နောက်ဆုံးတော့ အချီကြီးမိပြီ
Vol. 33 Ch. 487
စူးချင်းက ချက်ချင်း မျက်လုံးဖွင့်လိုက်ပြီး ရှောင်းကျဲယွိနှင့်အတူ ကျိုးပေါ်ဆီသို့ လျှောက်သွားလိုက်သည်။
"ဆရာဦးလေး ရှာတွေ့သွားပြီလား?"
ရှောင်းကျဲယွိက ကျိုးပေါ်အတွက် မီးတုတ်ကို မြှောက်တင်ကာ အလင်းရောင်ပြပေးထားသည်။ ကျိုးပေါ်က သူ့ဘေးမှ ကောက်ကွေးနေသော သစ်ပင်ကို ညွှန်ပြရင်း ခပ်ကြွားကြွား ပြန်ဖြေလာခဲ့သည်။
"အဲဒီသစ်ပင်ပေါ်က သစ်ကွင်းတွေကို ကြည့်လိုက်၊ ဘာတွေ ကွာခြားနေတယ်လို့ မင်း ထင်လဲ?"
သူ့ဆရာဦးလေး၏စကားကြောင့် ရှောင်းကျဲယွိက ထိုသစ်ပင်ကို စစ်ဆေးရန် အနီးသို့ တိုးကပ်သွားလိုက်သည်။ အနီးသို့ရောက်သွားချိန်တွင် ထိုသစ်ပင်ပေါ်မှ သစ်ကြောကွင်းများက သာမာန် သစ်ကွင်းများနှင့် မတူကြောင်း သူ သေသေချာချာ မြင်လိုက်ရပြီး ထိုကောက်ကွေ့နေသော သစ်ပင်က တစ်စုံတစ်ယောက် ဖန်တီးကာ စိုက်ပျိုးထားခဲ့သည့်သစ်ပင်အတု ဖြစ်ကြောင်း သူ မှတ်ချက်ချနိုင်ခဲ့သည်။
စိမ်းလန်းစိုပြေနေသော သစ်ပင်များကြားတွင် မွဲမွဲခြောက်ခြောက် သစ်ပင်တစ်ပင်က သိသာထင်ရှားနေလေသည်။
“ဒါက ဒြပ်ကြီးငါးပါးနဲ့ ရှစ်ထောင့်ဖွဲ့စည်ပုံကို အခြေခဲပြီး ပုံစံထုတ်ထားတာ၊ သစ်ကြောကွင်းတွေကို သေသေချာချာကြည့်”
ကျိုးပေါ်က ရှောင်းကျဲယွိကို တစ်ချက်ကြည့်ကာ သူ မြင်နိုင်စေရန် သစ်ကြောကွင်းများကို ညွှန်ပြလိုက်သည်။
"ဟုတ်တယ်၊ တကယ်ကို ရှစ်ထောင့်ပုံစံနဲ့ ဖုံးကွယ်ထားတာပဲ"
သူ့ဆရာဦးလေး၏သတိပေးချက်ကြောင့် ရှောင်းကျဲယွိက ထိုနေရာကို သေသေချာချာ ထပ်ကြည့်လိုက်ပြီး သူကလည်း ဒြပ်ကြီးငါးပါးနှင့် ရှစ်ထောင့်ဖွဲ့စည်းပုံကို ကျွမ်းကျင်နေသောကြောင့် ပြန်မှတ်ချက်ချပေးလိုက်သည်။ သူ့၏ဆရာဦးလေးက သူ့ကို သဲလွန်စ ပေးလိုက်သည်နှင့် သူက ယန္တရားတစ်ခုလုံး၏ဖွဲ့စည်းပုံကို ချက်ချင်း နားလည်သွားခဲ့သည်။
“ဒါကို နှိပ်လိုက်ရင် အဆိပ်ငါးမျိုးချိုင့်ဝှမ်းပေါ်မှာ ကြိုးတံတားတစ်ခု ပေါ်လာလိမ့်မယ်”
ရှောင်းကျဲယွိက ပြောနေရင်း ယန္တရား၏ ခလုတ်ဖြစ်နိုင်သည့် ရှစ်ထောင့်ဖွဲ့စည်းပုံ၏ အလယ်ဗဟိုမှ အနက်ရောင်အစက်လေးတစ်စက်ကို ယုံယုံကြည်ကြည် နှိပ်ချလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း ရှောင်းကျဲယွိ၏တွေးမြင်ယူဆချက်က မှန်ကန်နေခဲ့ပြီး သူ ခလုတ်ကို နှိပ်လိုက်သည်နှင့် ကျယ်လောင်သော အက်ကွဲသံများကို ကြားလိုက်ရသည်။ ထို့နောက် ကြိုးတံတားတစ်ခုက ကောင်းကင်ပေါ်မှ ပြုတ်ကျလာသလို ထွက်ပေါ်လာပြီး ချိုင့်ဝှမ်း၏တစ်ဘက်မှ အဆိပ်တောင်ကြားကို ဆက်သွယ်ပေးထားသည်။
“ဝိုး၊ ဒီလိုအံ့ဩစရာကောင်းတဲ့ ယန္တရားကြီးကို ချင်ထျဲ ဖန်တီးခဲ့တာ ဖြစ်မယ်၊ ဒါပေမယ့် သူက ဘာလို့ ဒီသရဲတစ္ဆေတွေအတွက် ယန္တရားတွေ လုပ်ပေးခဲ့တာလဲ?”
ကျိုးပေါ်က ထိုယန္တရားများအား ချင်ထျဲကိုယ်တိုင် ဖန်တီးခဲ့သည်ကို အသေအချာ ပြောနိုင်သော်လည်း သူ့ကိုယ်သူ အကျဥ်းချရန် ထိုယန္တရားများအား အဘယ်ကြောင့် တည်ဆောက်ထားခဲ့သည်ကို သူ နားမလည်နိုင်သေးပေ။
သူက သရဲငါးကောင်ကို ကာကွယ်ပေးချင်နေတာလား?
ဒါမှမဟုတ် သူကိုယ်တိုင်က သရဲငါးကောင်ထဲက တစ်ကောင်ဖြစ်နေတာလား?
တကယ်လို့ နောက်တစ်ခုကသာ အမှန်ဖြစ်နေရင် သူတို့အတွက် အရမ်းအန္တရာယ်များသွားလိမ့်မယ်။
"သူ့(မ)ကို အရင်သွားခိုင်းလိုက်"
စူးချင်းက ကြိုးတံတားပေါ်တွင် ထောင်ချောက်များ ရှိနေမည်ကို စိုးရိမ်နေပြီး ချင်ယွီအာကို တွန်းထုတ်ကာ ရှေ့မှ သွားခိုင်းလိုက်သည်။ သူမ အလွယ်တကူ လမ်းလျှောက်နိုင်ရန် သူမ၏ခြေထောက်တွင် ချည်ထားတဲ့ကြိုးကိုပါ ဖြုတ်တောက်ပေးလိုက်သည်။
“ချင်ယွီအာ မင်း မသေချင်သေးဘူးဆိုရင် လမ်းကို နာခံမှုရှိရှိ ဦးဆောင်လိုက်၊ ချင်းအာ သူ့ကို မဂဏန်းတွေအတိုင်း သွားခိုင်း စုံဂဏန်းတွေပေါ်ကို ခြေမချစေနဲ့”
ရှောင်းကျဲယွိက စူးချင်းအား ချင်ယွီအာကို လမ်းပြခိုင်းရန် မလိုအပ်ကြောင်း လှမ်းပြောလိုက်သည်။ သူနှင့် သူ့၏ဆရာဦးလေးက တံတား၏လျှို့ဝှက်ချက်များကိုပါ ထုတ်ဖော်နိုင်ခဲ့ကြသည်။
"ကျွန်မ အသုံးမဝင်တဲ့လူတွေကို ချန်မထားချင်ဘူး"
စူးချင်းက ကြိုးတံတား၏အစွန်းတွင် ပေကပ်ကပ်ရပ်နေသော ချင်ယွီအာကို တစ်ချက်ကြည့်ကာ သတိပေးဟန်ဖြင့် အေးစက်စက် တုံ့ပြန်လိုက်သည်။
စူးချင်း၏ စကားက ချင်ယွိအာကို အမှန်တကယ် တုန်လှုပ်သွားစေခဲ့သည်။ စူးချင်းက တစ္ဆေမယ်တော်ကြီး အပါအဝင် တစ္ဆေဘုရင်လေးပါးအား ရက်ရက်စက်စက် သတ်ပစ်ခဲ့သည်ကို သူမ ကိုယ်တိုင်တွေ့မြင်ခဲ့ဖူးသည်။ ထိုအချိန်များတွင် သူမက “အသုံးမကျတဲ့လူတွေကို ချန်မထားဘူး” ဟူသော အလားတူစကားကိုလည်း ပြောခဲ့ဖူးသည်။
ထို့ကြောင့် ချင်ယွီအာက ခက်ခက်ခဲခဲဖြင့် ရှေ့သို့ ခြေတစ်လှမ်းချင်း တိုးသွားနေခဲ့သည်။ တစ္ဆေဘုရင်က ဤတံတားအား ဖြတ်လျှောက်သည်ကို သူမ မြင်ဖူးခဲ့ပြီး မဂဏန်းအတိုင်း လမ်းလျှောက်ခဲ့သည်ကိုလည်း သူမ မှတ်မိနေခဲ့သည်။ စူးချင်းက သူမ၏နောက်မှ ဓားဖြင့် ထောက်ထားသည့်အပြင် သူမ ခြေလှမ်းမှားသွားခဲ့လျှင်လည်း ထောင်ပေါင်းများစွာသော မြှားများက သူမ၏နှလုံးသားကို ထိုးဖောက်သွားမည် ဖြစ်သည်။ ထို့ကြောင့် သူမ မှန်ကန်သည့်လမ်းကိုသာ ဆက်လက်လျှောက်လှမ်းနေရသည်။
စူးချင်းက ကြိုးတံတားအောက်မှ အဆိပ်ချိုင့်ဝှမ်းနှင့် အဆိပ်တောင်ကြားကို တလှည့်စီ ကြည့်လိုက်သည်။ လရောင်အောက်မှ အဆိပ်တောင်ကြားက နတ်ဆိုးတစ်ကောင်ကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သည့် ထိတ်လန့်တဲ့ခံစားချက်ကို ပေးနေပြီး မခန့်မှန်းနိုင်သော နေရာတွင် တခုခု ဖုံးကွယ်စောင့်ဆိုင်းနေကာ လူများကို ကိုက်မြိုစားသောက်ရန် အဆင်သင့်စောင့်ဆိုင်းနေဟန်မျိုး ဖြစ်နေလေသည်။
ဒီအဆိပ်တောင်ကြားက ဘယ်လိုနေရာမျိုးလဲ? အဝင်ဝမှာတင် ဒီလိုဆန်းကြယ်တဲ့ ယန္တရားတစ်ခု တပ်ဆင်ထားတယ်ဆိုတော့ ဒီအဆိပ်တောင်ကြားကို ဘာအတွက် အသုံးပြုတာလဲ? တစ်ဖက်က သရဲငါးကောင်ရဲ့ပုန်းခိုရာလား? ဒီနှစ်တွေတစ်လျှောက်မှာ သရဲငါးကောင် စုဆောင်းထားခဲ့တဲ့ ရတနာတွေကို သရဲငါးကောင်ရဲ့အသိုက်မှာ ဝှက်ထားတာ ဖြစ်နိုင်လား?
ကောင်းလိုက်တာ....
နောက်ဆုံးတော့ သူမ အချီကြီးမိပြီပဲ။
ချင်ယွီအာက လုံခြုံနေပြီး နာခံမှုရှိရှိ လျောက်လှမ်းနေသည်ကို တွေ့လိုက်ရသဖြင့် စူးချင်းနှင့် ရှောင်းကျဲယွိတို့က နောက်မှ လိုက်သွားခဲ့ကြသည်။ ကျိုးပေါ်က စစ်သည်ဆယ်ယောက်အား မည်သို့လျှောက်လှမ်းရမည်ကို သင်ကြားပေးနေခဲ့သည်။
နောက်ဆုံးတွင် အဖွဲ့တစ်ခုလုံးက ကြိုးတံတားကို ဘေးကင်းစွာ ဖြတ်ကျော်နိုင်ခဲ့ပြီး ချိုင့်ဝှမ်း၏တစ်ဖက်ခြမ်းသို့ ရောက်ရှိလာခဲ့ကြသည်။ ချိုင့်ဝှမ်း၏ ဤတစ်ဖက်ခြမ်းက အပြင်ဘက်အခြမ်းထက် ပိုမှောင်သည်ဟု သူတို့ ခံစားမိခဲ့ကြသည်။ မြင့်မားသောသစ်ပင်ကြီးများက ကောင်းကင်မှ လရောင်ကို ပိတ်ဆို့ထားသည်။ မီးတိုင်များ၏ အားနည်းသောအလင်းရောင်က သူတို့၏ခြေအောက်ကို အလင်းပေးနိုင်သည်အထိသာ လုံလောက်ပြီး ဤမှောင်မည်းနေသော တောင်ကြားအတွင်းတွင် အသုံးမဝင်တော့ပေ။
“အားလုံးပဲ ဒီမှာ အရင်အနားယူလိုက်ကြဦး။ ငါ ရှေ့ကို နည်းနည်းလောက် ထပ်ကြည့်လိုက်ဦးမယ်”
ချိုင့်ဝှမ်းကို ဖြတ်ကျော်ပြီးနောက် ကျိုးပေါ်က လူတိုင်းကို အနားယူရန် ပြောခဲ့ပြီး သူကတော့ နောက်ယန္တရားများကို ဆက်လက်ကြည့်ရှုလေ့လာနေခဲ့သည်။
အများအားဖြင့် ဘဝင်မြင့်ကာ ကြွားဝါတတ်သော အဘိုးအိုက ဤတစ်ကြိမ်တွင် အလွန်သတိထားနေခဲ့သည်။
စူးချင်းက သူမ အရင်က မတွေ့ဖူးခဲ့သော ချင်ထျဲအကြောင်းကို ပိုသိချင်နေမိသည်။
သူက သူမ လိုချင်တဲ့ ပုံစံခွက်ကို တကယ်လုပ်ပေးနိုင်တာ ဖြစ်နိုင်တယ်။
ဒါပေမယ့် သူက သရဲငါးကောင်ရဲ့လူ ဟုတ် မဟုတ်ကိုတော့ အရင်ဆုံး သေချာအောင် လုပ်ရမယ်။ မဟုတ်ရင် ပုံစံခွက်ရဲ့အသေးစိတ်ပုံစံကို သူ့ကို ဘယ်လိုပြရဲမှာလဲ။ ရန်သူက မော်တာတွေ အရင်လုပ်နိုင်ခဲ့ရင် အားလုံးအတွက် ဘေးဥပဒ်တွေ ဖြစ်စေလိမ့်မယ်။
စူးချင်းနှင့် ရှောင်းကျဲယွိတို့ကလည်း အလကားထိုင်မနေကြတော့ပေ။ သူတို့က အဘိုးအို၏ ဘယ်ဘက်နှင့် ညာဘက်တွင် တစ်ယောက်စီ စောင့်ကြပ်ပေးနေခဲ့ပြီး မီးတိုင်များကို ကိုင်ကာ ကာကွယ်ပေးနေခဲ့ကြသည်။
"ဆရာဦးလေး၊ ဘာလို့ ခဏလောက် အရင်မနားသေးတာလဲ? မနက်မိုးလင်းမှ ထပ်ကြည့်လည်း ရပါတယ်”
လက်ရှိတွင် ကျိုးပေါ်က ချင်ထျဲနှင့် သခင်နှစ်ယောက် အချင်းချင်း ယှဥ်ပြိုင်တိုက်ခိုက်နေသလို ပြုမူနေခြင်းဖြစ်သည်။ သူတို့နှစ်ဦးစလုံးက ယန္တရားနယ်ပယ်တွင် ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ထောင်ချောက်များကို တပ်ဆင်ရခြင်းထက် ဖြိုခွဲရသည်က ပိုခက်ခဲပြီး တစ်ခုခု မှားယွင်းဆုံးဖြတ်မိသည်နှင့် အသက်ကို ပေးဆပ်ရမည် ဖြစ်သည်။
မှောင်မိုက်နေသည့် ကောင်းကင်ကြောင့် သူ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘဲ တစ်ခုခု မှားယွင်းသွားမည်ကို ရှောင်းကျဲယွိ စိုးရိမ်နေမိသည်။
"ကောင်းပြီလေ၊ မိုးလင်းတဲ့အထိ စောင့်ကြရအောင်!"
ကျိုးပေါ်က ခေါင်းညိတ်လိုက်သည်။
ဒီအချိန်မှာ သူခေါင်းမာနေလို့ မရဘူး။ ထောင်ချောက်တွေကို တပ်ဆင်တဲ့အခါ တပ်ဆင်တဲ့သူက ကျွမ်းကျင်ရင် ကျွမ်းကျင်သလောက် မြေပြင်အနေအထား၊ ရွှံ့နွံတွေ၊ ကျောက်ဆောင်တွေ၊ တောင်တန်းတွေ၊ နွယ်ပင်တွေနဲ့ သစ်ပင်သစ်တောတွေကိုတောင် အသုံးပြုနိုင်ကြတယ်။ အဲ့လိုထောင်ချောက်မျိုးတွေက အလွယ်တကူ ကျော်ဖြတ်ဖို့ ခက်ခဲတယ်လေ။ အမှောင်ထဲမှာ စူးစမ်းဖို့ဆိုတာ ပိုတောင် ခက်ခဲသေးတယ်၊ ဒါကြောင့် ဒါက ကိုယ့်ကိုယ်ကို အတင်းအကြပ် တွန်းအားပေးရမယ့်ကိစ္စ မဟုတ်ဘူး။
ဤတစ်ကြိမ်တွင် သူတို့က သက်တော်စောင့်ဆယ်ယောက်ကို ကောင်းကောင်းအသုံးချပြီး အဖွဲ့သုံးဖွဲ့ခွဲကာ ကင်းစောင့်ခိုင်းလိုက်သည်။ စူးချင်း၊ ကျိုးပေါ်နှင့် ရှောင်းကျဲယွိတို့က သစ်ပင်တစ်ပင်ကို မှီကာ အိပ်နေကြသည်။
ချင်ယွီအာကိုတော့ ကြိုးပြန်ချည်ထားပြီး သူမက ရှက်ရွံ့စွာ ခေါင်းငုံထားကာ သူမ၏ခန္ဓာကိုယ်ကို ဘောလုံးကဲ့သို့ ကွေးထားခဲ့သည်။ သူမ၏မျက်လုံးများထဲတွင် မုန်းတီးမှုများ ရှိနေသော်လည်း ကြောက်စိတ်က ပိုပြင်းထန်နေပုံရသည်။ သူမက မှောင်မိုက်နေသော တောအုပ်ကို လှမ်းမျှော်ကြည့်ကာ အံ့ကြိတ်နေခဲ့သည်။
တောနက်ထဲမှ အသံအနည်းငယ်ထွက်လာပြီး စူးချင်းနှင့် ရှောင်းကျဲယွိတို့က ရုတ်တရက် မျက်လုံးဖွင့်ကာ အသံလာရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။
တောအုပ်ထဲမှ ကျားတစ်ကောင် ထွက်လာပြီး ကျူးကျော်သူများကို ခြိမ်းခြောက်နေခြင်း ဖြစ်သည်။
“ဝေါင်း”
ကျားကြီး၏ဟိန်းဟောက်သံက ချိုင့်ဝှမ်း၏မြေပြင်ကို တုန်လှုပ်သွားစေကာ ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်သွားစေသလို ခံစားမှုကို ပေးစွမ်းနိုင်ခဲ့သည်။
"ဒီသားရဲကတောင် ငါ အနားယူနေတာကို လာနှောင့်ယှက်နေသေးတယ်"
စူးချင်းက ကျားကို မြင်သွားပြီး ဒေါသထွက်သွားကာ သူမ ချင်ထျဲအတုထံမှ ရရှိသော ဓားပျော့ဖြင့် ကျားကို လှမ်းပစ်လိုက်သည်။ ဓားက ကျား၏တင်ပါးထဲသို့ တိုက်ရိုက် ဖောက်ဝင်သွားပြီး နာကျင်စွာ အော်ဟစ်ကာ စူးချင်းဆီကို တိုးဝင်လာသည်။ သို့သော်လည်း ရှောင်းကျဲယွိ၏ဓားက ၎င်း၏ခြေထောက်ကို အရင်စိုက်ဝင်သွားသည်။ ဤတစ်ကြိမ်တွင် ကျားကြီးက မောက်မာရဲခြင်း မရှိတော့ပေ။
ဒါက ဘယ်လိုလူတွေလဲ? သူ့ကို နည်းနည်းလော်တောင် မျက်နှာသာ မပေးကြဘူးလား? သူ ဒီမှာ ကြာကြာဆက်နေရင် အရေခွံခွာခံရမှာ သေချာတယ်။ သူ့အသက်ကို ချန်ထားချင်ရင်တော့ ပြေးတာက ပိုကောင်းမယ်ထင်တယ်။
စူးချင်း၏ ဓားပျော့က ကျားကြီး၏တင်းပါးပေါ်တွင် စိုက်ဝင်နေဆဲ ဖြစ်သော်လည်း ကျားကြီးက သူ့၏ဒဏ်ရာရနေသော ခြေထောက်ကို တရွတ်ဆွဲကာ အလျင်အမြန် ပြေးသွားတော့သည်။
“ကောင်းတယ်၊ အရမ်းကောင်းတယ်”
ကျားကြီး ပြေးသွားသည်ကို မြင်လိုက်ချိန်တွင် ကျိုးပေါ်၏ မျက်လုံးများက တောက်ပလာသည်။ ရှောင်းကျဲယွိကလည်း သူ့ဆရာဦးလေး၏ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။
ဟုတ်တယ်၊ ဒါက သူတို့အတွက် ပိုကောင်းသွားတာပဲ မဟုတ်လား?
ကျားကြီး ပြေးသွားတဲ့နေရာက လုံခြုံနိုင်တယ်လေ။ မနက်ဖြန် သွေးစက်ကျနေတဲ့ ခြေရာတွေအတိုင်း လိုက်သွားလိုက်ရုံနဲ့ အန္တရာယ်ကင်းမှာ သေချာနေပြီ။
“ကံမကောင်းတာက အဲ့ကျားက ဓားကိုပါ ယူသွားတယ်”
ရှောင်းကျဲယွိက စူးချင်းအတွက် စိတ်မကောင်း ဖြစ်နေမိသည်။ ထိုဓားကလည်း ဓားကောင်းတစ်လက် ဖြစ်ပြီး သံကို ရွှံ့ကဲ့သို့ ဖြတ်တောက်နိုင်သလို သိမ်းဆည်းရလည်း လွယ်ကူသည်။ ထို့ကြောင့် ထိုဓားက စူးချင်းအတွက် အမှန်တကယ် သင့်တော်လှသည်။
"အဆင်ပြေပါတယ်"
စူးချင်းကတော့ ခပ်အေးအေး ပြန်အိပ်သွားပြန်သည်။ သူမ၏အမြင်တွင် ထိုအရာက အဖိုးတန်ဓားတစ်ချောင်း မဟုတ်ဘဲ သာမန်ဓားတစ်ချောင်းလိုသာ ဖြစ်နေပြီး လုံးဝ အလျင်လိုနေခြင်း မရှိပေ။
မနက်အစောပိုင်းတွင် အရာအားလုံး ပြန်လည်သက်ဝင်လာခဲ့သည်။ ငှက်များက ၎င်းတို့၏အတောင်ပေါ်မှ နှင်းရည်များကို ခါချကာ ပျော်ပျော်ရွှင်ရွှင် တေးသီနေကြသည်။
ရှောင်းကျဲယွိ၏ပခုံးပေါ်မှ စူးချင်းက သူမ၏မျက်လုံးများကို အညင်အသာ ပြန်ဖွင့်လိုက်သည်။ သူမ မနေ့ညက သူ့ပခုံးပေါ်တွင် တညလုံး အေးအေးဆေးဆေး အိပ်နိုင်ခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်သည်နှင့် ရှောင်းကျဲယွိ၏ နက်ရှိုင်းသောမျက်လုံးများကို သူမ မြင်လိုက်ရသည်။ သူ နိုးနေခဲ့သည်မှာ အချိန်အတော်ကြာနေမှန်း သိသာထင်ရှားနေသော်လည်း သူက သူမ နှိုးသွားမည်ကို စိုးရိမ်ပြီး မလှုပ်မယှက် ဆက်နေနေပုံရသည်။
"နိုးပြီလား?"
ရှောင်းကျဲယွိက စူးချင်းကို အပြုံးဖြင့် မေးနေရင်း သူမ၏ဆံပင်လေးများကို သူမ၏နားရွက်နောက်သို့ ပြန်တင်ပေးလိုက်သည်။ သူ့၏လှုပ်ရှားမှုများက အလွန်နူးညံ့နေပြီး သူ၏နွေးထွေးသော လက်ချောင်းများက စူးချင်း၏ချောမွတ်နေသော အရေပြားကို ပွတ်တိုက်သွားပြန်သည်။ ထို့နောက် သူက စိတ်လှုပ်ရှားသွားပုံဖြင့် ချက်ချင်း လက်ပြန်ရုတ်သွားသည်။
"ရှင် အိပ်မပျော်ဘူးလား?"
စူးချင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်ရင်း ရှောင်းကျဲယွိ၏မျက်လုံးများအောက်တွင် အနည်းငယ် မဲမှောင်နေသည်ကို မြင်လိုက်ရသဖြင့် စိတ်မကောင်းဖြစ်သွားပြီး ပြန်မေးလိုက်သည်။
"ခဏတော့ အိပ်ရပါတယ်”
ရှောင်းကျဲယွိက ခပ်ပြုံးပြုံး ပြန်ဖြေလာခဲ့သည်။
တကယ်တော့ သူ လုံးဝ အိပ်မပျော်ဘူး? ဒီအဆိပ်တောင်ကြားလို နေရာမှာ သူ ဘယ်လိုလုပ်ပြီး စိတ်လွတ်ကိုယ်လွတ် အိပ်စက်ရဲမှာလဲ?
ကျိုးပေါ်ကလည်း အချိန်အတော်ကြာကတည်းက နိုးနေပြီး ထိုက်ချီလက်သီးလေ့ကျင့်မှုပင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ စူးချင်းနှင့် ရှောင်းကျဲယွိတို့ နိုးလာသည်ကို မြင်လိုက်ရသောကြောင့် အဖိုးအိုက သူတို့ကို လှမ်းမေးလိုက်သည်။
“ငါတို့ ယန္တရားတွေကို ချက်ချင်း ရှာသင့်လား? ဒါမှမဟုတ် မနက်စာစားပြီးမှ အဲဒါကို ရှာကြမလား?”