← Chapters

ယင်လုံ့စံအိမ်သခင်

Vol. 20 Ch. 294

ယင်လုံ့စံအိမ်သခင်

Vol. 20 Ch. 294

ဤသည်မှာ ရွှီယန်၏ ခုနှစ်စင်ကြယ် အကယ်ဒမီသို့ ဒုတိယအကြိမ်မြောက် လာရောက်လည်ပတ်မှု ဖြစ်သည်။ သူ့အနေနှင့် သိုင်းပညာ ပညာရှင်အုပ်စုကို တွေးမိလိုက်၏။ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ထိုသူများသည် သူ၏ အတွင်းဘက်နယ်မြေအား မည်ကဲ့သို့ လှုပ်ခါစေခဲ့ပုံနှင့် အထွတ်အထိပ် စစ်ဘုရင်တို့ကို သတ်ဖြတ်ခဲ့ပုံတို့အား ကြားသိပြီးလောက်ပါပြီ။ဘဒီအချိန်၌ သူ့ကို သိုင်းသခင်အဆင့် သိုင်းသမားတစ်ယောက် မဟုတ်ဘဲ မူလအဆင့် သိုင်းသမားတစ်ယောက် ဖြစ်သည်ဟု နားလည်ပြီး ဖြစ်လောက်၏။

သိုင်းပညာကို လေ့လာသည့် ပညာရှင်များမှာ အလွန်ရူးသွပ်ကြသည်။ စစ်မှန်သည့် သိုင်းပညာက မျက်စိရှေ့သို့ ရောက်လာရာ မည်ကဲ့သို့ စိတ်မဝင်စားဘဲ နေမည်လဲ။

'ဆရာ သင်ပေးခဲ့ဖူးတယ်။ စစ်မှန်တဲ့ သိုင်းသမားတစ်ယောက်က ခွန်အားချည်းသက်သက် သုံးတတ်တာ မဟုတ်ဘူးတဲ့။ ငါက တကယ့်ကို စစ်မှန်တဲ့ သိုင်းသမားတစ်ယောက်ပဲ..'

ရွှီယန်က နှလုံးသားထဲတွင် ပြုံးပျော်သွားသည်။ ဘာပဲဖြစ်ဖြစ် ချန်ချင်းစံအိမ်တွင် သိုင်းသမားများ လိုအပ်နေပြီး သူ့အနေနှင့် အရာအားလုံးတို့ကို ကိုယ်တိုင် လိုက်လုပ်နေလို့ မရပေ။

ဆရာ၏ တိတ်ဆိတ်ငြိမ်သက်သည့် ဘဝကိုလည်း နှောက်ယှက်လိုခြင်း မရှိပါ။ ထို့ကြောင့် ဒီသိုင်းပညာပညာရှင်များမှာ အလွန် သင့်တော်သည့် ရွေးချယ်စရာ ဖြစ်လာ၏။

သူတို့သည် အလွန် ဇွဲလုံ့လကြီးကြသည်။ ကတိတစ်ခုပြုကာ ယုံကြည်မှုကို တည်ဆောက်ပြီးပါကလည်း သေချာပေါက် အပြင်းအထန် ကာကွယ်ကြမှာ ဖြစ်၏။

သူတို့၏ အသက်များကို ချန်းချင်စံအိမ်အတွက် စွန့်စားလိုကြမှာ ဖြစ်သည်။

သို့ရာတွင် သိုင်းပညာ ပညာရှင်များသည် ခုနှစ်စင်ကြယ်အကယ်ဒမီ၏ အခြေခံများထဲမှ တစ်ခုဖြစ်၏။ သူတို့ကို ခေါ်ထုတ်ရန်မှာ လွယ်ကူသည့်ကိစ္စ မဟုတ်ပါ။ ခုနှစ်စင်ကြယ်အကယ်ဒမီနှင့် ရန်ငြိုးရန်စပင် ဖြစ်စေနိုင်၏။

ခုနှစ်စင်ကြယ်အကယ်ဒမီမှာ သံသယဝင်စရာ မကောင်းလောက်အောင် စွမ်းအားကြီးမားပါသည်။ ရွှီယန်အနေနှင့် ကြောက်ရွံ့ခြင်း မရှိပေမယ့် ပြဿနာအချို့အား ရင်ဆိုင်ရမှာတော့ သေချာပေါက် ဖြစ်၏။

ထို့အပြင် ထိုပြဿနာများက အချိန်တစ်ခု ကြာလောက်မှာပါ။ ဆရာ၏ အေးဆေးသည့် ဘဝကိုပင် အနှောင့်အယှက် ဖြစ်စေနိုင်၏။

သို့ရာတွင် ယခုအချိန်၌ ဖူယွင်ထန်းက ခုနှစ်စင်ကြယ်အကယ်ဒမီသို့ သူ့အား ဖိတ်ခေါ်ကာ ခုနှစ်စင်ကြယ်အကယ်ဒမီ၏ ကျောင်းအုပ်က တွေ့လိုသည်ဟု ဆို၏။

ထိုအကြောင်းမှာ သူ၏ ပြီးခဲ့တုန်းက သိုင်းပညာ ဆွေးနွေးမှုနှင့် ပတ်သက်နေလောက်မှာ ဖြစ်သည်။ ဖြစ်နိုင်သည်မှာ ပူးပေါင်းမှုအချို့ကို ရရှိနိုင်လောက်၏။

ဘာပဲဖြစ်ဖြစ် ခုနှစ်စင်ကြယ်အကယ်ဒမီမှာ အခြားအင်အားစုများနှင့် ခြားနား၏။ သူတို့၏ ရွယ်ချက်မှာ သိုင်းပညာကို လေ့လာပြီး ဖြန့်ကျက်ရန် ဖြစ်သည်။

"စီနီယာအစ်ကို... ကျွန်တော် သိုင်းပညာစင်မြင့်ကို စိန်ခေါ်ချင်တယ်.."

မုန့်ချုံက စိတ်အားထက်သန်စွာဖြင့် ပြော၏။

"ကောင်းတယ်.."

ရွှီယန်က ခေါင်းငြိမ့်သည်။ မုန့်ချုံ၏ စွမ်းအားနှင့် အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့ပြီး ဖြစ်ရာ သိုင်းပညာစင်မြင့်ကို ဖြတ်ကျော်နိုင်မှာ သေချာ၏။ ဘာပဲဖြစ်ဖြစ် သူ၏ခွန်အားက သက်သေပြနေပြီးဖြစ်သည်။

ထို့ကြောင့် စင်မြင့်၏ အဆင့်၉တွင် အထွတ်အထိပ် စစ်ဘုရင်တစ်ယောက် စောင့်ကြပ်နေလျှင်တောင် အောင်မြင်စွာ ကျော်လွှားနိုင်ရန် ပြဿနာ မရှိပေ။

ခုနှစ်စင်ကြယ်အကယ်ဒမီ၏ သိုင်းပညာ စိန်ခေါ်ခြင်း စင်မြင့်သည် ထုံးစံအတိုင်းပင် စည်ကားလှ၏။ ယနေ့တွင် ဂတုံးပြောင်နှင့် လူငယ်တစ်ယောက် ရောက်ရှိလာပြီး ပြီးခဲ့သည့် ရွှီယန်အတိုင်းပင် ဥပမာယူကာ စင်မြင့်၏ အဆင့်ခုနစ်နှင့် အထက်သို့ တည့်မတ်စွာ လျှောက်သွား၏။

စင်မြင့်များကို စောင့်ကြပ်သည့် ခုနှစ်စင်ကြယ်အကယ်ဒမီမှ တပည့်များမှာ ဒေါသထွက်သွားကြသည်။

မုန့်ချုံသည် စင်ပေါ်သို့ပင် တက်ရောက်ခြင်းပင် မရှိပေ။ လက်တစ်ချောင်းကို ဝှေ့ရမ်းကာ လူကို လွင့်စင်ထွက်သွားစေ၏။

ထိုမြင်ကွင်းက အလွန် ရင်းနှီးလှပါသည်။ ခုနှစ်စင်ကြယ် အကယ်ဒမီမှ တပည့်များ အပါအဝင် သိုင်းသမားအားလုံးတို့သည် ထူးဆန်းသည့် မျက်နှာများဖြင့် ရှိနေကြသည်။

ဖြစ်နိုင်သည်မှာ ဒီကတုံးပြောင်တွင် ရွှီယန်နှင့် တူညီသည့် ဆရာတစ်ဦး ရှိနေသည်လား။ သူတို့က တိကျစွာ တူညီနေပါသည်။

ဖူယွင်ထန်းမှာ အကူအညီမဲ့နေ၏။ ဒီညီအစ်ကိုနှစ်ယောက်မှာ အမှန်တကယ်ကို တူကြသည်။ သူတို့၏ စင်မြင့်များအား စိန်ခေါ်ခြင်း နည်းလမ်းပင်လျှင် တူညီ၏။

"မိတ်ဆွေလေးရွှီ... မင်းရဲ့ဂျူနီယာညီက စိန်ခေါ်ခြင်းစင်မြင့်ကို ဖြတ်ကျော်စရာ မလိုဘူး။ ဒါက သူ့အတွက် အဓိပ္ပါယ်မရှိဘူး.."

ဖူယွင်ထန်းက သက်ပြင်းချစွာ ပြော၏။ အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်ကို လက်ဖြင့်ဖက်ကာ သတ်ခဲ့သည့် လူက စိန်ခေါ်ခြင်း စင်မြင့်ကို လာရောက်စိန်ခေါ်သည်မှာ အခြားလူများကို အနိုင်ကျင့်ခြင်း မဟုတ်ပါလား။

"ကျွန်တော့်ရဲ့ ဂျူနီယာညီလေးက ခုနှစ်စင်ကြယ်အကယ်ဒမီရဲ့ သိုင်းပညာကျမ်းစာဆောင်ကို ဝင်ချင်လို့။ ဒါကြောင့်မို့လို့ စင်မြင့်တွေကို စိန်ခေါ်ဖို့ လိုအပ်တယ်.."

ရွှီယန်က လေးနက်သည့် မျက်နှာဖြင့် ပြောသည်။

"ဒီနေ့မှာ ချွင်းချက်အဖြစ် ထားပေးတယ်... မင်းရဲ့ဂျူနီယာညီလေး ကျမ်းစာဆောင်ထဲကို ဝင်လို့ရတယ်.."

ဖူယွင်ထန်းက ဆန္ဒမရှိစွာဖြင့် ပြော၏။

"ဒါက မသင့်တော်ဘူး... ခုနှစ်စင်ကြယ်အကယ်ဒမီရဲ့ စည်းမျဉ်းတွေကို လေးစားသင့်တယ်။ သူက ကျွန်တော့်ရဲ့ ဂျူနီယာညီဖြစ်တာနဲ့ စိန်ခေါ်ခြင်းစင်မြင့်တွေကို ရှောင်ရှားနိုင်တယ်လို့ အခြားလူတွေအတွက် အတွေးမဝင်စေချင်ဘူး.."

"အဲ့လိုဆိုရင် ကျွန်တော့်ရဲ့ ဂျူနီယာညီလေးကို စင်မြင့်တွေကို ဖြတ်ကျော်ဖို့အတွက် အရည်အချင်း မရှိဘူးလို့ တွေးကြလိမ့်မယ်.."

ရွှီယန်က ခေါင်းကိုရမ်းကာ ငြင်းဆန်၏။

ဖူယွင်ထန်း၏ ပါးစပ်က ပွင့်ဟနေ၏။ သူ့အနေနှင့် မည်သည်ကို ပြောရမည်မသိ ဖြစ်နေပါသည်။ စည်းမျဉ်းများမှာ ချိုးဖျက်ဖို့ရာ ပြုလုပ်ထားသည် မဟုတ်ပါလား။ ဤသည်မှာ တစ်ဖက်လူပြောခဲ့သည့် စကားဖြစ်သည်။

ယခုအချိန်၌ စည်းမျဉ်းများကို နာခံရန် ပြောလာခဲ့၏။

ထင်ထားသည့်အတိုင်းပင်။ မုန့်ချုံသည် စိန်ခေါ်ခြင်းစင်မြင့် ၉လွှာလုံးကို အလွယ်တကူ ဖြတ်ကျော်ခဲ့၏။

ကြည့်ရှု့နေသူများကို မှင်သက်စွာ ကျန်ရစ်စေခဲ့သည်။

"ဒါက ကျမ်းစာစံအိမ်ပဲ။ ၉လွှာကိုလည်း မင်းအတွက် ဖွင့်ပေးထားတယ်.."

ဖူယွင်ထန်းက ရွှီယန်နှင့် မုန့်ချုံတို့ကို ခေါ်ကာ ကျမ်းစာစံအိမ်၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။

"ဂျူနီယာညီလေး... ၉လွှာကို တစ်ခါထဲသွားပြီး ကြည့်ကြည့်လှည့်။ နောက်ပိုင်း အချိန်ရတော့မှ ကျန်တဲ့အလွှာတွေက စာအုပ်တွေကို လေ့လာကြည့်ပေါ့.."

ရွှီယန်က ပြော၏။

"ကောင်းပါပြီ.."

မုန့်ချုံက ခေါင်းငြိမ့်သည်။ သူသည် ကျမ်းစာစံအိမ်အတွင်းသို့ ဝင်ရောက်ကာ ၉လွှာရှိ ခန်းမဆီသို့ တည့်မတ်စွာ သွားရောက်၏။

"မိတ်ဆွေလေးရွှီ... ငါနဲ့လိုက်ခဲ့... ကျောင်းတော်သခင်က မင်းကို တွေ့ချင်နေတယ်.."

ဖူယွင်ထန်းက ဖိတ်ခေါ်သည့် အသွင်ဖြင့် ပြော၏။

ဖူယွင်ထန်း၏ ဦးဆောင်မှုအောက်တွင် ရွှီယန်သတစ်ယောက် ခုနှစ်စင်ကြယ်အကယ်ဒမီ၏ အဓိကနေရာဆီသို့ ရောက်ရှိလာခဲ့သည်။

"မိတ်ဆွေလေးရွှီ... မင်းက မူလအဆင့်မှာမလား... သိုင်းသခင်အဆင့် မဟုတ်ဘူးလား.."

လမ်းတလျှောက်တွင် ဖူယွင်ထန်းက မေး၏။

"ဟုတ်တယ်... ကျွန်တော်အရင်က ပြောခဲ့သလိုပဲ.."

ရွှီယန်က ခေါင်းငြိမ့်၏။

ဖူယွင်ထန်းလည်း ခေါင်းငြိမ့်သည်။

"အဲ့ဒါကို ဘယ်နေရာကနေ သင်ခဲ့တာလဲမသိဘူး.."

"ကျွန်တော်ရဲ့ဆရာက သေမျိုးလောကကို ကျော်လွန်နေခဲ့ပြီးပြီ။ ကျွန်တော်ပြောရင်တောင် သိမှာမဟုတ်ဘူး.."

ရွှီယန်က မထူးမခြားနားစွာ ဖြေ၏။ နှစ်ယောက်သားသည် တိတ်ဆိတ်သည့် ခြံဝန်းမြေနေရာ တစ်ခုကို ဖြတ်ကျော်ပြီးနောက် အိုဟောင်းကာ ယိုယွင်းလုနီးပါးရှိနေသည့် ခုနှစ်စင်ကြယ်အကယ်ဒမီ၏ နောက်ရှိ ခြံဝန်းတစ်ခုသို့ ရောက်ရှိလာခဲ့သည်။

ခြံဝန်းအတွင်းတွင် အဆင့်၇ စိတ်ဝိဉာဉ်လက်ဖက်ရွက်ပင်တစ်ခု ရှိ၏။ ၃မီတာလောက် မြင့်မားပြီး အရွက်များက ဝေဆာကာ အစိမ်းနက်ရောင် အဖူးများ ရှိသည်။

သစ်ပင်၏ အောက်တွင် ကျောက်စားပွဲတစ်ခုနှင့် အခြားအသုံးအဆောင်များ ရှိ၏။ ငွေအိုရောင်ဆံပင်နှင့် အဘိုးကြီးတစ်ယောက်ဟာ ခွေးခြေ(ထိုင်ခုံ)တစ်ခုပေါ်တွင် ထိုင်နေပြီး လက်ဖက်ရည်ကို စပ်နေပါသည်။

ရွှီယန်၏ နှလုံးသားထဲတွင် အေးစက်မှုတစ်ခုကို ခံစားလိုက်ရ၏။ ဒီအဘိုးကြီးက အလွန် သန်မာပါသည်။

နတ်ဆိုးအရှင်သခင် ဟော်ထူထက် များစွာ ပိုမို သန်မာ၏။ သူ့အနေနှင့် တစ်ဖက်လူကို စစ်ဘုရင်အဆင့်၌ မဟုတ်တော့ဟုပင် ခံစားရသည်။

"မိတ်ဆွေလေး.. ထိုင်ပါဦး.."

အဘိုးကြီးဟာ သဘောကောင်းပုံပေါ်ပြီး အပြုံးတစ်ခုဖြင့် ပြော၏။

ရွှီယန်က ထိုင်လိုက်ပြီးနောက် တစ်ဖက်လူက သူ့ကို ကိုယ်တိုင် လက်ဖက်ရည် ငှဲ့ပေးသည်။

"ဒီလက်ဖက်ရည်ကို ဒီအပင်က စိတ်ဝိဉာဉ်လက်ဖက်နဲ့ စပ်ထားတာ။ ဒီအပင်က အရမ်းကို အသက်ကြီးရင့်နေပြီ။ ငါတို့ ခုနှစ်စင်ကြယ် အကယ်ဒမီရဲ့ တည်ထောင်သူ စိုက်ပျိုးခဲ့တာလို့ ပြောကြတယ်..."

အဘိုးကြီးက သူ၏ဘေးရှိ စိတ်ဝိဉာဉ်လက်ဖက်ပင်အား မိတ်ဆက်ပေး၏။ ဖူယွင်ထန်းက တိတ်ဆိတ်စွာ ရပ်နေပါသည်။ ရွှီယန်က လက်ဖက်ရည်ကို မြည်းစမ်းပြီးနောက် မေး၏။

"ဒီကပုဂ္ဂိုလ်ကို ဘယ်လိုခေါ်ရမလဲ မသိဘူး.."

"ပိုင်ယွင်ခုံးပါ... အချို့လူတွေကတော့ အဘိုးကြီးပိုင်လို့ခေါ်ကြတယ်.."

ခုနှစ်စင်ကြယ် အကယ်ဒမီ၏ ကျောင်းတော်သခင် ပိုင်ယွင်ခုံးက အပြုံးတစ်ခုဖြင့် ပြော၏။ ပြီးနောက် နေ့စဉ်ဆောင်တာ ကိစ္စများကို ရောက်တတ်ရာရာ ပြောကြသည်။ ခုနှစ်စင်ကြယ် အကယ်ဒမီအကြောင်းကို မိတ်ဆက်ပေးရင်းက ရွှီယန်၏ လက်ဖက်ရည်ကို ဖြည့်ပေး၏။

ဤနည်းအားဖြင့် နာရီဝက်လောက် ကြာသွားခဲ့သည်။ ထိုအခါမှသာ မေးခွန်းကို မေး၏။

"မိတ်ဆွေလေး... မေးပါရစေ... မူလအဆင့်ရဲ့ အထက်မှာ ဘာအဆင့်ရှိတာလဲ.."

All Chapters