ချန်ချင်းစံအိမ်၏ ဂုဏ်သတင်း အတွင်းဘက်နယ်မြေ၌ ပျံ့နှံ့ခြင်း(၂)
Vol. 20 Ch. 292
"အားလုံးရောင်းကုန်ပြီ.."
ထန်းပေါင်စံအိမ်မှ အထက်ပိုင်းပုဂ္ဂိုလ်များမှာ ရုတ်တရက် ပြဿနာတစ်ခုကို နားလည်လိုက်ကြသည်။
သူတို့စမ်းသပ်ခဲ့သည့် ချီစုဆောင်းခြင်း ဆေးလုံးများသည် ရောင်းချသည့် ဆေးလုံးများနှင့် ခြားနားနေသည်လား။
"ချန်ချင်းစံအိမ်ကို သွားပြီးတော့ ချီစုဆောင်းခြင်း ဆေးလုံးတွေ ထပ်ဝယ်ခဲ့။ ပိုများလေ ပိုကောင်းလေပဲ။ မူလစာချုပ်အတိုင်းပဲ သဘောတူညီမှု ပေးလိုက်.."
ထန်းပေါင်စံအိမ်၏ အထက်ပုဂ္ဂိုလ် တစ်ယောက်က အမိန့်ပေး၏။
ချန်ချင်းစံအိမ်၏ အမည်သည် အတွင်းဘက်နယ်မြေ တစ်ခုလုံးတွင် ပျံ့နှံ့လာခဲ့သည်။ အထူးသဖြင့် သိုင်းသခင်အဆင့် သိုင်းသမားများ အကြား၌ ဖြစ်၏။ အဖွဲ့များစွာတို့က ချန်ချင်းစံအိမ်ကို စတင် ရှာဖွေနေကြပြီး ချီစုဆောင်းခြင်း ဆေးလုံးများကို ဝယ်ယူနိုင်ရန် မျှော်လင့်ကြသည်။
လူတိုင်းသည် ချီစုဆောင်းခြင်း ဆေးလုံးများ၏ သူတို့၏ စွမ်းအားအား မြှင့်တင်နိုင်မှုအပေါ် မြင်တွေ့လာကြသည်။
ဆေးလုံးများကို ပိုမိုရရှိသည့် မည်သူမဆို အားသာချက်တို့ကို ပိုမိုရရှိလာမည်မှာ သံသယဝင်စရာ မရှိပေ။
ထယ်ရှန်းမြို့ရှိ ဒုတိယမြောက် ဒန်ဆေးသန့်စင်မှု ခန်းမက လည်ပတ်နေ၏။ ပထမတစ်သုတ်၏ အတွေ့အကြုံနှင့်အတူ ဒုတိယတစ်သုတ် ဆေးသန့်စင်သူ သင်တန်းသားများအား သင်ကြားပေးခြင်းမှာ များစွာ ပိုမို လွယ်ကူပြီး မြန်ဆန်ပါသည်။
အားလုံးတွင် သိုင်းပညာအတွက် သက်ဆိုင်ရာ အခြေခံတစ်ခုလည်း ရှိထား၏။ သူတို့အားလုံးကို သဟွမှ ရွေးချယ်ထားခြင်း ဖြစ်သည်။
လီရွှမ်က သက်ပြင်းချသည်။ သူ၏ တပည့်နှစ်ယောက်စလုံးသည် အလွန်ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ကြ၏။
ရွှီယန်က အထွတ်အထိပ်စစ်ဘုရင် သုံးယောက်တို့ကို သတ်ဖြတ်ခဲ့ပြီး မုန့်ချုံက တစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။
သူသည် ရွှေလက်ချောင်းမှ တန်ပြန်အကျိုးပြုမှု တစ်ခုကို ရရှိလာခဲ့ပြန်၏။ ဓားတာအိုက ပိုမို အဆင့်မြင့်တက်လာကာ တိုက်ခိုက်မှု အတွေ့အကြုံလည်း တိုးပွားလာခဲ့သည်။
ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အသုံးချပုံ၊ တိုက်ခိုက်ပုံ အတွေ့အကြုံတို့လည်း မြင့်တက်လာခဲ့၏။ သူသည် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု၏ အနှစ်သာရကို ဖမ်းဆုပ်လာနိုင်ခဲ့သည်။ ခွန်အားအဆင့် မြင့်တက်မလာခဲ့ပေမယ့် တိုက်ခိုက်မှုစွမ်းအားက တိုးမြင့်လာခဲ့၏။
ချီစုဆောင်းခြင်းဆေးလုံး ပထမတစ်သုတ်က ရောင်းကုန်သွားခဲ့သည်။ ထန်းပေါင်စံအိမ်က ချန်ချင်းစံအိမ်သို့ ရောက်ရှိလာကာ ချီစုဆောင်းခြင်း ဆေးလုံးများကို ထပ်မံ ဝယ်ယူလို၏။ အကျိုးအမြတ်များကို ပြီးခဲ့တုန်းက သဘောတူညီချက်အတိုင်း ဆက်လက်ထားရှိသည်။
ချီစုဆောင်းခြင်းဆေးလုံး ဒုတိယတစ်သုတ်ကို ရောင်းချပြီးလျှင် ထန်းပေါင်စံအိမ်က ချန်ချင်းစံအိမ်ကို အာရုံစိုက်လာပြီး သိမ်းသွင်းရန် ကြိုးစားမည်မှာ မလွှဲမကန် ဖြစ်သည်ကို လီရွှမ်သိပါသည်။
ချန်ချင်းစံအိမ် ဘက်ကသာ သဘောမတူပါက ကြီးမားသည့် ဖိအားကို ကြုံတွေ့ရမည်လား ဟူသည်ကို ကြည့်ရမည် ဖြစ်၏။
ယခုအချိန်၌ ချီစုဆောင်းခြင်း ဆေးလုံးကြောင့် ချန်ချင်းစံအိမ်က နာမည်ကျော်ကြားလာခဲ့ပြီး ဖြစ်သည်။ ထန်းပေါင်စံအိမ်၏ ဖြန့်ဝေရောင်းချသည့် လမ်းကြောင်းများကို မရရှိလျှင်တောင် ဆေးလုံးများကို ရောင်းမကုန်မည်အား စိုးရိမ်စရာ မရှိပေ။
သို့ရာတွင် ထန်းပေါင်စံအိမ်ကဲ့သို့ ကြီးမားသည့် အင်အားစု၏ အထောက်အပံ့ကို ဆုံးရှုံးရပါက အတွင်းဘက်နယ်မြေ၏ အဖွဲ့အစည်းအသီးသီး၏ မကောင်းကြံမှု မျိုးစုံတို့ကို ခံလာရမှာ ဖြစ်သည်။ ဤသည်မှာ ရှောင်လွှဲလို့မရသည့် ကိစ္စဖြစ်၏။
ကောင်းမွန်သည့် ဂုဏ်သတင်းရှိသည့် ထန်းပေါင်စံအိမ်ပင်လျှင် ထိုကိစ္စကို ပိုမိုကြီးထွားလာအောင် လေပင့်ပေးနိုင်၏။ ဤသည်မှာ ဖြစ်နိုင်ပါသည်။
'ဟူး... ပြဿနာတွေ တံခါးဝကို ရောက်လာတော့မယ်။ ငါလှုပ်ရှားဖို့အတွက် အချိန်ရောက်လာပြီလား။ ငါက လောကအဆင့် ဆရာသခင် တစ်ယောက်ပဲ။ ဒီလိုအားနည်းသူတွေကို ရှင်းလင်းရမှာငါ့ရဲ့ ဂုဏ်သိက္ခာနဲ့ တကယ့်ကို မလိုက်ဖက်ဘူး..'
လီရွှမ်က နှလုံးသားထဲတွင် ရေရွတ်သည်။ သူ့အနေနှင့် ထိုကဲ့သို့ စဉ်းစားပေမယ့် စုလင်းရှုံသာ ထိန်းချုပ်နိုင်စွမ်းမရှိပါက လှုပ်ရှားမှုပြုရမည်မှာ သေချာပေါက် ဖြစ်သည်။
"ဒီကို ပြဿနာလာရှာမယ့်လူတွေ အနည်းဆုံး စစ်ဘုရင်အဆင့်တော့ ရှိဖို့ မျှော်လင့်တယ်။ မဟုတ်ရင် အရမ်းကြီး အားနည်းနေမှာ.."
လီရွှမ်က စဉ်းစား၏။
ထို့နောက် နောက်ထပ် ပြဿနာတစ်ခုကို တွေးမိလိုက်သည်။ ထန်းပေါင်စံအိမ်သည် အလွန်အင်အားတောင့်တင်းပြီး အတွင်းဘက်နယ်မြေ တစ်ခုလုံးတွင် အကိုင်းအခွဲများ ရှိပါသည်။ သူတို့နှင့်သာ ပူးပေါင်းပါက အမှန်တကယ်ကို ကောင်းမွန်သည့် ရွေးချယ်မှု ဖြစ်၏။
'ထန်းပေါင်စံအိမ်မှာ အစုပါ ကြည့်ရင်ရော။ အဲ့ဒါက စဉ်းစားဖို့ ထိုက်တန်တယ်..'
လီရွှမ်က ကိုယ့်ကိုယ်ကို ရေရွတ်သည်။ လက်ရှိအချိန်၌ အတွင်းဘတ်နယ်မြေ၏ စီးပွားရေးလောကတွင် ရှယ်ယာဝင်ခြင်းဟူသည့် အတွေးအခေါ်တို့ မရှိကြပေ။
ချန်ချင်းစံအိမ်က ဆေးလုံးများကို အသုံးပြုကာ ထန်းပေါင်စံအိမ်၏ အစုတစ်ခုကို ဝယ်ယူနိုင်ပါက တဖြည်းဖြည်းနှင့် ထန်းပေါင်စံအိမ်၏ စစ်မှန်သည့် ထိန်းချုပ်သူ ဖြစ်လာနိုင်မည်လား။
"ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူး.."
သို့ပေမယ့် ထန်းပေါင်စံအိမ်၏ အထက်ပိုင်းပုဂ္ဂိုလ် များမှာ အရူးများ မဟုတ်ကြပါ။ ချန်ချင်းစံအမ်သာ အစုတစ်ခုကို ဝယ်ယူလိုပါက လုံလောက်သည့် သန်မာမှုကို ပြသရန် လိုအပ်၏။ အားနည်းသူများတွင် ပူးပေါင်းမှုအတွက် ဆွေးနွေးရန် အခွင့်အာဏာ မရှိပါ။
ရွှီကျွင်းဟယ်က တံခါးဝသို့ ရောက်ရှိလာသည့် ထန်းပေါင်စံအိမ်မှ ကိုယ်စားလှယ်ကို ကြည့်ပြီး တောင်းပန်စွာပြောသည်။
"ဝမ်းနည်းပါတယ်... ပြီးခဲ့တဲ့ အခေါက်တုန်းက ခင်ဗျားတို့ကို စမ်းသပ်ဖို့ ပေးလိုက်တဲ့ ချီစုဆောင်းခြင်း ဆေးလုံးက အမှားပါသွားလို့။ အဲ့ဒါက ချီစုဆောင်းခြင်း ဆေးလုံးငယ်လေးပဲ ဖြစ်တယ်.."
ထန်းပေါင်စံအိမ်က ဆေးလုံးကို စမ်းသပ်ကြည့်လို၏။ ထို့ကြောင့် ရွှီကျွင်းဟယ်က စုလင်းရှုံကို ချီစုဆောင်းခြင်း ဆေးလုံးငယ်အား အထူး သန့်စင်ခိုင်းခဲ့လေသည်။ အာနိသင်မှာ စစ်မှန်သည့် ချီစုဆောင်းခြင်း ဆေးလုံး၏ ၅ပုံတစ်ပုံသာ ရှိ၏။
ထိုအာနိသင်နှင့် ထန်းပေါင်စံအိမ်အနေနှင့် အရမ်းကြီး စိတ်ဝင်စားမည် မဟုတ်ပါ။ သူတို့အစား ရောင်းချပေးရန် သေချာပေါက် သဘောတူမည် ဖြစ်၏။ ဤနည်းအားဖြင့် အစောပိုင်း သဘောတူညီချက်အား ရရှိလာခဲ့သည်။
အသေအချာပင်။ ချီစုဆောင်းခြင်းဆေးလုံး ပထမတစ်သုတ်က ရောင်းကုန်သွားခဲ့၏။ စိတ်ဝိဉာဉ်ပုံဆောင်ခဲတို့ များစွာ ရရှိလာခဲ့သည်။
သို့ပေမယ့် ချီစုဆောင်းခြင်း ဆေးလုံး၏ ရေပန်းစားမှုမှာ ထန်းပေါင်စံအိမ်မှ ဖုံးကွယ်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် ရွှီကျွင်းဟယ်က တောင်းပန်သည့်မျက်နှာဖြင့် ဆေးလုံးများ၏ မှားယွင်းမှုကို တစ်ခါတည်း အကြောင်းပြချက်ပေး၏။
ဤသည်မှာ သရုပ်ပြမှုတစ်ခုသာ ဖြစ်သည်။ နှစ်ဖက်စလုံးသည် အလိုလို နားလည်မှုတစ်ခု ရထားဟန်ပေါ်ပြီး အရမ်းကြီး ထုတ်ဖော်ပြောကြားခြင်း မရှိကြပေ။ ဤသည်မှာ စီးပွားရေးလုပ်ခြင်း၏ သဘောသဘာဝ ဖြစ်၏။
"အကိုရွှီ... ကိစ္စမရှိပါဘူး... အလုပ်တွေ များနေချိန်မှာ အမှားပါတာက ပုံမှန်ပါပဲ.."
ထန်းပေါင်စံအိမ်မှ ကိုယ်စားလှယ်က လက်ကို ဝှေ့ရမ်းသည်။ ပြီးနောက် ဒုတိယမြောက်အသုတ် ချီစုဆောင်းခြင်း ဆေးလုံးများ အကြောင်းကို ပြော၏။ အရေအတွက်မှာ ပထမတစ်သုတ်ထက် ပိုမိုများပါသည်။
ထန်းပေါင်စံအိမ်က ရက်ရောစွာဖြင့် ချန်ချင်းစံအိမ်မှ ရရှိနိုင်မည့် စိတ်ဝိဉာဉ်ပုံဆောင်ခဲ ခွဲတမ်းပမာဏကို တစ်ခါတည်း ပေးချေခဲ့၏။ သဘောတူညီချက်မှာ ပုံမှန်အတိုင်းပင် ရှိသည်။
ပြီးလျှင် ထန်းပေါင်စံအိမ်က ဆေးလုံးများကို မည်ကဲ့သို့ လည်ပတ်မည်မှာတော့ ခန့်မှန်းနိုင်ခြင်း မရှိပါ။
ရွှီကျွင်းဟယ်မှာ ဖိအားကို ခံစားလာရ၏။ ထန်းပေါင်စံအိမ်၏ ခွန်အားနှင့် ချန်ချင်းစံအိမ်ကိုသာ ပစ်မှတ်ထားပါက လက်ရှိအချိန်၌ ခုခံနိုင်စွမ်း မရှိမည်ကို သူနားလည်ပါသည်။ စွမ်းအားကြီးမားသည့် အင်အားကို အသုံးမပြုဘဲ စိတ်ဝိဉာဉ်ဆေးပင် အရင်းအမြစ်ကို ဖြတ်တောက်လိုက်လျှင်တောင် ထန်းပေါင်စံအိမ်မှ ထုတ်လုပ်နိုင်မည့် ဆေးလုံးပမာဏကို ကြီးစွာ လျော့ကျသွားစေမည် ဖြစ်သည်။
"ဆရာကြီး... ကျွန်တော်တော့ ပြဿနာအချို့ ရှိလာပြီလို့ ခံစားရတယ်။ ဥပမာအားဖြင့် - အချို့ စွမ်းအားကြီးတဲ့လူတွေ ချန်ချင်းစံအိမ်ကို ချိုးဖောက်ဝင်ရောက်ပြီး ဒန်ဆေးလုံးရဲ့ လျှို့ဝှက်ချက်ကို ခိုးယူချင်တာမျိုးပေါ့.."
ရွှီကျွင်းဟယ်က မျက်မှောင်ကျုံ့ကာ ပြော၏။
"ကိစ္စမရှိဘူး.."
လီရွှမ်က ထူးမခြားနားစွာ ဖြေကြားသည်။ ဆရာကြီးက အဆင်ပြေသည်ဟု ပြောလာရာ သေချာပေါက် ပြဿနာရှိမည် မဟုတ်ပေ။ ရွှီကျွင်းဟယ်က ထွက်ခွာသွား၏။
စုလင်းရှုံမှာ ကျိုးယင်၏ မူလအဆင့်ကို အဆင့်ချိုးဖျက်ရန်အတွက် ပြင်ဆင်ကာ ဆေးလုံးများကို သန့်စင်ပေးနေ၏။ သူမ ကိုယ်တိုင်မှာတော့ မူလအဆင့်၏ အသေးစားကျွမ်းကျင်မှုသို့ ရောက်ရှိရန် ဝေးကွာခြင်း မရှိတော့ပါ။
ဒုတိယမြောက် ဆေးလုံးများမှာလည်း ထုံးစံအတိုင်းပင် အလွန် အရောင်းသွက်ခဲ့၏။ ထန်းပေါင်စံအိမ်က ၎င်းတို့ကို အားလုံး ရောင်းချခြင်း မပြုပါ။ အဲ့ဒီ့အစား တစ်စိတ်တစ်ပိုင်းကို ချန်ထားကာ စတင် လေ့လာမှုပြု၏။ ဆေးလုံး၏ လျှို့ဝှက်ချက်တို့ကို ဖော်ထုတ်လိုလေသည်။
အတွင်းဘက်နယ်မြေရှိ အဓိက အင်အားစုကြီးများလည်း ချန်ချင်းစံအိမ်၏ တည်နေရာကို စတင် စုံစမ်းလာကြပြီး နောက်ခံတွင် မည်သည့်အင်အားစု ရှိသနည်းဟု သိလိုကြ၏။
ချန်းလန်ကျွန်း၏ အပြင်ဘက်တွင် ရွှီယန်၊ မုန့်ချုံနှင့် ရှဲ့လင်ဖုန်းတို့က နှုတ်ဆက်စကား ပြောကြသည်။ မည်သည့် စွမ်းအားကြီး သိုင်းသမားမှ ထပ်မံရောက်ရှိလာခြင်း မရှိပါ။ ထို့ကြောင့် ရွှီယန်က ဆက်လက် စောင့်စားနေခြင်း မပြုတော့ပေ။
သူသည် ခုနှစ်စင်ကြယ်အကယ်ဒမီသို့ သွားရန်စီစဉ်ထား၏။ မုန့်ချုံကို သိုင်းပညာစင်မြင့်များအား တက်ရောက် ယှဉ်ပြိုင်ခိုင်းကာ ကျမ်းစာဆောင်မှ သိုင်းကျမ်းများကို ကြည့်ရှု့စေမည် ဖြစ်သည်။
ဒီရက်များအတွင်းတွင် သူသည် ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့ကို ညွှန်ကြားချက်များ ပေးခဲ့၏။ နှစ်ယောက်စလုံး များစွာ ရရှိခဲ့ကြသည်။
အထူးသဖြင့် ရှဲ့လင်ဖုန်းဖြစ်သည်။ သူသည် သန့်စင်သော ဓားနှလုံးသားကို ဉာဏ်အလင်း ရလာနိုင်မည့် နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ခံစားရ၏။