မုန်တိုင်း၏ အစပျိုးလာမှု၊ လျှို့ဝှက်ဆန်းကြယ်သည့် ယင်လုံ့စံအိမ်(၂)
Vol. 20 Ch. 297
သို့ရာတွင် သူ့အနေနှင့် မည်မျှပင် သန်မာစေကာမူ သိုင်းသခင် နှစ်ယောက်သုံးယောက်တို့ကို ထိန်းထားခြင်းမှာ အကန့်အသတ်သို့ ရောက်ရှိနေပါပြီ။
အောက်ရှိ ကျိုးယင်က ချက်ချင်းပင် စိုးရိမ်သွား၏။ ထိုအချိန်၌ ဓားအလင်းတစ်ခု ဖြတ်သန်းလာခဲ့သည်။
"ဘုန်း.."
ကြီးစိုးသည့် ဓားအလင်းက သိုင်းသခင်အဆင့် သိုင်းသမားတစ်ယောက်ကို လျှပ်တပြက်အတွင်း သတ်ဖြတ်သွား၏။
စုလင်းရှုံနှင့် တိုက်ခိုက်နေသည့် ထန်းရီအစောင့်အဖွဲ့မှ စစ်ဘုရင်၏ ပုံစံက ရုတ်တရက် ပြောင်းလဲသွားသည်။
ခက်ထန်စွာ ပြော၏။
"ကြီးမြတ်သော ယွဲ့နိုင်ငံရဲ့ ထန်းရီအစောင့်တပ်ဖွဲ့က တိုင်းပြည်ရေးရာကို ကိုင်တွယ်နေတယ်... မင်းတို့က ငါတို့ မဟာယွဲ့နိုင်ငံရဲ့ အရေးကိစ္စမှာ ဝင်ပါချင်လို့လား.."
ယွဲ့နိုင်ငံမှာ အတွင်းဘက်နယ်မြေရှိ နိုင်ငံသုံးခုတို့ အကြားတွင် အသန်မာဆုံး ဖြစ်သည်။ အတွင်းဘက်နယ်မြေ တစ်ခုလုံးတွင် ယွဲ့နိုင်ငံ၏ အင်အားကို စိန်ခေါ်ရဲသည့် အဖွဲ့အစည်း အနည်းငယ်သာ ရှိ၏။
သို့ရာတွင် အေးစက်သည့် အသံတစ်ခု ရောက်ရှိလာခဲ့သည်။
"ထန်းရီအစောင့် ဖြစ်တော့ရော ဘာဖြစ်လဲ။ ယွဲ့နိုင်ငံရဲ့ဧကရာဇ် လာရင်တောင် ဘာအရေးလဲ.."
ထန်းရီအစောင့်တပ်ဖွဲ့ စစ်ဘုရင်၏ မျက်နှာက ပြောင်းလဲသွားသည်။ နောက်သို့ အလျှင်အမြန် ဆုတ်ခွာ၏။ အကွာအဝေးတစ်ခုသို့ ရောက်ရှိပြီးနောက် ညှို့မှိုင်းသည့်မျက်နှာဖြင့် ခေါင်းလှည့်ကြည့်သည်။
"မင်းက ငါတို့ယွဲ့နိုင်ငံရဲ့ အရေးကိစ္စတွေမှာ ဝင်ပါရဲတာလား။ ဘယ်သူမို့လို့လဲ.."
"ဓားသခင်ချောက်ကမ်းပါးက ဟူရှန်း.."
ဟူရှန်းက အေးစက်သည့်အပြုံးဖြင့် ဖြေ၏။ သူ၏နောက်ရှိ ဟူဟိုင်က ထန်းရီအစောင့်အဖွဲ့မှ စစ်ဘုရင်ကို တစ်ချက်ကြည့်သည်။ တစ်ဖက်လူကို ရုတ်တရက် ထိတ်လန့်ခြောက်ခြားသွားစေ၏။
'ဓားသခင်ချောက်ကမ်းပါးက အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်ပဲ..'
"ချန်ချင်းစံအိမ်က ငါတို့ယွဲ့နိုင်ငံရဲ့ အုပ်ချုပ်မှုနယ်မြေအတွင်းမှာ ရှိတယ်။ ဓားသခင်ချောက်ကမ်းပါးရဲ့..."
သူ၏ စကားမဆုံးခင်တွင် ဓားအလင်းတစ်ချက်က သူ့ကိုသတ်ဖြတ်သွား၏။ ဟူဟိုင်က နှာခေါင်းရှုံ့သည်။
"ကျန်းကျွင်းရာရဲ့ လုပ်ဆောင်ချက်ကို မင်းလို ရှေ့ပြေးခွေးတစ်ကောင်က မှတ်ချက်ပေးဖို့ အဆင့်မရှိဘူး.."
မုန့်ရှူရှူက တံတွေးများကို မျိုချ၏။ ဤသည်မှာ ကျန်းကျွင်းရာ၏ စွမ်းအားနှင့် ကြီးစိုးမှုလေလား။
"မိန်းကလေးစု... သူတို့အားလုံးကို ကျွန်တော်တို့ သတ်လိုက်ရမလား.."
ဟူရှန်းက ကျန်ရှိသည့် ထန်းရီအစောင့်များကို ကြည့်သည်။ စုလင်းရှုံက ဖြေကြားခြင်းမပြုခင်တွင် ထန်းရီအစောင့်အဖွဲ့မှ စစ်ဘုရင်၏ အလောင်းနှင့် ကျန်ရှိသည့် သိုင်းသခင်အားလုံးတို့ လျှပ်တပြက်အတွင်း ပြာများအဖြစ် ပျောက်ကွယ်သွားကြောင်းကို တွေ့လိုက်ရ၏။
"ဂလူ့.."
"ဆရာကြီးများ လှုပ်ရှားတာလား.."
ဟူဟိုင်၏ ခန္ဓာကိုယ်မှ ချွေးစေးများ ထွက်လာခဲ့သည်။
ဒီချန်ချင်းစံအိမ် အတွင်းတွင် ကြောက်စရာကောင်းသည့် တည်ရှိမှုတစ်ခု ရှိနေ၏။ ခဏတာအတွင်း ကောင်းကင်၏ စစ်မှန်သည့် စွမ်းအားကို ခံစားလိုက်ရဟန်ရှိသည်။
စုလင်းရှုံလည်း သူမဆရာ၏ လှုပ်ရှားမှု ပြုခဲ့ပုံအား သိလိုက်သည်။ စိတ်သက်သာရာ ရသွားပြီး ဟူရှန်းကိုမေး၏။
"ရှင်တို့ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ.."
ဟူရှန်းက ပြုံးကာ ပြော၏။
"ကျွန်တော်ဒီကို ဆေးလုံးတွေ လာဝယ်တာ... သခင်လေးရှဲ့က တာဝန်ပေးထားတာ... ဓားသခင်ချောက်ကမ်းပါးရဲ့ကိုယ်စား ရောက်လာတာပါ.."
ထို့နောက် သူက မိတ်ဆက်ပေးသည်။
"ဒါကတော့ ကျွန်တော့်ရဲ့အဖေ ဟူဟိုင်ပါ.."
"ကျန်းကျွင်ရာရဲ့ စစ်ဘုရင်ဟူဟိုင်ပါ.."
"မင်္ဂလာပါ။ စစ်ဘုရင်ဟူဟိုင်.."
"မိန်းကလေးစုက အရမ်းကို ယဉ်ကျေးလွန်းနေပါပြီ.."
ဟူဟိုင်က လက်သီးနှစ်ဖက်ကို အမြန်ဆုပ်ကာ ပြော၏။
ဒီတစ်ကြိမ်တွင် ဟူရှန်းက ကျန်းကျွင်းရာ၏ ကိုယ်စားလှယ်အဖြစ် ဆေးလုံးများကို လာဝယ်ခြင်းဖြစ်သည်။ စုလင်းရှုံက လှိုက်လှိုက်လှဲလှဲပင် ကြိုဆို၏။ သူတို့သည် သိုလှောင်ထားသည့် ဆေးလုံးအားလုံးတို့ကို ကျန်းကျွင်းရာဆီသို့ ရောင်းချပေးလိုက်သည်။
ဟူရှန်းနှင့် သူ၏ဖခင်တို့က အကြာကြီး နေမနေပါ။ သို့ပေမယ့် ချန်ချင်းစံအိမ်၏ ပြဿနာအချို့ကို ကျန်းကျွင်းရာက ကိုင်တွယ်ဖြေရှင်းပေးလိုကြောင်း ဆန္ဒရှိပုံကို ပြောကြားခဲ့၏။
ဆိုးသည်မှာ သူတို့လည်းပဲ အလုံးစုံကို တားဆီးနိုင်ခြင်း ရှိမည် မဟုတ်ပေ။ အတွင်းဘက်နယ်မြေတွင် အင်အားစုများစွာတို့ ရှိနေ၏။
ဒီတစ်ကြိမ်တွင် သူတို့သည် ယွဲ့နိုင်ငံ၏ တော်ဝင်မိသားစုမှ ထန်းရီအစောင့်တပ်ဖွဲ့ကို သတ်ဖြတ်ခဲ့သည်။ ယွဲ့နိုင်ငံက ဒီကိစ္စကို ဒီအတိုင်းထားမည် မဟုတ်ပေ။
သံတောင်မြို့မှာ ယွဲ့နိုင်ငံ၏ ပိုင်နက်တစ်ခုဖြစ်၏။ ယွဲ့နိုင်ငံအနေနှင့် ဝင်ပါလာခြင်းက မျှတမှုရှိပါသည်။
ကျန်းကျွင်းရာနှင့် ယွဲ့နိုင်ငံတို့ အမှန်တကယ် စစ်ခင်းဖို့မှာတော့ ရှဲ့လင်ဖုန်းတွင် ထိုကဲ့သို့သော ဆုံးဖြတ်ချက်မျိုးကို ပြုလုပ်ရန် အခွင့်အာဏာ မရှိပါ။
ဓားနန်းတော်သခင် ရှဲ့ထန်းဟန်မှာတော့ တံခါးပိတ်ကျင့်ကြံနေဆဲရှိ၏။ ထို့ကြောင့် သူတို့အနေနှင့် ယွဲ့နိုင်ငံ၏ အန္တရာယ်ရဲ့ အချို့ကိုသာ တွန်းလှန်ပေးနိုင်ပြီး လုံးဝတားဆီးပေးဖို့ မဖြစ်နိုင်ပါ။
ထိုအကြောင်းနှင့် ပတ်သက်ပြီး စုလင်းရှုံက အံ့ဩခြင်းမရှိပါ။ ရှဲ့လင်ဖုန်း၏ ကူညီပေးမှုက လုံလောက်နေပြီးဖြစ်၏။
ချန်ချင်းစံအိမ်မှာ ယခုအချိန်၌ လှိုင်းထန်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ ဒီအချိန်၌ ရွှီယန်နှင့် မုန့်ချုံတို့အတွက် ပြန်လာကာ ဦးဆောင်ရန် အချိန်ကျပါပြီ။ သူမတို့အနေနှင့် အမြဲတမ်း ဆရာဖြစ်သူကို မှီခိုနေလို့မဖြစ်ပါ။
ဟူရှန်းနှင့် သူ၏ဖခင်တို့ ထွက်ခွာသွားကြ၏။
ခုံရော့ကျစ်က ဒေါသတကြီး ပြောသည်။
"ငါတို့တွေ ပုန်ကန်မှုပြုပြီး ယွဲ့နိုင်ငံရဲ့ ဧကရာဇ်အိုကြီးကို နန်းချပစ်ရမယ်.."
စုလင်းရှုံက သူ့ကိုကြည့်ကာ ပြော၏။
"ငါတို့ ချန်ချင်းစံအိမ်က ပုန်ကန်ဖို့အတွက် သင့်တော်လို့လား.."
ခုံရော့ကျစ်က ရပ်တန့်သွား၏။ ထို့နောက် အတွေးနက်သွားသည်။
"ကျွန်တော် သဟွကိုပြန်ပြီး ဧကရာဇ်ချီ.. ဧကရာဇ်ဝူတို့နဲ့ ဆွေးနွေးကြည့်လိုက်မယ်။ သူတို့ ဧကရာဇ်နှစ်ယောက်ကတော့ ဘယ်လို ပုန်ကန်ရမလဲဆိုတာကို သိလောက်မှာမလား.."
"နောင်မှာ ဘာယွဲ့နိုင်ငံမှ မရှိတော့ဘူး။ သဟွပဲ ရှိလိမ့်မယ်.."
သူသည် ပုန်ကန်ထကြွခြင်းကို ဝါသနာခုန်မင်၏။ သို့ပေမယ့် လက်ရှိအချိန်၌ အားနည်းသည့် ခွန်အားနှင့် မည်မျှပင် ဉာဏ်များစေကာမူ အောင်မြင်နိုင်မည် မဟုတ်ပေ။
စုလင်းရှုံက သူ့ကို ဂရုမစိုက်တော့ပါ။ သူမသည် ထိုကိစ္စများအတွက် အာရုံထားခြင်း မရှိပေ။ ခြံဝန်းဆီသို့ ပြန်ကာ ဆရာဖြစ်သူ၏ ပုခုံးကို နှိပ်ပေးရင်းက တောင်းပန်၏။
"ဆရာ...တပည့် ဆရာ့အတွက် ပြဿနာများစေပြီ.."
"ဒါက ကိစ္စကြီး မဟုတ်ပါဘူး.."
လီရွှမ်က စိတ်ဝိဉာဉ်လက်ဖက်ရည်ကို သောက်ရင်းက ပြော၏။ အတွေးတစ်ချက်နှင့်အတူ သူသည် သဘာဝ၏ စိတ်ဝိဉာဉ်စွမ်းအင်ကို ထိန်းချုပ်ပြီး စွမ်းအားကြီးမားသည့် တိုက်ခိုက်မှုတစ်ခုအဖြစ် ပြောင်းလဲခဲ့၏။
ဤသည်က သိုင်းသခင်အဆင့် သိုင်းသမားများကို လျှပ်တပြက်အတွင်း အားထုတ်မှုကင်းမဲ့စွာ သေဆုံးသွားစေခဲ့သည်။
"ဆရာက အရမ်း စွမ်းအားကြီးတာပဲ.."
စုလင်းရှုံက အပြုံးတစ်ခုဖြင့် ပြော၏။
လီရွှမ်က သူမ၏လက်ကို ပုတ်ကာ ပြောသည်။
"ကြည့်ရတာ ပြဿနာတွေ စတင်တော့မယ်ထင်တယ်.."
စုလင်းရှုံက မှင်သက်သွားသည်။ သူမသည် သူမ၏ စွမ်းရည်တို့ကို ထုတ်ပြခဲ့ပြီး ဖြစ်၏။ ဤသည်က ဝတ်စုံနက်များကို သူမ၏ တည်ရှိမှုအား သိရှိသွားစေမှာပါ။ ရှာတွေ့ရန်အတွက် မကြာလောက်တော့ပေ။ ချန်ချင်းစံအိမ်မှာ သူမ၏ ဖန်တီးမှုဖြစ်၏။
"အနားမှာ ဆရာရှိနေတာကို ဘယ်လိုလုပ်ပြီးတော့ ပြဿနာရှိမှာလဲ.."
စုလင်းရှုံက ဂရုမစိုက်စွာ ပြော၏။
ရွှီယန်သက နောက်ဆုံးတွင် သိုင်းပညာပညာရှင် များစွာတို့အား ချန်ချင်းစံအိမ်သို့ ဧည့်သည်အဖြစ် ဝင်ရောက်ရန် ခေါ်ယူနိုင်ခဲ့၏။ သူတို့သည် ချန်ချင်းစံအိမ်တွင် ဧည့်သည်အဖြစ် နေကာ တစ်ချိန်တည်းတွင် သိုင်းပညာကို လေ့လာမည်ဟု သဘောတူခဲ့သည်။
ခုနှစ်စင်ကြယ် အကယ်ဒမီနှင့်လည်း ရိုးရှင်းသည့် သဘောတူညီချက်တစ်ခု ရလာခဲ့၏။ သူသည် ခုနှစ်စင်ကြယ်အကယ်ဒမီ၌ သိုင်းပညာ ပညာရှင်ဟူသည့် ဘွဲ့အမည်ကို လက်ကိုင်ထားမည် ဖြစ်၏။ သို့ပေမယ့် မည်သည့် စည်းမျဉ်းကိုမှ လိုက်နာစရာ မလိုပေ။ ဤသည်မှာ အမည်ခံသက်သက်သာ ဖြစ်၏။
ရွှီယန်တစ်ယောက် အခွင့်အရေး အယူခံရသည်ဟု ခံစားလိုက်ရသည်။ နောင်တွင် သူ၏ခွန်အား တိုးတက်လာသည်နှင့်အမျှ ခုနှစ်စင်ကြယ်အကယ်ဒမီ၏ ဂုဏ်သတင်းလည်း မြင့်တက်လာမှာ ဖြစ်၏။ သူ့အနေနှင့် အခြားသူများ အခွင့်အရေးယူခြင်းကို ခံရလိုခြင်း မရှိပေ။
ပိုင်ယွင်ခုံးမှာ ပြောစရာစကား မဲ့နေ၏။ တစ်ဖက်လူသည် သူတို့ကျောင်းမှ သိုင်းပညာပညာရှင် များစွာတို့ကို လုယူသွားခဲ့လေသည်။ ပြီးနောက် သူ၏နာမည်ကို စာရင်းပေးသွင်းရရုံနှင့် အခွင့်အရေး အယူခံရသည်ဟု ခံစားနေရသေးသည်လား။
နောက်ဆုံးတွင် ခုနှစ်စင်ကြယ် အကယ်ဒမီက ရွှီယန်ကို လခအဖြစ် နှစ်စဉ် စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၃သိန်းအား ပေးဆောင်ရန် သဘောတူညီပြီးမှ ကိစ္စများအား အတည်ပြုပြီး၏။
သိုင်းပညာ ပညာရှင်များက ရွှီယန်နှင့်အတူ လိုက်ပါသွားမှာ ဖြစ်သည်။ သို့ပေမယ့် ခုနှစ်စင်ကြယ်အကယ်ဒမီ၏ စည်းမျဉ်းများက ပြောင်းလဲခြင်း မရှိပေ။ သူတို့သည် သိုင်းလောကမှ အငြင်းအခုန်များ အကြားတွင် ဝင်ပါခြင်း မရှိသလို ရွှီယန်၏ အခြား အင်အားစုများအား တိုက်ခိုက်ရာတွင်လည်း ကူညီမည် မဟုတ်ပေ။
ရွှီယန်အနေနှင့် ခုနှစ်စင်ကြယ်အကယ်ဒမီ၏ အဖွဲ့ဝင်တစ်ယောက် စစ်မှန်စွာ ဖြစ်လာမှသာလျှင် ထိုကဲ့သို့ လုပ်ဆောင်ပေးမည် ဖြစ်၏။
သို့ပေမယ့် အဖွဲ့ဝင်တစ်ယောက် ဖြစ်ခြင်းမှာ သူတို့၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဟု ဆိုလိုခြင်းဖြစ်သည်။
အကယ်ဒမီက ဝင်ပါမည် မဟုတ်ပေမယ့် ရွှီယန်နှင့် ထွက်ခွာသွားသည့် သိုင်းပညာ ပညာရှင်များသည် သူတို့၏ ပိုင်ဆိုင်မှုများကို ကာကွယ်ရန် လိုအပ်ပါသည်။
ထိုကဲ့သို့သော ကာကွယ်ရန် လှုပ်ရှားမှုမှာ ခုနှစ်စင်ကြယ်အကယ်ဒမီ၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်း မရှိပေ။
ရွှီယန်က ထိုကိစ္စအတွက် ငြင်းဆန်မနေပါ။ သူသည် ခုနှစ်စင်ကြယ် အကယ်ဒမီ၏ ထောက်ပံ့မှုကို မှီခိုရန်အတွက် ဘယ်တုန်းကမှ စိတ်ကူး မရှိခဲ့ပါ။ သိုင်းပညာ ပညာရှင်အချို့ကို ခေါ်ယူလိုခြင်းသာ ရှိ၏။
ဒီခေါင်းမာကာ သိုင်းပညာအပေါ် ရူးသွပ်မှုသာရှိသည့် လူများသည် သူတို့၏ နှလုံးသားထဲရှိ ယုံကြည်မှုကို ကာကွယ်ရန်အတွက် အသက်များကို စတေးလို ကြမှာ ဖြစ်သည်။ သူတို့သာ ချန်ချင်းစံအိမ်သို့ ရောက်ရှိပြီးပါက စစ်မှန်သည့် သိုင်းပညာနှင့် ထိတွေ့ပြီး ဒန်ဆေးလုံးများကို တွေ့ကြုံခံစားပြီးလျှင် သံသယဝင်စရာ မကောင်းလောက်အောင် ၎င်းတို့နှင့် စွဲလန်းကာ ဘယ်တော့မှ ပြန်လည်ထွက်သွားလိုမည် မဟုတ်တော့ပေ။
ဒီပညာရှင်များ အကြားတွင် မျက်ကွင်းများ ပိုမိုနက်မှောင်ကာ ညိုနေလေလေ ပိုမိုသန့်စင်လေလေ ဖြစ်မည်ဟု ရွှီယန်ခံစားရ၏။ ဤသည်က ငယ်စဉ်ကတည်းက သူတို့၏ သိုင်းပညာအပေါ် အာရုံစူးစိုက်မှုကို ပြသသည့် လက္ခဏာရပ် ဖြစ်သည်။
အနားယူရန် အချိန်မရှိသဖြင့် မျက်ကွင်းများ ညိုလာခြင်းဖြစ်၏။ သိုင်းသခင်အဆင့်နှင့် စစ်ဘုရင်အဆင့်သို့ ချိုးဖျက်ပြီးလျှင်တောင် မျက်လုံးများရှိ ထိုအဝိုင်းများက ပျောက်ကွယ်သွားခြင်း မရှိပေ။
"မဟာကြီးကြပ်သူ ဆရာဖူ ပြောခဲ့တာ ခုနှစ်စင်ကြယ်အကယ်ဒမီမှာ ကျွန်တော် စိတ်ဝင်စားမယ့် သတင်းအချက်အလက်တစ်ခုကို ပိုင်ဆိုင်ထားတယ်တဲ့။ အဲ့ဒါက တကယ်ပဲ ကျွန်တော်သိချင်နေတာ ဖြစ်နိုင်မလား.."
ရွှီယန်က ပိုင်ယွင်ခုံးကို ကြည့်ကာ မေးသည်။ သူ၏ ခန့်မှန်းချက်သာ မှန်ကန်ပါက ဖူယွင်ထန်းပြောသည့် သတင်းအချက်အလက်မှာ ဝတ်စုံနက်များအကြောင်း ဖြစ်ပေလိမ့်မည်။
"ဝတ်စုံနက်တွေက ယင်လုံ့စံအိမ်ကနေ လာတာ။ အဲ့ဒါက အတွင်းဘက်နယ်မြေရဲ့ အဓိက အမှောင်အင်အားစု သုံးခုထဲက တစ်ခုပဲ။ အထွတ်အထိပ်စစ်ဘုရင် ဆယ်ယောက်ထက်မနည်း ပိုင်ဆိုင်ထားတယ်.."
ပိုင်ယွင်ခုံးက လေးနက်စွာ ပြောသည်။
"အထွတ်အထိပ်စစ်ဘုရင်တွေက လောကကြီးရဲ့ အလယ်မှာ ရှားပါးနေလိမ့်မယ်။ ဒါပေမယ့် ကျယ်ပြောလှတဲ့ အတွင်းဘက်နယ်မြေမှာ ကြွယ်ဝတဲ့ အရင်းအမြစ်တွေနဲ့ မရေမတွက်နိုင်တဲ့ အင်အားစုတွေ ရှိတယ်။ ဒါ့ကြောင့်မို့လို့ အရေအတွက်တစ်ခုတော့ ရှိနေသေးတယ်.."
"ယင်လုံ့စံအိမ်ရဲ့ သခင်က လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးတယ်။ အဲ့ဒါက အထွတ်အထိပ် စစ်ဘုရင်တွေကိုတောင်မှ တုန်လှုပ်ခြောက်ခြား သွားစေတယ်။ သူ့ကို ရင်ဆိုင်ရရင် ငါတောင်မှ အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက် မရှိဘူး.."
အတွင်းဘက်နယ်မြေမှာ ကျယ်ပြောလှပြီး အင်အားစုတို့ များပြားလှ၏။ ထိပ်တန်း အင်အားစုများတွင် အထွတ်အထိပ်စစ်ဘုရင် ဆယ်ယောက်ကျော်လောက် ပိုင်ဆိုင်ထားတတ်သည်။
များပြားလှသည့် ကျင့်ကြံခြင်း အရင်းအမြစ်များ၊ ကျင့်ကြံခြင်းအတတ်များနှင့် နှစ်ပေါင်းများစွာ ကြာရှည်သည့် အမွေအနှစ်တို့ကြောင့် ဖြစ်၏။
အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်ကို ဖန်တီးရန်အတွက် ဆယ်စုနှစ်များစွာ ကြာမည်ဆိုလျှင်တောင် အချိန်ကြာလာသည်နှင့်အမျှ အရေအတွက်တို့ တိုးပွားလာမှာပါ။
ထိုအဆင့်သို့ ရောက်ရှိပြီးနောက် သူတို့သည် အတွင်းဘက်နယ်မြေ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားကြ၏။
စိတ်ဝင်စားစရာ ကိစ္စအများကြီး မရှိတော့ပေ။ သူတို့၏ နေ့ရက်များကို သိုင်းပညာများအား ပြည့်စုံအောင် ပြုလုပ်ခြင်း၊ စစ်ဘုရင်အဆင့်၏ အထက်ရှိ လမ်းကြောင်းကို ရှာဖွေခြင်းတို့၌ နှစ်မြှုပ်ထားကြ၏။
ထိုကိစ္စအတွက် ရွှီယန်က အံ့သြခြင်းမရှိပါ။ စည်ကားသိုက်မြိုက်လှသည့် အတွင်းဘက်နယ်မြေ၏ သိုင်းလောကတွင် များပြားလှသည့် အထွတ်အထိပ် စစ်ဘုရင်များကို မွေးထုတ်နိုင်မည်မှာ ခန့်မှန်းထားပြီး ဖြစ်၏။
သူ့ကို အံ့သြစေသည်မှာ ဝတ်စုံနက်များ၏ အဖွဲ့အစည်းဖြစ်သည့် ယင်လုံ့စံအိမ်၏ သခင် ပိုင်ဆိုင်ထားသည့် ဆန်းကြယ်သည့် စွမ်းအားဖြစ်သည်။ ယင်လုံ့စံအိမ်သခင်၏ ခွန်အားမှာ စစ်ဘုရင်အဆင့်ထက် ကျော်လွန်နေသည်လား။
ခုနှစ်စင်ကြယ်အကယ်ဒမီ၏ ကျောင်းတော်သခင်ဖြစ်သည့် ပိုင်ယွင်ခုံးသည် အတွင်းဘက်နယ်မြေရှိ သူကြုံတွေ့ဖူးသည့် သိုင်းသမားများအကြားတွင် စွမ်းအားအကြီးဆုံး ဖြစ်၏။ သို့ပေမယ့် သူပင်လျှင် တစ်ဖက်လူကို အနိုင်ရရန်ယုံကြည်ချက် မရှိပေ။
ရွှီယန်သည် ပိုင်ယွင်ခုံးအား သူခန့်မှန်းထားသည်ထက်ပင် ပိုမိုစွမ်းအားကြီးနေမည်ဟုပင် ခံစားရ၏။
"ယင်လုံ့စံအိမ်က ဘယ်နေရာမှာ ရှိတာလဲ.."
ရွှီယန်က လေးနက်စွာ မေးသည်။
ယင်လုံ့စံအိမ်သခင်မှာ စွမ်းအားကြီးမားပြီး လက်ရှိ ရွှီယန်အနေနှင့် အနိုင်ယူနိုင်ခြင်း မရှိလောက်ပေမယ့် ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ပြီးပါက သွားရောက် သတ်ဖြတ်လို့ ရပါသည်။
ထိုအချိန်၌ သူသည် ရန်သူ၏ အသိုက်အတွင်းသို့ တစ်ခါတည်း ဝင်ရောက်မည် ဖြစ်၏။ ထိုအခါ စစ်မှန်သည့် ကံကောင်းမှုကို ကြုံရမည် မဟုတ်ပါလား။
"ငါလည်း မသိဘူး.."
ပိုင်ယွင်ခုံးက ခေါင်းကိုရမ်း၏။
"အဆန်းကြယ်ဆုံး အမှောင်အဖွဲ့ သုံးခုထဲက တစ်ခုအနေနဲ့ ခုနှစ်စင်ကြယ်အကယ်ဒမီ မပြောနဲ့ ထန်းပေါင်စံအိမ်တောင် သူတို့ ဘယ်မှာလဲဆိုတာကို မသိနိုင်ဘူး.."
ယင်လုံ့စံအိမ်သည် အမြဲတမ်း အလွန်လျှို့ဝှက်ဆန်းကြယ်လှ၏။ မျက်နှာချင်းဆိုင်ကာ တွေ့လျှင်တောင် ဝတ်စုံနက်အမှတ်အသားမရှိပါက သူတို့ကို ယင်လုံ့စံအိမ်မှဟု မည်သူမှ သိမည်မဟုတ်ပေ။။