← Chapters

လေးမျက်နှာကျေးရွာ၏ ဒဏ္ဍာရီ

Vol. 147 Ch. 2094

လေးမျက်နှာကျေးရွာ၏ ဒဏ္ဍာရီ

Vol. 147 Ch. 2094

ရီဖူရှင်းက သူ့ဘေးမှ အဘိုးမာကို ကြည့်လိုက်သည်။ အဘိုးမာက ခေါင်းကို မော့ကာ ကောင်းကင်အား ကြည့်လိုက်ပြီး မှတ်ဉာဏ်များထဲ နစ်မြုပ်သွားပုံရလေသည်။

"အဲဒီအချိန်တုန်းက သူ သီးသန့်စာသင်ကျောင်းမှာ သင်ယူနေခဲ့တာ။ သူ့မှာ ထူးချွန်ထက်မြက်တဲ့ ပါရမီနဲ့ ပြောင်မြောက်တဲ့ စွမ်းရည်ကြောင့် ဆရာက သူ့ကို အရမ်းသဘောကျခဲ့တာ။ နောက်ပိုင်း မင်းတို့လိုပဲ အပြင်လူတချို့ ရွာထဲ ရောက်လာပြီး ရှန်ချင်းနယ်မြေရဲ့ ထိပ်သီးအင်အားစုက လူတွေလည်း ပါတာပေါ့လေ။ သူတို့က သူ့ကို တွေ့သွားပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ သူနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ခဲ့ပြီး သူတို့က သူ့ကိုတောင် ညီအစ်ကိုအဖြစ် မှတ်ယူထားကြတယ်။ ဒါကြောင့် သူက သူတို့နဲ့ လိုက်သွားပြီးတော့ ရွာကနေ ထွက်သွားခဲ့တယ်။"

အဘိုးမာက ရီဖူရှင်းအား ထိုဇာတ်ကြောင်းကို ဖြေးညင်းစွာ ပြောပြနေသည်။ "နောက်တော့ အပြင်ရောက်သွားတဲ့ ရွာသားတွေပြောပြတာ သူက အရမ်း ကျော်ကြားပြီး မရေတွက်နိုင်တဲ့ လူတွေက သူ့ကို သိကြတယ်တဲ့။ သူက သူ့နာမည်ကို ကျော်ကြားအောင် လုပ်ရုံမက လေးမျက်နှာကျေးရွာကိုပါ ကျော်ကြားစေခဲ့တယ်။ ဒါပေမယ့် အဲဒါက ဆရာသခင်ရဲ့ မူလဆန္ဒနဲ့ ဆန့်ကျင်နေခဲ့တာပေါ့။ ဆရာပြောတာတော့ သူက အပြင်မှာရောက်နေတဲ့အခါ ရွာအကြောင်းကို မပြောသင့်သလို ငါတို့ကျေးရွာကိုလည်း ကျော်ကြားလာအောင် မလုပ်သင့်ဘူးတဲ့။ ဆရာက အဲဒီကိစ္စတွေကနေ ရွာကို ပြဿနာတွေ ဖြစ်လာစေမယ်ဆိုတာ သိတာ ဖြစ်နိုင်မယ်။"

"နောက်တော့ ရွာသားတွေက သူ့အကြောင်း အချို့ ဇာတ်လမ်းတွေ ကြားခဲ့ရတယ်။ သိပ်မကြာဘူး သူပြန်လာခဲ့တယ်။ သူ့တစ်ကိုယ်လုံး သွေးတွေနဲ့ လွှမ်းနေပြီး မျက်လုံးတွေကို ဆုံးရှုံးခဲ့ရတယ်။ အတော်လေး ဆိုးရွားတဲ့ အခြေအနေမှာ ရှိနေခဲ့တာ။ ဆရာက သူ့အသက်ကို ကယ်ပြီး ပြန်လည်သက်သာလာအောင် ကူညီခဲ့တယ်။ အဲဒီအချိန်ကနေစပြီး သူက လူတွေနဲ့ စကားပြောရမှာ မကြိုက်တဲ့ မျက်မမြင်ထျယ် ဖြစ်လာတာပဲ။ သူက နေ့တိုင်း ပန်းပဲဆိုင်မှာ သံတွေကို ထုရင်း ကုန်ဆုံးခဲ့တယ်။ နောက်ပိုင်း ကျုပ်တို့ ကောလာဟလတွေ ကြားမိတာတော့ မျက်မမြင်ထျယ်ကို သု့အစ်ကိုတွေက သစ္စာဖောက်ပြီး သူ့ရဲ့ ပြိုင်ဘက်ကင်းနည်းစနစ်ကလည်း အခိုးခံလိုက်ရတယ်တဲ့။ သူက အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်ခဲ့ပြီး ပြန်ခေါ်ဆောင်လာနိုင်တာ ကလေးလေးတစ်ယောက်တည်း။ အဲဒါ ထျယ်ထိုပဲ။"

၎င်းက ရိုးရှင်း၍ သမရိုးကျ ဇာတ်လမ်းတစ်ခုပင် အနည်းငယ် ဆန်နေသေးသည်။ သို့သော်လည်း ဤအတိုချုံး ဇာတ်ကြောင်းနောက်၌ အမှန်တကယ် မည်မျှများပြားသော အကြောင်းအရာများ ဖြစ်ပျက်ခဲ့လိမ့်မည်နည်း။

မျက်မမြင်ထျယ်သာလျှင် သိရှိပေလိမ့်မည်။

ပန်းပဲဆိုင်မှ မျက်မမြင်ထျယ်ထံ၌ ထိုသို့သော ဇာတ်ကြောင်းမျိုး ရှိနေခြင်းမှာ ရီဖူရှင်းကို အံ့အားသင့်စေသည်။ သူက သူတို့ အလည်ရောက်ရှိလာခြင်းအပေါ် စိတ်အားထက်သန်ခြင်း မရှိသည်မှာ အံ့သြစရာ မရှိပေ။ မျက်မမြင်ထျယ်သည် ရှောင်လင်းကြောင့် မဟုတ်လျှင် သူတို့အား သူ၏ ပန်းပဲဆိုင်အတွင်း ဖိတ်ခေါ်လိမ့်မည် မဟုတ်ချေ။ သူက ထိုယခင်နေ့ရက်များ၌ သူ့ကို သစ္စာဖောက်ခဲ့သော လူများကြောင့် အပြင်ဘက်မှလာသည့် ဧည့်သည်များအား သေချာပေါက် မယုံကြည်မှုနှင့်သံသယတို့ ရှိနေလိမ့်မည်။

"ဆရာက ဘယ်လိုလူမျိုးလဲ။ သူက လေးမျက်နှာကျေးရွာကို မကျော်ကြားစေချင်ဘူးလား။" ရီဖူရှင်းက မေးခွန်းထပ်မေးလိုက်သည်။ ရှောင်လင်း၊ ထျယ်ထိုနှင့် မာနကြီးမောက်မာသော မုယွင်ရှုပင်လျှင် သူ့ကို အလွန် လေးစားရ၏။ အဘိုးမာသည် သူ၏ အသက်အရွယ်နှင့်ပင် 'ဆရာ' ဟု ရည်ညွှန်းပြောဆိုနေဆဲ ဖြစ်သည်။

ရီဖူရှင်းသည် လူတိုင်းက သူ့ကို ဆရာဟု ခေါ်ကြသော်လည်း သူ့ အမည်အစစ်အမှန်ကို ခေါ်ဆိုသည်အား မကြားခဲ့ဖူးပေ။

"ဆရာက ဒီရွာမှာ ရှိနေခဲ့တာ နှစ်တွေ အများကြီး အများကြီး ကြာပြီ။ သူက ရွာရဲ့ ကာကွယ်သူတစ်ယောက်ပဲ။ ကျုပ် အဘိုးပြောတာတော့ သူ့အဘိုး သက်ရှိထင်ရှားရှိစဉ်ကတည်းက ဆရာသခင်က ရွာကို ကာကွယ်ပေးနေခဲ့တာတဲ့။ သူ့ အဘိုးရဲ့ အဘိုး ပြောတဲ့ စကားတွေကလည်း အတူတူပဲ။ ဆရာက အသက်ဘယ်လောက် ရှိပြီလဲ သူ ရွာကို စောင့်ရှောက်ပေးနေတာ ဘယ်လောက် ကြာပြီလဲ ဘယ်သူမှ မသိဘူး။ ဒီမှာရှိနေတဲ့ လူတိုင်း သြဇာရှိတဲ့ မိသားစုက လူတွေတောင်မှ ဆရာ့စကားကို နားထောင်ကြရတယ်။" အဘိုးမာက ဆက်ပြောလိုက်သည်။ "ဆရာ မကြာခဏ ပြောတာတော့ ကောင်းမွန်တဲ့ ကံကြမ္မာထဲမှာ ဘေးဒုက္ခတွေ ပုန်းခိုနေတတ်ပြီး ဘေးဒုက္ခတွေ နောက်မှာလည်း ကံကြမ္မာကောင်းတွေ လိုက်လာတတ်တယ်တဲ့။ လေးမျက်နှာကျေးရွာက ထူးခြားတဲ့ နေရာတစ်ခု ဖြစ်ပေမယ့် အပြင်လောကမှာ ညွှန်းဆိုဖို့ မသင့်ဘူးတဲ့။ ရွာသားတွေထဲက အပြင်လောကကို ထွက်သွားတဲ့သူတွေဟာ သေရေးရှင်ရေး အခြေအနေကို ကြုံတွေ့ခဲ့ရတာမှမဟုတ်ရင် ပြန်မလာရဘူးလို့ ပြောတယ်။ သူတို့ ပြန်လာပြီးရင် နောက်ထပ် ထွက်ခွာဖို့ ခွင့်မပြုတော့ဘူး။"

"ဆရာသခင်က နေ့တိုင်း ကျောင်းသားတွေကို စာသင်ပေးရင်းနဲ့ အချိန်ကုန်ဆုံးခဲ့တာ။ သူက ရွာကနေရော ကျောင်းကနေပါ လုံးဝ ထွက်မသွားဖူးဘူး။ ဘယ်သူကမှ သူ့အကြောင်းကို သေချာမသိကြပေမယ့် ကောလာဟလတွေအရတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ကျော်ကြားလာတဲ့ ဂုဏ်သတင်းကြောင့် လေးမျက်နှာကျေးရွာက အန္တရာယ် ကျရောက်ခဲ့တယ်တဲ့။ အပြင်လူတွေက လူစုလူဝေးနဲ့ ရောက်လာကြပြီး ရွာကို သိမ်းပိုက်ဖို့ ကြိုးစားကြတာကြောင့် ဆရာသခင်က သူတို့ကို မောင်းထုတ်ခဲ့ရတယ်။ နောက်ပိုင်းမှာ ပြင်ပဘုံတွေရဲ့ ခေါင်းဆောင်လို့ ယူဆရမယ့် အချို့ အကောင်ကြီးကြီးတွေ ရောက်လာပြီး အမိန့်ထုတ်ပြန်ခဲ့တယ်။ အဲဒီနောက်မှာ ဘယ်သူမှ ရွာကို ထပ်ပြီး ပြဿနာမရှာရဲတော့ဘဲ သူတို့ ဧည့်သည်အဖြစ် လာရောက်တဲ့ အချိန်အတွင်း ကောင်းကောင်းမွန်မွန် ပြုမူနေထိုင်ကြတယ်။

ရီဖူရှင်းက ​ခေါင်းညိတ်လိုက်သည်။ သူက အဘိုးမာရည်ညွှန်းသော အကောင်ကြီးကြီးက မည်သူ ဖြစ်ကြောင်း နားလည်သည်။ မဟာအင်ပါယာ အရှင်ဒွန်ဟောင်က ဤနေရာသို့ ရောက်လာခဲ့၏။

မဟာအင်ပါယာ အရှင်ဒွန်ဟောင်သည် ဤနေရာသို့ လာရောက်ကာ သင်ယူလေ့လာခဲ့သည်။ ထို့နောက် သူက လမ်းစဉ်ကို သက်သေပြခဲ့ကာ ကောင်းကင်ဒေသကို စုစည်းပြီး လေးမျက်နှာကျေးရွာအား ကာကွယ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ ထိုသည်ကပင် ယနေ့ လေးမျက်နှာကျေးရွာကို ယခုကဲ့သို့ ဖြစ်လာစေခြင်း ဖြစ်၏။

ထို့အပြင် အဘိုးမာ၏ စကားအရ ဆရာသခင်သည် လေးမျက်နှာကျေးရွာ၏ ကာကွယ်သူဖြစ်ပြီး သူက ပြင်ပဘုံများ၏ အရေးအခင်းကို လုံးလုံးစိတ်မဝင်စားပုံပေါ်သည်။ သူက ရွာအတွင်း၌ ဖြစ်ပျက်သော ပဋိပက္ခအချို့ကိုပင် ဂရုစိုက်ခြင်း မရှိပေ။ အဘိုးမာ ပြောသကဲ့သို့ မည်သူကမှ ဆရာသခင်၏ အကြောင်းကို အမှန်တကယ် မသိရှိကြချေ။

"အပြင်လူတွေက ဘာလိုချင်ကြတာလဲ။ မျက်မမြင်ထျယ်က ဘာလို့ သစ္စာဖောက်ခံရတာလဲ။ သူတို့က သူ့ဆီကနေ ဘာလိုချင်တာလဲ။" ရီဖူရှင်းက ရွာအကြောင်းနှင့် ပတ်သတ်ပြီး ပို၍ သိချင်စိတ် ပြင်းပြလာ၏။ အဘိုးမာက သူ့မေးခွန်းများအား ဖြေရန် စိတ်မရှိလေရာ သူက ပိုမိုများပြားသော မေးခွန်းများအား လွတ်လွတ်လပ်လပ် မေးနိုင်သလို ခံစားမိသည်။

"အဲဒါက ရွာရဲ့ မူလဇာစ်မြစ် ပုံပြင်တွေနဲ့ သက်ဆိုင်လိမ့်မယ်။" အဘိုးမာက အလျင်မလိုဘဲ ရှင်းပြလိုက်သည်။ သူက ရီဖူရှင်းဘက်သို့ လှည့်ကာ မေးလိုက်၏။ "မင်း ဒီကိုမလာခင် လေးမျက်နှာကျေးရွာနဲ့ ပတ်သတ်တဲ့ အကြောင်း ဘာမှ မသိခဲ့ဘူးလား။"

ရီဖူရှင်းနှင့် သူလူများသည်သာ ရွာ၏ သမိုင်းကြောင်းကို မသိသော လူများ ဖြစ်လိမ့်မည်။ ရှန်ချင်းနယ်မြေမှ အခြားတန်ခိုးရှင်များ အားလုံးသည် ဒဏ္ဍာရီများအကြောင်း တီးမိခေါက်မိကြ၏။ လေးမျက်နှာကျေးရွာက ရှန်ချင်းနယ်မြေ၌ ကျော်ကြားသည် မဟုတ်ပါလား။ ၎င်းသည် ဝေးကွာလွန်းသော နေရာ၌ တည်ရှိနေသောကြောင့် သာမန်လူများက သတိမထားမိလျှင်ပင် ရှန်ချင်းနယ်မြေအတွင်းမှ ထိပ်တန်းအင်အားစုများက ရွာနှင့် အလွန် ရင်းနှီးသည်။

"ကျွန်တော်က စီနီယာတစ်ယောက်ရဲ့ အကြံပေးမှုကြောင့် တုန်းဟွာနယ်မြေကနေ လာခဲ့တာပါ။ အဲဒါကြောင့် ကျွန်တော် ရွာနဲ့ ပတ်သတ်ပြီး အများကြီး မသိဘူး။" ရီဖူရှင်းက ပြောလိုက်သည်။

အဘိုးမာက ခေါင်းညိတ်လိုက်၏။ သူက ကုလားထိုင်ပေါ်တွင် သက်သောင့်သက်သာ မှီထိုင်လိုက်ပြီး ကောင်းကင်သို့ ကြည့်ရင်း ပြောလိုက်သည်။ "ဒီရွာက သေးငယ်တဲ့ ရွာလေးတစ်ရွာဆိုပေမယ့် ဒဏ္ဍာရီပေါင်းစုံ ရှိတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာတုန်းက မတူညီတဲ့ ဥပဒေသအောက်မှာ လောကကြီးက လည်ပတ်နေခဲ့တယ်။ အဲဒီအချိန်မှာ နတ်ဘုရားတွေ အများကြီးက သဘာဝအင်အားစုတွေကို ထိန်းချုပ်ကြပြီး သူတို့ထဲက တစ်ယောက်ကို လေးမျက်နှာနတ်ဘုရားလို့ခေါ်တယ်။ သူက အခု လေးမျက်နှာကျေးရွာ တည်ရှိတဲ့ နေရာမှာ အရင်တုန်းက လေးမျက်နှာ နတ်ပြည်ထောင်ကို တည်ထောင်ခဲ့ဖူးတယ်တဲ့။ လူတော်တော်များများကတော့ အဲဒါကို မယုံကြဘူး။ ဒါပေမယ့် ရွာမှာ နေထိုင်တဲ့ လူတွေကတော့ သူတို့သံသယရှိနေရင်တောင် ယုံကြည်မှုထားနေတုန်းပဲ။ ဘယ်သူက ဒီလို ခမ်းနားကြီးကျယ်တဲ့ သမိုင်းကြောင်းမျိုးကို သဘောမကျဘဲ နေမလဲ။ ပြီးတော့ လေးမျက်နှာကျေးရွာက တကယ့်ကို မှော်ဆန်တဲ့ နေရာပဲ။ အဲဒီ အကြောင်းအရာနဲ့ ပတ်သတ်ပြီး ဒီအတိုင်း ယုံတမ်းပုံပြင်အဖြစ် မှတ်ယူလိုက်လည်း ရတယ်။"

"ကောင်းပါပြီ။" ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။

"ဒဏ္ဍာရီတွေအရ လေးမျက်နှာနတ်ပြည်ထောင်ကို တည်ထောင်ခဲ့တဲ့ နတ်ဘုရားက စောင့်ရှောက်သူအရှင်အဖြစ် လူခုနစ်ယောက်ကို ခန့်အပ်ခဲ့တယ်။ သူတို့ရဲ့ မတူကွဲပြားတဲ့ ပင်ကိုယ်စွမ်းရည်တွေကြောင့် လေးမျက်နှာနတ်ဘုရားက သူတို့ တစ်ယောက်ချင်းစီကို အရမ်းအစွမ်းထက်တဲ့ နည်းစနစ်တစ်ခုစီ သင်ကြားပြသပေးခဲ့တယ်။ သူတို့အားလုံးကို ပေါင်းစည်းပြီး 'မဟာနတ်ဘုရားနည်းစနစ်ခုနစ်ပါး' လို့ ခေါ်ခဲ့တယ်။ အဲဒီနည်းစနစ်တွေကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းခဲ့ကြတယ်။ ဒဏ္ဍာရီတွေက အမှန်လို့ ပြောဖို့ ခက်တယ်ဆိုပေမယ့် မဟာနတ်ဘုရားနည်းစနစ်ခုနစ်ပါး ရှိတာကတော့ တကယ်ပဲ။ လေးမျက်နှာကျေးရွာရဲ့ လူတွေက မတူညီတဲ့ စွမ်းရည်တွေနဲ့ မွေးဖွားလာကြတယ်။ အချို့က ဘိုးဘေးတွေရဲ့ ကောင်းချီးပေးမှုကို ရရှိပြီး နတ်ဘုရားနည်းစနစ်တချို့အတွက် မွေးရာပါ စွမ်းရည်နိုးထလာကြတယ်။ တချို့ နတ်ဘုရားနည်းစနစ်တွေက ပျောက်ဆုံးသွားပြီဆိုပေမယ့် တချို့ကတော့ ရွာမှာ ရှိနေတုန်းပဲ။ ရှောင်လင်း မင်းကို အရင်က ပြောခဲ့တဲ့ မုယွင်မိသားစုက နတ်ဘုရားနည်းစနစ်တွေထဲက တစ်ခုကို ပိုင်ဆိုင်ထားတာ။ သူတို့က ရွှေတောင်ပံခွန်ပန်ငှက် သက်စောင့်ဝိညာဉ်ကို ပိုင်ဆိုင်ကြပြီး အရမ်း လျင်မြန်တဲ့ အရှိန် ရှိကြတယ်။ ကောလာဟလတွေက ပြောကြတာတော့ စောင့်ရှောက်သူအရှင် ခုနစ်ပါးထဲက တစ်ယောက်မှာ ရွှေတောင်ပံခွန်ပန်ငှက် စီးတော်ယာဉ် ရှိတယ်လို့ ဆိုတယ်။ ဖြစ်နိုင်တာက မုယွင်မိသားစုမှာ အဲဒီသွေးဆက် ရှိတာ ဖြစ်ရမယ်။"

ရီဖူရှင်းက တိတ်ဆိတ်စွာ နားထောင်နေ၏။ အဘိုးမာက မုယွင်မိသားစုအကြောင်းကို ပြောလာသည့်အခါ သူသည် မျက်မမြင်ထျယ် အကြောင်းကို တွေးမိသွားခဲ့သည်။ ဖြစ်နိုင်သည်မှာ.....

"ထျယ်ထိုရဲ့ အဖေက စောင့်ရှောက်သူရဲ့ နတ်ဘုရားတူ နတ်နည်းစနစ်ကို ဆက်ခံခဲ့ရတယ်။ ပြောကြတာတော့ စောင့်ရှောက်သူအရှင်တစ်ယောက်က လေးမျက်နှာနတ်ဘုရားဆီကနေ နတ်ဘုရားတူတစ်လက် လက်ခံရရှိခဲ့ပြီး လောကတစ်ခွင်မှာ သူ့ရဲ့ ထိတ်လန့်ဖွယ် ခွန်အားနဲ့ ကျော်ကြားစေခဲ့တယ်တဲ့။ ဒါကြောင့် ထျယ်ထိုနဲ့ သူ့အဖေ နှစ်ယောက်လုံးက အရမ်းကို ထူးခြားတဲ့ ခွန်အားနဲ့ မွေးဖွားလာကြတယ်။"

အဘိုးမာက ဆက်ပြောလိုက်သည်။ "ကျုပ်ကြားတာတော့ မျက်မမြင်ထျယ်ကို သစ္စာဖောက်သွားတဲ့ အဲဒီလူတွေက မျက်မမြင်ထျယ် နှစ်များစွာ အချိန်ယူပြီး သွန်းလုပ်ခဲ့တဲ့ ရတနာကိုလည်း နတ်ဘုရားနည်းစနစ်နဲ့အတူ ယူဆောင်သွားခဲ့တယ်တဲ့။"

ထိုဇာတ်ကြောင်းက ရီဖူရှင်းအား အံ့အားသင့်စေသည်။ မုယွင်ရှု သူ့စွမ်းရည်အား ထုတ်ဖော်ပြသစဉ်က သူ ထိုနေရာ၌ ရှိနေခဲ့သည်။ မုယွင်ရှုက ငယ်ရွယ်သော်လည်း ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်ဖော်နိုင်နေပြီ ဖြစ်သည်။ သိသာစွာပင် ထိုသည်က ထူးခြားသော နည်းစနစ်ကြောင့် ဖြစ်သည်မှာ သိသာ၏။ သို့သော်လည်း ရီဖူရှင်းက နောက်ကွယ်မှ ဇာတ်ကြောင်းကြောင့် အံ့အားသင့်မိဆဲဖြစ်၏။

ထိုသို့ဆိုလျှင် ထျယ်ထိုသည်လည်း သူ၏ စွမ်းရည်အား ထုတ်ဖော်ပြသချင်ပေမယ့် သူ့ဖခင်က ရပ်တန့်လိုက်ခြင်း ဖြစ်ရမည်။

မုယွင်ရှုသည်လည်း မျက်မမြင်ထျယ်၏ ဂုဏ်သတင်းကို ဂရုပြုမိသည်မှာ သိသာပေသည်။ ထိုသည်ကပင် သူက မျက်မမြင်ထျယ်အား တိုက်ခိုက်ရန် စိုးရွံ့နေခြင်း ဖြစ်မည်။ ထို့အပြင် ဤသည်က သူ ထျယ်ထိုအား မည်သည့်အတွက်ကြောင့် ရင်ဆိုင်လိုသည်ဟူသော အကြောင်းပြချက် တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်သည်။ သူတို့နှစ်ယောက်လုံးက နတ်ဘုရားနည်းစနစ်ကို ဆက်ခံထားလေရာ အချင်းချင်း ယှဉ်ပြိုင်ရန် စိတ်အားထက်သန်နေကြသည်။

သို့သော် မုယွင်မိသားစုက လက်ရှိတွင် ရွာအတွင်း၌ မြင့်မားသော အဆင့်အတန်းရှိ၏။ ရီဖူရှင်းသည် မုယွင်ရှု၏ အစ်ကိုက ရွာ၌ မရှိသော်လည်း သတင်းစကားများ ပြန်ပို့နိုင်သော ပြင်ပဘုံ၌ ကျော်ကြားသည့် တန်ခိုးရှင်တစ်ယောက် ဖြစ်ကြောင်း ကြားခဲ့ရသည်။

အဘိုးမာ၏ စကားအရ ရွာမှ ထွက်ခွာသွားသူများသည် ပုံမှန်အခြေအနေ၌ ရွာသို့ ပြန်လာနိုင်ခြင်း မရှိသည့်ပုံပင်။

"ဒါဆို လေးမျက်နှာကျေးရွာက ဘာလို့ အလည်လာတဲ့သူတွေကို ခွင့်ပြုပြီး သူတို့ကို ဧည့်သည့်တွေအဖြစ် ဖိတ်ခေါ်ရတာလဲ။" ရီဖူရှင်းက ဆက်မေးလိုက်သည်။ ဤသည်မှာ အရေးကြီးမေးခွန်းတစ်ခု ဖြစ်၏။ လီချန်ရှန်းက ဧည့်သည်များက ရွာသားများမှ ခွင့်ပြုလျှင် ရွာအတွင်း ဝင်နိုင်ပြီး အခွင့်အရေး ရရှိလိမ့်မည်ဟု ဆိုခဲ့သည်။

သို့သော် ထိုအခွင့်အရေးဟူသည်မှာ မည်သို့သော အမျိုးအစားဖြစ်သည်ကို သူ တိတိကျကျ မသိရှိခဲ့ပေ။

***

All Chapters