← Chapters

တကယ်ပဲ သူမလား?

Vol. 33 Ch. 482

တကယ်ပဲ သူမလား?

Vol. 33 Ch. 482

စူးချင်းနှင့် ရှောင်းကျဲယွိတို့က သစ်သားအဆောက်အဦးမှ အော်ဟစ်သံများကို ကြားသွားကြပြီး တစ်ခုခု ဖြစ်နေမည်ကို စိုးရိမ်သောကြောင့် ပြန်သွားရန် ပြင်ဆင်လိုက်ကြသည်။ သို့သော် ထိုအခိုက်အတန့်တွင် အဝေးမှ လွင့်မြောလာသော ကြာဖြူကြီးတစ်ပွင့်ကို သူတို့ မြင်လိုက်ကြရသည်။

ထိုကြာဖြူပွင့်၏ပွင့်ချပ်များကို မီးပုံးနီများ ချိတ်ဆွဲထားသည်။ ထို့အပြင် ကြာဖြူပွင့်ကြီး၏ထိပ်မှ ကန့်လန့်ကာတစ်ခု တွဲလောင်းကျနေသောကြောင့် ထိုရှည်လျားသော ကန့်လန့်ကာက လေထဲတွင် ကခုန်နေသလို ဖြစ်နေပြီး မှော်ဆန်သော ဂီတသံတစ်ခုကလည်း အဝေးမှ ထွက်ပေါ်လာကာ စူးချင်းနှင့် ရှောင်းကျဲယွိတို့၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။

ဂီတသံက ငြိမ့်ညောင်းသာယာသည့် ပုလွေသံမျှသာ ဖြစ်သော်လည်း သူတို့၏နှလုံးခုန်သံကို ပိုမြန်လာစေပြီး ပိုသွေးဆူလာစေသည်။

“ဒီသီချင်းက လူတွေကို လှည့်စားနိုင်တယ်။ ချင်းအာ မင်းရဲ့နားတွေကို အုပ်ထားလိုက်"

ရှောင်းကျဲယွိက တစ်ခုခု မှားနေပြီကို ချက်ချင်း ခံစားမိသွားခဲ့ပြီး စူးချင်း၏နားရွက်များကို သူ့လက်ဖြင့် အမြန် ဖုံးအုပ်ပေးလိုက်သည်။ သူကိုယ်တိုင်ကတော့ သူ့၏သွေးဆူမှုကို တွန်းလှန်ရန် သူ၏အတွင်းစွမ်းအားကို အသုံးပြုထားခဲ့သည်။ သို့သော်လည်း သူ သွေးအန်လုနီးပါး ဖြစ်နေကာ သူ၏လည်ချောင်းထဲတွင် ငန်ညှိညှိ ညှီစို့စို့ အရသာကို ခံစားနေရသေးသည်။

"လှည့်ကွက်တွေ လာကစားနေတယ်ပေါ့"

စူးချင်းက သူမ၏လက်ကို မြှောက်လိုက်ပြီး ထိုကြာဖြူပွင့်ကြီးကို မြှားတစ်စင်းဖြင့် ပစ်ချလိုက်သည်။ သူမ ဖန်တီးထားသည့် လျှို့ဝှက်မြှားအိမ်၏စွမ်းအားက အလွန်ကြီးမားပြီး ၎င်း၏အမြန်နှုန်းက လျင်မြန်သောကြောင့် အများအားဖြင့် ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။

သို့သော် ထိုဧရာမကြာဖြူပွင့်ကြီးက လေထဲသို့ မြှောက်တက်သွားပြီး မြှားကို အလွယ်တကူ ရှောင်တမ်းလိုက်သည်။ ထို့နောက် ပိုအရှိန်မြင့်လာကာ စူးချင်းတို့နှစ်ယောက်စီသို့ ပြေးဝင်လာခဲ့သည်။

ထိုအရာက ကြီးမားသောအဖြစ်အပျက်များစွာကို တွေ့မြင်ခဲ့ဖူးသည့် စူးချင်းကိုပင် အံ့အားသင့်သွားစေခဲ့သည်။ ထိုကြာဖြူပွင့်ကြီး ပျံသန်းလာသည်က အံ့သြစရာ မဟုတ်ဘဲ ဧရာမကင်းခြေများကြီးက သူ့၏နောက်ကျောတွင် ကြာဖြူပွင့်ကြီးကို သယ်ဆောင်လာသောကြောင့် ဖြစ်သည်။ ထိုကင်းခြေများကြီး၏မျက်လုံးများက မီးပုံးကြီးများလောက် ကြီးမားပြီး စူးချင်းကို မြင်သွားချိန်တွင် အစိမ်းရောင်အဆိပ်အတောက်များ ထွေးထုတ်လိုက်သည်။

ရှောင်းကျဲယွိက ထိုအဆိပ်များကို ရှောင်တိမ်းရန် စူးချင်းကို ခေါင်မိုးပေါ်သို့ အမြန်ဆွဲတင်လိုက်သည်။ ထိုအဆိပ်ကျရောက်သည့်နေရာက ဆာဖြူရစ်အက်ဆစ်ဖြင့် တိုက်စားခံလိုက်ရကဲ့သို့ မီးခိုးဖြူများ အူထွက်လာသည်။

ကြာဖြူပွင့်ကြီး၏ ကန့်လန့်ကာအတွင်းတွင် အမျိုးသမီးတစ်ဦး ထိုင်နေပြီး သူမက အသက်နှစ်ဆယ်ကျော် အရွယ်ခန့်ရှိကာ အလွန်လှပပုံရသည်။ သူမ၏အသားအရေက အလွန်ဖြူစင်ပြီး ကြည်လင်နေကာ သူမ၏ မျက်လုံးများက မှင်ရောင်ကဲ့သို့ မည်းနက်နေသောကြောင့် သူမထံတွင် နတ်ဆိုးဆန်သော ဆွဲဆောင်မှုများ ရှိနေခဲ့သည်။

"အဲ့ဒါ သူ(မ)ပဲ"

ကြာဖြူပွင့်ပေါ်တွင် ထိုင်နေသော အမျိုးသမီးကို မြင်လိုက်ရချိန်တွင် ရှောင်းကျဲယွိလည်း အံ့အားသင့်သွားခဲ့သည်။

အဲဒါက ချင်ထျဲရဲ့ သမီး ချင်ယွီအာ မဟုတ်ဘူးလား?

"ဘယ်ဖြစ်ဖြစ် ဂရုစိုက်မနေနဲ့၊ အရင် သတ်မယ်"

စူးချင်းကလည်း ချင်ယွီအာ၏မျက်နှာကိုလည်း မြင်သွားခဲ့သည်။ ထိုမိန်းခလေး၏ပုံတူကို မြင်လိုက်ချိန်ကတည်းက စူးချင်းက ချင်ယွီအာတွင် နတ်ဆိုးဆန်သော အငွေ့အသက်များရှိနေလို ခံစားခဲ့ရသည်။ ယခု သူမက အမှန်တကယ် နတ်ဆိုးတစ်ကောင် ဖြစ်နေခဲ့သည်။

ကြာဖြူပွင့်ကြီးက စူးချင်းတို့ နေထိုင်သည့် သစ်သားအဆောက်အဦး၏ရှေ့တွင် ရပ်တန့်သွားခဲ့သည်။ သူမ၏ခေါင်းပေါ်တွင် ကြာပန်းသရဖူ တစ်ခုတပ်ဆင်ထားသော ချင်ယွီအာက ထိုကြာပန်းကြီးပေါ်တွင် ခပ်မတ်မတ်ထိုင်နေခဲ့သည်။

သူမ ဝတ်ဆင်ထားသောအဖြူရောင်ဝတ်စုံက လေထဲတွင် လွင့်ပျံနေပြီး မသေမျိုးတစ်ယောက်ဟု ထင်ရစေသော်လည်း ညအမှောင်အောက်မှ သူမ၏လှပသော နတ်ဆိုးဆန်ဆန် အနက်ရောင်မျက်လုံးများက စူးချင်းကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

"မင်းက စူးချင်းလား?"

သူမ၏အသံက မြောက်အရပ်မှ နှင်းများကဲ့သို့ အေးစက်နေပြီး ခံစားချက်ဟူ၍ မြူတစ်မှုန်စာပင် မရှိနေခဲ့ပေ။ ထို့အပြင် သူမ၏အသံ၌ အထင်အမြင်သေးနေသည့် အရိပ်အယောင်များလည်း ရှိနေသေးသည်။ စူးချင်း၏ ငယ်ရွယ်ပြီး ပိန်သွယ်သော ပုံရိပ်ကို မြင်လိုက်ရချိန်တွင် သူမက ပို၍ပင် မထီမဲ့မြင် ပြုလာခဲ့ပြီး သူမ၏အမူအရာတွင် သူမ၏အတွေးကို ရှင်းရှင်းလင်းလင်း ဖော်ပြနေခဲ့သည်။

‘နင့်မှာ ထူးခြားတာရယ်လို့ ဘာမှတောင် မရှိဘူး’

"ချင်ယွီအာလား?"

စူးချင်းကလည်း ပြန်မေးလိုက်သည်။

သူမက ချင်ယွီအာဆိုရင် အိမ်ထဲက ချင်ထျဲက အတုပဲ။ သူ့သမီးက ဘယ်လိုလုပ်ပြီး သရဲငါးကောင်ထဲက ဖြစ်နိုင်မှာလဲ?

“မင်းက ဘယ်လိုလုပ်ပြီး သူတော်စင်မိန်းမပျိုရဲ့နာမည်ကို ခေါ်ရဲရတာလဲ?"

ချင်ယွီအာက ပြန်မဖြေခဲ့ပေ။ ထိုအစား သူမ၏ဘေးနားမှ အစေခံက စူးချင်းကို အော်ဟစ်လိုက်သည်။

"သူတော်စင်မိန်းမပျိုတဲ့လား?"

စူးချင်းကလည်း အထင်အမြင်သေးဟန်ဖြင့်သာ ပြန်တုံ့ပြန်လိုက်သည်။

“နင်က ဘယ်လိုမိန်းမမျိုးဆိုတာကို ဘယ်သူက ဂရုစိုက်နေလို့လဲ? ငါက သရဲငါးကောင်လုံးကို သုတ်သင်ပယ်ရှင်းပစ်နိုင်တယ်၊ ဘယ်သူမှ အသက်ရှင်ရက် မကျန်ခဲ့စေရဘူး”

ထိုစကားက ကင်းခြေများကြီးကို ဒေါသထွက်သွားစေပုံရပြီး ၎င်းက ပါးစပ်ကြီးကို ဖြဲကာ အနီရောင်လျှာကြီးက စူးချင်းဆီသို့ ပြေးဝင်လာခဲ့သည်။ ရှောင်းကျဲယွိက သူ့၏လွမ်တောင်ကို ဆွဲထုတ်ပြီး ကင်းခြေများကြီး၏လျှာကို လှီးဖြတ်လိုက်သည်။ သို့ပေမယ့် ထိုလျှာနီကြီးက လွမ်တောင်ကို ရစ်ပတ်ထားခဲ့ပြီး ဤကင်းခြေများကြီးက ထိခိုက်ဒဏ်ရာ မရနိုင်တော့သည့်အထိ ကျင့်ကြံထားပုံရသည်။

စူးချင်းကတော့ ကင်းခြေများကြီး ပါးစပ်ဖွင့်လိုက်သည်ကို မြင်သည်နှင့်တပြိုင်နက် သူမ၏စနစ်ထဲမှ လက်ပစ်ဗုံးတစ်လုံးကို ထုတ်ကာ စနက်တံကို ဆွဲဖြုတ်လိုက်ပြီ ကင်းခြေများကြီး၏ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ သူမက ကင်းခြေများကြီးနှင့် ချင်ယွီအာကို တချက်တည်း သတ်ပစ်ရန် ကြံရွယ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုတစ်ကြိမ်တွင် လက်ပစ်ဗုံးက အလုပ်မဖြစ်ခဲ့ပေ။ ကင်းခြေများကြီးက ဉာဏ်ကောင်းလွန်းပြီး လက်ပစ်ဗုံး ရောက်လာသည်ကို မြင်လိုက်သည်နှင့် ၎င်း၏လျှာကြီးက ရုတ်တရက် ပိုရှည်လာသည်။ ထိုကင်းခြေများကြီးက လက်ပစ်ဗုံးကို ၎င်း၏လျှာဖြင့် လုံးယူကာ ဘေးဘက်သို့ ပစ်ချလိုက်သည်။ ပေါက်ကွဲသံနှင့်အတူ ဘေးဘက်မှ သစ်သားအဆောက်အဦးတစ်လုံး ပေါက်ကွဲသွားခဲ့သည်။

လက်ပစ်ဗုံး၏စွမ်းအားကို မြင်လိုက်ရချိန်တွင် ချင်ယွီအာ၏ အေးစက်ပြီး မာနကြီးပုံရသော မျက်နှာက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ စူးချင်းကို ကြည့်နေသော သူမက အကြည့်များက ပိုလေးနက်လာခဲ့သည်။

"တစ္ဆေဘုရင်ကြီးက အမိန့်ပေးလိုက်တယ်၊ လူသတ်လက်နက်ကြီးတွေ လုပ်နိုင်တဲ့ လျှို့ဝှက်ချက်နဲ့ တစ္ဆေမယ်တော်ကြီးကို လွှဲပေးသရွေ့ မင်းတို့ကို လွှတ်ပေးနိုင်တယ်တဲ့"

ချင်ယွီအာက ကြာပန်းပလ္လင်ပေါ်တွင် ထိုင်နေရင်း စူးချင်းကို အထက်စီးဆန်ဆန် အမိန့်ပေးလိုက်သည်။

သူမ စူးချင်းကို မသတ်တာက‌တောင် ကြီးမားတဲ့ မျက်နှာသာပေးမှုဖြစ်နေပြီ၊ စူးချင်းဆိုတဲ့တစ်ယောက်က မဖြစ်မနေ သဘောတူလာမှာပဲ။

“ကောင်းပြီလေ၊ ငါတို့ကို နင်တို့ရဲ့ အသိုက်ထဲ ခေါ်သွားပေး။ ငါ တစ္ဆေဘုရင်နဲ့ တွေ့ချင်တယ်၊ အဲ့အချိန်ကျရင် နင်တို့ လိုချင်တာကို ပေးမှာပေါ့"

စူးချင်းက အခွင့်အရေးကောင်းတစ်ခု ရလိုက်သလို ခံစားလိုက်မိသည်။

ဒီလိုမှ မဟုတ်ရင် သူမကို လမ်းပြပေးမယ့်သူမရှိဘဲ သူမ ဘယ်လိုလုပ်ပြီး သရဲငါးကောင်ရဲ့ အသိုက်ကို ရှာနိုင်မှာလဲ?

သူတို့ရဲ့အသိုက်ကို ရှာမတွေ့ရင် ပုစွန်သေးသေး၊ ငါးသေးသေးလေးတွေကိုပဲ သတ်ပစ်နိုင်လိမ့်မယ်။ အဲ့ဒါဆို သူမရဲ့မိသားစုဝင်တွေအတွက် အန္တရာယ်ရှိနေတုန်းပဲ။ သူမက သူတို့အားလုံးကို တပြုံလုံး သုတ်သင်ဖို့ ဆုံးဖြတ်ထားပြီးပြီ။ သရဲငါးကောင်အပြင် ရှိသမျှအစေအပါးအားလုံး တစ်ကောင်မှ မကျန်စေရဘူး။

"မင်းက မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ? မင်းက တစ္ဆေဘုရင်ကြီးနဲ့ တွေ့ဖို့ မထိုက်တန်ဘူး။ လက်နက်ကြီးရဲ့လျှို့ဝှက်ချက်ကို အမြန် လွှဲပေးလိုက်။ မိတ်ဖြစ်ဆွေဖြစ် တိုက်နေတဲ့ အရက်ခွက်ကို လက်လွတ်စပယ် မငြင်းဆန်နဲ့"

ချင်ယွီအာက စူးချင်း၏တောင်းဆိုမှုကို လုံးဝ ဂရုမစိုက်ပေ။ သူမ၏အမြင်တွင် လက်နက်ကြီးနှင့် စူးချင်း၏အသက်က သူမ အပိုင်သာ ဖြစ်သည်။ ထို့ကြောင့် သူမကို မသတ်ခင် လူသတ်လက်နက်ကြီးပြုလုပ်နည်းကို မေးမြန်းနေခြင်း ဖြစ်သည်။ စူးချင်းက သူမကို မပြောပြချင်ဘဲ တစ္ဆေဘုရင်ကြီးနှင့် တွေ့ခွင့်တောင်းနေခဲ့သည်။ သူမက သူမ၏ထိန်းချုပ်နိုင်စွမ်းမှ ကျော်လွန်သွားမည့် ထိုသို့သော တောင်းဆိုမှုကို ဘယ်နည်းနှင့်မှ လက်ခံမည် မဟုတ်ပေ၊

"ဒါဆို ငါ သူ့ကို မတွေ့ရမချင်း နင့်ကို ရိုက်နှက်မယ်"

စူးချင်းက ရယ်မောရင်း ပြန်ပြောလိုက်ကာ သူမ၏လက်ထဲမှ ဓားက ငွေရောင်အလင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချင်ယွီအာကို ဓားဖြင့် လှမ်းထိုးလိုက်သည်။ ထိုအခိုက်အတန့်တွင် မလှုပ်မယှက် ရှိနေခဲ့သည့် ကင်းခြေများကြီးက ၎င်း၏အဆိပ်များကို စူးချင်းထံသို့ ထပ်ထွေးထုတ်ပစ်လိုက်ပြန်သည်။ စူးချင်းက လေပေါ်သို့ ပျံတက်လိုက်ပြီး ကင်းခြေများကြီး၏ ဦးခေါင်းပေါ်သို့ ဆင်းသက်လိုက်သည်။ သူမက သူမ၏ဓားကို မြှောက်က ကင်းခြေများကြီး၏မျက်လုံးများကို ထိုးဖောက်လိုက်သည်။ ကင်းခြေများကြီးက ပါးနပ်လွန်းပြီး ဓားကို ရှောင်ရန် သူ့မျက်လုံးများကို မှိတ်ချလိုက်သည်။

ချင်ယွီအာကလည်း သူမ၏ပုလွေကို ကောက်ယူလိုက်ကာ စတင်တီးမှုတ်နေခဲ့သည်။ ဘေးနားရှိ အစေခံများကလည်း သူတို့၏လက်များက စတင်မြှောက်ကာ အလျင်အမြန် ကခုန်နေကြသည်။ သူတို့၏လက်များက သာမန်လူများ၏လက်အရောင်နှင့်မတူဘဲ လုံးဝ မည်းနက်နေလေသည်။ ထိုအရာ ပြင်းထန်းသော အဆိပ်မှန်း သိသာနေသည်။ ရှောင်းကျဲယွိကလည်း လေထဲသို့ ပျံတက်လာပြီး သူ့၏လွမ်တောင်ဖြင့် ကင်းခြေများကြီး၏ ဦးခေါင်းကို ခုတ်ပိုင်းလိုက်သည်။ သို့သော် သံသံချင်း ထိလိုက်သလို အသံတစ်ခုသာ ထွက်လာပြီး မီးပွားများသာ ပြန်လွှင့်စင်လာခဲ့သည်။

စူးချင်းနှင့်ရှောင်းကျဲယွိတို့က အနှစ်နှစ်ထောင်ကျော်သတ်တမ်းရှိ ကင်းခြေများကြီးများကို အတူတကွ သတ်ဖြတ်ခဲ့ကြသော်လည်း ၎င်းတို့အနက်မှ တစ်ကောင်ကမှ ဤမျှလောက် အစွမ်းထက်ခဲ့ခြင်း မရှိပေ။

ဒါက ကင်းခြေများတွေရဲ့ ဘိုးဘေးများလား?

သူက ဓားနဲ့ လှံတွေ တိုးမပေါက်နိုင်တဲ့ ချပ်ဝတ်တန်ဆာကိုများ ၀တ်ဆင်ထားတာလား?

ချင်ယွီအာ၏ပုလွေသံကလည်း ပိုမြန်လာပြီး ထောင်နှင့်ချီသော တပ်ဖွဲ့ဝင်များ မြစ်ဝါမြစ်ကို ဖြတ်ကူးနေသလို ပို၍ ပြင်းထန်လာသည်။ ထိုပုလွေသံကို ကြားလိုက်သည်နှင့် ကင်းခြေများကြီးက ခေါင်းကို ပိုမော့လာပြီး ပို၍ ရက်စက်ကြမ်းကြုတ်လာတော့သည်။ မီးပုံးကြီးနှင့်တူသော မျက်လုံးများက စူးချင်းကို စိုက်ကြည့်နေပြီး ၎င်း၏ကြီးမားသော ခြေတံများက ဓားများအဖြစ် ပြောင်းသွားကာ စူးချင်းကို လှမ်းခုတ်လိုက်သည်။

ထိုမြင်ကွင်းက အလွန်ကြောက်စရာကောင်းလှပြီး စူးချင်းက ကင်းခြေများကြီး၏ ခြေတံများကို ရှောင်ရန် နောက်ပြန်ဆုတ်လိုက်သော်လည်း ထိုအကောင်ကြီးထံတွင် ခြေတံများ အလွန်ပေါများလှသည်။ တစ်ခုကို ရှောင်လိုက်သည်နှင့် နောက်တစ်ခု ရောက်လာပြီး ခုခံကာကွယ်ရန် ခက်ခဲနေခဲ့သည်။

စူးချင်းအတွက် သူမ ပြန်မွေးဖွားလာပြီးကတည်းက ခက်ခဲသော တိုက်ပွဲတစ်ခုကို ပထမဆုံး ကြုံလိုက်ရခြင်း ဖြစ်သည်။

ထိုအရာက လူကို ဆန့်ကျင်တိုက်ခိုက်နေရခြင်း မဟုတ်ဘဲ အဆိပ်ကောင်ကြီးနှင့် ယှဥ်ပြိုင်နေရခြင်း ဖြစ်သည်။

"စစ်နတ်ဘုရားစွမ်းရည်"

စူးချင်းက သူမ၏ စစ်နတ်ဘုရားစွမ်းရည်ကို အသုံးပြုလိုက်ပြီး ဓားစွမ်းအင်ကို အဖြူရောင်အလင်းအဖြစ် ပြောင်းလဲကာ ကင်းခြေများကြီးကို ခုတ်ပိုင်းလိုက်သည်။ ထိုအချိန်တွင် ရှောင်းကျဲယွိက အစေခံတစ်ဦး၏လက်ချောင်းများကို ဖြတ်တောက်နေခဲ့ပြီး စူးချင်းက သူမ၏ စစ်နတ်ဘုရားစွမ်းရည်အား အသုံးပြုလိုက်သည်ကို သူ မြင်သွားခဲ့သည်။ ထို့ကြောင့် သူ မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းမှ ရှောင်ရှားရန် လေထဲသို့ ခုန်တက်လိုက်ရသည်။

ချင်ယွီအာကလည်း စူးချင်း၏ ပြင်းထန်သောတိုက်ခိုက်မှုကို မြင်သွားပြီး သူမ၏ ပုလွေသံက ပြောင်းလဲသွားကာ ကင်းခြေများကြီးက လေထဲသို့ ပျံတက်သွားသည်။ သို့သော် စူးချင်း၏ဓားချီကြောင့် သူမ ဒဏ်ရာရရှိသွားခဲ့ပြီး ကင်းခြေများကြီး၏ ရှေ့ခြေသည်းသုံးချောင်းနှင့် ဦးမျှင်များ ဖြတ်တောက်ခံလိုက်ရသည်။

“အူး!”

ကင်းခြေများကြီးက နာကျင်စွာ အော်ဟစ်လိုက်သည်။ ၎င်း၏မျက်လုံးကြီးများကလည်း တရဲရဲ တောက်ပလာပြီး ကြက်သွေးရောင် ဖြစ်သွားခဲ့သည်။ ၎င်းက လေထဲတွင် နောက်ပြန်လှည့်လာပြီး စူးချင်းဆီသို့ တည့်တည့်ကာ စူးချင်းထံသို့ အဆိပ်များ ထွေးထုတ်လိုက်ပြန်သည်။

"ချင်းအာ"

ရှောင်းကျဲယွိက စူးချင်းကို ကယ်တင်ရန် အလျင်အမြန် ပြေးလာခဲ့သည်။ သူက ကင်းခြေများကြီး၏ဝမ်းဗိုက်ကို သူ့လက်ထဲမှ လွမ်တောင်ဖြင့် လှမ်းထိုးလိုက်သည်။ ကင်းခြေများကြီး၏ဝမ်းဗိုက်က အခြားနေရာများထက် ပိုပျော့ပျောင်းပြီး မျက်လုံးမှ လွဲလျှင် ဤနေရာက ထိုးဖောက်ရန် လွယ်ကူသည့်တစ်ခုတည်းသောနေရာ ဖြစ်သည်။ သို့သော် ဤကင်းခြေများကြီး ၎င်း၏ခန္ဓာကိုယ်တွင် ပျော့ပျောင်းသောအသား မရှိသည့်အထိ ကျင့်ကြံလေ့ကျင့်ထားပုံရသည်။ ရှောင်းကျဲယွိက သူ့၏လွမ်တောင်ဖြင့် ကင်းခြေများကြီး၏ဝမ်းဗိုက်ကို ထိုးစိုက်လိုက်ချိန်တွင် “ထန်” ဟူသော အသံသာ ထွက်ပေါ်လာပြီး ၎င်း၏အရေပြားတွင် ခြစ်ရာတစ်ခုတောင် ပေါ်မလာခဲ့ပေ။

All Chapters