စွမ်းအားကြီးသူများ စုစည်းလာခြင်း၊ မုန်တိုင်း၏ မြင့်တက်လာမှု(၃)
Vol. 20 Ch. 300
ချန်ချင်းစံအိမ်မှ ချီစုဆောင်းခြင်း ဆေးလုံးအတွက် ယွဲ့နိုင်ငံသည် ထန်းရီ(ကောင်းကင်ဝတ်ရုံ) အစောင့်တပ်ဖွဲ့နှင့် ထန်းယွီ(ကောင်းကင်တော်ဝင်) အစောင့်တပ်ဖွဲ့မှ။လက်ရွေးစင်များကို စေလွှတ်ခဲ့သည်။
သူတို့၏ အင်အားက အလွန်တောင့်တင်းပြီး ရှိနေကြသည့် ဘယ်အဖွဲ့အစည်းမှ ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။
သို့ပေမယ့် ထန်းပေါင်စံအိမ်နှင့် ရင်ဆိုင်ကာ ဆေးလုံးများကို လက်ဝါးကြီးအုပ်သွားမည်အား ကာကွယ်ရန်အတွက် အခြား အဖွဲ့အစည်းပေါင်းစုံတို့နှင့် ပူးပေါင်းဖို့လိုအပ်၏။
"ငါတို့ယွဲ့နိုင်ငံက ဝေစု၅၀%ကို ကိုင်ဆောင်ထားမယ်။ ကျန်ခဲ့တဲ့ ၅၀ကိုတော့ မင်းတို့ကြားမှာ ခွဲဝေယူကြ.."
ကျစ်ယီက လေးနက်စွာ ပြောသည်။ အဖွဲ့အစည်းအသီးသီးမှ စွမ်းအားကြီး ပုဂ္ဂိုလ်များက အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားကြ၏။ ပြီးနောက် ခေါင်းငြိမ့်ကာ ဒီခွဲဝေခြင်း အစီအစဉ်အား သဘောတူလိုက်သည်။
နောက်ဆုံး ခွဲတမ်းချမှုမှာတော့ ချန်ချင်းစံအိမ်ကို ထိန်းချုပ်ပြီး ချီစုဆောင်းခြင်း ဆေးလုံးအား ပြုလုပ်သည့် နည်းလမ်းကို ရရှိပြီးမှသာလျှင် ဆုံးဖြတ်နိုင်မည် ဖြစ်သည်။
ထို့အပြင် ထန်းပေါင်စံအိမ်ကဲ့သို့ တံတိုင်းကြီးမှာ ထိုကိစ္စအတွက် တစ်စိတ်တစ်ပိုင်း အရေးပါနေ၏။
"ဒါဆိုရင် ငါ့ရဲ့ ဦးဆောင်မှုအောက်ကို လိုက်ပြီး ချန်ချင်းစံအိမ်ကို ထိန်းချုပ်ကြမယ်.."
ကျစ်ယီက မတ်တပ်ရပ်ကာ ပြောသည်။ ဒီနေရာတွင် စုစည်းနေကြသည့် စွမ်းအားကြီး ပုဂ္ဂိုလ်အားလုံးတို့မှာ စစ်ဘုရင်များ ဖြစ်ကြသည်။ အထွတ်အထိပ် စစ်ဘုရင်များလည်း အရေအတွက်တစ်ခု ရှိ၏။
ထို့အပြင် ဒီလူများမှာ အလင်းပိုင်းတွင် ထုတ်ပြထားသည့် အင်အားစုသာ ဖြစ်သည်။ မည်သည့် အဖွဲ့အစည်းမှ ထန်းပေါင်စံအိမ်ကို အထင်သေးရဲခြင်း မရှိပေ။ မဟုတ်ပါက ယွဲ့နိုင်ငံသည် အခြား အဖွဲ့အစည်းများကို ဝေမျှပြီး ပူးပေါင်းနေမည် မဟုတ်ပါ။
ထန်းပေါင်စံအိမ် တစ်ခုထဲ လက်ဝါးကြီးအုပ်သည်ကို ခံမည့်အစား လူတိုင်း မျှဝေယူတာ ပိုကောင်းပါသည်။
ထယ်ရှန်းမြို့သည် ဝေးလံခေါင်သီသည့် မြို့ငယ်တစ်ခုဖြစ်ပြီး ယွဲ့နိုင်ငံတွင် နာမည်ကျော်ကြားခြင်း မရှိပေ။
သို့ပေမယ့် ဒီအချိန်၌ နိုင်ငံတစ်ဝှမ်းလုံးသာမက အတွင်းဘက်နယ်မြေ တစ်လျှောက်လုံးတွင်ပါ ကျော်ကြားလာခဲ့၏။
ချန်ချင်းစံအိမ်သည် ထယ်ရှန်းမြို့၌ တည်ရှိသည်။ ချီစုဆောင်းခြင်း ဆေးလုံးမှာ ချန်ချင်းစံအိမ်က ပြုလုပ်ခဲ့သည့် ဆေးလုံးဖြစ်၏။
ယွဲ့နိုင်ငံ၏ ထန်းရီနှင့် ထန်းယွီ အစောင့်တပ်ဖွဲ့များ ရောက်ရှိလာမှု... ဒီဗိုင်းလှံစစ်တပ်၏ ထယ်ရှန်းမြို့အား ပိတ်ဆို့ထားမှု.. အသီးသီးတို့က သိုင်းလောကတစ်ခုလုံးရှိ လူများ၏ အာရုံကို ဆွဲဆောင်သွားသည်။
ထိပ်တန်းအဖွဲ့အစည်း များစွာတို့က လက်ရွေးစင်များကို စေလွှတ်ကာ အကျိုးအမြတ် တစ်စိတ်တစ်ပိုင်းကို ဖမ်းဆုပ်လိုကြ၏။
ထိုအထဲတွင် ယန်နိုင်ငံနှင့် ခရမ်းရောင်တိမ်နိုင်ငံတို့လည်း အပါအဝင် ဖြစ်သည်။ သို့ရာတွင် ယွဲ့နိုင်ငံ၏ အပြင်ဘက်ရှိ အဖွဲ့အစည်း အများစုတို့ကို ဓားသခင်ချောက်ကမ်းပါးက တားဆီးထားခဲ့၏။
ဓားသခင်ချောက်ကမ်းပါး၏ ထည်ဝါမှုက ယန်နှင့်ခရမ်းရောင်တိမ် နိုင်ငံတို့ရှိ အသန်မာဆုံး ပုဂ္ဂိုလ်များကိုပင်လျှင် ဟန့်တားထားနိုင်သည်။ သို့ပေမယ့် လူတိုင်းကို ပိတ်ပင်ထားလို့ မရပေ။
ထို့ကြောင့် ထိပ်တန်းအဖွဲ့အစည်းများရှိ အထွတ်အထိပ် စစ်ဘုရင်များ ချိတ်ဆက်လာကြပြီး ယွဲ့နိုင်ငံ၏ လန်းဖင်စီရင်စုတွင် စုစည်းမှုတစ်ခု ဖြစ်ပေါ်လာခဲ့၏။
သာမန်စစ်ဘုရင်များကို မဆိုထားနှင့် အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင်များပင်လျှင် ဒီအချိန်၌ နှိမ့်ချစွာနေပြီး မောက်မောက်မာမာ ပြုရဲခြင်း မရှိကြပေ။
"အတွင်းဘက်နယ်မြေမှာ အထွတ်အထိပ် စစ်ဘုရင်တွေ ဒီလောက်များမယ်လို့ ဘယ်သူတွေးမိမှာလဲ.."
"ဒီလောက်များတဲ့ အထွတ်အထိပ် စစ်ဘုရင်တွေ စုစည်းလာတာကို မကြုံတွေ့ခဲ့ရတာ နှစ်ပေါင်း ၁၀၀၀လောက်တောင် ကြာခဲ့ပြီ။ ချန်ချင်းစံအိမ်က ပျက်စီးသွားရရင်တောင် ဒဏ္ဍာရီတစ်ပုဒ်အဖြစ် ရှိနေဦးမှာ.."
"မဟုတ်ဘူး... နှစ်ပေါင်း၁၀၀၀ပဲ မဟုတ်ဘူး။ နောက်ဆုံးမင်းဆက် ပြိုလဲကတည်းက ဒါက ပထမဆုံးအကြိမ် အထွတ်အထိပ် စစ်ဘုရင်တွေ အများအပြား ဖြစ်ရပ်တစ်ခုထဲမှာ ပါဝင်ဆင်နွှဲလာကြတာပဲ.."
"ချီစုဆောင်းခြင်း ဆေးလုံးရဲ့ အာနိသင်က တကယ့်ကို ထူးကဲတယ်။ အထွတ်အထိပ် စစ်ဘုရင်တွေ ပေါ်လာတာ အံ့သြစရာမရှိဘူး။ ယီကျုတောင်မှာ သေဆုံးသွားပြီလို့ သတင်းကြားရခဲ့တဲ့ အထွတ်အထိပ်စစ်ဘုရင် နှစ်ယောက်တောင်မှ ရောက်နေတယ် ကြားတယ်.."
"ချီစုဆောင်းခြင်း ဆေးလုံးက ဘာလို့ ဒီလောက်တောင်မှ အုတ်အော်သောင်းနင်း ဖြစ်သွားစေရတာလဲ.."
"မင်းနားမလည်ပါဘူး... ချီစုဆောင်းခြင်းဆေးလုံး တည်ရှိနိုင်ရင် ပိုပြီးတော့ အာနိသင်ကောင်းတဲ့ ဆေးလုံးတွေလည်း တည်ရှိဖို့ ဖြစ်နိုင်တာပဲ။ စစ်ဘုရင်တွေ ကျင့်ကြံဖို့ သင့်တော်တဲ့ ဆေးလုံးတွေပေါ့။ အဲ့ဒီ့အပြင် ဒီလောက် အဖိုးတန်တဲ့ ကျင့်ကြံခြင်း အရင်းအမြစ်ကို ထန်းပေါင်စံအိမ် တစ်ခုထဲ လက်ဝါးကြီးအုပ်တာကို ဘယ်သူမှ ကြည့်နေမှာ မဟုတ်ဘူး.."
သိုင်းသမားတစ်ယောက်က မှတ်ချက်ပြု၏။ သူ၏ မျက်နှာက အရာအားလုံးကို သိနေသကဲ့သို့ ရှိသည်။
ထန်းပေါင်စံအိမ်သည် သိုင်းလောက၏ ကဏ္ဍအသီးသီးတွင် ထိုးဖောက်စိမ့်ဝင်နေ၏။ အဖွဲ့အစည်းများ၏ အငြင်းပွားမှု အကြားတွင် ဝင်ပါလေ့မရှိပေမယ့် အဓိက အဖွဲ့အစည်းများ အားလုံးအနေနှင့် မနာလိုဖြစ်နေတာ ကြာပြီးဖြစ်သည်။
ယွမ်ချီဆေးလုံးကဲ့သို့ အဖိုးတန်သည့် ကျင့်ကြံခြင်းအရင်းအမြစ် တစ်ခုကိုသာ ထန်းပေါင်စံအိမ် တစ်ခုထဲ ပိုင်ဆိုင်နိုင်ပါက အတွင်းဘက်နယ်မြေကို ထန်းပေါင်စံအိမ်က သေချာပေါက် ထိန်းချုပ်သွားမှာ ဖြစ်၏။
ထို့ကြောင့် ယွဲ့နိုင်ငံက အဖွဲ့အစည်းအားလုံးတို့ကို ဆက်သွယ်ကာ အဓိက အဖွဲ့အစည်းများကလည်း သဘောတူစွာ ပါဝင်လာကြခြင်း ဖြစ်၏။
ခွဲဝေရန် အစီအစဉ်မှာတော့ ချန်ချင်းစံအိမ်ကို ထိန်းချုပ်ပြီးမှသာလျှင် အဖွဲ့အစည်းတစ်ခုစီ၏ ခွန်အားအတိုင်း ချမှတ်မည် ဖြစ်သည်။