← Chapters

နတ်ဘုရား အပြစ်ပေးသကဲ့သို့ ဓားချက်တို့ကျဆင်းခြင်း(၂)

Vol. 20 Ch. 290

နတ်ဘုရား အပြစ်ပေးသကဲ့သို့ ဓားချက်တို့ကျဆင်းခြင်း(၂)

Vol. 20 Ch. 290

သူ့အနေနှင့် မည်မျှ အရူးအမူး ဆုတ်ခွာစေကာမှု သို့မဟုတ် ရှောင်ထွက်စေကာမူ မုန့်ချုံက အသဲအသန် လိုက်လံနေ၏။ လက်သီးချက်ကို တစ်ချက်ပြီးတစ်ချက် ထိုးကာ လူသားသဏ္ဍာန် နဂါးတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်ကာ မရပ်မနား တိုက်ခိုက်နေသည်။

မြစ်ပြင်ပေါ်ရှိ လူတိုင်းသည် အသန်မာဆုံး ပုဂ္ဂိုလ်များပင်လျှင် ထိတ်လန့်သွားကြသည်။ ဒီကတုံးပြောင်နှင့် လူငယ်သည် ယခုမျှ ကြောက်စရာကောင်းလှသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား၏။ ရတနာတစ်ခုနီးပါး ရှိနေပါသည်။

ဒီလောကတွင် ဘယ်လိုလုပ်ပြီး ယခုမျှ ရုပ်ခန္ဓာ စွမ်းအားကြီးမားသည့် လူတစ်ဦး ရှိနေရသနည်း။ အသွေးအသား ခန္ဓာကိုယ်ကို ရတနာတစ်ခုနှင့် နှိုင်းယှဉ်နိုင်လောက်အောင် မည်ကဲ့သို့ ကျင့်ကြံခဲ့သနည်း။

လူတိုင်းက မုန့်ချုံ၏ ကြမ်းကြုတ်မှုနှင့် ကြံ့ခိုင်ထွားကြိုင်းသည့် ခန္ဓာကိုယ်အတွက် အံ့မခန်း ဖြစ်နေကြစဉ် ကျန်းမိုးကြိုးဓားက နတ်ဘုရားအပြစ်ဒဏ်ကဲ့သို့ ကျဆင်းလာနေပြီး ဖြစ်သည်။

"ဘုန်း.."

နတ်ဆိုးအရှင်သခင် ဟော်ထူ၏ တိုက်ခိုက်မှု အားလုံး.. ထူထဲသည့် သွေးလှိုင်းများသည် ထိုဓားချက်အောက်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့၏။ ဓားချက်က သက်ဆင်းရာနေရာရှိ အမှောင်ထုအားလုံးတို့ကို ဖျက်ဆီးသွားသည်။

"မဟုတ်ဘူး.."

မယုံကြည်နိုင်စရာ ကောင်းလှသည့် အသံတစ်ခုနှင့်အတူ ထိုဓားချက်အောက်တွင် နတ်ဆိုးအရှင်သခင်‌ ဟော်ထူ၏ ခန္ဓာကိုယ်က အနက်ရောင်သို့ ကျွမ်းလောင်သွားခဲ့၏။

ပြာများအဖြစ် ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်းတွင် ယင်ကျွယ်နှင့် စောင့်ရှောက်သူတို့၏ တိုက်ခိုက်မှုများက ရွှီယန်အပေါ်သို့ ကျရောက်သွား၏။

သို့ပေမယ့် လျှပ်တပြက်အတွင်းတွင် ရွှီယန်က နေရာမှ ပျောက်ကွယ်သွားပြီး စောင့်ရှောက်သူ၏ နံဘေးသို့ ရောက်ရှိသွားခဲ့သည်။

"ကောင်းကင်လျှပ်စီး အလင်း..."

ဓားချက်က သက်ဆင်းလာခဲ့၏။

"ဝေါင်း.."

တောင်နှင့်မြစ်အထက်တွင် နဂါးဟိန်းသံတစ်ခု ပေါ်လာခဲ့သည်။ ထိုအသံက စောင့်ရှောက်သူကို မှင်သက်သွားစေပြီး တောင်နှင့်မြစ်အတွင်းသို့ ဝင်ရောက်သွားသည့်နှယ် ခံစားရစေ၏။

"မကောင်းတော့ဘူး.."

သူသည် ကြောက်ရွံ့စွာဖြင့် သူ၏စိတ်ကိုပင် ဝင်ရောက်နှောင့်ယှက်နိုင်သည်မှာ မည်ကဲ့သို့သော ဓားပညာဖြစ်သနည်းဟု အံ့သြနေပါသည်။

"ဘုန်း.."

ဓားအလင်းက အေးစက်မှုတစ်ခုကို ခံစားလာရစေသည်။ သွေးတစ်လုတ်ကို အန်ထုတ်ကာ သိုင်းပညာလျှို့ဝှက်အတတ်တစ်ခုကို တစ်ခါတည်း အသုံးပြုလိုက်သည်။

ရွှီယန်က နောက်ထပ် ဓားချက်ကို ခုတ်ပိုင်းလိုက် ပြန်၏။

တောင်နှင့်မြစ်နှင့် အရာအားလုံးတို့၏ ဓားချက်...

တောင်နှင့်မြစ်မှ လွတ်မြောက်လာခါစ ရှိသေးသည့် စောင့်ရှောက်သူမှာ တောင်နှင့်မြစ်နှင့် အရာအားလုံး၏ ဓားချက် ခုတ်ပိုင်းမှုမှ တောင်နှင့်မြစ်တို့၏ ပြိုလဲလာမှုကို တွေ့မြင်လိုက်ရသည့်ဟန် တူ၏။

ဓားချက်က သက်ဆင်းကာ ခန္ဓာကိုယ်က စတင်ပျက်စီးလာပြီး ပြာများအဖြစ် လေထဲ၌ ပျောက်ကွယ်သွားရသည်။

ယန်ကျွယ်က ကူညီမှု ပြုရန်အတွက် သူ၏လှုပ်ရှားမှုကို ပြုခဲ့ပြီး ဖြစ်၏။ သို့ပေမယ့် အလွန် နောက်ကျလွန်းနေပါပြီ။ ဓားချက်တစ်ချက်ဖြင့် နတ်ဆိုးရှင်သခင်ဟော်ထူကို အနိုင်ယူကာ ဓားချက်နှစ်ချက်ဖြင့် စောင့်ရှောက်သူကို သတ်ဖြတ်ခဲ့၏။

တိုက်ပွဲမှာ ခဏတာသာ ရှိပါသေးသည်။ အထွတ်အထိပ်စစ်ဘုရင် နှစ်ယောက်တို့၏ သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးပြီး ဖြစ်၏။ ဤသည်မှာ မည်မျှ ကြောက်စရာကောင်းလှသည့် စွမ်းအားဖြစ်သနည်း။

ယင်ကျွယ်က ထိတ်လန့်သွားသည်။ သူ၏ မျက်လုံးများထဲ၌ပင် အကြောက်တရားတို့ အထင်းသား ပေါ်လာခဲ့၏။ ရှေ့ရှိလူငယ်၏ ခွန်အားသာ ဆက်လက် ကြီးထွားလာပါက မည်ကဲ့သို့ ဖြစ်မည်နည်းဟု စိတ်ကူး၍ မရနိုင်အောင် ရှိနေပါသည်။

အတွင်းဘက်နယ်မြေ၏ သိုင်းလောက အထွက်အထိပ်သို့ တက်လှမ်းသွားမည်လား။

"ထွက်ပြေးရမယ်.."

"ငါထွက်ပြေးရမယ်.."

စံအိမ်သခင်သာလျှင် ရွှီယန်ကို သတ်ဖြတ်နိုင်စွမ်း ရှိပါသည်။ ယင်ကျွယ်သည် သူ၏ခွန်အားကို နတ်ဆိုးအရှင်သခင် ဟော်ထူထက် အနည်းငယ် ပိုမိုသာလွန်သည်ဟု ယုံကြည်၏။ သို့ပေမယ့် အရမ်းကြီး သိသာခြင်း မရှိပါ။

ဒဏ်ရာအပြင်းအထန် အရခံပြီး တိုက်ခိုက်ပါက ဟော်ထူကို သတ်ဖြတ်နိုင်တာ ဖြစ်ပေလိမ့်မည်။ သို့ပေမယ့် ဤသည်မှာ သူ့အတွက်လည်း ပေးဆပ်ရခြင်း များလှ၏။

နတ်ဆိုးအရှင်သခင်သည် ရွှီယန်၏ ဓားစွမ်းအားမှ မိုးကြိုးဒြပ်စင်၏ ဖိနှိပ်မှုအား ခံရခြင်းကြောင့် ဓားတစ်ချက်ကိုပင် ခံနိုင်ရည် မရှိခဲ့ပေ။ သူဆိုပါက ခံနိုင်ရည်ရှိလောက်၏။ သို့ပေမယ့် ဒုတိယမြောက်.. တတိယမြောက် ဓားချက်များ အတွက်ရော မည်ကဲ့သို့ လုပ်မည်နည်း။

ရွှီယန်မှာ ယခုအချိန်၌ သက်တောင့်သက်သာ အသွင်ဖြင့်သာ ရှိနေပါသည်။ နောက်ထပ် တစ်ချက်ထက်ပိုသည့် ဓားချက်များကို ထုတ်လွှတ်နိုင်သည်မှာ ရှင်းလင်းလှ၏။

အစက ရွှီယန်ဆီသို့ ပြေးဝင်နေသည့် ယင်ကျွယ်တစ်ယောက် လျှင်မြန်စွာဖြင့် နောက်ပြန်ဆုတ်သွားသည်။ ထွက်ပြေးရန် ပြင်ဆင်၏။

"ငါ့ရဲ့ဘယ်ရန်သူမှ ထွက်ပြေးလွတ်မြောက်သွားတယ် ဆိုတာမျိုး မရှိခဲ့ဘူး.."

ရွှီယန်က အေးစက်စွာ ပြောသည်။

နေရာမှ ပျောက်ကွယ်သွားပြီး လျှပ်တပြက်အတွင်း ယင်ကျွယ်ကို လှမ်းမီသွား၏။ ဓားချက်က သက်ဆင်းလာခဲ့သည်။

တောင်နှင့်မြစ်တို့ ပြိုလဲကာ မိုးကြိုးဓားချက်က ကောင်းကင်မှ သက်ဆင်းလာသည့်နှယ် ရှိနေ၏။ ယင်ကျွယ်မှာ ထိတ်လန့်စွာဖြင့် ဖြူရော်သွားခဲ့သည်။

ဒီဓားချက်ကို ကိုယ်တိုင် ရင်ဆိုင်ရမှသာလျှင် မည်မျှကြောက်စရာကောင်းသည်ကို နားလည်လာခဲ့၏။ သေခြင်း၏ ခြိမ်းခြောက်မှုက သူ့ကို လွှမ်းခြုံလာခဲ့သည်။

တောင်နှင့်မြစ်တို့၏ ပျက်စီးမှုကဲ့သို့ပင် မိုးကြိုးပစ်ဒဏ်က သူ့ကို ဖျက်ဆီးရန် ရောက်ရှိလာခဲ့၏။

ဓားကောက်က အရိုးစိမ့်မတတ် အေးစက်လာခဲ့သည်။

ယင်ကျွယ်၏ ခန္ဓာကိုယ်က ချက်ချင်းပင် ညှိုးခြောက်လာပြီး အလွန်စွမ်းအားကြီးမားသည့် ဓားအလင်းတစ်ခု ထွက်ပေါ်လာခဲ့၏။

သူ့အနေနှင့် နတ်ဘုရား၏ မိုးကြိုးပစ်သကဲ့သို့ ဓားချက်ကို ခုခံခြင်း မပြုပါ။ အဲ့ဒီ့အစား သူ၏ဓားကို ရွှီယန်ဆီသို့သာ ဦးတည်လိုက်၏။

"ဟန့်.."

ရွှီယန်က အေးစက်စွာ နှာခေါင်းရှုံ့ပြီး လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ ရွှေရောင်နဂါးကြီးက ဟိန်းထွက်လာပြီး နဂါးစွမ်းအားမှာ ထည်ဝါစွာဖြင့် မျက်လုံးများက လင်းလက်နေ၏။

နဂါးကြီးဆီမှ ကောင်းကင်ကို လှုပ်ခါစေနိုင်သည့် ဒေါသစွမ်းအားတို့ ထွက်ပေါ်လာခဲ့သည်။ အမျက်တို့ဖြင့် အော်လိုက်ပြီး ဓားကောက်အလင်းကို ရင်ဆိုင်၏။

"ဘုန်း.."

ယင်ကျွယ်၏ နောက်ဆုံး တိုက်ချက်က ရွှေနဂါးကြီး၏ ခန္ဓာကိုယ်အစိတ်အပိုင်း အများစုတို့ကို ပျက်စီးသွားစေခဲ့သည်။ သို့ပေမယ့် ထိုမျှသာ ဖြစ်၏။

ယင်ကျွယ်၏ မျက်လုံးများက မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်သွားသည်။ တစ်ဖက်လူ၏ လက်ဝါးရိုက်ချက်တစ်ခုမှ ထွက်ပေါ်လာသည့် နဂါးကြီးက သူ၏အသက်ကို စတေးခဲ့သည့် တိုက်ခိုက်မှုအား လုံးဝ ပျက်စီးသွားစေခဲ့သည်လား။ ရွှီယန်သည် မည်မျှ သန်မာလိုက်သနည်း။

"ဘုန်း.."

ယင်ကျွယ်၏ ခန္ဓာကိုယ်က အနက်ရောင် ပြောင်းသွားပြီး ပြာများအဖြစ် လွင့်စင် ပျောက်ကွယ်သွားခဲ့သည်။

ရွှီယန်က လက်ထဲတွင် ဓားကိုကိုင်ကာ မြင့်မားစွာရပ်နေ၏။ သူ၏အကြည့်က ပတ်ဝန်းကျင်သို့ မထီမဲ့မြင်ကြည့်သည်။ ရှိနေကြသည့် စွမ်းအားကြီး သိုင်းသမားအားလုံးတို့ကို တိတ်ဆိတ်သွားစေ၏။

ဒီလူငယ်သည် နဂါးတစ်ကောင်ကဲ့သို့ ထည်ဝါပြီး လောကကြီးကို ထိတ်လန့်စေပါသည်။

"ဘုန်း.."

တစ်ဖက်ရှိ တိုက်ပွဲမှာ ပိုမိုကာပင် ပြင်းထန်ပုံပေါ်၏။ ကြည့်ရှု့သူများ၏ အာရုံကို ဆွဲဆောင်သွားသည်။

မုန့်ချုံ၏ ခန္ဓာကိုယ်က ဝတ်စုံနက်နှင့် နီးကပ်နေပြီးဖြစ်၏။ ဝတ်စုံနက်၏ ထိတ်လန့်နေသည့် အကြည့်အောက်တွင် မုန့်ချုံက နှာခေါင်းရှုံ့ပြီး လက်နှစ်ဖက်ကိုစုကာ ဝတ်စုံနက်အား ရင်ဘတ်အတွင်းသို့ ဆွဲဖက်လိုက်၏။

"ဂလူ့.."

စွမ်းအားကြီးပုဂ္ဂိုလ်များအားလုံး တံတွေးများကို မြိုချမိလိုက်ကြသည်။ သူတို့၏ မျက်နှာများက အံ့သြမှုတို့ဖြင့် ပြည့်နက်နေ၏။

ဤသည်မှာ တကယ့်ကို လူသားသဏ္ဍာန် သားရဲတစ်ကောင် ဖြစ်ပါသည်။ ကြမ်းကြုတ်ကာ ကြီးစိုး၏။ မည်သူမှ နှိုင်းယှဉ်နိုင်ခြင်း မရှိပေ။

မုန့်ချုံက ဝတ်စုံနက်ကို ဖက်ထားရင်းက အားထည့်ကာ ဆွဲညှစ်၏။ ကြောက်စရာကောင်းသည့် ခန္ဓာကိုယ်ခွန်အားက ဝတ်စုံနက်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေခဲ့သည်။ အရိုးအက်သံများကို အဝေးမှပင် ကြားနိုင်၏။

ဝတ်စုံနက်၏ ခန္ဓာကိုယ်က ပျက်စီးသွားပြီး ပြာများအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့၏။

"ဂလူ့.."

ရှိနေကြသည့် စွမ်းအားကြီး ပုဂ္ဂိုလ်အားလုံးတို့ ခြောက်ခြားကုန်ကြသည်။ ဤသည်မှာ မည်မျှကြမ်းတမ်းလှသနည်း။ လူတစ်ယောက်ကို ဖက်ကာ ညှစ်သတ်ပစ်ပြီး အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားစေခဲ့လေသည်။

ပူလောင်လှသည့် စွမ်းအား၏ လောင်ကျွမ်းမှုကြောင့် ရန်သူမှာ သွေးများပင် မထွက်နိုင်ဘဲ ပြာများအဖြစ် ပြောင်းလဲသွားခဲ့၏။

"ဒါကြီးက ကြမ်းတမ်းလွန်းသွားပြီ.."

ဟူရှန်းက ထိတ်လန့်စွာဖြင့် ကိုယ့်ကိုယ်ကို ရေရွတ်သည်။ ရှဲ့လင်ဖုန်းက သက်ပြင်းချ၏။ ယခုကဲ့သို့ တပည့်တစ်ယောက်ကို လက်ခံခဲ့ခြင်းမှာ ဆရာကြီးတွင် အမှန်တကယ်ကို ထူးကဲသည့် အမြင်တို့ ရှိ၏။

မုန့်ချုံ၏ ကြီးစိုးမှုက ဒီနေရာ၌ သံသယဝင်စရာ မကောင်းလောက်အောင် လှစ်ပြနေပါသည်။ သူသည် စွမ်းအားကြီးမားသည့် ခန္ဓာကိုယ်ကို အသုံးပြုကာ အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်ကို ညှစ်သတ်ပစ်ခဲ့၏။

ဖြစ်နိုင်သည်မှာ အထွတ်အထိပ် စစ်ဘုရင်များ၏ သမိုင်းတလျှောက်တွင် ယခုကဲ့သို့ သေဆုံးခဲ့သည်မှာ ပထမဦးဆုံး ဖြစ်ပေလိမ့်မည်။

မုန့်ချုံ၏ ယခုကဲ့သို့ လျှင်မြန်စွာ အနိုင်ရခဲ့ခြင်းမှာ ရွှီယန်၏ အထွတ်အထိပ် စစ်ဘုရင်သုံးယောက်တို့အား ဆက်တိုက် သတ်ဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ဤသည်က ဝတ်စုံနက်ကို ကြောင်အသွားစေပြီး ထိတ်လန့်နေကာ တိုက်ခိုက်ရန်အတွက် စိတ်ဆန္ဒတို့ ပျောက်ဆုံးသွားစေခဲ့၏။

ဤသည်က အားနည်းချက်တို့ ပေါ်လာပြီး မုန့်ချုံအတွက် အခွင့်အရေး ရစေခဲ့၏။ သို့ပေမယ့် မုန့်ချုံ၏ ခွန်အားမှာလည်း အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်ကို စိန်ခေါ်ရန်အတွက် လုံလောက်နေပြီး ဖြစ်သည်။

ဟူဟိုင်မှာ လုံးဝ မှင်သက်နေပါသည်။ ယခုကဲ့သို့ မကောင်းဆိုးဝါးနှစ်ကောင် မည်သည့်နေရာမှ ရောက်ရှိလာသနည်းဟု မေးခွန်းထုတ်မိ၏။

ဒီလူငယ်တို့သည် တကယ့်ကို စွမ်းအားကြီးမားလွန်းလှသည်။ ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့ကို ကြည့်ကာ သူ၏အကြည့်က ထူးဆန်းသွားသည်။ ယခုမျှ စွမ်းအားကြီးမှာလှသည့် လူငယ်ကို သူပင်လျှင် ယှဉ်ပြိုင်နိုင်စွမ်း မရှိပါ။ အဘယ်ကြောင့် စစ်ကူ ခေါ်နေရသနည်း။

ချန်းလန်မြစ်က တိတ်ဆိတ်နေ၏။ စွမ်းအားကြီးပုဂ္ဂိုလ်အားလုံးတို့ အသံမထွက်နိုင်ကြပေ။

ဖူယွင်ထန်းက မုန့်ချုံကို ကြည့်နေ၏။ ဒီဂတုံးပြောင်နှင့် လူငယ်သည် မည်သည့်နေရာမှ လာသနည်း။

"ဒါဆိုရင် သခင်လေးရွှီရဲ့ ဂျူနီယာညီကလည်း အရမ်းကို စွမ်းအားကြီးတာပေါ့.."

ယွင်မြောင်မြောင်က မနေနိုင်ဘဲ အံ့ဩစွာ အသံပြု၏။

ထိုအချိန်၌ သေးငယ်သည့် လှေပေါ်တွင် ဆွဲဆောင်မှုရှိသည့် မိန်းကလေးတစ်ယောက်က မုန့်ချုံကို ကြည့်နေ၏။

သူမ၏ မျက်ဝန်းများက စွဲလမ်းမှုတို့ဖြင့် ပြည့်နက်နေပါသည်။

"ဒါကမှ ယောက်ျားတစ်ယောက် ဖြစ်သင့်တဲ့ ပုံစံပဲ။ နွဲ့နွဲ့နှောင်းနှောင်းနဲ့ ဘာမှသုံးစားမရတဲ့ ကောင်တွေနဲ့ မတူဘူး။ သူက ကြမ်းတမ်းပြီးတော့ စွမ်းအားကြီးတယ်။ တကယ့်ကို ချစ်စရာကြီး.."

အမျိုးသမီးသည် ရင်ဘတ်ကို လက်ဖြင့်အုပ်ထားပြီး သူမ၏ မျက်လုံးများက ကြံ့ခိုင်ထွားကြိုင်းသည့် ခန္ဓာကိုယ်ကိုသာ မြင်တွေ့နိုင်တော့သည်။

ရွှီယန်က ဓားကိုကိုင်ကာ မြစ်ပြင်ပေါ်တွင် ရပ်နေပြီးသူ၏အကြည့်က ပတ်ဝန်းကျင်သို့ ဂုဏ်ယူစွာ ဖြတ်သန်းသွားသည်။

"ဓားနတ်ဘုရားရွှီယန် ဒီနေရာမှာ ရှိနေတယ်။ ငါ့ရဲ့ ချန်းလန်ကျွန်းကို လိုချင်တဲ့သူ ဘယ်သူတွေ ရှိကြသေးလဲ။ ငါ့ကိုသတ်ချင်တဲ့လူ ဘယ်သူတွေရှိကြသေးလဲ... ထွက်လာကြ.."

မြစ်ပြင်ပေါ်တွင် မည်သည့်တုံ့ပြန်မှုမှ ပေါ်လာခြင်း မရှိပါ။ အချို့ သင်္ဘောများဆိုလျှင် ရွှီယန်နှင့် အလွန်နီးကပ်သဖြင့် အထင်လွဲမည်အား စိုးရိမ်သောကြောင့် အရူးအမူး နောက်ပြန်ဆုတ်ကြ၏။ ဒီနေရာ၌ ရှေ့သို့ တိုးသွားခြင်းမှာ ကိုယ့်ကိုယ်ကို သက်သေသည်ပင်။

"တစ်ယောက်တည်း ရှေ့တက်ဖို့အတွက် အရမ်းကြောက်နေရင် အဖွဲ့လိုက် တက်ခဲ့လို့ရတယ်.. ၈ယောက် ၁၀ယောက် အကုန်ထွက်လာခဲ့။ ငါရွှီယန် အားလုံးကို ရင်ဆိုင်မယ်.."

ရွှီယန်က ဆက်လက်ပြော၏။

"၈ယောက်၁၀ယောက်လား.."

သူသည် သူ၏ဓားချက်များကို အကြိမ်မည်မျှ ခုတ်ပိုင်းနိုင်သနည်း။

စစ်ဘုရင်အားလုံးတို့၏ နှလုံးသားများက အခုန်မြန်သွားကြသည်။ လှေများကို နောက်သို့ အမြန်လှော်နေကြပြီး ရွှီယန်၏ အာရုံကို ဆွဲဆောင်သွားမည်အား ကြောက်ရွံ့နေကြ၏။ မတော်တဆ ဓားဖြင့် ခုတ်ပိုင်းခံရကာ တရားမျှတခြင်း မရှိစွာ သေဆုံးသွားမည်ကို ကြောက်ရွံ့နေကြသည်။

"ဘယ်သူမှ ထွက်မလာဘူး ဆိုကတည်းက ဒီနေ့ကစပြီး ငါ့ရဲ့ ခွင့်ပြုချက်မရဘဲ ချန်းလန်ကျွန်းပေါ်ကို ဘယ်သူမှ ခြေချလို့မရဘူး။ မဟုတ်ရင် ကျူးကျော်တယ်လို့ သတ်မှတ်ရလိမ့်မယ်.."

ရွှီယန်က ကျယ်လောင်စွာ ပြောသည်။ မည်သူမှ စကားတစ်ခွန်း ဆိုရဲခြင်း မရှိပါ။

ထိုအချိန်၌ ယွဲ့နိုင်ငံ၏ ဒုတိယမင်းသားက ဘေးရှိလူကို အသံနိမ့်စွာ ပြော၏။

"ယင်ဟုန်နဲ့ ငါနဲ့က ဒီလောက်ကြီး မရင်းနှီးဘူး... အဲ့အကြောင်းကို သိတဲ့ လူတွေကိုလည်း တစ်ခါတည်း သေသေချာချာရှင်းပစ်.."

ရွှီယန်သာ ယင်ဟုန်ကို သူ၏လူဟု သိကာ ဒေါသထွက်ပြီး လာရောက်သတ်ဖြတ်ပါက မည်ကဲ့သို့ လုပ်မည်နည်း။ ယခုမျှ စွမ်းအားကြီးမားသည့် ရန်သူတစ်ယောက်ကို ထိပါးပါက သူ၏ဖခင်ပင်လျှင် သူ့ကို စွန့်လွှတ်ကာ တော်ဝင်မိသားစုမှ ဖယ်ရှားလိုက်မည် ဖြစ်သည်။

"ဓားချက် နှစ်ချက်သုံးချက်ပဲ..."

ဝူရွှမ်းစစ်ဘုရင်က ကိုယ့်ကိုယ်ကို ရေရွတ်၏။

ယွင်မြောင်မြောင်က ပြောလေသည်။

"ဆရာ... ကျွန်မ ဆရာကောင်းဖို့အတွက် ပြောတယ်ဆိုတာကို သိပြီလား။ ကျွန်မသာ မတောင်းပန်ပေးခဲ့ရင် သခင်လေးရွှီသတ်လို့ အခုလောက်ဆိုရင် သေနေလောက်ပြီ.."

ဝူရွှမ်းစစ်ဘုရင်က တပည့်ဖြစ်သူကို စူးရဲစွာကြည့်သည်။ မည်မျှ မလိမ္မာသည့် တပည့်ဖြစ်သနည်း။ ယခုအချိန်၌ သူမ၏ နှလုံးသားထဲတွင် ရွှီယန်သာလျှင် ရှိပါသည်။ ဆရာအတွက် မည်သည့်နေရာမှ မရှိပေ။

"ဒီတိုက်ပွဲက တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းတယ်.."

မုန့်ချုံက သူ၏ဦးခေါင်းကိုကုပ်ကာ စိတ်လှုပ်ရှားစွာဖြင့် လျှောက်လာ၏။ ယခုတိုက်ပွဲသည် သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်စနစ်၏ စွမ်းအားနှင့် အနှစ်သာရကို ပြည့်စုံစွာ ပြသနေပါသည်။

"မင်းလောက် သန်မာတဲ့ ခန္ဓာကိုယ်နဲ့ ဘယ်သာမန်အထွတ်အထိပ် စစ်ဘုရင်မှ ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး.."

ရွှီယန်က သက်ပြင်းချစွာ ပြော၏။ ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာစနစ်သည် အမှန်တကယ်ကို ကြမ်းတမ်းလှ၏။ လူသားသဏ္ဍာန် သားရဲတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်လှ၏။

All Chapters