← Chapters

စွမ်းအားတွေ ထုတ်ပြလာတဲ့ရှောင်ချီ

Vol. 33 Ch. 481

စွမ်းအားတွေ ထုတ်ပြလာတဲ့ရှောင်ချီ

Vol. 33 Ch. 481

စူးချင်း တစ္ဆေမယ်တော်ကြီးအား ခြောက်လှန့်စစ်ဆေးမေးမြန်းနေချိန်တွင် သစ်သားအဆောက်အဦး၏အပြင်ဘက်မှ ကျယ်လောင်သောအသံများကို ကြားလိုက်ရသည်။ ရှောင်းကျဲယွိက ပြတင်းပေါက်ကို မှီကာ အောက်သို့ ငုံ့ကြည့်လိုက်ပြီး အနက်ရောင်အရိပ်တစ်ဒါဇင်လောက်က ထင်းတုံးကြီးများ သယ်ဆောင်လာပြီး အဆောက်အဦး၏အောက်ခြေသို့ ပစ်ချနေသည်ကို သူ တွေ့လိုက်ရသည်။ ထိုအရာက ရှောင်းကျဲယွိ၏အမူအရာကို ပြောင်းလဲသွားစေခဲ့သည်။

သူတို့က မီးကို သုံးပြီး တိုက်ခိုက်ချင်နေကြတာလား?

သစ်သားအဆောက်အဦး မီးလောင်သွားရင် သူတို့ အိမ်ထဲမှာ မနေနိုင်တော့ဘူး။ ဒါဆို သူ အရင်က တပ်ဆင်ထားတဲ့ ထောင်ချောက်တွေက အသုံးမဝင်နိုင်တော့ဘူး။

သစ်သားအဆောက်အဦး၏ အပြင်ဘက်မှ ပတ်ဝန်းကျင်က အလွန်မှောင်မိုက်နေပြီး အနက်ရောင်အရိပ်များ လှုပ်ရှားနေသည်ကိုသာ မြင်နိုင်သည်။ ထိုနေရာတွင် လူဘယ်နှစ်ယောက်ရှိသည်ကို သိနိုင်ရန်ကတော့ သူ့အတွက် ခက်ခဲလွန်းနေခဲ့သည်။

"ချင်းအာ ကိုယ် အောက်ကို ဆင်းသွားမယ်၊ ကိုယ့်နောက်ကို မလိုက်ခဲ့နဲ့”

အချိန်က အလျင်အမြန် ကုန်ဆုံးနေပြီး သူတို့အားလုံးမကြာမီ ဒုက္ခရောက်နိုင်သည်ကို ရှောင်းကျဲယွိက ကြိုတင်ခန့်မှန်းနိုင်ခဲ့သည်။ ထို့ကြောင့် သူက ဤသစ်သားအဆောက်အဦးကို ကာကွယ်ရန် ပြတင်းပေါက်မှ ခုန်ဆင်းပြီး မီးလောင်စေနိုင်မည့် ထင်းတုံးများအားလုံးကို ပြန်ဖယ်ရှားရမည် ဖြစ်သည်။ သို့သော်လည်း ဆန့်ကျင်ဘက်သစ်သားအဆောက်အဦးပေါ်မှ လူများက သူတို့ဘက်သို့ လေးနှင့်မြှားများ ချိန်ရွယ်ထားမည်မှာလည်း အသေအချာပင် ဖြစ်သည်။ တစ်စုံတစ်ယောက် အောက်သို့ဆင်းသွားပြီး မီးသွားငြိမ်းလျှင် သူတို့က မြှားဖြင့် ပစ်ကြမည် ဖြစ်သည်။ ထို့ကြောင့် အောက်ဆင်းရန် အန္တရာယ်များလွန်းနေပြီး သူက စူးချင်းကို သူ့နောက်သို့ မလိုက်စေချင်ပေ။

“ဟိုဘက်က သစ်သားအဆောက်အဦးက လေးသမားတွေက ဒီဘက်ကို ပစ်ဖို့ အဆင်သင့် ချောင်းမြောင်းနေကြတယ်။ ရှင် ဆင်းသွားရင် ရှင့်အတွက် အန္တရာယ်ရှိလာလိမ့်မယ်"

စစ်နတ်ဘုရားစွမ်းရည်၏ ပံ့ပိုးမှုကို ရရှိထားသည့် စူးချင်း၏အမြင်အာရုံက ရှောင်းကျဲယွိထက် များစွာ သာလွန်နေလေသည်။ သူမက ဆန့်ကျင်ဘက်အဆောက်အဦးပေါ်မှ လူများ၏ လှုပ်ရှားမှုတိုင်းကို ပြတ်ပြတ်သားသား မြင်နိုင်နေခဲ့သည်။

အဲ့သစ်သားအဆောက်အဦးပေါ်မှာ မြှားသမားတစ်ဒါဇင်ကျော် ရှိတယ်။ ရွှေရှန့်ဆင်းသွားတာနဲ့ သူ ဖြူကောင်တစ်ကောင်လို ပစ်သတ်ခံရလိမ့်မယ်။

"အင်း ကိုယ်အတွက် ကာပစ်ပေး၊ အဲ့ဆန့်ကျင်ဘက်အဆောက်အဦးကို ဒီကနေ အဆက်မပြစ် လှမ်းပစ်ပေးထား"

သူ့စကားဆုံးသည်နှင့် ရှောင်းကျဲယွိက ချက်ချင်း အောက်ဆင်းရန် ပြင်လိုက်သည်။

တကယ်လို့ သူ ဖြူကောင်ဖြစ်မှကို ကြောက်နေရင် ခဏကြာတာနဲ့ အားလုံး ဝက်ကောင်လုံးကင် ဖြစ်သွားလိမ့်မယ်။ ဆင်းသွားရင် အသက်ရှင်ဖို့ အခွင့်အလမ်း ရှိသေးတယ်။ ဒီထဲမှာပဲ နေလိုက်မယ်ဆိုရင်တော့ သေဖို့က သေချာနေပြီ။

"သခင်လေး၊ အတူတူ ဆင်းကြရအောင်"

ရှောင်းကျဲယွိ၏ သက်တော်စောင့်ဆယ်ယောက်က သူ့ကို ဝိုင်းရံလိုက်ကြသည်။ သူတို့က ရှောင်းကျဲယွိ၏ကိုယ်ပိုင် သက်တော်စောင့်များဖြစ်ပြီး သူတို့၏ အဓိကတာဝန်က သခင်လေးနှင့် သူ့၏ဇနီးကို ကာကွယ်ရန် ဖြစ်သည်။ ထို့ကြောင့် သူတို့က သူတို့၏သခင်လေးအား ဤမျှကြီးမားသောအန္တရာယ်တောအတွင်းသို့ တစ်ယောက်တည်း သွားခွင့်မပြုနိုင်ပေ။ ထိုအရာက သူတို့အား သေစေနိုင်သည်ကို သူတို့ သိနေကြသော်လည်း သူတို့က သူတို့၏သခင်လေးကို အသက်ပေးကာကွယ်နိုင်ကြသည်။

“သူတို့ကို စောင့်ကြည့်ထား”

စူးချင်းက သက်တော်စောင့်ဆယ်ယောက်အား အမိန့်ပေးလိုက်သည်။ သူမက ထိုစစ်သည်များအား အချည်းနှီး မသေဆုံးစေချင်ပေ။

“ပြီးတော့ သူတို့ကို ကြောက်နေစရာ မလိုဘူး”

စူးချင်းက ရှောင်ချီ လှမ်းပေးလိုက်သည့် လက်ပစ်ဗုံးများကို စနစ်ထဲမှ ထုတ်ယူလိုက်သည်။ သူမက ဤတစ်ကြိမ်တွင် လက်ပစ်ဗုံးဆယ်လုံး ယူဆောင်လာခဲ့သည်။ သရဲငါးကောင်၏ အသိုက်ကို တွေ့ရှိသည်နှင့် ချက်ချင်း ဖောက်ခွဲရန် သူမ ပြင်ဆင်လာခဲ့ခြင်း ဖြစ်သော်လည်း ယခု အသုံးပြုရတော့မည် ဖြစ်သည်။

ရှောင်ချီနှင့် စူးချင်းတို့က စိတ်ချင်းဆက်နွယ်မှု ရှိကြပြီး ရှောင်ချီက သခင် အမိန့်ပေးစရာပင် မလိုဘဲ လက်ပစ်ဗုံးများကို စူးချင်းထံသို့ အရင်လွှဲပေးလာခဲ့သည်။ စူးချင်း တိုက်ပွဲဝင်ချိန်တိုင်း ရှောင်ချီက စိတ်လှုပ်ရှားနေတတ်ပြီး သူမ၏သွေးများ ဆူပွက်လာသလို လိုက်ပါခံစားတတ်သူ ဖြစ်သည်။

"ရှောင်ချီ၊ နင်က ချင်ထျဲနဲ့ တစ္ဆေမယ်တော်ကြီးကို တာဝန်ယူပြီး စောင့်ကြည့်ပေးထား”

စူးချင်းက ရှောင်ချီကို အမိန့်ပေးလိုက်သည်။ သက်တော်စောင့်ဆယ်ယောက်ရှိနေသော်လည်း မလုံခြုံသေးဟု စူးချင်း ခံစားနေမိပြီး ရှောင်ချီကို ထပ်တာဝန်ပေးလိုက်သည်။

ရှောင်ချီက ရုတ်တရက် လေထဲသို့ ခုန်ထွက်လိုက်သည်။ သက်တော်စောင့်ဆယ်ယောက်က ရှောင်ချီကို မကြာခဏ မြင်ဖူးကြပြီး မကြောက်လန့်ကြပေ။ ချင်ထျဲနှင့် တစ္ဆေမယ်တော်ကြီးတို့ကတော့ ရှောင်ချီ ပါးလွှာသော လေထုထဲမှ ခုန်ထွက်လာသည်ကို မြင်သွားပြီး တုန်လှုပ်သွားကြသည်။

ဒီတိရစ္ဆာန်က ဘယ်ကနေ ရောက်လာတာလဲ?

ရှောင်ချီက သူမ၏ ဘောလုံးလေးကဲ့သို့ လုံးတုတ်နေသော ခန္ဓာကိုယ်လေးကို သူမ၏ခြေထောက်တိုတိုလေးများဖြင့် သယ်ဆောင်ကာ ပန်းကန်လုံးကြီး ‌ရွေ့လျားနေသလို ချင်ထျဲနှင့် တစ္ဆေမယ်တော်ကြီး၏အကြားသို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူမ၏မျက်လုံးဝိုင်းဝိုင်းကြီးများဖြင့် သူတို့ကို စူးစူးရဲရဲ စိုက်ကြည့်နေတော့သည်။

ရှောင်ချီ၏စွမ်းရည်အရ သူမ၏မျက်လုံးနှစ်လုံးကို တစ်ဖက်စီသို့ ပို့ထားပြီး လူနှစ်ယောက်ကို တစ်ပြိုင်နက်တည်း ကြည့်နေနိုင်သည်ကို မြင်လိုက်ရသဖြင့် တစ္ဆေမယ်တော်ကြီး၏ မျက်လုံးများတွင် မုန်းတီးမှုများ ပြည့်နှက်လာပြန်သည်။ ချင်ထျဲကတော့ ရှောင်ချီကို အထင်သေးနေဟန် ရပြီး မထီမဲ့မြင်ပြုနေဆဲ ဖြစ်သည်။

သူက ဒီဝတုတ်နေတဲ့ ဒီတိရစ္ဆာန်ကို ဘာလို့ ဂရုစိုက်ရမှာလဲ?

သူ့မျက်လုံးထဲတွင် ရှောင်-ဖက်တီးလေး-ချီက စားရုံသာစားတတ်သော အိမ်မွေးတိရစ္ဆာန်တစ်ကောင် ဖြစ်နေလေသည်။

“ကိုယ် ပစ်မယ်”

စူးချင်းက လက်ပစ်ဗုံးကို ယူဆောင်လာသည်ကို မြင်လိုက်ရချိန်တွင် ရှောင်းကျဲယွိ သူ့ကိုယ်သူ ယုံကြည်မှု ပိုတိုးလာခဲ့သည်။ သို့သော်လည်း ပြတင်းပေါက်မှ လက်ပစ်ဗုံးများ လှမ်းပစ်ခြင်းက အန္တရာယ်ရှိနေသေးသည်။ ထို့ကြောင့် သူက လက်ပစ်ဗုံးများကို လှမ်းယူလိုက်ပြီး စူးချင်း အန္တရာယ်မရှိအောင် စီစဥ်လိုက်သည်။ သူက လက်ပစ်ဗုံး၏စနက်တံကို ဖြုတ်ကာ ဆန့်ကျင်ဘက်မှ သစ်သားအဆောက်အဦးဆီသို့ လှမ်းပစ်ချသည်။

လက်ပစ်ဗုံးက လေထဲသို့ လွင့်ပျံထွက်သွားပြီး ဆန့်ကျင်ဘက်မှ သစ်သားအဆောက်အဦးပေါ် ကျရောက်သွားခဲ့သည်။ ထိုသစ်သားအဆောက်အဦးမှ တစ်စုံတစ်ယောက်က လက်ပစ်ဗုံးကို မြင်သွားပြီး မြှားဖြင့် လှမ်းပစ်လိုက်သည်။ လက်ပစ်ဗုံးပေါ်သို့ မြှားနှစ်စင်း ကျရောက်ထိမှန်လာသော်လည်း သူတို့ ခြေတစ်လှမ်းနောက်ကျနေပြီ ဖြစ်သည်။ ပေါက်ကွဲမှုကြောင့် မီးတောက်များ နေရာအနှံ့ ပျံ့နှံ့သွားပြီး ဆန့်ကျင်ဘက်အဆောက်အဦးတွင် ပုန်းအောင်းကာ ရှောင်းကျဲယွိတို့ ဘက်သို့ ချောင်းမြောင်းနေသည့်လေးသမားများအားလုံး ပေါက်ကွဲသေဆုံးသွားကြသည်။

တစ်ချိန်တည်းမှာပင် ရှောင်းကျဲယွိနှင့် စူးချင်းတို့က ပြတင်းပေါက်မှ ခုန်ဆင်းသွားကြသည်။ အောက်ဘက်တွင် မီးရှို့ရန် ပြင်ဆင်နေသော အရိပ်မည်းများအားလုံးလည်း အပိုင်းပိုင်း ပြတ်သေဆုံးနေပြီ ဖြစ်ကြောင်း သူတို့ တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်က အောက်တွင် စုပုံထားတဲ့ ထင်းတုံးကြီးများကို ကောက်ယူကာ ပေါက်ကွဲမှုကြောင့် မီးလောင်နေဆဲဖြစ်သည့် ဆန့်ကျင်ဘက်သစ်သားအဆောက်အဦးထဲကို လှမ်းပစ်နေကြသည်။

အရာအားလုံးက မြန်ဆန်လွန်းပြီး လျှပ်စီးတစ်ပြတ်အတွင်း မိုးခြိမ်းသံတစ်သံမျှအကြာတွင် ပြီးဆုံးသွားခဲ့သည်။ သို့သော်လည်း ညကောင်းကင်ယံအောက်တွင် မီးတောက်များ လျှံတက်ကာ ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်နေသလို မီးခိုးငွေ့များလည်း ထူထပ်စွာ ရစ်ဝဲနေလေသည်။ အရာအားလုံး ပျက်သုန်းနေသည့် ထိုမြင်ကွင်းက အထူးကြေကွဲစရာကောင်းလှသည်။

စူးချင်းနှင့် ရှောင်းကျဲယွိတို့ ပြေးထွက်သွားစဉ် ကျန်ရစ်နေခဲ့သည့် ချင်ထျဲက ရုတ်တရက် လှုပ်ရှားလာခဲ့သည်။ သူက စစ်သည်ဆယ်ယောက်ထံသို့ ပြင်းထန်သောအဆိပ်ငွေ့များ ထုတ်လွှတ်လိုက်ပြီး စစ်သည်ဆယ်ယောက်က ထိုအဆိပ်ငွေ့ဒဏ်ကို အပြင်းအထန်ခံစားလိုက်ကြရသည်။ ချင်ထျဲက တစ္ဆေမယ်တော်ကြီးကို သယ်ဆောင်ကာ ထွက်ပြေးရန် ကြံရွယ်ထားပြီး သူမဆီသို့ အမြန်ပြေးသွားလိုက်သည်။

ထိုအခိုက်အတန့်တွင် ရှောင်ချီက သူမကိုယ်သူမ အသားလုံးအဖြစ် ပြောင်းလဲလိုက်ပြီး ချင်ထျဲထဲသို့ ပြေးဝင်သွားခဲ့သည်။ အစပိုင်းတွင် ချင်ထျဲက ရှောင်ချီကို ခွေးတစ်ကောင်သာသာ သဘောထားခဲ့ပြီး ရှောင်ချီလည်း အဆိပ်ငွေ့ကြောင့် မသန်မစွမ်း ဖြစ်သွားမည်ဟု တွေးကာ သူမကို အနည်းမျှပင် ဂရုမစိုက်ခဲ့ပေ။ အဆုံးတွင် ရလဒ်အနေဖြင့် သူ ပျံသန်းလိုက်ရပြီး သစ်သားအဆောက်အဦ၏သစ်သားတိုင်များနှင့် ဝင်ဆောင့်မိကာ အောက်သို့ ပြုတ်ကျသွားရသည်။ ယခုတကြိမ်တွင်တော့ ချင်ထျဲက ရှောင်ချီကို သတိအပြည့်ဖြင့် လှမ်းကြည့်နေပြီ ဖြစ်သည်။ သူက ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး သူ့ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်သည်။ ထို့နောက် သူက ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာသော ဓားတစ်ချောင်းကို ထုတ်ယူကာ ဘာမပြောညာမပြောဖြင့် ရှောင်ချီကို လှမ်းထိုးလိုက်သည်။

ရှောင်ချီက သူမ၏သခင်နောက်သို့ နှစ်ကာလကြာရှည် လိုက်နေခဲ့သူ ဖြစ်ပြီး သခင်ဖြစ်သူထံမှ နေ့တိုင်း သင်ယူနေခဲ့သည်။ သူမကိုယ်တိုင် သန်မာသလို တိုက်ခိုက်ရေးနည်းလမ်းများကိုလည်း သင်ယူတက်ကျွမ်းနေခဲ့သည်။ အကောင်ငယ်လေးက ဝတုတ်နေသော်လည်း သွက်လက်နေဆဲဖြစ်သည်။ သူမက သူမ၏ခန္ဓာကိုယ်တုတ်တုတ်လေးကို လေထဲတွင် ပျံဝဲရင်း ဓားဦးထိပ်ကို ရှောင်တိမ်းလိုက်သည်။ ထို့နောက် သူမက သူမ၏လက်မောင်းတုတ်တုတ်လေးဖြင့် ချင်ထျဲ၏လက်မောင်းကို လှမ်းရိုက်လိုက်သည်။

ထိုရိုက်ချက်ကြောင့် ဓားကိုင်ထားသည့် ချင်ထျဲ၏လက်မောင်းတစ်ခုလုံး ထုံကျင်သွားပြီး သူ၏ဓားကလည်း ပြုတ်ကျလုနီးပါးဖြစ်သွားခဲ့သည်။ ထိုအချိန်တွင် သူက ရှောင်ချီဆီသို့ မြွေနက်တစ်ကောင် လှမ်းပစ်လိုက်သည်။ ထိုမြွေကို အဆိပ်ငါးမျိုး တိုက်ကျွေးထားပြီး အလွန်အဆိပ်ပြင်းသောကြောင့် အကိုက်ခံရသည်နှင့် ချက်ချင်း သေဆုံးသွားပေလိမ့်မည်။

သို့သော်လည်း ထိုအဆိပ်ပြင်းမြွေကြီးကို မြင်လိုက်ရသည်နှင့်တပြိုင်နက် ရှောင်ချီ၏ မျက်လုံးကြီးများက ပို၍ ပို၍ တောက်ပလာတော့သည်။ သူမက သူမ၏လက်ဖောင်းဖောင်းလေးများကို အသာအယာ ဆန့်ထုတ်ကာ အဆိပ်ပြင်းသော မြွေကြီး၏ခေါင်းကို ဖမ်းကိုင်လိုက်သည်။ ရှောင်ချီ၏လက်ထဲသို့ ကျရောက်သွားပြီး လျှာထွက်သည်အထိ ဖိညှစ်ခံလိုက်ရသောကြောင့် မာနကြီးသော မြွေနက်ကြီးခမျာ ရှောင်ချီ၏လက်ထဲတွင် ခုခံနိုင်စွမ်း ဆုံးရှုံးသွားခဲ့သည်။ မြွေကြီးက လျှာထွက်လာပြီး အဆိပ်များ ထွေးထုတ်လိုက်သည်ကို မြင်လိုက်သည်နှင့် တပြိုင်နက် ရှောင်ချီက ထိုအဆိပ်ကို ချင်ထျဲဘက်သို့ အမြန် ချိန်ရွယ်လိုက်သည်။

ချင်ထျဲက သူ၏မြွေနက်ကလေးအား အလွန်ယုံကြည်မှု ရှိနေခဲ့သည်။ သူက သူ့၏‌မြွေနက်ကလေးဖြင့် အားကြီးသောရန်သူများကို အလစ်တိုက်ခိုက်ခဲ့ပြီး မည်သည့်အခါမျှ ကျဆုံးခဲ့ခြင်း မရှိခဲ့ပေ။

သူက မြွေနက်ကလေးကို လွှတ်ပေးလိုက်ပြီး သစ်သားအဆောက်အဦးမှ ထွက်သွားရန် ကြံရွယ်ကာ တစ္ဆေမယ်တော်ကြီးကို ကောက်ပွေ့လိုက်ပြန်သည်။ သို့သော် သူ တစ္ဆေမယ်တော်ကြီးကို ပွေ့ချီပြီး နောက်သို့ ပြန်လှည့်ကြည့်လိုက်ချိန်တွင် သူ့မြွေ၏ အဆိပ်များက သူ့မျက်လုံးထဲသို့ ဝင်လာပြီး သူ့မျက်လုံးတစ်ဖက် ချက်ချင်း ပျက်ဆီးသွားတော့သည်။

တစ္ဆေမယ်တော်ကြီး၏ဘယ်ဘက်မျက်လုံးက ကန်းနေပြီး ယခု ချင်ထျဲ၏ညာဘက်မျက်လုံး ကန်းသွားခဲ့သောကြောင့် သူတို့နှစ်ယောက်က ပြီးပြည့်စုံအောင် လိုက်ဖက်ညီသောအတွဲတစ်တွဲ ဖြစ်လာခဲ့သည်။

လူ၏မျက်လုံးများက နှလုံးသားနှင့် ဆက်စပ်နေပြီး သူ့မျက်လုံးမှ ဒဏ်ရာဒဏ်ချက်ကို ချင်ထျဲမည်သို့မျှ တောင့်မခံနိုင်တော့ပေ။ ချင်ထျဲက နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေလေသည်။ ဤမျှပြင်းထန်သော ဒဏ်ရာ ရရှိသွားသည်တိုင် သူက တစ္ဆေမယ်တော်ကြီးကို လုံးဝ ပြန်မလွှတ်ချခဲ့ပေ။ ထိုအစား သူက သူမကို ပွေ့ချီပြီး ပြတင်းပေါက်မှ ခုန်ချလိုက်သည်။

ရှောင်ချီက မြွေနက်ကို စနစ်ထဲသို့ ပစ်ချလိုက်ပြီး ချင်ထျဲ ပြတင်းပေါက်မှ ခုန်ထွက်သွားသည်ကို လှမ်းမြင်လိုက်ရသည်။

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? သူ ထွက်ပြေးသွားရင် ရှောင်ချီက သခင့်ကို ဘယ်လိုရှင်းပြရတော့မှာလဲ?

အကောင်ငယ်လေး၏ ခန္ဓာကိုယ်တုတ်တုတ်လေးက လေထဲသို့ ပျံတက်သွားပြီး သူမ၏ လက်နှစ်ချောင်းက ချင်ထျဲ၏ ခြေနှစ်ချောင်းကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် "ယိ ယား!" ဟူသော ကလေးဆန်ဆန် အသံများ ထွက်ပေါ်လာပြီး ချင်ထျဲတစ်ယောက် ပြတင်းပေါက်မှ အခန်းထဲသို့ ပြန်ဆွဲချခံလိုက်ရပြီး တစ္ဆေမယ်တော်ကြီးနှင့်အတူ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ ချင်ထျဲက ဒေါသတကြီးဖြင့် သူ့ခေါင်းကို မြှောက်လိုက်သောကြောင့် ရှောင်ချီကလည်း ဒေါသတကြီး ပြန်‌အော်လိုက်သည်။

“နင်က ခုထိမာနကြီးနေတုန်းပဲလား?”

ရှောင်ချီက ချင်ထျဲဆီသို ချက်ချင်း ပြေးသွားလိုက်ပြီး သူ့မျက်နှာကို ထိုးကြိတ်ကာ ချင်ထျဲကို ဝက်ခေါင်းအဖြစ် ပြောင်းလဲပေးလိုက်သည်။

နောက်ဆုံးတွင် ရှောင်ချီက လုံခြုံစေရန်အတွက် သူမ၏အပျော်ဆော့ကစားခြင်းကို လက်လျောလိုက်သည်။ ‌သူမက ချင်ထျဲ၏ဓားကို ကောက်ကိုင်လိုက်ပြီး သူ့၏ခြေထောက်နှင့် လက်များရှိ အရွတ်များကို ဖြတ်တောက်ကာ သူ့ကို တစ္ဆေမယ်တော်ကြီးနှင့် လုံးဝ တူညီအောင် ဖန်တီးပေးလိုက်သည်။

ချင်ထျဲက နာကျင်စွာ အော်ဟစ်ပြီး မေ့လဲသွားခဲ့သည်။ ရှောင်-ဖက်တီးလေး-ချီက သူ ပြန်သတိရလာပြီး ထပ်ထက်ပြေးမည်ကို စိုးရိမ်သောကြောင့် သူမက တစ္ဆေမယ်တော်၏ခါးပတ်ကြိုးပြားကို ဆွဲကာ ဝက်များကို တုတ်နှောင်သကဲ့သို့ သူတို့နှစ်ယောက်၏လက်နှင့်ခြေများကို ပူးချည်ထားလိုက်သည်။

အကောင်ငယ်လေးက လက်ခုပ်တီးကာ ရယ်မောလိုက်ပြီး သက်တော်စောင့်ဆယ်ယောက်ကို ကြည့်ကာ အနည်းငယ် အထင်သေးသွားသလို ခံစားလိုက်ရသည်။

ရှောင်ချီက သူတို့ကို အဆိပ်ဖြေဆေး ပေးထားပြီးပြီလေ၊ သူတို့က အခုထိ မူးဝေနေကြတုန်းလား? လူသားတွေက ဘာကြောင့် ဒီလောက် နုနယ်ကြတာလဲ?

ရှောင်ချီက ထိုလူဆယ်ယောက်အတွက် အဆိပ်ဖြေဆေးကို ပြင်ဆင်ပေးခဲ့သည်။ စစ်သည်ဆယ်ယောက်ကလည်း ရှောင်ချီက ချင်ထျဲနှင့် တစ္ဆေမယ်တော်ကြီးအား ဖမ်းထားသည်ကို မြင်သွားခဲ့ပြီး ရှက်ရွံ့သွားကြသည်။

သူတို့က သခင်မလေးရဲ့အိမ်မွေးတိရိစ္ဆာန်လောက်တောင် မတော်ဘူး!

ရှောင်ချီက ချင်ထျဲနှင့် တစ္ဆေမယ်တော်ကြီးတို့ကို အနိုင်ယူ ထိန်းချုပ်ထားစဉ်တွင် စူးချင်းနှင့်ရှောင်းကျဲယွိတို့က အင်အားကြီးမားသော ရန်သူတစ်ယောက်ကို ရင်ဆိုင်နေကြရသည်။

All Chapters