← Chapters

ရင်ဖိုစရာ အခိုက်အတန့်

Vol. 33 Ch. 485

ရင်ဖိုစရာ အခိုက်အတန့်

Vol. 33 Ch. 485

ချင်ယွီအာက အသားပိုင်းကို ဘေးသို့ ချလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် သူမက စူးချင်းကို လှမ်းကြည့်ကာ တိုးတိုးလေး ခွင့်တောင်းလိုက်သည်။

"ငါ အပေါ့သွားချင်တယ်!"

"ရှောင်ချီ၊ သူ့(မ)နောက်ကို လိုက်သွား"

စူးချင်းက သူမကို လှည့်ပင် လှည့်မကြည့်ဘဲ ရှောင်ချီကို သူမနောက်သို့ လိုက်သွားခိုင်းလိုက်သည်။ ချင်ယွီအာ၏မျက်နှာက ချက်ချင်း နီရဲလာပြီး သူမ ရှက်သွားပုံရသည်။

"မလိုပါဘူး၊ ငါ တစ်ယောက်တည်း သွားလိုက်မယ်"

ရှောင်ချီကလည်း အနည်းငယ် ရှက်နေပုံရသည်။

“မရဘူး”

စူးချင်းက မတ်တပ်ထရပ်လိုက်ပြီး သူမလက်ထဲမှ အသားပိုင်းကို ရှောင်းကျဲယွိထံသို့ လှမ်းပေးလိုက်သည်။ ထို့နောက် သူမက ချင်ယွီအာကို အေးစက်စွာ ကြည့်လိုက်ပြီး ခပ်မာမာ ထပ်ပြောလိုက်သည်။

"ငါ မင်းနဲ့လိုက်ခဲ့မယ်"

တိုက်တိုက်ဆိုင်ဆိုင် သူမလည်း အပေါ့အပါးသွားချင်နေတာဆိုတော့ လမ်းကြုံဖြေရှင်းလို့ရနိုင်တယ်။

"အင်း ဒါဆိုလည်း လိုက်ခဲ့ပါ!"

ချင်ယွီအာက အလွန် တွန့်ဆုတ်နေပုံရသော်လည်း ဆက်မငြင်းဆန်တော့ပေ။ သူမက နောက်သို့ လှည့်လိုက်ပြီး ချုံပုတ်များဆီသို့ လျှောက်သွားလိုက်သည်။

စူးချင်းကလည်း ချုံပုတ်များဆီကို လှမ်းကြည့်လိုက်ပြီး သူမ၏မျက်လုံးများက ရေခဲကဲ့သို့ အေးစက်လာသည်။ ရုတ်တရက် သူမက လက်ပစ်ဗုံးတစ်လုံးကို ထုတ်ကာ ချင်ယွီအာကို ပြန်ဆွဲထားလိုက်ပြီး လက်ပစ်ဗုံးကို ချုံပုတ်ထဲသို့ ပစ်ထည့်လိုက်သည်။

ပေါက်ကွဲသံနှင့်အတူ ပုံရိပ် တစ်ဒါဇင်ကျော် ကောင်းကင်ယံသို့ လွင့်ပျံလာခဲ့သည်။ ချင်ယွီအာ၏ရှေ့သို့ လက်တစ်ဖက် ပြုတ်ကျလာပြီး သူမက ကြောက်လန်တကြား အော်ဟစ်ကာ ထွက်ပြေးရန်ပြင်လိုက်သော်လည်း စူးချင်းက သူမ၏အင်္ကျီဂုတ်ပိုးစကို ဖမ်းဆွဲလိုက်ပြီး သူမကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

ချင်ယွီအာက စူးချင်းကို ထိတ်လန့်တကြား စိုက်ကြည့်နေခဲ့သည်။

ဒီမိန်းမက အရမ်းကြောက်စရာကောင်းတာပဲ။

"မင်း ကောင်းကောင်းမွန်မွန် မနေရင် ငါ မင်း မျက်နှာကို​ ဓားနဲ့ခြစ်ပစ်​မယ်​!"

စူးချင်းက ချင်ယွီအာ၏မျက်နှာကို ဓားဖျားထိပ်ဖြင့် ဖိထားရင်း ခြိမ်းခြောက်လိုက်သည်။

အခုန ချုံပုတ်ထဲက အသံတစ်ခု ကြားလိုက် သူမ လှည့်ကြည့်လိုက်ချိန်မှာ ချင်ယွီအာက သူမ အပေါ့သွားချင်တယ်လို့ ပြောလာတယ်။ ဒီလို တိုက်ဆိုင်မှုမျိုးက ဘယ်လိုလုပ်ပြီး ဖြစ်လာနိုင်မှာလဲ?

တိုက်ဆိုင်မှု မဟုတ်ရင် ဒီခြုံပုတ်ထဲမှာ ထောင်ချောက်တစ်ခု ရှိမှာ သေချာနေပြီလေ။ အဲ့တော့ သွားကြည့်မနေတော့ဘူး။ အပြီးဖောက်ခွဲပေးလိုက်ရုံပဲ။

ချင်ယွီအာက အလွန်ကြောက်လန့်တုန်လှုပ်နေပြီး စကားပင် မပြောနိုင်တော့ဘဲ ခေါင်းသာ ငြိမ့်ပြလာခဲ့သည်။

ရှောင်းကျဲယွိက ချင်ယွီအာကို အေးစက်သည့်တစ်ကြည့်တစ်ချက် ပေးလာခဲ့သည်။

စိတ်ထိန်း... စိတ်ထိန်း.... အခု သူမကို သတ်လို့ မဖြစ်သေးဘူး။ ချင်ထျဲက သူမရဲ့အထောက်အထားကို အတည်ပြုပေးတဲ့အထိ စောင့်ရဦးမယ်။

သူတို့အဖွဲ့က တောင်တန်းများထဲသို့ ဆက်မဝင်မီ အစားကို ဝလင်အောင် စားသောက်ခဲ့ကြသည်။ စူးချင်းက ချင်ထျဲအတု ရေးဆွဲပေးခဲ့သော မြေပုံကို ထုတ်ယူကာ ရှောင်းကျဲယွိနှင့်အတူ ကြည့်ရှုရင်း တိုင်ပင်နေခဲ့သည်။

“နောက်တစ်ရှီးချန်အတွင်း ရောက်နိုင်မယ်လို့ ခန့်မှန်းရတယ်။ ဒီပတ်ဝန်းကျင်မှာလည်း နေရာတိုင်း နေရာတိုင်း ထောင်ချောက်တွေ ရှိနေနိုင်တယ်”

ရှောင်းကျဲယွိက သစ်ပင်ကြီးတစ်ပင်ပေါ်သို့ ခုန်တက်ကာ ပတ်ဝန်းကျင်ကို အပေါ်စီးမှ စူးစမ်းလိုက်သည်။ မြေပုံပေါ်မှ ချင်ထျဲအား ဖမ်းထားသည်ဟု ယူဆရသည့်နေရာကို အတည်ပြုပြီးနောက်တွင် သူက သစ်ပင်ပေါ်မှ ပြန်ခုန်ဆင်းလာပြီး စူးချင်းအား ပြောပြလိုက်သည်။

“အားလုံး ဒီဆေးကို သောက်လိုက်ကြ”

စူးချင်းက လူတစ်ဦးစီချင်းအတွက် ဆေးတစ်လုံးစီ ပေးလိုက်သည်။ ထိုဆေးက လူတိုင်းအား ကြံ့ခိုင်မှု ပြန်လည်ရရှိစေနိုင်ပြီး သူတို့ ခက်ခက်ခဲခဲ တိုက်ပွဲဝင်ရမည်ဖြစ်သောကြောင့် အင်အားကို ထိန်းသိမ်းနိုင်ရန် ဆေးသောက်ခိုင်းနေခြင်း ဖြစ်သည်။

"ငါ... ငါ့အတွက်ကရော?"

စူးချင်းက လူတိုင်းအား ဆေးတစ်လုံးစီပေးခဲ့သော်လည်း သူမကို မပေးသည့်အတွက် ချင်ယွီအာက မဝံ့မရဲ လှမ်းမေးလိုက်သည်။

စူးချင်းက သူမကို တစ်ချက်ကြည့်ကာ ဆေးတစ်လုံး ပစ်ပေးလိုက်သည်။

သူမ လမ်းမလျှောက်နိုင်ရင် လူတိုင်း ခရီးဖင့်ပြီး နောက်ကျသွားနိုင်တယ်။

ဆေးသောက်ပြီးနောက်တွင် ချင်ယွီအာ စူးချင်းတို့ကို ဒုက္ခမပေးတော့ဘဲ နာခံမှုရှိရှိဖြင့် လိုက်ပါလာခဲ့သည်။

သူတို့ ရှီးချန်တစ်ဝက်ခန့် ဆက်လျှောက်လာပြီးနောက်တွင် ချိုင့်ဝှမ်းတစ်ခုဆီ ရောက်လာခဲ့သည်။ ထိုနေရာမှ ရှုခင်းက တခြားနေရာများထက် ပိုလှနေပြီး ဖြူဖွေးသော မြူခိုးများက ချိုင့်ဝှမ်းပေါ်တွင် လွင့်မျောနေကာ လူများက တိမ်ပေါ်တွင် ရပ်နေသလို ဖြစ်နေခဲ့သည်။ ထိုချိုင့်ဝှမ်းတွင် ရှားပါးသော သစ်ပင်များနှင့် ရောင်စုံတောရိုင်းပန်းများ ပြည့်နှက်နေ‌သောကြောင့် လှပသော ဆီဆေးပန်းချီကားကဲ့သို့ အရောင်အသွေးစုံလင်လှသည်။

ပုံမှန်အားဖြင့် ပန်းများစွာ ဖူးပွင့်နေသော နေရာ၏လေများက မွှေးပျံ့နေသင့်သည်။ သို့သော်လည်း ဤချိုင့်ဝှမ်းထဲမှ လေထုကတော့ ညှီစို့စို့အနံ့သာ ပျံ့လွင့်နေပြီး အနံ့ကလည်း သည်းမခံနိုင်လောက်အောင် ပြင်းထန်လှသည်။

“ဒီအနံ့က ပုံမှန် မဟုတ်ဘူး၊ အဆိပ်တွေ ပါတယ်”

ကျိုးပေါ်က အတွေ့အကြုံများပြီး ဗဟုသုတပြည့်စုံလှသည်။ သူက တစ်ခုခု မှားနေသည်ကို ချက်ချင်း သတိပြုမိသွားပြီး စူးချင်းနှင့် ရှောင်းကျဲယွိတို့ကို ရှေ့ဆက်မသွားရန် တားဆီးလိုက်သည်။

“ဒါက အဆိပ်ငါးပါးတောင်ကြားလေ၊ အဆိပ်ရှိတဲ့ အရာတွေနဲ့ ပြည့်နေမှတော့ ဒီလိုအနံ့ရနေတာက ပုံမှန်ပဲ”

စူးချင်းက ချိုင့်ဝှမ်းကို အပေါ်စီးမှ ငုံ့ကြည့်သည်။ ဤမျှများပြားသော မြူခိုးမြူငွေ့များထဲသို့ လက်ပစ်ဗုံးများ ပစ်ချရန် မည်သို့မျှ မဖြစ်နိုင်ပေ။ ထိုမြူခိုးများထဲ၌ လက်ပစ်ဗုံးများ ပေါက်ကွဲသွားခဲ့လျှင် သူမတို့လည်း အသက်ရှင်နိုင်တော့မည်မဟုတ်ပေ။

“ဒီနေရာမှာ ဘယ်သူမှ နေနိုင်မှာ မဟုတ်ဘူး”

ကျိုးပေါ်က ခေါင်းယမ်းလိုက်သည်။

တစ်ယောက်ယောက်ကို ဒီနေရာမှာ ဖမ်းချုပ်ထားရင် အဲ့လူက သေသွားမှာ မဟုတ်ဘူးလား?

ချင်ယွီအာက ချိုင့်ဝှမ်းအစွန်းတွင် ငြိမ်သက်စွာ ရပ်နေပြီး ချိုင့်ဝှမ်း၏အောက်ခြေသို့ လှမ်းကြည့်နေခဲ့သည်။ သူမ၏နှုတ်ခမ်းများက အနည်းငယ် လှုပ်သွားပြီး သူမ၏ပါးစပ်မှ တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ တပြိုင်နက်တည်းမှာပင် စူးချင်းက သူမကို လှမ်းရိုက်ချလိုက်ပြီး ချင်ယွီအာတစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရသည်။ သူမက အပြစ်ကင်းဟန်ဖြင့် စူးချင်းကို ကြည့်ကာ မသိနားမလည်သလို မေးမြန်းလာပြန်သည်။

"မင်းက ငါ့ကို ဘာလို့ ရိုက်တာလဲ?"

"နင် နောက်တစ်ခါ တစ်ခုခု ထပ်လုပ်ရဲရင် ငါ နင့်ကို ဒီနေရာကနေ ကန်ချပစ်မယ်"

စူးချင်းက အေးစက်နေသော မျက်နှာဖြင့် ချင်ယွီအာကို ခြိမ်းခြောက်လိုက်ပြီး သူမ စကားမပြောနိုင်စေရန် သူမ၏ဆွံ့အမှတ်ကို နှိပ်ချလိုက်သည်။

ချင်ယွီအာက အသံတစ်သံပင် မထွက်နိုင်တော့ဘဲ သစ်ပင်အောက်တွင် ထိုင်နေခဲ့သည်။ သူမက သူမ၏မျက်နှာကို အုပ်ထားပြီး စူးချင်းနှင့် အခြားလူများကို စိုက်ကြည့်နေခဲ့သည်။ သူမ၏မျက်လုံးများက မနေ့ညကကဲ့သို့ ပြန်အေးစက်နေပြီ ဖြစ်သည်။

"သူ(မ)ကို ကြိုးချည်ထားလိုက်"

စူးချင်းက စစ်သည်များကို ချင်ယွီအာအား ကြိုးတုတ်ခိုင်းလိုက်သည်။ ထို့နောက် သူမက ချိုင့်ဝှမ်းကို စိုက်ကြည့်နေခဲ့ပြီး ချိုင့်ဝှမ်းအတွင်းမှ အသံများ ထွက်လာသည်ကို သတိပြုမိသွားခဲ့သည်။ ခဏအကြာတွင် အသံများ ပိုကျယ်လောင်လာပြီး သွေးညှီနံ့များက ပိုပြင်းထန်လာသည်။

“အားလုံး နောက်ပြန်ဆုတ်”

ကျိုးပေါ်က နောက်ပြန်ဆုတ်ရန် လူတိုင်းကို အလောတကြီး အော်ဟစ်သတိပေးလိုက်သည်။ စူးချင်းက အဆိပ်ရှိသောမြွေများ အကြောက်ဆုံးဖြစ်သည့် ပြဒါးနီမှုန့်ကို ချိုင့်ဝှမ်းထဲသို့ ပစ်ချလိုက်သည်။ သို့သော်လည်း ဤချိုင့်ဝှမ်းထဲတွင် အလွန်အကျွံ အဆိပ်ပြင်းသောမြွေများ အများကြီး ရှိနေနိုင်သည်ဟု သူမ ခံစားနေရသောကြောင့် ပညာရှိရှိ ရွေးချယ်ကာ ဘေးကင်းသောနေရာသို့ ပြန်ဆုတ်ခွာလိုက်သည်။

သူတို့ ချိုင့်ဝှမ်းဘေးမှ ပြန်ဆုတ်ခွာပြီး သိပ်မကြာခင်မှာပင် နီညိုရောင် ကင်းမြီးကောက်များက အုပ်စုလိုက် ချိုင့်ဝှမ်းပေါ်သို့ တက်လာကြသည်။ သူတို့က အလွန် လျင်မြန်ပြီး အရေအတွက်ကလည်း တော်တော်လေး များပြားလှသည်။ ထိုမျှများပြားသော ကင်းမြီးကောက်အုပ်စုကြီးက လူတိုင်းအတွက် ရင်ဖိုစရာ ဖြစ်လာခဲ့သည်။

“မီးနဲ့ ရှို့ကြ”

စူးချင်းက ကင်းမြီးကောက်များကို မီးရှို့ရန် စစ်သည်များကို အော်ဟစ်အမိန့်ပေးလိုက်သည်။ ရှောင်ချီက ပူစီနာနှင့် နဂါးပုတ်ပင်များကို စနစ်ထဲမှ ထုတ်ယူလာခဲ့သည်။ ကင်းမြီးကောက်များက ဤဆေးပင်နှစ်မျိုး၏အနံ့ကို ကြောက်သောကြောင့် စူးချင်းက ထိုဆေးပင်နှစ်မျိုးကို မီးထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် လေထုထဲတွင် ဆေးပင်နံ့များ ပြည့်နှက်လာခဲ့သည်။

ဤကင်းမြီးကောက်များက သေခြင်းတရားကို ကြောက်ရွံ့ပုံမပေါ်ပေ။ အရှေ့ရှိ ကင်းမြီးကောက်များ မီးလောင်သေဆုံးပြီးနောက် အနောက်မှ ကင်းမြီးကောက်များက ရှေ့သို့ ပြေးလာကြပြန်သည်။ သို့သော် ၎င်းတို့က ပူစီနာနှင့် နဂါးပုတ်ပင်တို့၏ရနံ့ကိုတော့ အနည်းငယ် ကြောက်ပုံရပြီး ထိုဆေးပင်များ မီးရှို့ထားသည့်နေရာကို ရှောင်တိမ်းကာ ရှေ့တိုးလာနေကြသည်။

မည်သို့ပင်ဖြစ်စေ ၎င်းတို့က ရှေ့တိုးလာနေသည်ကို မြင်လိုက်ရသောကြောင့် ရှောင်ချီက စနစ်ထဲကို ပြန်ပြေးဝင်သွားပြီး ဆီအိုးတစ်လုံး ထုတ်ယူလာခဲ့သည်။ စူးချင်းက ထိုကင်းမြီးကောက်များပေါ်မှ ဆီများ ဖြန်းချလိုက်ကြီး အမြန် မီးထပ်ရှို့လိုက်သည်။

နောက်ဆုံးတွင် မီးတောက်များ လျှံတက်လာပြီး သူတို့နှင့် ကင်းမြီးကောက်များ လုံးဝ သီးခြားစီ ဖြစ်သွားကာ ကင်းမြီးကောက်ထောင်ပေါင်းများစွာလည်း မီးလောင်ကျွမ်းသွားခဲ့သည်။

များလှစွာသော ကင်းမြီးကောက်များ မီးထဲတွင် လူးလွန့်နေပြီး မီးတောက်များထဲမှ တဖောက်ဖောက် အသံများကို ကြားနေရခြင်းကပင် အလွန်ကြောက်စရာကောင်းနေပြန်သည်။

စစ်သည်ဆယ်ယောက်အတွက်တော့ ထိုကဲ့သို့သော မြင်ကွင်းကို ကြည့်နေရခြင်းထက် စစ်မြေပြင်သို့ သွားက ရန်သူနှင့် သူသေကိုယ်သေ ရင်ဆိုင်တိုက်ခိုက်ရန်သာ ဆန္ဒရှိနေတော့သည်။

ဒါက တကယ့်ကို အိပ်မက်ဆိုးကြီးတစ်ခုပဲ။ သူတို့ မျက်စိမှိတ်လိုက်တာနဲ့ ကင်းမြီးကောက်အုပ်စုရဲ့တိုက်ခိုက်ခြင်းကို ခံနေရတယ်လို့ အိပ်မက် မက်လိမ့်မယ်။ ဒီမြင်ကွင်းက လူတိုင်းရဲ့စိတ်ကို လဲပြိုစေလောက်တြဲအထိ ခြောက်ခြားဖို့ကောင်းနေတယ်လေ။

မီးတောမှ လွတ်မြောက်လာသော ကင်းမြီးကောက်များ ရှိနေသေးသော်လည်း စစ်သည်များက သူတို့လက်ထဲမှ မီးတုတ်များကို အမြန်မြှောက်ကာ ၎င်းတိုကို အဆုံးသတ်ပေးနေကြသည်။ နောက်ဆုံးတွင် သူတို့ဘက်မှ မည်သူမျှ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ပေ။

မီးငြိမ်းသွားပြီးနောက်တွင်လည်း ချိုင့်ဝှမ်းပေါ်သို့ တက်လာသည့် ကင်းမြီးကောက်များ မရှိတော့ပေ။

နောက်ဆုံးတွင် သူတို့အားလုံး ထိတ်လန့်စရာ တိုက်ပွဲတစ်ခုကို ဖြေရှင်းနိုင်ခဲ့သည်။ သို့သော်လည်း လူတိုင်းက မိမိတို့၏ သတိနှင့် ကာကွယ်မှုကို လုံးဝ မလျော့ချရဲကြပေ။

"ရှောင်ချီ၊ အရမ်း တော်တယ်"

စူးချင်းက ရှောင်ချီကို ချီးကျူးလိုက်သည်။

ရှောင်ချီရဲ့ ဖြတ်ထိုးဉာဏ်ကြောင့်သာ မဟုတ်ရင် ဒီကင်းမြီးကောက်ထောင်ပေါင်းများစွာကို ကိုင်တွယ်ဖို့ တကယ်ကို ခက်ခဲနေလိမ့်မယ်။

အားလုံး သက်ပြင်းချလိုက်ချိန်တွင် ချိုင့်အောက်ခြေမှ နောက်ထပ်အသံတစ်ခု ထွက်ပေါ်လာပြန်သည်။

“ကွပ်.. ကွပ်”

ဘာသံလဲ? ဖားတစ်ကောင် အော်နေတာလား?

အားလုံးက သတိအပြည့်ဖြင့် နောက်ပြန်ဆုတ်လိုက်ကြပြန်သည်။

“ဒါက ဖားပြုတ် ဖြစ်နိုင်တယ်။ အဆိပ်လည်း ပြင်းမှာ သေချာတယ်”

ကျိုးပေါ်က စူးချင်းနှင့် ရှောင်းကျဲယွိတို့အား သတိပေးလိုက်သည်။

ဒီအဆိပ်ငါးမျိုးတောင်ကြားမှာ ရှင်သန်နိုင်တဲ့ အဆိပ်ရှိသတ္တဝါတွေအားလုံးက သူတို့အချင်းချင်း စစ်ပွဲပေါင်း ရာနှင့်ချီ ရင်ဆိုင်ပြီးမှ အသက်ရှင်ကျန်နေတဲ့ အကောင်တွေ ဖြစ်နိုင်တယ်။ သူတို့ အသက်ရှင်ဖို့ မရေမတွက်နိုင်တဲ့ အဆိပ်ရှိသတ္တဝါတွေကို မျိုချထားမှာလည်း သေချာတယ်။ အဲ့ဒါကြောင့် သူတို့ ဒီလောက်အဆိပ်ပြင်းနေတာပေါ့။

"ဖားပြုတ်က ဆားကို ကြောက်တယ်"

စူးချင်းက ရှောင်ချီကို လှမ်းပြောလိုက်သည်။ ရှောင်ချီက သခင်ဖြစ်သူ၏ ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်ပြီး ဆားယူရန် စနစ်ထဲသို့ ပြေးဝင်သွားပြန်သည်။

ကျိရန်ထန်မှ စူးချင်း သိမ်းယူခဲ့သော မီးဖိုချောင်သုံးပစ္စည်းများက စနစ်ထဲတွင် ရှိနေဆဲဖြစ်သည်။ ထို့အပြင် စူးချင်းက လမ်းခရီးတွင် ဝယ်ခဲ့သည့်ပစ္စည်းများလည်း အများကြီး ရှိနေသေးသောကြောင့် ယခုအချိန်တွင် အဆင်ပြေသွားခဲ့သည်။

ကျိုးပေါ်က ရှောင်ချီပျောက်ကွယ်သွားသည့်နေရာကို စူးစူးစိုက်စိုက် လိုက်ကြည့်နေခဲ့သည်။

စူးချင်းရဲ့ အိမ်မွေးတိရစ္ဆာန်လေးက နတ်သားရဲလား? ဘာကြောင့် အမြဲတမ်း လေထဲမှာ ပျောက်ကွယ်သွားရတာလဲ?

သူ စဉ်းစားနေဆဲမှာပင် ရှောင်ချီက ဆီစိမ်စက္ကူအိတ်တစ်အိတ်ကို ကိုင်ကာ ပြန်ထွက်လာသည်ကို သူ တွေ့လိုက်ရသည်။

ထိုအရာက ကျိုးပေါ်၏မျက်လုံးများကို လုံးဝ ပြူးကျယ်သွားစေခဲ့သည်။

ဒီအကောင်ပေါက်လေးက ဒါကို ဘယ်ကနေရလာခဲ့တာတုန်း။

ယခုမှ သူ အရက်အိုးအကြောင်း ပြန်တွေးလိုက်မိပြီး စူးချင်းလည်း အရက်အိုးကို လေထုမှ ထုတ်ယူလိုက်သည်ကို သူ သတိရသွားခဲ့သည်။

ဒီအကောင်ငယ်လေး ထုတ်ပေးလိုက်တာ ဖြစ်နိုင်မလား?

ကျိုးပေါ်က ရှောင်ချီကို လေ့လာနေချိန်တွင် ကြီးမားသည့် ဖားပြုတ်ကြီးတစ်ကောင်က ချိုင့်ဝှမ်းအောက်ခြေမှ အပေါ်သို့ ခုန်တက်လာသည်။

ထိုဖားပြုတ်ကြီးက ခုန်တက်လာပြီးပြီးချင်း စူးချင်းနှင့် ရှောင်းကျဲယွိတို့၏ဘက်သို့ အဆိပ်များ ထွေးထုတ်လိုက်သည်။ ဖားပြုတ်ကြီးက အလွန် မြန်ဆန်လွန်းပြီး မည်သူမှ ရှောင်လွှဲရန် အခွင့်အရေး မရနိုင်ပေ။ အဆိပ်ကို ထွေးထုတ်ပြီးနောက် ဖားပြုတ်ကြီးက နောက်တစ်ခါ ခုန်လိုက်ပြီဂ စူးချင်းကို တိုက်ခိုက်လိုက်သည်။ ထိုဖားပြုတ်ကြီးက ကျန်ရှိနေသည့်လူအားလုံးကို လျစ်လျူရှုကာ စူးချင်းကို ရွေးချယ်တိုက်ခိုက်ခြင်း ဖြစ်သည်။

All Chapters