← Chapters

ကိုယ်တိုင်ပြန် ပိတ်လှောင်ထားခြင်း

Vol. 33 Ch. 486

ကိုယ်တိုင်ပြန် ပိတ်လှောင်ထားခြင်း

Vol. 33 Ch. 486

စူးချင်းက အဆိပ်ရည်များကို ရှောင်ရှားရန် လေထဲသို့ ခုန်တက်လိုက်သည်။ တချိန်တည်းမှာပင် ရှောင်ချီက ပြေးဝင်သွားပြီး ဆားလက်တစ်ဆုပ်စာကို ဖားပြုတ်ကြီးပေါ်သို့ လှမ်းပစ်လိုက်သည်။ ထို့နောက် သူမက ဖားပြုတ်ကြီး၏မျက်လုံးကို ထိုးနှက်ရန် ခုန်တက်သွားပြန်သည်။

ဘေးနားတွင် ရှိနေသည့် ရှောင်းကျဲယွိကလည်း သူ့ဓားကို ချက်ချင်းထုတ်ကာ ဖားပြုတ်ကြီး ဓားဖြင့် လှမ်းထိုးလိုက်သည်။ ဓားရှည်က ဖားပြုတ်ကြီး၏ထူထဲသော အရေခွံကို ဖောက်ဝင်ကာ ၎င်း၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။ စူးချင်းကလည်း လေထဲ၌ပျဲဝဲနေရင်း သူမ၏စစ်နတ်ဘုရားစွမ်းရည်ကို အသုံးပြုကာ ဖားပြုတ်ကြီးကို တစ်ချက်တည်း အပြီးသတ်ပေးလိုက်သည်။

“သခင်၊ ဖားပြုတ်ရဲ့အဆိပ်အိတ်နဲ့ အရေခွံကို ဆေးအဖြစ် သုံးလို့ ရတယ်”

ရှောင်ချီက အော်ပြောလိုက်ရင်း ဖားပြုတ်ကြီးကို စနစ်ထဲသို့ ထည့်ရန် အလုပ်များနေပြန်သည်။

ဘာပဲဖြစ်ဖြစ် သူမ လူတိုင်းရှေ့မှာ ထိတ်လန့်စရာတွေ အများကြီး လုပ်ထားပြီးပြီမို့ ဒီတစ်ခုလောက် ပိုသွား၍နဲ့ ဘာမှ ဖြစ်မလာတော့ဘူး။

ရှောင်ချီ ကြီးမားသော ဖားပြုတ်ကြီးအား လေထဲသို့ ပစ်တင်လိုက်ပြီး ထိုဖားပြုတ်ကြီး ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်ကို ချင်ယွီအာလည်း မြင်သွားခဲ့သည်။ ထို့ကြောင့် သူမ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်လာတော့သည်။

ရှောင်ချီက ဖားပြုတ်ကြီးကို ကိုင်တွယ်ပြီးနောက် သခင်ဖြစ်သူ၏အမိန့်ကို ဆက်လက်ဆောင်ရွက်ရန် ပြေးလာပြန်သည်။ သူမက ချင်ယွီအာနားသို့ ပြေးသွားပြီး သူမကို မမှိတ်မသုန် စိုက်ကြည့်နေလိုက်သည်။

“အားလုံး ဘေးလွတ်ရောက်အောင် ပြန်ဆုတ်ကြ။ ကျွန်မ ဒီအဆိပ်တောင်ကြားကို တစ်ခါတည်း အစဖျောက်ပစ်မယ်”

စူးချင်းက ဤအဆိပ်တောင်ကြားကို ချန်ထားခြင်းက ကြီးစွာသော ဘေးဒုက္ခတစ်ခုဖြစ်လာစေမည်ဟု ခံစားနေရသည်။ ထို့ကြောင့် သူမက ရှောင်းကျဲယွိအား လူတိုင်းကို ခေါ်ဆောင်သွားရန် တောင်းဆိုလိုက်ပြီး သူမကိုယ်တိုင် ဤအဆိပ်တောင်ကြားကို ဖောက်ခွဲရန် ဆုံးဖြတ်လိုက်သည်။

"စူးချင်း၊ မင်းက ငါတို့ရဲ့ စတုတ္ထညီနဲ့ ပဉ္စမညီမကို သတ်ခဲ့တယ်၊ ပြီးတော့ ငါတို့ရဲ့မြင့်မြတ်သားရဲတွေကို သတ်ဖြတ်ခဲ့တယ်၊ အခုလည်း မင်းက ငါတို့ရဲ့ အဆိပ်ငါးပါးချိုင်ဝှမ်းကို ဖျက်ဆီးချင်နေတယ်ပေါ့။ ဒီနေ့ ဒီနေရာက မင်းရဲ့သင်္ချိုင်းမြေ ဖြစ်လာစေရမယ်”

ပြင်းထန်သောအော်သံက လေထဲတွင် ပဲ့တင်ထပ်နေကာ မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည်။ စူးချင်းက စကားသံလာရာ နေရာဆီသို့ မထီမဲ့မြင် လှမ်းကြည့်လိုက်ပြီး သူမ လက်နှစ်ဖက်ကို နောက်ကျောပစ်ကာ အေးအေးဆေးဆေး တုံ့ပြန်လိုက်သည်။

"ငါကလည်း နင့်ကိုပဲ စောင့်နေတာ အဘိုးကြီး!"

သူမ သူနဲ့ ငြင်းခုံနေဖို့ စိတ်မ၀င်စားတော့ဘူး။ သူက သူမကို သတ်ချင်နေတယ်တဲ့လား? ဒါက သူ့မှာ အရည်အချင်းရှိ မရှိဆိုတဲ့အပေါ်မှာ မူတည်တယ်။

"ချင်းကောင်မလေး၊ သူက သရဲငါးကောင်ရဲ့ ခေါင်းဆောင်၊ တစ္ဆေဘုရင်၊ သူ့ရဲ့ သိုင်းပညာက ဘာမှန်းမသိပေမယ့် သူက သွေးမထွက်ဘဲ လူသတ်နိုင်တယ်၊ မယုံနိုင်လောက်အောင် အစွမ်းထက်တယ်။ မင်း သတိထားနော်”

ကျိုးပေါ်က လူတိုင်း သရဲငါးကောင်ကို ကြောက်ရသည့် အကြောင်းရင်းအား စူးချင်းကို ပြောပြနေခဲ့သည်။ သူတို့က လိမ္မာပါးနပ်သလို ရက်စက်ကြပြီး သိုင်းပညာကိုလည်း အထူးကျွမ်းကျင်ကြသည်။ ထို့အပြင် သူတို့က အဆိပ်များကို အကောင်းဆုံးအသုံးချနိုင်ပြီး သူတို့၏ပန်းတိုင်ကို ရောက်ရန် ဘာမဆို လုပ်ရဲကြသည်။

“သူတို့အားလုံးကို တစ်ခါတည်း သတ်ပစ်မယ်၊ အခု သူတို့ကို တစ်ယောက်ချင်းစီ လိုက်ရှာနေစရာ မလိုတော့ဘူး”

စူးချင်းက သူမလက်ထဲမှ ဓားကို အလျားလိုက် ပြောင်းကိုင်လိုက်ရင်း အေးစက်စွာ ပြန်ပြောလိုက်သည်။

သူမ သူတို့အားလုံးကို တစ်ခါတည်း သတ်သွားနိုင်ရင် ဘယ်လောက်တောင် အချိန်ကုန် သက်သာနိုင်မယ်ထင်လဲ?

"ဒီကောင်မလေးက မောက်မာလွန်းတယ်"

လင်းနို့တစ်ကောင်က လေထဲမှ ပျံဝဲလာပြီး စူးချင်းဆီသို့ တည့်တည့် ပျံသန်းလာသည်။ သို့သော်လည်း ထိုလင်းနို့ နီးကပ်လာသည့်အချိန်တွင် ထိုအရာက လင်းနို့မဟုတ်ကြောင်း သိလိုက်ရသည်။ ၎င်းက လင်းနို့နှင့်တူသော လူတစ်ယောက်သာ ဖြစ်သည်။

ရှေ့သို့ သိသိသာသာ ချွန်ထွက်နေသော နဖူး၊ ပဲတီစိမ်းအရွယ် မျက်လုံးသေးသေးလေး၊ ရွံ့တွနေသော မျက်နှာနှင့် ဘေးသို့ကပ်ဝင်နေ‌သောနားနှစ်ဖက်တို့ကြောင့် ဘယ်လိုပဲကြည့်ကြည့် ကြွက်ကြီးတစ်ကောင်နှင့် တူနေပြန်သည်။

"ကြွက်စုတ်လေးတစ်ကောင်က ကောင်းကင်ကို ဇောက်ထိုးလှန်ချင်နေတယ်ပေါ့လေ"

ရှောင်းကျဲယွိက စူးချင်း လှုပ်ရှားလာမည့်အချိန်ကို မစောင့်တော့ဘဲ သူ့၏လွမ်တောင်ကို တစ္ဆေဘုရင်ဆီသို့ ထိုးသွင်းလိုက်သည်။ သို့သော်လည်း တစ္ဆေဘုရင်က မယုံနိုင်လောက်အောင် လျင်မြန်နေပြီး ရှောင်းကျဲယွိကို ဖြတ်ကျော်ကာ စူးချင်းဆီသို့ ဆက်လက်ပျံသန်းသွားခဲ့သည်။

သူက ပျံသန်းလာရင်း သူ့လက်နှစ်ဖက်ထဲမှ အဆိပ်များကို ဖြူးချလိုက်သည်။ ဤအဆိပ်က အရောင်ရော အနံ့ပါ ကင်းမဲ့သော်လည်း တစ်စုံတစ်ယောက်က ထိုအဆိပ်ကို ရှုလိုက်မိသည်နှင့် သတိလစ်သွားကာ အလွယ်တကူ အသတ်ခံရပေလိမ့်မည်။

စူးချင်းကလည်း လေထဲသို့ ခုန်တက်ပြီး တစ္ဆေဘုရင်၏မျက်လုံးများကို ဓားဖြင့် ထိုးဖောက်လိုက်သည်။

“နင့်ရဲ့ စတုတ္ထညီနဲ့ ပဉ္စမညီမက မျက်စိတစ်ဖက်စီကန်းနေကြတယ်။ နင်က အစ်ကိုအကြီးဆုံးဆိုမှတော့ မျက်လုံးနှစ်ဖက်လုံး ကန်းနေသင့်တယ်!"

တစ္ဆေဘုရင်က သူ၏အဆိပ်ကို အလွန်ယုံကြည်နေခဲ့ပြီး စူးချင်း သူ့ကို တုံ့ပြန်တိုက်ခိုက်နိုင်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထို့အပြင် စူးချင်း၏ဓားချက်များက စွမ်းအားပြည့်ဝနေပြီး အလွန်လျင်မြန်သောကြောင့် ရှောင်တမ်းရန်လည်း အချိန်မရနိုင်တော့ပေ။ သူ့မျက်လုံးများ ထိုးဖောက်ခံလိုက်ရပြီးမှသာ နောက်ပြန်ဆုတ်နိုင်ခဲ့ပြီး နာကျင်စွာ အော်ဟစ်လိုက်ရသည်။

ရှောင်းကျဲယွိကလည်း စူးချင်း ပေးထားသည့်ဆေးများကြောင့် အဆိပ်၏သက်ရောက်ခြင်းကို မခံခဲ့ရပေ။ ကျိုးပေါ်၏အတွင်းအားကလည်း ထိုအဆိပ် ကျော်လွှားနိုင်သည့်ပမာဏမျိုး မဟုတ်တော့ပေ။ တခြားသူများကတော့ သူတို့၏အသက်ဝိညာဉ်ကို ဆုံးရှုံးသွားသလိုမျိုး ထိုနေရာတွင်သာ တောင့်တောင့်ကြီး ရပ်နေကြသည်။ တစ္ဆေဘုရင်က သူတို့ မလှုပ်ရှားနိုင်တော့သည်ကို တွက်ဆမိပုံရပြီး သူတို့ဆီသို့ ပျံသန်းလာခဲ့သည်။ ရှောင်းကျဲယွိက သူ၏လွမ်တောင်ကို မြှောက်ကာ သူ့၏ရှေ့မှ ကြိုပိတ်ထားလိုက်ပြီး သူ့၏ဝမ်းဗိုက်ကို ဓားဖြင့် ထိုးခွဲလိုက်သည်။

ခန့်ညားသောအသွင်အပြင်ဖြင့် တခမ်းတနား ထွက်ပေါ်လာခဲ့သည့် တစ္ဆေဘုရင်က စူးချင်းနှင့် ရှောင်းကျဲယွိတို့ လက်ထဲ၌ ကြွက်စုတ်တစ်ကောင်ကဲ့သို့ အလွယ်တကူ အသတ်ခံလိုက်ရသည်။

ကျိုးပေါ်ကတော့ အံသြတကြီး ရေရွတ်လိုက်သည်။

“မျိုးဆက်တိုင်းမှာ ပိုတော်တဲ့ ဆက်ခံသူတွေ ရှိလာမယ်ဆိုတဲ့စကားက တကယ်ကို မှန်နေတာပဲ။ မင်းတို့က တကယ်ပဲ တစ္ဆေဘုရင်ကို သတ်လိုက်ကြပြီ”

“အစ်ကိုကြီး”

ထိုအချိန်တွင် နောက်ထပ်လူရိပ်နှစ်ခု ပြေးဝင်လာပြီး သူတို့နောက်တွင် ဝမ်းနည်းခြင်းအဝတ်ဖြူများ ဝတ်ဆင်ထားသည့် သရဲတစ္ဆေမြေးငယ်လေးတစ်အုပ် လိုက်ပါလာသည်။ သူတို့က အချက်ပြမှုကို ရရှိခဲ့ပြီး ဤနေရာသို့ အပြေးအလွှားလိုက်လာကြသော်လည်း သူတို့ ရောက်လာသည်နှင့် သူတို့အစ်ကိုကြီးဆုံး အူများ ထွက်ကာ သနားစရာကောင်းလောက်အောင် သေဆုံးသွားသည်ကို မြင်လိုက်ကြရသည်။

“ကဲ သူတို့ အားလုံး ဒီကို ရောက်လာပြီ”

စူးချင်းနှင့် ရှောင်းကျဲယွိတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြန်သည်။ စူးချင်းက ခေါင်းညိတ်လိုက်ပြီး ရှောင်းကျဲယွိကို စိန်ခေါ်လိုက်သည်။

"ကျွန်မတို့ တစ်ယောက်စီ တာဝန်ယူမယ်။ ဘယ်သူက ပိုမြန်မြန် လက်စသတ်နိုင်မလဲဆိုတာ ကြည့်ကြရအောင်”

"ကိစ္စမရှိပါဘူး၊ ကိုယ် လူဝကြီးကို တာဝန်ယူလိုက်မယ်"

ရှောင်းကျဲယွိက ခပ်ရွှင်ရွှင်အမူအရာဖြင့် သဘောတူကာ ဝေစုခွဲလိုက်သည်။ သူက ဝတုတ်နေသော ဘုန်းကြီးအိုကြီးဆီသို့ ချက်ခြင်း ပြေးဝင်သွားပြီး စူးချင်းကလည်း အလံတိုင်ကဲ့သို့ ခပ်ပိန်ပန်လူအိုကြီးဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

သူတို့ကိုယ်သူတို့ ဝိဥာဉ်ငါးပါးဟု အမည်ပေးထားသည့် သရဲငါးကောင်က အမှန်တကယ် အံ့သြစရာကောင်းလောက်အောင် အစွမ်းထက်သူများ ဖြစ်သည်။ သို့သော်လည်း စူးချင်းနှင့် ရှောင်းကျဲယွိတို့ကို ရင်ဆိုင်ခဲ့ရခြင်းကတော့ သူတို့၏ကံဆိုးမှုသာ ဖြစ်နေတော့သည်။

တိုက်ပွဲက ရှီးချန်တစ်ဝက်မပြည့်မီ ပြီးဆုံးသွားခဲ့ပြီး စူးချင်း အနိုင်ရရှိခဲ့သည်။ သူမ၏ စစ်နတ်ဘုရားစွမ်းရည်ကြောင့် သူမ တစ်ချက်လှုပ်တိုင်း လူတစ်အုပ်လဲကျသွားရသည်။ သရဲတစ္ဆေလေးများက ကြောက်လန့်တကြားဖြင့် ခြေဦးတည့်ရာ ထွက်ပြေးကြတော့သည်။ သို့သော်လည်း နောက်ဆုံးတွင် လူတိုင်းက စူးချင်းနှင့် ရှောင်းကျဲယွိတို့ လက်မှ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့ခြင်း မရှိပေ။

သူတို့ထဲမှ တစ်ချို့ကို မသတ်ရသေးခင် စစ်ဆေးမေးမြန်းခဲ့ပြီး ချင်ထျဲ အကျဉ်းချခံထားရသည့်နေရာက အမှန်ပင် အဆိပ်ငါးမျိုးချိုင့်ဝှမ်းတွင် ဖြစ်ကြောင်း ရှောင်းကျဲယွိတို့ သိလိုက်ကြရသည်။

သို့သော် ထိုနေရာတွင် သာမန်လူများ မဖွင့်နိုင်သည့် ယန္တရားတစ်ခု ရှိနေခဲ့သည်။

ယခုက ကျိုးပေါ်၏အလှည့် ဖြစ်သည်။ သူက သူ့အင်္ကျီလက်ကို လှန်တင်လိုက်ရင်း စူးချင်းအား စိတ်အားထက်သန်စွာ လှမ်းပြောလိုက်သည်။

“ချင်းကောင်မလေး၊ ဒီဆရာဦးလေးက မင်းရဲ့အရက်တွေကို အလကား မသောက်ဘူးနော်။ ချင်ထျဲကို ရှာဖို့ ငါ ကူညီပေးမယ်!"

"ကောင်းပါပြီ၊ သူ့ကို ရှာတွေ့တာနဲ့ ကျွန်မရဲ့ကတိအတိုင်း ဖြည့်ဆည်းပေးမယ်"

စူးချင်းက ခေါင်းညိတ်လိုက်သည်။

ဆရာဦးလေးက ချင်ထျဲကို ရှာပေးနိုင်သရွေ့ သူမကလည်း အရက်အိုးတစ်ရာ ကျေကျေနပ်နပ် ထုတ်ပေးလိုက်မယ်။ တစ်အိုးတောင် လျော့မသွားစေရဘူး။

ကျိုးပေါ်ကလည်း ဝမ်းမြောက်ဝမ်းသာဖြင့် ယန္တရားများကို ပျော်ပျော်ရွှင်ရွှင် ဖြိုခွင်းနေတော့သည်။ နောက်ဆုံးတွင် စူးချင်းက ချင်ယွီအာကို ကြည့်ရန် အချိန်ရသွားခဲ့ပြီး သူမကို လှည့်ကြည့်လိုက်ရာ သူမက တစ္ဆေဘုရင်၏အလောင်းပေါ်တွင် လဲချကာ ငိုကြွေးနေသည်ကို တွေ့လိုက်ရသည်။

"အခု ချင်ထျဲနဲ့ တွေ့ရတော့မယ်။ မင်း ဘာလို့ အမှန်အတိုင်း မပြောသေးတာလဲ?"

စူးချင်းက သူမနားသို့ သွားလိုက်ပြီး သူမကို ကန်ထုတ်လိုက်သည်။ သူမက တစ္ဆေဘုရင်နှင့် တစ္ဆေလူအုပ် ရောက်လာစေရန် အချက်ပြသည့် သေးငယ်သော အပြုအမူများ လုပ်ဆောင်ခဲ့သည်။ ယခုလည်း သူမက တစ္ဆေဘုရင်၏အလောင်းပေါ်တွင် ငိုနေသောကြောင့် သူမက ချင်ထျဲ၏သမီး မဟုတ်ကြောင်း သေချာသွားခဲ့သည်။

“...”

ချင်ယွီအာက ဘာစကားမှ မပြောဘဲ မျက်ရည်များပြည့်နေသော မျက်လုံးများဖြင့် စူးချင်းကို စိုက်ကြည့်နေခဲ့သည်။

ကျိုးပေါ်က ယန္တရားကို ဖျက်ဆီးရန် ကြိုးစားနေပြီး ညရောက်သည်အထိ မဖြိုခွဲနိုင်သေးပေ။ အဘိုးအို၏ယုံကြည်မှုက စိုးရိမ်ထိတ်လန့်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။

သူက ချင်းကောင်မလေးကို ကြွားဝါခဲ့ပေမယ့် အခုထိ ယန္တရားကို မဖြိုခွဲနိုင်သေးဘူး။ သူ ဒါကို မဖျက်နိုင်တောင် အရှက်ကွဲတော့မှာပဲ။

"ဒီယန္တရားကို ချင်ထျဲ တပ်ဆင်ခဲ့တာ ဖြစ်နိုင်တယ်"

ကျိုးပေါ်က စိတ်ညစ်နေဟန်ဖြင့် ရေရွတ်လိုက်သည်။

ဒီလို ထောင်ချောက်တွေကို တပ်ဆင်တာက လုပန် အကျွမ်းကျင်ဆုံးအရာလေ။ သူ့ရဲ့ယန္တရားပုံစံတွေက ရှုပ်ထွေးလွန်းပြီး သာမန်လူတွေ ဖြေရှင်းဖို့ ခက်ခဲလွန်းတယ်။

သူ့ကိုယ်သူ ပိတ်လှောင်ထားဖို့ ထောင်ချောက်ဆင်ထားတဲ့လူကို ဘယ်သူမြင်ဖူးကြလဲ?

"အရင်ဆုံး ခဏတော့ အနားယူလိုက်ပါဦး!"

စူးချင်းက သက်တော်စောင့်ဆယ်ဦးအား အဆိပ်ဖြေပေးလိုက်ပြီး သူတို့က စားစရာအတွက် အမဲလိုက်ရန် ထွက်ခွာသွားကြသည်။

စူးချင်းကတော့ သစ်ပင်အောက်ကို ထိုင်နေရင်း သစ်ပင်၏ပင်စည်ကို မှီကာ မျက်လုံးမှိတ်ပြီး အနားယူနေခဲ့သည်။

ရှောင်းကျဲယွိက မီးတိုင်ဆယ်တိုင် ထွန်းညှိနေခဲ့သည်။

ဒါက အဆိပ်တောင်ကြားလေ။ သူတို့ အဆိပ်ပြင်းတဲ့ သတ္တဝါကြီးတွေကို ဖယ်ရှားပြီးပြီ ဆိုပေမယ့် တခြားအဆိပ်ရှိတဲ့ မြွေတွေနဲ့ ကင်းမြီးကောက်တွေ အများကြီး ရှိနိုင်သေးတယ်။ အကိုက်ခံရရင် ဒုက္ခ ဖြစ်ကုန်လိမ့်မယ်။

"ချင်းအာ၊ ကိုယ့်ပခုံးပေါ်မှာ အိပ်လေ"

စူးချင်း၏ ပင်ပန်းနွမ်းနယ်နေသော အသွင်အပြင်ကို မြင်လိုက်ရသောကြောင့် ရှောင်းကျဲယွိက သူမကို သူ့ပခုံးပေါ် လှဲနေခိုင်းလိုက်သည်။ သူ့အသံတွင်လည်း နာကျင်မှုများ ပြည့်နှက်နေလေသည်။

"ကောင်းကောင်း အိပ်လိုက်နော်! ဒီနှစ်ရက်အတွင်း မင်း အရမ်းပင်ပန်းနေသလိုပဲ”

“အင်း”

စူးချင်းက သူမ၏မျက်လုံးများကို မှိတ်ထားရင်း တိုးတိုးလေး တုံ့ပြန်လိုက်သည်။

သူမတောင်မှ သူမကိုယ်သူမ ဘာဖြစ်နေမှန်း မသိတော့ဘူး။ အရင်တုန်းက သူမကိုယ်သူမ ပင်ပန်းတယ်လို့ မခံစားခဲ့ရပေမယ့် ပြီးခဲ့တဲ့နှစ်ရက်လုံးလုံး ပင်ပန်းနွမ်းနယ်နေသလို ခံစားနေရတယ်။

စူချင်းက ရှောင်းကျဲယွိ၏ပုခုံးပေါ် မှီကာ သူ၏ ယောက်ျားဆန်သော ရနံ့ကို ရှူရှိုက်ရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ သူမ အလွန်နှစ်ခြိုက်စွာ အိပ်ပျော်နေသဖြင့် စစ်သည်များ ပြန်ရောက်လာပြီး အသားကင်ကိုနေချိန်အထိ သူမ ပြန်မနှိုးလာသေးပေ။

ချင်ယွီအာက ကြိုးတုတ်ခံထားရပြီး မြေပြင်ပေါ်တွင် လဲကျနေခဲ့သည်။ စူးချင်းက ရှောင်းကျဲယွိကို မှီကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို သူမ လည်း မြင်နေရပြီး စူးချင်းကို အရှင်လတ်လတ် မျိုချချင်သလို အမုန်းတရားများ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

ရှောင်းကျဲယွိက သူမ၏အကြည့်များကို သတိပြုမိသွားပြီး သူမကို အေးစက်စွာ ကြည့်ကာ သတိပေးလိုက်သည်။

"မင်း ထပ်စိုက်ကြည့်နေရင် မင်းမျက်လုံးတွေကို ထိုးဖောက်ပစ်မယ်"

ရှောင်းကျဲယွိက စူးချင်းမှလွဲ၍ မည်သည့်အမျိုးသမီးကိုမျှ ကြင်နာနိုင်သူ မဟုတ်ပေ။ ချင်ယွီအာက သူ၏စူးရှသောအကြည့်ကြောင့် ထိတ်လန့်သွားသည်။

ဒီလူရဲ့အကြည့်ကလည်း ဓားသွားလို ထက်ရှိနေပြီး ကြောက်စရာကောင်းလွန်းတယ်။

ထိုအခိုက်အတန့်တွင် ကျိုးပေါ်က ရုတ်​တရက်​ ထအော်​လိုက်​သည်​။

"ငါ ယန္တရားရဲ့ဗဟိုချက်ကို ရှာတွေ့ပြီ"

All Chapters