ဖြတ်မယ်.."
ရွှီယန်၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
သူဟာ လက်ထဲရှိဓားကို ခုတ်ပိုင်းကာ ဟော်ထူကို ချိန်ရွယ်လိုက်သည်။
ဘယ်ဘက်လက်ကို ရိုက်ထုတ်လိုက်ပြီးနောက် နဂါးကြီး၁၈ကောင်တို့ ဟိန်းထွက်သွားကာ ယွင်ကျယ်နှင့် အခြားဝတ်စုံနက်ဆီသို့ ပြေးဝင်သွား၏။
"မောက်မာလိုက်တာ.."
နတ်ဆိုးအရှင်သခင် ဟော်ထူက အေးစက်စွာ နှာခေါင်းရှုံ့သည်။ သူ၏ မျက်လုံးများက ရုတ်တရက် သွေးရောင်လွှမ်းသွားပြီး ခန္ဓာကိုယ်တဝိုက်တွင် ထူထဲသည့် သွေးစွမ်းအင်အလွှာတစ်ခု ပေါ်လာခဲ့သည်။
သူသည် သွေးအဆီအနှစ်ဖြင့် ဖုံးလွှမ်းခြင်း ခံရသကဲ့သို့ ရှိနေပြီး တရှဲရှဲမြည်သံများက ပိုမိုပိုမိုကာ ထူထဲလာခဲ့သည်။ အေးစက်သည့် အငွေ့အသက်က လေထဲတွင် ပြည့်နက်နေပြီး သွေးမီးတောက်များက လောင်ကျွမ်းကာ သူ့ကိုယ်သူ မီးရှို့နေသည့်နှယ် ရှိသည်။
သွေးဆာကာ ကြမ်းကြုတ်သည့် အငွေ့အသက်က ဟော်ထူဆီမှ ထွက်ပေါ်လာပြီး သူ၏အရှိန်အဝါက မြင့်မားလာ၏။ အဖျားကောက်ဓားမှာ ပိုမိုကာပင် နီရဲလာခဲ့သည်။
"သတ်.."
ကြမ်းကြုတ်သည့် အော်သံတစ်ခုနှင့်အတူ အရူးတစ်ယောက်ကဲ့သို့ တိုက်ခိုက်မှုကို ထုတ်လွှတ်၏။
"ဒီဓားချက်က နတ်ဆိုးရှင်သခင် ဟော်ထူကို သတ်ဖြတ်မယ့် ဓားချက်ပဲ.."
သို့ရာတွင် ရွှီယန်၏ မျက်နှာက မထူးမခြားနားစွာ ရှိနေပြီး သူ၏ဓားကို ခုတ်ပိုင်းလိုက်သည်။
တောင်နှင့်မြစ်တို့က ပြိုလဲကာ ၎င်းတို့သည် သက်ရှိအားလုံးတို့ကို မြေမြှုပ်သွားတော့မည့်နှယ် ရှိသည်။ တောင်နှင့်မြစ်အတွင်းတွင် တိုက်ခိုက်မှု အားလုံးတို့ ပျောက်ကွယ် သွားကြ၏။
တောင်နှင့်မြစ်က ဆက်လက် ပြိုလဲနေပြီး ၎င်းတို့ပုံက သက်ရှိအားလုံးကိုဖဖောက်ခွဲပစ်ချင်နေပါသည်။
ရုတ်တရက် ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ပတ်ဝန်းကျင်က တုန်ခါသွားပြီး လေထဲမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပုံ ပေါ်၏။ ၎င်းသည် မိုးကြိုးစွမ်းအင် တစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အပြစ်ပေးသကဲ့သို့ ပတ်ဝန်းကျင်ကို လှုပ်ခါစေသည်။ ကြမ်းကြုတ်စွာ ကျဆင်းလာခဲ့၏။
"တောင်နှင့်မြစ် အဆုံးမဲ့ပုံရိပ်များ၏ ကျန်းမိုးကြိုးဓားကွက်..."
"မကောင်းတော့ဘူး.."
ယင်ကျွယ်၏ အကြည့်က ထိတ်လန့်သွား၏။ သူ၏အရှိန်အဝါက ခန္ဓာကိုယ်တစ်လျှောက် ထွက်ပေါ်နေပြီး ချီကိုအသုံးပြုကာ ကာကွယ်လိုက်သည်။ စွမ်းအားကြီးမားသည့် တိုက်ခိုက်မှု တစ်ခုကိုလည်း ထုတ်လွှတ်ပြီး နဂါးကြီး၁၈ကောင်တို့ကို တွန်းလှန်ပစ်လိုက်၏။
လေထဲတွင် ဓားကောက်က လွင့်ပျံလာပြီး နတ်ဆိုးရှင်သခင်ဟော်ထူကို ကယ်တင်ရန် ရည်ရွယ်ခဲ့သည်။
တစ်ချိန်တည်းတွင် ရေပွက်သံတစ်ခုနှင့်အတူ ပုံရိပ်တစ်ခုသည် ရေထဲမှ ကောင်းကင်သို့ ထိုးတက်သွားခဲ့၏။ ဤသည်မှာတော့ ရေအောက်ရှိ ဝတ်စုံနက် ဖြစ်သည်။ ကြီးမားသည့် အရှိန်အဝါနှင့် ရွှီယန်ကို သတ်ဖြတ်ကာ နတ်ဆိုးအရှင်သခင် ဟော်ထူကို ကယ်တင်ရန် ပြေးဝင်သွား၏။
ထိုအချိန်၌ မိုးကြိုးဓားက လေးလံစွာ သက်ဆင်းလာခဲ့ပါပြီ။ ရွှီယန်၏ ဘယ်ညာနှစ်ဖက်နှင့် အနောက်ဘက်တွင် ဝတ်စုံနက် ၃ယောက်တို့က သူ့ကို တိုက်ခိုက်ရန် ကြိုးစားနေပါသည်။
ရွှီယန်သည် နတ်ဆိုးရှင်သခင်ဟော်ထူကို သတ်ဖြတ်ပြီး ကိုယ့်ကိုယ်ကို ဒဏ်ရာအပြင်းအထန် အရခံခြင်း သို့မဟုတ် ဝိုင်းဝန်းတိုက်ခိုက်မှုကို နောက်ပြန် တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်ရပေတော့မည်။ သို့ပေမယ့် မည်သို့ပင်ဆိုစေကာမူ အဝိုင်းခံရတော့မည်ဖြစ်၏။
တိုက်ပွဲကို ကြည့်နေကြသည့် သိုင်းသမားများအားလုံး ကျန်းမိုးကြိုးဓားချက်ကြောင့် ထိတ်လန့်ကုန်ကြသည်။
ဤသည်မှာ ကြောက်စရာကောင်းလှပြီး မကောင်းမှုအားလုံးတို့၏ ကဒ်ဘေးသဖွယ် ရှိနေ၏။ ဒီဗိုင်းမိုးကြိုးနှယ် အရာအားလုံးကို ဖျက်ဆီးပစ်သည်။ ကြည့်ရတာ ရန်သူအပေါ်သို့ ကောင်းကင် အပြစ်ပေးချက်တစ်ခု ကျရောက်လာသည် ထင်ရ၏။
နတ်ဆိုးရှင်သခင်ဟော်ထူမှာ သတ်ဖြတ်ခြင်းကျင့်စဉ်ကို ကျင့်ကြံထားပြီး ပုံမှန်အားဖြင့် မကောင်းဆိုးဝါးဆန်ကာ ညှို့မှိုင်းသည့် စွမ်းအားတို့ ရှိနေပါသည်။ ဤသည်ကို မိုးကြိုးက လုံးဝ ဖိနှိပ့်နိုင်၏။ ထိုဓားချက် သက်ဆင်းလာသည်နှင့် နတ်ဆိုးအရှင်သခင်ဟော်ထူမှာ သေဆုံးရန် ကံပါလာသည့်ပုံ ရသည်။
သို့ရာတွင် တိုက်ခိုက်မှုပြုပြီးဖြစ်သည့် ဝတ်စုံနက်နှစ်ယောက်အပြင် ရေထဲမှလည်း နောက်ထပ် ဝတ်စုံနက်တစ်ယောက် ထွက်ပေါ်လာပြီး ရွှီယန်ကို တိုက်ခိုက်ခဲ့၏။
ရွှီယန်၏ ဓားချက်တစ်ချက်က နတ်ဆိုးအရှင်သခင်ဟော်ထူကို သတ်ဖြတ်နိုင်လျှင်တောင် သူသည် တိုက်ခိုက်မှု သုံးခုတို့ကို ခံရမည် ဖြစ်သည်။ သေဆုံးခြင်းမရှိလျှင်တောင် ဒဏ်ရာအပြင်းအထန် ရသွားမှာ ဖြစ်၏။
တိုက်ပွဲပြင်က လျှပ်တပြက် အတွင်း ပြောင်းလဲသွားခဲ့သည်။
"ဘုန်း.."
ရုတ်တရက် ရွှေရောင်ပုံရိပ်တစ်ခု ရေထဲမှ ထွက်ပေါ်လာပြီး ကြောက်စရာကောင်းသည့် ဆေဘာအလင်းက ရေထဲမှ တိုးထွက်လာသည့် ဝတ်စုံနက်ကို ချိန်ရွယ်လိုက်သည်။
"မင်းရဲ့ပြိုင်ဘက်က ငါပဲ.."
မုန့်ချုံက အပြုံးတစ်ခုဖြင့် ပြေးတက်သွား၏။ တစ်ဖက်လူသာ ထိုဆေဘာချက်ကို ခုခံခြင်းမရှိပါက သံသယဝင်စရာ မကောင်းလောက်အောင် သေဆုံးရမှာပါ။
ဝတ်စုံနက်၏ ပုံစံက ကြီးစွာ ပြောင်းလဲသွား၏။ သူ့ကိုယ်သူ အလျှင်အမြန် ကာကွယ်သည်။
"ဘုန်း.."
မုန့်ချုံ၏ ခန္ဓာကိုယ်က အရွယ်အစားတစ်ခု ကြီးထွားလာပြီး အဝတ်များက စုတ်ပြဲလုမတတ် ဖြစ်သွားခဲ့သည်။
သူသည် ဆေဘာကို ဓားအိမ်အတွင်းသို့ ပြန်ထည့်ပြီး လက်သီး၌ မိုးကြိုးတို့ လှည့်လည်ကာ ကြည့်လိုက်ရုံဖြင့် ရူးသွပ်ကာ ကြမ်းကြုတ်လှသည်။ ဝတ်စုံနက်ကို တစ်ခါတည်း ပြေးဝင် တိုက်ခိုက်၏။
"လာခဲ့... ငါတို့တွေ တိုက်ပွဲ ကောင်းကောင်းလေး ဆင်နွှဲရအောင်.."
ရွှေရောင်အလင်းတို့ လွှမ်းခြုံနေသည့် ခန္ဓာကိုယ်သည် နေတစ်စင်းနှယ် ရှိနေပြီး ယခုအချိန်၌ မာကျောကြမ်းတမ်းမှုကို ပြည့်စုံစွာ ပြနေပါသည်။
ဝတ်စုံနက်နှင့်လူက ထိတ်လန့်စွာ ကြည့်၏။ မုန့်ချုံ၏ ပြင်းထန်သည့် တိုက်ခိုက်မှုအောက်တွင် သူ၏ခန္ဓာကိုယ်က နောက်သို့ လွင့်စင်သွားပြီး တိုက်ပွဲပြင်မှ အဝေးသို့ ရောက်ရှိသွားသည်။ နှစ်ယောက်သားက ခြားနားသည့် နေရာတစ်ခုတွင် ထပ်မံ တွေ့ဆုံကြ၏။
မုန့်ချုံ၏ လက်သီးများက မိုးခြိမ်းနေပြီး ကြမ်းကြုတ်မှုတို့ဖြင့် ပြည့်နှက်နေပါသည်။ သူ၏ ကြီးမားသည့် ခန္ဓာကိုယ်က လူကို ဖိအားတစ်ခုအား ပေးစွမ်းနေ၏။ လက်သီးချက်တိုင်းက လေပြင်းနှင့် မိုးကြိုးတို့ ပါဝင်ကာ ဝတ်စုံနက်နှင့်လူဆီသို့ ဆက်တိုက် နီးကပ်လာခဲ့သည်။
ဝတ်စုံနက်နှင့်လူ၏ တိုက်ခိုက်မှုများကိုတော့ မုန့်ချုံက ၃၀/၄၀% လောက်သာ ခုခံ၏။ ကျန်ရှိသည့် တိုက်ခိုက်မှုစွမ်းအင်များကို ခန္ဓာကိုယ်ပေါ်သို့ မည်သည့်အကာအကွယ်မှမရှိဘဲ ထိမှန်ခံသည်။ သူ၏ ထည်ဝါသည့် ခန္ဓာကိုယ်နှင့် ထိပ်တိုက်ရင်ဆိုင်၏။
လက်သီးချက်များက ကြမ်းကြုတ်စွာ တိုက်ခိုက်နေပြီး တိကျမှန်ကန်စွာ သက်ဆင်းသည်။ ဤသည်မှာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် စွမ်းအားကြီးလှ၏။ ကြည့်ရတာ လူသားသဏ္ဍာန် သားရဲတစ်ကောင် ဝတ်စုံနက်ကို အတင်းလိုက်သတ်နေသည် ထင်ရသည်။
ဝတ်စုံနက်မှာ လုံးဝ ကြောက်ရွံ့နေပါပြီ။ ဤသည်မှာ မည်ကဲ့သို့သော မကောင်းဆိုးဝါး ဖြစ်သနည်း။ အသွေးအသား ခန္ဓာကိုယ်က အဘယ်ကြောင့် အလွန်ကြောက်ဖို့ ကောင်းနေရသနည်း။ ရတနာလက်နက်တစ်ခုနှင့် နှိုင်းယှဉ်နိုင်လုနီးပါး ဖြစ်နေသည်။
သူတိုက်ခိုက်သည့် တိုက်ခိုက်ချက်များကို တစ်ဖက်လူက အနည်းငယ်သာ ကာကွယ်ပြီး တိုက်ခိုက်မှု စွမ်းအားကို အနည်းငယ် လျော့နည်းစေခဲ့သည်သာ ရှိ၏။ ကျန်ရှိသည့် ခွန်အားတို့က ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်သက်ဆင်းသည်။
သူ့ကိုပိုမိုကာ ကြောက်ဖို့ကောင်းစေသည်မှာ ထိုအားနည်းသည့် တိုက်ခိုက်မှုစွမ်းအင်တို့မှာ အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်ကို ထိမှန်လျှင်တောင် ဒဏ်ရာအပြင်းအထန် ရသွားစေနိုင်ခြင်း ဖြစ်၏။ ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးကို မည်သည့် အထွက်အထိပ် စစ်ဘုရင်မှ လျစ်လျူရှု့နိုင်ခြင်း မရှိပါ။
သို့ပေမယ့် ဂတုံးပြောင်နှင့် လူငယ်ကတော့ ဂရုမထားဟန်ရှိ၏။ ထို့အပြင် သူ၏ တိုက်ခိုက်ချက်များက တစ်ဖက်လူ အပေါ် သေးငယ်သည့် ခြစ်ရာများသာ ပေါ်လာစေခဲ့သည်။ ခဏတာအတွင်း ဝတ်စုံနက်မှာ ထိတ်လန့်ကြောက်ရွံ့စွာ ခံစားလာရပြီး သူ၏ ဓားကောက်ဖြင့်သာ ဆက်တိုက် ခုတ်ပိုင်းနေရ၏။
တစ်ချိန်တည်းတွင် နောက်သို့ အရူးအမူး ဆုတ်ခွာကာ မုန့်ချုံကို ချန်ထားခဲ့ရန် ကြိုးစားသည်။