စွမ်းအားကြီးသူများ စုစည်းလာခြင်း၊ မုန်တိုင်း၏ မြင့်တက်လာမှု(၂)
Vol. 20 Ch. 299
ထန်းပေါင်စံအိမ်မှ စွမ်းအားကြီးပုဂ္ဂိုလ်၏ မျက်နှာထက်၌ အပြုံးတစ်ခု ခိုတွဲနေဆဲ ရှိ၏။
ယွဲ့ဧကရာဇ်က သူ့ကို တည့်မတ်စွာ ကြည့်သည်။ ထန်းပေါင်စံအိမ်၏ အဓိပ္ပာယ်က ရှင်းလင်းပါသည်။ ချန်ချင်းစံအိမ်သာ တောင့်ခံနိုင်ခြင်း မရှိပါက ထန်းပေါင်စံအိမ်နှင့် ဝင်ရောက် ပူးပေါင်းနိုင်၏။
ထိုကဲ့သို့သာ ဖြစ်ပွားပါက ချန်ချင်းစံအိမ်မှာ ထန်းပေါင်စံအိမ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာဖြစ်သည်။ ယွဲ့နိုင်ငံအနေနှင့် ဆက်လက် ရှေ့ဆက်လာလျှင် ထန်းပေါစံအိမ်ကို ပစ်မှတ်ထားသကဲ့သို့ ရှိ၏။ ထန်းပေါင်စံအိမ်က သေချာပေါက် တုံ့ပြန်လာမှာပါ။
ချန်ချင်းစံအိမ်က အကူအညီ မတောင်းခံဘဲ ထန်းပေါင်စံအိမ်သို့ ဝင်ရောက်မှု မရှိလျှင်တော့ ထန်းပေါင်စံအိမ်က ပဋိပက္ခအတွင်းသို့ ခြေချလာမည် မဟုတ်ပေ။
သို့ရာတွင် ထန်းပေါင်စံအိမ်က ယခုကဲ့သို့ စကားမျိုးကို ဆိုခဲ့ရာ ချန်ချင်းစံအိမ် အနေနှင့် သေချာပေါက် အကူအညီတောင်းကာ ထန်းပေါင်စံအိမ်သို့ ဝင်ရောက်လာမည်ဟု ယုံကြည်ချက် ရှိနေပါသည်။
'ထန်းပေါင်စံအိမ်က တကယ့်ကို လောဘကြီးတာပဲ... ယွမ်ချီဆေးလုံးက အဖွဲ့အစည်းတစ်ခုတည်း ထိန်းချုပ်နိုင်တဲ့အရာ မဟုတ်ဘူး။ ထန်းပေါင်စံအိမ် တောင်မှပေါ့..'
ယွဲ့ဧကရာဇ်က မတ်တပ်ရပ်ကာ ထွက်ခွာသွား၏။ ယွမ်ချီဆေးလုံးနှင့် ပတ်သက်ပြီး အငြင်းပွားမှုတွင် ယွဲ့အင်ပါယာအနေနှင့် ထန်းပေါင်စံအိမ်၏ ပြိုင်ဘက်မဟုတ်ကြောင်းအား သူသိပါသည်။ အဓိက အင်အားစုကြီးများ ပူးပေါင်းမှသာလျှင် ထန်းပေါင်စံအိမ်နှင့် မျှချေ ညီနိုင်၏။
သူတို့သည် ထန်းပေါင်စံအိမ် တစ်ခုတည်းအား ယွမ်ချီဆေးလုံးကို ပိုင်ဆိုင်ခွင့် ပြုလို့မရပါ။
ထိုနေ့တွင် အတွင်းဘက်နယ်မြေမှ ထိပ်တိုင်းအင်အားစုများသည် ယွဲ့အင်ပါယာ၏ ဆက်သွယ်မှုအောက်တွင် တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြ၏။
ဤသည်မှာ အားလုံး နားလည်ထားသည့် သဘောတူညီချက် ဖြစ်သည်။ သူတို့သည် ယွမ်ချီဆေးလုံးများ၏ အကျိုးအမြတ်ကို ထန်းပေါင်စံအိမ်တစ်ခုတည်း အပိုင်စီးခွင့် ပြုမည် မဟုတ်ပေ။
ခုနှစ်စင်ကြယ်အကယ်ဒမီမှာ ဒီပဋိပက္ခ၌ ဝင်ပါမည့် မည်သည့် အရိပ်အယောင်မှ မပြသေးပါ။ ကြားနေဝါဒကို ထိန်းသိမ်းထား၏။ သိုင်းပညာကို ဖြန့်ဝေမည့် နိယာမကိုသာ လက်ကိုင်ထားပြီး အတွင်းဘက်နယ်မြေရှိ ပဋိပက္ခများ အကြားတွင် ဝင်ပါခြင်း မရှိပေ။
'တကယ့်ကို မုန်တိုင်းတစ်ခုပဲ..'
ပိုင်ယွင်ခုံးက သက်ပြင်းချသည်။
"ဆရာ ရွှီယန် တောင့်ခံနိုင်ပါ့မလား.."
ဖူယွင်ထန်းက သိလိုစွာ မေး၏။
"ငါလည်း မသိဘူး။ ဒါပေမယ့် သူသေမှာတော့ မဟုတ်ဘူး။ တစ်လအတွင်းမှာသာ ယင်လုံ့စံအိမ်ရဲ့ သခင်ကိုသတ်နိုင်မယ်ဆိုရင် ယွဲ့အင်ပါယာရဲ့ တော်ဝင်မိသားစုကတော့ အန္တရာယ်ကျရောက်ပြီ.."
"ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းတွေအားလုံးလည်း အန္တရာယ်ကျရောက်မှာ.."
ပိုင်ယွင်ခုံးက ခေါင်းကိုရမ်း၏။
သို့ပေမယ့် ရွှီယန်အနေနှင့် သေဆုံးမည် မဟုတ်ကြောင်းအား သူသေချာပါသည်။ ချန်ချင်းစံအိမ် အနေနှင့် ကြီးမားသည့် ဆုံးရှုံးမှုတို့ကို ကြုံတွေ့ရမည် ဆိုလျှင်တောင် ဖြစ်၏။
ရွှီယန်သာ အသက်ရှင်ပါက လှုပ်ရှားမှုပြုခဲ့သည့် အဖွဲ့အစည်းအားလုံး လက်စားချေမှုကို ခံယူရန် အဆင်သင့် ပြင်ထားသင့်ပေသည်။
"ဓားသခင်ချောက်ကမ်းပါးက ဝင်ပါလာရင်ရော.."
ဖူယွင်ထန်းက နက်ရှိုင်းသည့်အသံဖြင့် မေး၏။
"ရှဲ့ထန်းဟန်က တံခါးပိတ် လေ့ကျင့်နေတယ်။ ရှဲ့လင်ဖုန်းက ငယ်ရွယ်သေးတယ်။ ဆုံးဖြတ်ချက်ချနိုင်စွမ်း မရှိဘူး။ ပြီးတော့ သူလည်း တတ်နိုင်သလောက် လှုပ်ရှားမှုပြုပြီးပြီပဲ။ စွမ်းအားကြီးပုဂ္ဂိုလ်တွေ အများကြီးကို တားဆီးပေးခဲ့တယ်.."
ပိုင်ယွင်ခုံးက အပြုံးတစ်ခုဖြင့် ပြောသည်။
"ကျန်းကျွင်းရာကို တကယ်တော့ ကျွန်တော် လေးစားမိတယ်။ သူတို့တွေ အကျိုးအမြတ်ကို မျှယူနိုင်မယ့် ဒီအခွင့်အရေးကို အခွင့်ကောင်း ဝင်မယူခဲ့ဘူး.."
ဖူယွင်ထန်းက သက်ပြင်းချ၏။
ယွမ်ချီဆေးလုံး ကိစ္စကို ကျန်းကျွင်းရာအနေနှင့် ကြားသိခဲ့တာ ကြာပြီဖြစ်သည်။ သို့ပေမယ့် မည်သည့် မကောင်းသည့် လှုပ်ရှားမှုမှ ပြုခဲ့ခြင်း မရှိပေ။
ရှဲ့လင်ဖုန်းနှင့် ရွှီယန်တို့အကြားတွင် မပျက်စီးနိုင်သည့် ဆက်ဆံရေးတစ်ခု ရှိနေ၏။ သို့ပေမယ့် ကျန်းကျွင်းရာမှ လူများမှာ ကျန်ရှိသည့် အင်အားစုများမှ လူများထက် များစွာပိုမို အထက်တန်းကျကြသည်။
"သူတို့က ဓားပညာကို ကျင့်ကြံတဲ့ လူတစ်စုပဲ။ အထူးသဖြင့် ကျန်းကျွင်းရာက ရှဲ့ထန်းဟန်ရဲ့ အမိန့်အောက်မှာရှိတဲ့ လူတွေပဲ။ အရိုးထဲထိအောင် မာနကြီးကြတယ်။ အခြားလူရဲ့ ရတနာကို သွားပြီးတော့ လုယက်နေမှာ မဟုတ်ဘူး.."
ပိုင်ယွင်ခုံးက ပြုံး၏။
......
ယင်လုံ့စံအိမ်တွင် ထိပ်တန်းအဆင့် စစ်ဘုရင်၇ယောက်တို့သာ် စံအိမ်၏ ထိပ်ဆုံးအလွှာ၌ စုစည်းနေကြ၏။
"သခင်ကြီး... ကျွန်တော်တို့တွေ သူမကို ရှာတွေ့ပါပြီ.."
ယင်လုံ့စံအိမ်သခင်၏ မျက်လုံးများက လင်းလက််လာခဲ့သည်။ သူက စိတ်လှုပ်ရှားလာပြီး မေး၏။
"ဘယ်နေရာမှာလဲ.."
"ယွဲ့နိုင်ငံ လန်းဖင်စီရင်စုက ထယ်ရှန်းမြို့မှာပါ။ သူမအခု ချန်ချင်းစံအိမ်မှာ နေပါတယ်။ ပြီးတော့ အဲ့ဒီ့ချန်ချင်းစံအိမ်ကိုလည်း သူမပဲ စတင်တည်ထောင်ခဲ့ပြီး ယွမ်ချီဆေးလုံးတွေကို သုတေသနပြု ဖန်တီး ရောင်းချခဲ့တယ်.."
စစ်ဘုရင်တစ်ယောက်က လေးစားစွာ ဖြေကြားသည်။
"ကောင်းတယ်။ ကောင်းတယ်... လင်းနယ်မြေက သွေးမျိုးဆက်တစ်ယောက် ပီသတယ်။ တကယ့်ကို ထူးကဲတာပဲ.."
ယင်လုံ့စံအိမ် သခင်က သက်ပြင်းချသည်။
"သခင်ကြီး... ယွဲ့နိုင်ငံအပါအဝင် အင်အားစုတွေ အများအပြား လန်းဖင်စီရင်စုမှာ စုစည်းနေပါတယ်။ ချန်ချင်းစံအိမ်ကို ခွဲယူဖို့အတွက် ပြင်ဆင်နေကြတယ်။ ယွမ်ချီဆေးလုံးကို ထိန်းချုပ်ပြီး ထန်းပေါင်စံအိမ်ရဲ့ အပိုင်စီးမှုကနေ ကာကွယ်ချင်နေကြတယ်.."
ယင်လုံ့စံအိမ်သခင်က ထိုင်ခုံမှထကာ ပြောသည်။ "အားလုံးပဲ... ငါနဲ့အတူ ထယ်ရှန်းမြို့ကို သွားကြမယ်။ စုလင်းရှုံ အခြားလူတွေ လက်ထဲကို ကျရောက်သွားလို့ မဖြစ်ဘူး။ သူမက ငါတို့ ယင်လုံ့စံအိမ်ရဲ့ အပိုင်ပဲ.."
သူက လျှောက်ထွက်သွားရင်းနှင့် အမိန့်ပေးသည်။ "နတ်ဆိုးအရှင်သခင် ခူကျွယ်(သုတ်သင်ခြင်း)ကိုသတင်းပို့လိုက်။ လူကို ရှာတွေ့ပြီလို့။ လင်းယွီရဲ့ဂိတ်တံခါးကို ဝင်ရောက်ချင်တယ်ဆိုရင် အတူတူပူးပေါင်းကြမယ်.."
"ဟုတ်ကဲ့ပါ သခင်ကြီး.."
စစ်ဘုရင်တစ်ယောက်က လေးစားစွာ ပြန်ကြားသည်။ ယင်လုံ့စံအိမ် တည်ရှိသည့် တောင်ထွတ်၌ အပေါက်တစ်ခု ပွင့်လာပြီး ပုံရိပ်ရှစ်ခုတို့ ထွက်လာကြသည်။
အိုမင်းနေသည့် ယင်လုံ့စံအိမ်သခင်က ပတ်ဝန်းကျင်ကို ကြည့်၏။ လေထဲသို့ မြောက်တက်သွားပြီးနောက် အထွတ်အထိပ် စစ်ဘုရင်၇ယောက်တို့ကို ဦးဆောင်ကာ လန်းဖင်စီရင်စုရှိ ထယ်ရှန်းမြို့ဆီသို့ ဦးတည်ထွက်ခဲ့ကြသည်။
တစ်ချိန်တည်းတွင် စာပို့ခိုတစ်ကောင်သည် ယင်လုံ့စံအိမ်မှ ပျံထွက်သွားပြီး သက်ဆိုင်ရာ နေရာတစ်ခုဆီသို့ ဦးတည်သွား၏။
မီးခိုးရောင်မြူများနှင့် အဆိပ်ငွေ့များ ပြည့်နက်နေသည့် ချောက်တစ်ခု အတွင်းတွင် လူတစ်ယောက်သည် ကျောက်တုံးကြီး တစ်ခုပေါ်၌ တင်ပျဉ်ခွေထိုင်ကာ ရှိနေ၏။
သူ၏ ခန္ဓာကိုယ်က ပိန်လီလှသည်။ ပတ်ဝန်းကျင်တွင် လူသားနှင့် တိရစ္ဆာန် နှစ်မျိုးစလုံး၏ အလောင်းများ ပြန့်ကျဲနေပါသည်။ အားလုံးတို့သည် ခြောက်သွေ့ကာ ရှုံ့တွနေကြ၏။ ဒီနေရာ ပတ်ဝန်းကျင်ရှိ မြက်ပင်များနှင့် သစ်ပင်များလည်း ညှိုးခြောက်နေကြသည်။
အစိမ်းရောင် အဆိပ်ဖားတစ်ကောင် ခုန်လာခဲ့၏။ သို့ပေမယ့် ကျောက်တုံးကြီး၏ ဆယ်ပေအတွင်းသို့ ဝင်ရောက်လိုက်လျှင်လိုက်ခြင်း ချက်ချင်းပင် ခြောက်သွေ့ကာ ရှုံ့တွပြီး သေဆုံးသွားခဲ့သည်။
ကောင်းကင်မှ စာပို့ငှက်တစ်ကောင် သက်ဆင်းလာခဲ့သည်။ အနီးသို့ ရောက်ခြင်းမရှိခင်တွင် မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့၏။ ခြောက်သွေ့သည့် ငှက်သေတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
ကျောက်တုံးပေါ်တွင် ထိုင်နေသည့် ပိန်လီနေသည့်လူ၏ မျက်လုံးများ ပွင့်လာခဲ့သည်။ လက်ကိုမြှောက်ကာ ဖမ်းယူပြီးနောက် ငှက်၏ခြေထောက်မှ စာကို ဖြုတ်ကြည့်လိုက်၏။
"လန်းဖင်စီရင်စု... ထယ်ရှန်းမြို့လား..."
သုတ်သင်ခြင်း နတ်ဆိုးအရှင်သခင်၏ မျက်လုံးများ၌ စိတ်လှုပ်ရှားမှုတို့ ပေါ်ပေါက်လာပြီး ကောင်းကင်သို့ မြင့်တက်သွားသည်။ လန်းဖင်စီရင်စုသို့ ဦးတည်ခဲ့၏။
ယွဲ့နိုင်ငံအတွင်းတွင် မုန်တိုင်းထန်နေ၏။ သိုင်းသမားအားလုံး၏ အကြည့်များက လန်းဖင်စီရင်စုဆီသို့ ကျရောက်နေပါသည်။ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်ခြင်း မရှိသည့် ထယ်ရှန်းမြို့ငယ် အပေါ်သို့ ဖြစ်၏။
ဒီဗိုင်းလှံစစ်တပ်က ထည်ဝါစွာ ရောက်ရှိလာပြီး ထယ်ရှန်းမြို့၏ လမ်းများကို ပိတ်ဆို့ထားသည်။ လန်းဖင်စီရင်စု၏မြို့တော် အုပ်ချုပ်သူစံအိမ် အတွင်းတွင် ခရမ်းရောင်ဝတ်စုံနှင့် လူလတ်ပိုင်း လူကြီးက အဓိကထိုင်ခုံ၌ ထိုင်နေ၏။ သူ့တွင် ရှည်လျားသည့် မုတ်ဆိတ်များနှင့် တည်ကြည်ပြတ်သားသည့် မျက်နှာတို့ ရှိသည်။
"ငါတို့ယွဲ့နိုင်ငံ မင်းတို့နဲ့ ပူးပေါင်းခဲ့တဲ့ အကြောင်းက ယွမ်ချီဆေးလုံးတွေကို ထန်းပေါင်စံအိမ်က လက်ဝါးကြီးအုပ်သွားမှာကို ကာကွယ်ဖို့ အတွက်ပဲ။ မဟုတ်ရင် နောင်မှာ ငါတို့တွေ ယွမ်ချီဆေးလုံးကို လိုချင်တဲ့အခါ ထန်းပေါင်စံအိမ်က ဝယ်ယူနေရလိမ့်မယ်။ အရေအတွက် ဘယ်လောက်ရမယ်ဆိုတာတောင် အာမခံနိုင်မှာ မဟုတ်ဘူး.."
"ချန်ချင်းစံအိမ်က ငါတို့ ယွဲ့နိုင်ငံရဲ့ နယ်မြေအတွင်းမှာ ရှိကတည်းက ငါတို့ရဲ့အပိုင်ပဲ ဖြစ်သင့်တယ်။ ငါတို့က အခုပါဝင်လာတဲ့ အဖွဲ့တွေအားလုံးနဲ့ ယွမ်ချီဆေးလုံးကို မျှဝေလိုတယ်။ ဒါပေမယ့် မျှဝေတဲ့အခါမှာ အစီအစဉ်တစ်ခုတော့ လိုအပ်တယ်.."
ခရမ်းရောင်ဝတ်စုံနှင့်လူက လေးနက်စွာပြောသည်။
"မင်းသားကျစ်ယီ.. ကျေးဇူးပြုပြီး ပွင့်ပွင့်လင်းလင်းပြောပါ.."
စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက်က ဆို၏။
မင်းသားကျစ်ယီမှာ ယွဲ့နိုင်ငံ တော်ဝင်မိသားစု၏ ထူးချွန်ပြောင်မြောက်သော မင်းသားကြီးတစ်ပါး ဖြစ်သည်။ အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်လည်း ဖြစ်၏။
သူ၏ အံ့သြစရာကောင်းလှသည့် ခွန်အားနှင့် နာမည်ကြီးကာ ကောင်းကင်အစောင့်များ၏ မဟာတပ်မှူးလည်း ဖြစ်သည်။