ယင်လုံ့စံအိမ် သခင်(၂)
Vol. 20 Ch. 295
ထိုအချိန်၌ ပိုင်ယွင်ခုံး၏ ပုံစံက အနည်းငယ် ပိုမိုလေးနက်လာခဲ့၏။
"ထုံးရွှမ်ပါ.."
ရွှီယန်က လက်ဖက်ရည်ခွက်ကို ချရင်းက ပြောသည်။
"ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ လျှို့ဝှက်ဆန်းကြယ်မှု.."
"ထုံးရွှမ်လား.."
ပိုင်ယွင်ခုံးက ကိုယ့်ကိုယ်ကို အကြိမ်အနည်းငယ် ရေရွတ်၏။
"မိတ်ဆွေလေး... သိုင်းသခင်အဆင့် သိုင်းပညာအပေါ် မင်းဘယ်လိုမြင်လဲ.."
ပိုင်ယွင်ခုံးက မေး၏။
ထိုအချိန်၌ ရွှီယန်ကအနည်းငယ် ခက်ခဲသွားသည်။
သူသည် တည့်တိုးဆန်စွာဖြင့် ၎င်းကို အတုအယောင်သိုင်းပညာဟု ပြောလိုက်သင့်သည်လား။ ရှေ့ရှိအဘိုးကြီးမှာ အလွန် စွမ်းအားကြီးမားလှပါသည်။ တစ်ဖက်လူသာ ဒေါသထွက်ကာ ရူးသွပ်သွားပါက အနည်းငယ် ပြဿနာများမှာ ဖြစ်၏။
ထို့အပြင် ဆရာဖြစ်သူကလည်း ၎င်းကို အတုအယောင်သိုင်းပညာ ဖြစ်သည်ဟု ပြောခဲ့ခြင်း မရှိပါ။ ခဏတာ စဉ်းစားပြီးနောက် ပြော၏။
"ကျွန်တော့မှာ ဘာအထူးအမြင်မှ မရှိပါဘူး။ ခြားနားတဲ့ လူတွေက ခြားနားစွာ ကျင့်ကြံကြတယ်။ သိုင်းပညာမှာ အတုတွေအစစ်တွေ ဆိုပြီးတော့ မရှိဘူး.."
ပိုင်ယွင်ခုံးက အနည်းငယ် ပြုံးသည်။ ရွှီယန်အနေနှင့် သိုင်းပညာတွင် အစစ်အမှန် သို့မဟုတ် အတုအယောင်တို့ မရှိဟု ပြောနေပေမယ့် သိုင်းသခင်အဆင့် သိုင်းသမားများ၏ သိုင်းပညာမှာ သူ၏ မျက်လုံးထဲတွင် အတုအယောင် သိုင်းပညာကဲ့သို့ ရှိနေပါသည်။
"သိုင်းပညာမှာ အစစ်အမှန် သို့မဟုတ် အတုအယောင် မရှိဘူး.."
ပိုင်ယွင်ခုံးက ရယ်ကာ ပြော၏။
"ခုနှစ်စင်ကြယ် အကယ်ဒမီကို တည်ထောင်ခဲ့တာက သိုင်းပညာကို လေ့လာဖို့ပဲ။ ယနေ့ခေတ်ရဲ့ အတွင်းဘက်နယ်မြေမှာ လှည့်လည်နေတဲ့ သိုင်းပညာများစွာကို ဒီနေရာကနေပဲ အစဖော်ခဲ့တာ.."
"ခုနှစ်စင်ကြယ် အကယ်ဒမီရဲ့ ရည်ရွယ်ချက်က သိုင်းပညာကို လေ့လာဖို့.. သိုင်းပညာရဲ့ အနှစ်သာရကို စူးစမ်းဖို့ပဲ။ ဘယ်သိုင်းပညာကိုပဲ ဖြစ်ဖြစ် အစွဲအလန်း မထားဘဲ လေ့လာခဲ့ကြတယ်.."
"သတ်ဖြတ်ခြင်း အတတ်တွေတောင်မှပေါ့... အဲ့ဒါတွေက မိုးကောင်းကင်ကို ထိခိုက်စေပြီး ကာမဆိုးကို ဖန်တီးလို့ လက်ဆင့်မကမ်းဘူး ဆိုရင်တောင် လေ့လာတာကို မရပ်တန့်ခဲ့ဘူး။ အဲ့ဒီ့ထဲကနေပြီး အသုံးဝင်တဲ့ တစ်ခုခုကို ရှာဖွေနိုင်ဖို့ မျှော်လင့်ခဲ့တယ်။ သိုင်းပညာကျင့်စဉ် အသစ်တစ်ခုကို ဖန်တီးနိုင်ဖို့ ရည်ရွယ်ခဲ့တယ်.."
"သိုင်းပညာ လျှို့ဝှက်အတတ်များစွာက ငါတို့ခုနှစ်စင်ကြယ်အကယ်ဒမီ အတွက် ကြီးမားတဲ့ အကျိုးပြုမှုတွေကို ဖြစ်စေခဲ့တယ်။ အချို့ လျှို့ဝှက်ချက်တွေက အရမ်းကို မြင့်မားတဲ့ တန်ဖိုးနဲ့အတူ လာကြတယ်။ အဲ့ဒါတွေကို သတ်ဖြတ်ခြင်း အတတ်တွေကနေ သုတေသနပြုခဲ့တာဖြစ်ပြီး အန္တရာယ်ကျရောက်တဲ့ အချိန်မှာ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ အသုံးပြုစေတယ်။ ရန်သူနဲ့တောင် အတူတူ သေဆုံးရစေတယ်.."
ပိုင်ယွင်ခုံး၏ အဓိပ္ပါယ်ကို ရွှီယန် နားလည်ပါသည်။ ခုနှစ်စင်ကြယ်အကယ်ဒမီ၏ ရည်ရွယ်ချက်မှာ သိုင်းပညာ၏ အဆီအနှစ်ကို စူးစမ်းရှာဖွေရန် ဖြစ်၏။ သူတို့သည် ခြားနားသည့် သိုင်းပညာအပေါ် ရန်လိုမှုရှိမည်မဟုတ်ပါ။
ပိုင်ယွင်ခုံးက ဆက်လက်ပြောသည်။
"ဒါပေမယ့် ငါတို့ သိုင်းပညာပညာရှင်တွေရဲ့ လေ့လာမှုတွေနဲ့ သိုင်းပညာနဲ့ လျှို့ဝှက်အတတ် ဖန်တီးမှုတွေ ဘယ်လောက်ပဲရှိရှိ လုံးဝ ပြောင်းလဲသွားတယ်ဆိုတာ မရှိခဲ့ဖူးဘူး.."
"ငါတို့က တည်ရှိနေတဲ့ သိုင်းပညာစနစ်ရဲ့ ဘောင်ထဲကနေ မရုန်းထွက်နိုင်သေးဘူး။ အဲ့ဒီ့ ဘောင်ထဲကနေပြီး ခုန်ထွက်ဖို့ ကြိုးစားခဲ့တဲ့ ပညာရှင်အချို့ ရှိခဲ့ဘူးတယ်။ ဒါပေမယ့် အားလုံး ကျရှုံးခဲ့ကြတယ်.."
ရွှီယန်၏ ပေါ်လာမှုက ခုနှစ်စင်ကြယ် အကယ်ဒမီရှိ သိုင်းပညာ ပညာရှင်များစွာတို့၏ အာရုံကို ဖမ်းစားသွား၏။ ဤသည်မှာ အတွင်းဘက်နယ်မြေမှ သိုင်းပညာကဲ့သို့ မဟုတ်ပေ။ တည်ရှိနေသည့် သိုင်းပညာနှင့် ခြားနားနေ၏။
သိုင်းပညာရှင် အားလုံးတို့ကို ရူးသွပ်လုနီးပါး ဖြစ်စေခဲ့သည်။ သူတို့၏ မျက်လုံးထဲတွင် လောကသစ်တစ်ခုကို ရှာတွေ့ခြင်းထက် ပိုမိုဆွဲဆောင်မှုရှိတာ ဘာမှမရှိပါ။
"ဒါဆိုရင်... ဘာကိုဆိုလိုချင်တာလဲ မသိဘူး.."
ရွှီယန်က မျက်တောင်ခတ်ကာ မေး၏။
"မင်းငါတို့ ခုနှစ်စင်ကြယ်အကယ်ဒမီရဲ့ စီနီယာပညာရှင်တစ်ယောက် ဖြစ်လာချင်လား။ စိတ်မပူပါနဲ့။ အခြားဘာကန့်သတ်ချက်မှ မရှိပါဘူး။ သိုင်းပညာအပေါ် စိတ်ကူးစိတ်သန်းတွေကို ဖလှယ်တာပဲ ရှိလိမ့်မယ်.."
ခဏတာ တုံ့ဆိုင်းနေပြီးနောက် ပိုင်ယွင်ခုံးက ထပ်ပေါင်းပြောသည်။
"ခုနှစ်စင်ကြယ် အကယ်ဒမီက မင်းရဲ့ သိုင်းပညာစနစ်ကို ခိုးယူချင်တယ်လို့ ထင်ကောင်းထင်လိမ့်မယ်။ ဒါကြောင့်မို့လို့ ငြင်းဆန်ရင်လည်း နားလည်နိုင်ပါတယ်.."
ရွှီယန်က လွတ်လပ်စွာ ရယ်မောပြီးပြော၏။
"ဘာလို့ ငြင်းဆန်မှာလဲ... ဒါပေမယ့် ကျွန်တော့မှာ အခြေအနေတစ်ခု ရှိတယ်.."
သိုင်းပညာ ပျံ့နှံ့သွားမည်ကို စိုးရိမ်သည်လား။ ရွှီယန်တွင် ထိုကိစ္စအတွက် ငြင်းဆန်လိုစိတ် မရှိပါ။ ဆရာဖြစ်သူသည် အစကတည်းက လောကကြီးကို သိုင်းပညာ ဖြန့်ကျက်စေရန် နှလုံးသားရှိ၏။ စွန့်ပစ်ဒေသတွေတောင် ဖြန့်ကျက်ပေးခဲ့ရာ အတွင်းဘက်နယ်မြေမှာလည်း အဘယ်ကြောင့် မဖြန့်ကျက်ဘဲ နေမည်လဲ။
"အင်း... ဒါဆိုရင် မင်းရဲ့အခြေအနေက ဘာလဲ။ ကျေးဇူးပြုပြီး ပြောပါ.."
ပိုင်ယွင်ခုံးက အနည်းငယ် အံ့သြသွားပြီး မေးသည်။
ထို့နောက် ထပ်ပေါင်းပြော၏။
"ဒါနဲ့ မင်းရဲ့ဆရာက သိုင်းပညာကို ဖြန့်ကျက်ဖို့ အတွက် ခွင့်ပြုချက်ပေးထားလို့လား... ငါ့ရဲ့တောင်းဆိုချက်ကြောင့် စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖျက်သလို ဖြစ်နေမှာစိုးလို့ မေးတာ.."
"ကျွန်တော်ရဲ့ဆရာက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ... သိုင်းပညာကို လောကတစ်ခုလုံး ပျံ့နှံ့သွားစေလဲ ဘာအရေးလဲ.."
ရွှီယန်က ရယ်၏။ ပိုင်ယွင်ခုံးက နှလုံးသားထဲတွင် အံ့သြသွားသည်။ ထို့နောက် လေးနက်စွာ ပြော၏။
"ငါ.. မင်းရဲ့ ဆရာကြီးကို ကိုယ်တိုင်တွေ့ဆုံပြီး အကြံဉာဏ်အချို့ တောင်းခံခွင့် ရှိနိုင်မလား မသိဘူး.."
"အဲ့လိုဆိုရင်တော့ ဆရာ့ကို မေးဖို့ လိုအပ်ဦးမယ်.."
ရွှီယန်က ခေါင်းကိုရမ်းကာ ပြောသည်။
"လိပ်အိုကြီးပိုင်... မင်းကဒါတော့ မမျှတဘူး။ မိတ်ဆွေလေးရွှီ ရောက်နေတာကို စကားတစ်ခွန်းမှ လှမ်းအကြောင်းမကြားဘူး။ ငါသိသွားမှာကို ကြောက်လို့ ဖုံးကွယ်ထားတာလား.."
ရုတ်တရက် ဖရိုဖရဲနှင့် ရှုပ်ထွေးသည့် ဆံပင်များရှိကာ မျက်ကွင်းများ ညိုနေသည့် အဘိုးအိုတစ်ယောက် ဝင်ရောက်လာခဲ့သည်။
တစ်ချက်ကြည့်သည်နှင့် တစ်ဖက်လူမှာ သိုင်းပညာ ပညာရှင် ဖြစ်ကြောင်းအား ရွှီယန်သိလိုက်၏။ ပိုင်ယွင်ခုံးထက် မနိမ့်ကျသည့် ခွန်အားကို ပိုင်ဆိုင်ထားသည်။
ရွှီယန်က တိတ်တဆိတ် ပြုံးသည်။ ခုနှစ်စင်ကြယ်အကယ်ဒမီသို့ သူ၏ခရီးစဉ်မှာ ထင်ထားသည်ထက် ပိုမိုချောမွေ့ခဲ့၏။ သိုင်းပညာပညာရှင် အနည်းငယ်တို့ကို ခေါ်ဆောင်သွားရန်မှာ ပြဿနာရှိခြင်း လုံးဝမရှိပါ။ ခုနှစ်စင်ကြယ်အကယ်ဒမီနှင့် ပူးပေါင်းရန်မှာတော့ သူအနေနှင့် မစဉ်းစားပေးစရာ မရှိပေ။
စီနီယာ သိုင်းပညာပညာရှင် ဟူသည့် ဘွဲ့အမည်ကို ခံယူတာကလွဲ၍ အခြားပဲ့ပါသွားတာ ဘာမှမရှိပေ။
ယွမ်ချီဆေးလုံး ဒုတိယအသုတ်ကို ရောင်းချချိန်၌ စွမ်းအားကြီးမားသည့် အဖွဲ့အစည်းများက ချက်ချင်းပင် လှုပ်ရှားလာခဲ့သည်။ သူတို့၏ အဆက်အသွယ်များကို အသုံးပြုကာ ဦးစားပေး ဝယ်ယူနိုင်ရန်အတွက် ထန်းပေါင်စံအိမ်သို့ ဆက်သွယ်လာကြ၏။
ကြီးမားသော နောက်ခံမရှိသည့် သိုင်းသခင်အဆင့် သိုင်းသမားများမှာတော့ ချီစုဆောင်းခြင်း ဆေးလုံးများ နောက်ထပ်တစ်ကြိမ် ရောင်းကုန်သွားသည်ကိုသာ အကူအညီမဲ့စွာ ကြည့်နေကြရသည်။
ရလဒ်အနေနှင့် သူတို့၏ ချန်ချင်းစံအိမ်သို့ ရှာဖွေလိုသည့် စိတ်ကူးအား၂ဆတိုးကာ အကောင်အထည် ဖော်လာကြ၏။
အဓိက အဖွဲ့အစည်းများလည်း သတင်းအချက်အလက် ကွန်ယက်များကို အသုံးပြုကာ ချန်ချင်းစံအိမ်နှင့် ပတ်သက်ပြီး အကြောင်းအရာများကို စုစည်းကြသည်။
လန်းဖင်စီရင်စုရှိ ထယ်ရှန်းမြို့သည် ယွဲ့နိုင်ငံ၏ အုပ်စိုးမှုအောက်တွင် ရှိ၏။ အုပ်ချုပ်သူမှာ ယွဲ့နိုင်ငံ၏ လက်အောက်ခံတစ်ယောက် ဖြစ်ပြီး ထယ်ရှန်းမြို့တွင်ရှိသည့် ချန်ချင်းစံအိမ်ကို အသုံးပြုကာ အုပ်ချုပ်သူက အခွင့်အရေးယူပြီး သူ့ကိုသူ နာမည်တစ်ခုရအောင် ပြုလုပ်လိုလေသည်။ ယွဲ့နိုင်ငံ၏ မြို့တော်ဆီသို့ ကိုယ်တိုင်သွားရောက်၏။
ချီစုဆောင်းခြင်းဆေးလုံး၏ ပေါ်ပေါက်လာမှုမှာ အတွင်းဘက်နယ်မြေ၏ သိုင်းလောကကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ အဖွဲ့အစည်းများစွာတို့က တစ်ခုခုထူးခြားရန် မျှော်လင့်နေကြ၏။
ယွဲ့နိုင်ငံ၏ မြို့တော်တွင်... လက်ရှိ ဧကရာဇ်က စာဖတ်ခန်းအတွင်း၌ လက်ထဲရှိ ချီစုဆောင်းခြင်း ဆေးလုံးကို ကြည့်ရှု့နေ၏။
"ချန်ချင်းစံအိမ်နဲ့ ပတ်သက်ပြီး ဘာသတင်းများ ရသေးလဲ.."
မိန်းမစိုးတစ်ယောက်က အရိပ်အတွင်းမှ ရုတ်တရက် ထွက်လာခဲ့သည်။
"အရှင်မင်းကြီး... ဘာသတင်းမှ မရသေးပါဘူး.."
ထိုအချိန်၌ နောက်ထပ် မိန်းမစိုးတစ်ယောက် စာဖတ်ခန်းအတွင်းသို့ ဝင်ရောက်လာကာ ထယ်ရှန်းမြို့၏ အုပ်ချုပ်သူက ထန်းရီအစောင့်မှတစ်ဆင့် အရေးကြီးသည့် သတင်းအချက်အလက် တစ်ခုကို တင်ပြလာသည်ဟု အကြောင်းကြားသည်။
ထန်းရီအစောင့်မှာ ယွဲ့နိုင်ငံ တော်ဝင်မိသားစု၏ အထူးလုံခြုံရေး တပ်ဖွဲ့ဖြစ်သည်။ ဧကရာဇ်၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင် ရှိ၏။
ယွဲ့နိုင်ငံ၏ ဧကရာဇ်က တင်ပြလာသည့် သတင်းကို ကြည့်ကာ သူ၏မျက်လုံးများက ချက်ချင်းပင် လင်းလက်သွားသည်။ ချန်ချင်းစံအိမ်သည် ထယ်ရှန်းမြို့တွင် ရှိနေ၏။ ထို့အပြင် ကြည့်ရတာ အထူးစွမ်းအားကြီး သန်မာနေခြင်း မရှိသည့်ပုံ ရှိသည်။
"ငါတို့တွေ ထိန်းချုပ်ရမယ်.."
ဧကရာဇ်က ချက်ချင်းပင် အမိန့်ပေး၏။
"ထန်းရီအစောင့်တွေကို အမိန့်ပေးလိုက်။ ချန်ချင်းစံအိမ်က ငါတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ အသေအချာ ရှိနေရမယ်။ ယွဲ့နိုင်ငံရဲ့ ပိုင်နက်အတွင်းမှာ ရှိနေသ၍ ငါ့ရဲ့အမိန့်ကို နာခံရမယ်။ မြန်မြန်လေးလုပ်.."
ဧကရာဇ်၏ အမိန့်နှင့်အတူ ထန်းရီအစောင့်ရှိ စွမ်းအားကြီးပုဂ္ဂိုလ် တစ်ဦးသည် ထိုနေ့မှာပင် လူန်းစုနှင့် တိတ်ဆိတ်စွာ ထွက်ခွာခဲ့၏။ ဧကရာဇ်အမိန့်တော်ကို ကိုင်ဆောင်ကာ မြို့တော်မှ လျှင်မြန်စွာ ရွေ့လျားသွားပြီး အခြားအဖွဲ့အစည်းများ၏ စောင့်ကြည့်မှုများကို ရှောင်ရှားခဲ့သည်။
အတွင်းဘက်နယ်မြေရှိ နေရာတစ်ခုတွင်... မတ်ဆောက်သည့် တောင်ထွတ်တစ်ခုပေါ်၌ မြင့်မားသည့် အဆောက်အအုံတစ်ခုကို ဆောက်လုပ်ထား၏။
ညှို့မှိုင်းသည့် ဂူအတွင်းတွင် စင်္ကြန်လမ်းနှင့် အရိပ်များအတွင်း၌ ဝတ်စုံနက်နှင့် လူများ ရပ်နေပါသည်။
အဆောက်အအုံ၏ ထိပ်ဆုံးအလွှာရှိ ကြီးမားသည့်ခန်းမတစ်ခု အတွင်းတွင် ဝတ်စုံနက်နှင့် ပုံရိပ်၇ခုတို့ ရပ်နေကြ၏။
ခန်းမ၏ ထိပ်ပိုင်းတွင် ကုလားထိုင်တစ်ခုရှိပြီး အဘိုးကြီးတစ်ယောက်က ထိုင်ကာ လမ်းလျှောက်တုတ်တံတစ်ချောင်းကို ထောက်ထားသည်။
သူ၏ပုံက အိုမင်းနေပုံရှိပြီး မျက်လုံးများကို တစ်ဝက်ပိတ်ထား၏။ ဖြူဖွေးသော ဆံပင်များနှင့် အသက်အရွယ်ကြီးရင့်သည့် လက္ခဏာရပ်တို့ကို ပြသထားသည်။
သို့ရာတွင် အောက်ရှိ ၇ယောက်တို့မှာ အထွတ်အထိပ် စစ်ဘုရင်အဆင့်သို့ ရောက်ရှိနေလင့်ကစား တင်းကြပ်စွာ ရှိနေကြ၏။ မှားယွင်းသည့် စကားလုံးတစ်လုံးကြောင့် အပြစ်ဒဏ်ပေးခံရမည်ကို ကြောက်ရွံ့နေကြသည်။
သူတို့သည် ယင်လုံ့စံအိမ်သို့ စတင်ဝင်ရောက်စဉ်ကတည်းက အဘိုးကြီးမှာ ထိုကဲ့သို့သာ အမြဲရှိနေ၏။
းအမြဲတမ်း တူညီစွာ ရှိနေပါသည်။ အိုမင်းပြီး သေဆုံးသွားသည်ဟူ၍ မရှိပါ။ ယင်လုံ့စံအိမ်၏ သခင်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး သူ၏ခွန်အားကလည်း အလွန်ကြောက်ဖို့ကောင်းလှသည်။ အထွတ်အထိပ် စစ်ဘုရင်များပင်လျှင် သူ၏ရှေ့တွင် တုန်ခါကြရ၏။
"အထွတ်အထိပ် စစ်ဘုရင် ၃ယောက် သေဆုံးသွားခဲ့ပြီးပြီ.. ဘာသတင်းအချက်အလက်မှ မရသေးဘူးလား.."
ယင်လုံ့စံအိမ်သခင်က ခံစားချက်မဲ့သည့် အသံဖြင့် ပြော၏။ သူ၏;စိတ်အခြေအနေကို ခန့်မှန်းရခက်နေပါသည်။
အောက်ရှိ အထွတ်အထိပ် စစ်ဘုရင်၇ယောက်တို့မှာ အသက်ကိုပင် ရဲရဲမရှူရဲကြပေ။ ခေါင်းများကိုသာ ငုံ့ထားကြ၏။
"ကျောက်တုံးတစ္ဆေမြက်ရဲ့ ရတနာနယ်မြေက လူတွေ အကုန်သေကုန်ကြတယ်။ ကျောက်တုံးတစ္ဆေမြက်လည်း မရှိတော့ဘူး။ ပြီးတော့ ဘားမှသဲလွန်စမှ မရှိဘူးတဲ့လား.."
ယင်လုံ့စံအိမ်သခင်က ဆက်လက်ပြော၏။ ဝတ်စုံနက်များထဲမှ တစ်ယောက်က တိုးညှင်းစွာပြောသည်။
"အချို့လက္ခဏာရပ်တွေကို ကြည့်ခြင်းအားဖြင့် ကျောက်တုံးတစ္ဆေမြက် နေရာက ကိစ္စက ရွှီယန်နဲ့ ပတ်သက်နေပုံ ပေါ်ပါတယ်.."
"သူအခု ဘယ်မှာလဲ.."
ယင်လုံ့စံအိမ်သခင်က မထူးမခြားနားသည့် အသံဖြင့် မေးသည်။ သူ၏ စိတ်အခြေအနေကို ခန့်မှန်းနိုင်ခြင်း မရှိပေမယ့် ဒီကိစ္စကို ကိုယ်တိုင်ကိုင်တွယ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်းအား အောက်ရှိ လူ၇ယောက်လုံးသိကြ၏။
"သူခုနှစ်စင်ကြယ် အကယ်ဒမီကို သွားပါတယ်.." တစ်ယောက်ယောက်က ဖြေကြားသည်။
"သူက အရေးမကြီးဘူး... ဒီနေရာမှာ စုလင်းရှုံက အဓိကအချက်ပဲ။ ငါတို့တွေ သူမကို ဘာတန်ဖိုးပဲပေးရပေးရ ရှာရမယ်။ ဘာနည်းလမ်းပဲသုံးရသုံးရ တွေ့အောင်လုပ်ရမယ်။ မင်းတို့ နားလည်လား.."
ရွှီယန်၏ ခုနှစ်စင်ကြယ်အကယ်ဒမီသို့ ရောက်ရှိနေသည်ဟူသည့် အကြောင်းကို ကြားရပြီးနောက် ယင်လုံ့စံအိမ်သခင်သည် ရွှီယန်ကို သွားရှာမည့်စိတ်ကူးကို လက်လျှော့လိုက်သည်။ အဓိကတာဝန်မှာ စုလင်းရှုံကို ရှာဖွေရန်ဖြစ်၏။
"ဟုတ်ကဲ့ပါ သခင်ကြီး.."
၇ယောက်လုံးက အမြန်ပြန်ကြားကြသည်။
ထို့နောက် တစ်ယောက်က ပြော၏။
"သခင်ကြီး... ထန်းပေါင်စံအိမ်မှာ ချီစုဆောင်းခြင်းဆေးလုံးလို့ခေါ်တဲ့ ဆေးတစ်မျိုးကို ရောင်းချနေပါတယ်။ သိုင်းသခင်အဆင့် သိုင်းသမားတွေရဲ့ ကျင့်ကြံမှုမှာ သိသိသာသာ အရှိန်မြှင့်တင်ပေးနိုင်တယ်။ ဖြစ်နိုင်တာက စုလင်းရှုံနဲ့များ ပတ်သက်နေမလား.."
"သူမက ငယ်စဉ်ကတည်းက ဆေးပညာကို လေ့လာသင်ကြားပြီး ဆေးကုနိုင်ခဲ့တယ်။ ဆေးဘုရင်ရဲ့ သင်ကြားမှုကိုလည်း ခံခဲ့ရတယ်။ ပြီးတော့..."
ယင်လုံ့စံအိမ်သခင်က တင်ပြသည့်လူကို ကြည့်၏။
"ချီစုဆောင်းခြင်း ဆေးလုံးတွေရဲ့ အရင်းအမြစ်ကိုရှာဖွေ။ လိုအပ်ရင် ဘယ်နည်းလမ်းမဆိုကိုသုံး.."
"ဟုတ်ကဲ့ပါ သခင်ကြီး.."
ယင်လုံ့စံအိမ်သခင်က လက်ကိုဝှေ့ရမ်းသည်။
"သွားကြ.."
၇ယောက်သားဟာ ဦးညွှတ်ပြီး ဆုတ်ခွာသွားကြ၏။
မြင့်မားသည့် အဆောက်အအုံမှ ထွက်ခွာကာ အဘက်ဘက်မှ သတင်းများကို ရှာဖွေစုံစမ်းသည်။ ယင်လုံ့စံအိမ်သခင်သည် မြင့်မားသည့် အဆောက်အအုံတွင် တစ်ယောက်တည်း ထိုင်နေ၏။ညသူ၏မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ ယခုအချိန်၌ အနည်းငယ် မှိန်ဖျနေပုံပေါ်သည့် သူ၏မျက်လုံးများက ကြောက်စရာကောင်းသည့် အလင်းတစ်ခု လင်းလက်လာခဲ့၏။
"ငါ့ကိုဘယ်သူမှ တားလို့မရဘူး... ဒီလောက် အကြာကြီးတောင် စောင့်ခဲ့ရတာ။ သူမက ငါ့ရဲ့တစ်ဦးတည်းသော အခွင့်အရေးပဲ။ လင်းယွီရဲ့ဂိတ်ကို မဝင်ဘဲနဲ့ ဒဏ္ဍာရီဆန်တဲ့ ကောင်းကင်လူသားအဆင့်ကို ဘယ်လိုလုပ်ပြီးတော့ တက်လှမ်းနိုင်မှာလဲ.."
"ရွှီယန်ပဲဖြစ်ဖြစ်.. ဘယ်သူပဲဖြစ်ဖြစ် ငါ့ကိုတားဆီးရဲတဲ့ ဘယ်သူမဆို သေချာပေါက် သေဆုံးရမယ်.."
အေးစက်သည့်အသံသည် လူသတ်ငွေ့တို့ဖြင့် ပြည့်နက်နေပြီး ယင်လုံ့စံအိမ်၏ သခင်ဆီမှ ထွက်ပေါ်လာခဲ့၏။