← Chapters

ဘယ်သူလဲ?

Vol. 33 Ch. 489

ဘယ်သူလဲ?

Vol. 33 Ch. 489

“သူ့(မ)ကို သတ်လိုက်တော့၊ ဝန်ထုပ်ဝန်ပိုးတွေကို ချန်ထားဖို့ မလိုတော့ဘူး"

စူးချင်းက ချင်ယွီအာ၏မျက်လုံးများထဲမှ လူသတ်ချင်နေသည့်အရိပ်အယောင်များကို အတိုင်းသား မြင်လိုက်ရသည်။ သူမက ချင်ထျဲ၏သမီး မဟုတ်သောကြောင့် သူမ အသက်ဆက်ရှင်နေစရာ အကြောင်းမရှိတော့ပေ။

“ငါ့ကို မသတ်နဲ့၊ ငါက ချင်ထျဲရဲ့သမီး။ ငါ့ကို သတ်ရင် ငါ့အဖေက လက်စားချေလိမ့်မယ်"

စူးချင်း၏စကားကို ကြားလိုက်ချိန်တွင် ချင်ယွီအာက ဟန်ဆောင်ပန်ဆောင် မလုပ်နိုင်တော့ဘဲ အသက်ရှင်ရန်အတွက် ပြင်းပြင်းထန်ထန် အော်ဟစ်နေခဲ့သည်။

"မင်းပြောတာ မှန်နေရင်တောင် ဘယ်သူက ဂရုစိုက်မှာလဲ?"

စူးချင်းက အေးစက်စွာ ပြောနေရင်း ဝိညာဉ်ငါးပါးဂိုဏ်း၏ သူတော်စင်မိန်းမပျိုကို တစ်ချက်တည်း သတ်ပစ်လိုက်သည်။

ဒီအမျိုးသမီးက သူမတို့ကို အမြဲတမ်း ဒုက္ခပေးချင်နေတာလေ။ သူမက ချင်ထျဲရဲ့သမီး ဟုတ် မဟုတ် သေချာမသိသေးတာကြောင့် မနေ့ညက သူမကို မသတ်ခဲ့တာ။ သူမကို တစ်ညလောက် အသက်ရှင်ခွင့်ပေးမိတာနဲ့ သူမက လူတွေကို လှည့်စားနိုင်ပြီလို့ ထင်နေတာလား?

ချင်ယွီအာ၏မျက်လုံးများက ပြူးကျယ်လာပြီး သူမ၏ရင်ဘတ်ကို မကျေမနပ် ငုံကြည့်လိုက်နေသည်။ သူမ၏ရင်ဘက်မှ သွေးများက စမ်းရေကဲ့သို့ စီးကျလာသည်ကို သူမ မြင်နေရပြီး သူမ၏တစ်ကိုယ်လုံး တုန်ယင်လာကာ သူမ၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများနှင့် မုန်းတီးမှုများ ပြည့်နှက်လာခဲ့သည်။

"သွားကြရအောင်!"

လူတစ်စုက ရှေ့သို့ ဆက်လျှောက်လာခဲ့ကြသည်။ တောင်ကုန်းက မလှမ်းမကမ်းတွင် ရှိနေသော်လည်း တဟုန်ထိုး တိုးကပ်သွားရန် မဖြစ်နေပေ။ တောင်ကုန်းနှင့် ပိုနီးလာလေလေ သူတို့ ပိုသတိထားရလေလေ ဖြစ်လာပြီး ထောင်ချောက်များ ပိုများလာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ကျိုးပေါ်နှင့် ရှောင်းကျဲယွိတို့က ၎င်းတို့ကို တစ်ခုပြီးတစ်ခု ဖြိုခွဲနိုင်ခဲ့သည်။

ရှောင်းကျဲယွိက လမ်းတစ်လျှောက်လုံး သူ့ဆရာဦးလေး၏အနားတွင် လိုက်ပါနေခဲ့ပြီး အသိပညာအသစ်များကို သင်ယူနိုင်ခဲ့သည်။ လမ်းပေါ်ရှိ ထောင်ချောက်များကို ဖြေရှင်းပြီးနောက် တောင်ကုန်းပေါ်သို့ ရောက်လာကြသည်။ ထိုနေရာကို တည်ဆောက်ထားသည်မှာ နှစ်အနည်းငယ် ကြာမြင့်နေသည်ဟု ခန့်မှန်းရသည်။ တောင်ကုန်းပေါ်၌ စိမ်းလန်းသောအပင်များကို ထူထပ်စွာ စိုက်ပျိုးထားပြီး ကျောက်သားနေရာလွတ်ဟူ၍ မရှိတော့ပေ။

ဝင်ပေါက်ကို ရှာဖွေရခြင်းက ယန္တရားများကို ဖောက်ထွက်ရခြင်းထက် ပိုမိုရှုပ်ထွေးသည်။ ယန္တရားများ တည်ဆောက်ရာတွင် ချင်ထျဲက ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူ ဖုန်းကွယ်ထားသည့်အရာမှန်သမျှက ရှာဖွေရန် ခက်ခဲလွန်းလှသည်။

ကျိုးပေါ်က ဦးတည်ရာကို ရှာဖွေရန် ထောင့်ရှစ်ထောင့်ပါသော သံလိုက်အိမ်မြှောင်တစ်ခုကို ထုတ်ယူလိုက်သည်။ စူးချင်းကတော့ အရိပ်ရသော သစ်ပင်အောက်သို့ သွားကာ အေးအေးဆေးဆေး စောင့်နေလေသည်။ ကျိုးပေါ်က သံလိုက်အိမ်မြှောင်၏ လက်တံကို ကြည့်ရင်း အလွန်စိတ်မရှည်ဖြစ်နေပုံရသည်။ ထိုအခိုက်အတန့်တွင် ဘာဖြစ်သွားမှန်း မသိဘဲ သံလိုက်အိမ်မြှောင်၏လက်တံက တစ်ခုခုချို့ယွင်းသွားပုံဖြင့် အပတ်ပေါင်းများစွာ တဝီဝီ လှည့်ပတ်နေသည်။

“ရှောင်ချီ၊ နင် ဝင်ပေါက်ကို ရှာနိုင်လား?”

စူးချင်းက အဘိုးအို ထိခိုက်ဒဏ်ရာ ရသွားမည်ကို စိုးရိမ်နေပြီး ရှောင်ချီထံတွင် နည်းလမ်း ရှိ မရှိ လှမ်းမေးလိုက်သည်။

"ရှောင်ချီ ကြိုးစားကြည့်ပါမယ်၊ သခင်"

ရှောင်ချီက “ဖုတ်ခနဲ” အသံမြည်အောင် သူမ၏ သေးငယ်သော တင်ပါးဝိုင်းဝိုင်းလေးဖြင့် စခရင်ရှေ့တွင် ထိုင်ချလိုက်သည်။ စနစ်အား လမ်းကြောင်းတစ်ခုကို ရှာဖွေခိုင်းလျှင် စနစ်က ကောင်းမွန်သော လမ်းကြောင်းတစ်ခုကို ရှာပေးနိုင်မည် ဖြစ်သည်။ လမ်းကြောင်းကို ရှာတွေ့သည်နှင့် ဝင်ပေါက်ကို ရှာရန် အဆင်ပြေသွားနိုင်ပေသည်။

ရှောင်ချီက သူမ၏အတွေးအတိုင်း ထိုနေရာကို စကင်န်ဖတ်လိုက်ပြီး မကြာမီ လမ်းကြောင်းတစ်ခုနှင့် ၎င်း၏ဝင်ပေါက်ကို တွေ့ရှိသွားခဲ့သည်။ ဝင်ပေါက်တွင် သံလိုက်တစ်ခု ရှိနေပြီး ထိုအရာက ကျိုးပေါ်၏သံလိုက်အိမ်မြှောင်ကို နှောင့်ယှက်နေခဲ့ခြင်းပင်။

"သခင်၊ ရှောင်ချီ ရှာတွေ့ပါပြီ"

ရှောင်ချီက မြေပုံတစ်ပုံ အမြန် ဆွဲလိုက်ပြီး စူးချင်းကို လှမ်းပေးလိုက်သည်။ စူးချင်းက မြေပုံကို ယူပြီး ဝင်ပေါက်ကို စရှာလိုက်သည်။ ထို့နောက် သူမ ဝင်ပေါက်ကို ရှာတွေ့ခဲ့ပြီး ကျိုးပေါ်ကို လှည့်ပြောလိုက်သည်။

"ဆရာဦးလေး၊ ဒီနေရာမှာ ရှိ မရှိ ကြည့်ပေးလို့ ရမလား?"

ကျိုးပေါ်က စူးချင်း ညွှန်ပြနေသည့်နေရာကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ငါလည်း အဲ့နေရာက ဝင်ပေါက်လို့ သံသယဖြစ်နေမိတယ်၊ ဒါပေမယ့် သံလိုက်အိမ်မြှောင်ရဲ့လက်တံက အဆက်မပြတ် ရွေ့လျားနေတော့ သေချာ မဆုံးဖြတ်နိုင်တော့ဘူး။ တခုခု မှားသွားရင် ငါတို့ အားလုံး ဒီနေရာမှာ သေသွားလိမ့်မယ်!"

"အဲ့မှာ သံလိုက်ကျောက်တုံးရှိနေတာလည်း ဖြစ်နိုင်တယ်"

စူးချင်းက ရှောင်ချီ မြင်ခဲ့သည့်အရာအား အဘိုးအိုကို ပြန်ပြောပြလိုက်ပြီး ကျိုးပေါ်က ချက်ချင်း သဘောပေါက်သွားခဲ့သည်။

“ချင်ထျဲ၊ ဒီကောင်က တော်တော်ကို ပါးနပ်တာပဲ၊ သူ့မှာ ဒီလို လှည့်ကွက်တွေတောင် ရှိတယ်”

ဝင်ပေါက်ကို အတည်ပြုပြီးနောက် တံခါးကို ချိုးဖျက်ကာ ဂူထဲသို့ ဝင်ရန် ပြင်ဆင်လိုက်ကြသည်။

သို့သော် ထိုနေရာမှ တံခါးက အလွယ်တကူ ရိုက်ဖွင့်၍ရနိုင်သည့်အရာမျိုးတော့ မဟုတ်ပြန်ပေ။ ထိုနေရာတွင်လည်း ယန္တရားများ တပ်ဆင်ထားပြီး အနည်းငယ် သတိမထားမိဘဲ တစ်ခုခု လွဲချော်သွားသည်နှင့် ရတနာဂူကြီးတစ်ခုလုံး ပေါက်ကွဲသွားပေလိမ့်မသည်။ ကျိုးပေါ်နှင့် ရှောင်းကျဲယွိတို့က ယန္တရား၏ခလုပ်ကို ထပ်မံရှာဖွေကြပြန်သည်။ ကံကောင်းထောက်မစွာဖြင့် ဤတစ်ကြိမ်တွင် သူတို့ လျှို့ဝှက်ခလုပ်ကို အလွန်လျင်မြန်စွာ ရှာတွေ့ခဲ့ကြသည်။ ကြီးမားသော ကျောက်တုံးကြီးနောက်မှ ငေါ့ထွက်နေသော ကျောက်တုံးငယ်တစ်ခုကို တွေ့လိုက်ရပြီး ထိုကျောက်တုံးလေးက လူတစ်ယောက်၏လက်ဖဝါးထက် အနည်းငယ်သာ ပိုကြီးသည်။ ထိုကျောက်တုံး‌လေးကို ဖိလိုက်သည်နှင့် ကျောက်တံခါးကြီး၏ရွေ့လျားသံကို ကြားလိုက်ကြရသည်။ မကြာခင်မှာ သူတို့ရှေ့၌ လူတရပ်လောက်မြင့်သည့် အပေါက်ကြီးတစ်ခု ပေါ်လာခဲ့သည်။

လှိုဏ်ဂူတံခါး ပွင့်လာချိန်တွင် ဒါဇင်နှင့်ချီသော လူသေအလောင်းများကို တွေ့လိုက်ကြရသည်။ သူတို့အားလုံးက သူတို့ဘဝအတွက် ရုန်းကန်ခဲ့ကြပုံပေါ်နေသော်လည်း နောက်ဆုံးတွင် အရိုးစုများသာ ကျန်ရှိနေတော့သည်။ မြေပြင်ပေါ်တွင် သူတို့၏လက်ချောင်းများဖြင့် တူးဆွထားသော အမှတ်အသားများ ရှိနေဆဲဖြစ်ကာ သူတို့၏ စိတ်ပျက်အားငယ်မှုကို အတိအကျ ထုတ်ဖော်ပြသနေသည်။

ထိုသွေ့ခြောက်နေသော အလောင်းများက ဤရတနာလှိုဏ်ဂူသို့ မည်သူမျှ မ‌ရောက်လာသည်မှာ အချိန်ကြာနေပြီ ဖြစ်ကြောင်း ထပ်မံပြောပြနေသည်။ ထိုသို့မဟုတ်ဘဲ တစ်ယောက်ယောက် ရောက်လာခဲ့လျှင် ဤအရိုးစုများ ရှိနေတော့မည် မဟုတ်ပေ။ ဤနေရာတွင် စစ်သည်ဆယ်ဦးက အသုံးဝင်လာပြီး သူတို့က ဂူထဲမှ အလောင်းများအားလုံးကို ဆွဲထုတ်ကာ သန့်ရှင်းရေးလုပ်ပြီးမှ ရှောင်းကျဲယွိနှင့် စူးချင်းတို့ကို ဂူထဲသို့ ဝင်ခိုင်းခဲ့သည်။ ကျောက်နံရံပေါ်တွင် ထင်းရှူးဆီများ ပြည့်ဝနေသော မီးတုတ်တစ်ခု ရှိသည်။ ထိုမီးတုတ်ကို ထွန်းညှိုလိုက်သည်နှင့် အနက်ရောင်လှိုဏ်ဂူကြီးတစ်ခုလုံး လင်းထိန်သွားတော့သည်။

"အားလုံး သတိထားကြ။ နေရာတိုင်းမှာ ထောင်ချောက်တွေ ရှိနိုင်တယ်”

ကျိုးပေါ်က လူတိုင်းကို သတိပေးလိုက်သည်။ သူနှင့် ရှောင်းကျဲယွိက ရှေ့ဆုံးမှ လျှောက်လလှမ်းနေပြီး စူးချင်းက သေစေတတ်သော သို့မဟုတ် အန္တရာယ်ရှိသော အရာများ ရှိ မရှိ စနစ်ထဲမှ ရှောင်ချီကို စစ်ဆေးခိုင်းနေခဲ့သည်။

“သခင်၊ အခု ဒီဂူထဲမှာ ဆေးငွေ့တွေ ပြည့်နေတယ်၊ အဲ့ဆေးငွေ့က လူတွေကို ထင်ယောင်ထင်မှား ဖြစ်စေနိုင်တယ်”

ရှောင်ချီက ချက်ချင်း စစ်ဆေးလိုက်ပြီး အလျင်အမြန် သတင်းပြန်ပို့လာခဲ့သည်။ ထိုစကားကို ကြားလိုက်ချိန်တွင် စူးချင်း၏အမူအရာက ချက်ချင်းပြောင်းလဲသွားပြီး သူမ သတိလက်လွတ် ဖြစ်သွားခဲ့သည့်အတွက် အနည်းငယ် ဒေါသထွက်သွားခဲ့သည်။ ထိုနောက် သူမက မီးတိုင်ကို ချက်ချင်း ခုတ်ပိုင်းချလိုက်သည်။ ထိုမီးတိုင်ကို ထွန်းညှိုလိုက်သောကြောင့် ဆေးငွေ့များ ထွက်လာခြင်းဖြစ်ကာ ဂူထဲသို့ ဝင်လာသည့်လူများအားလုံး ရုတ်တရက် စိတ်ဖောက်ပြန်လာပြီး အချင်းချင်း ပြန်သတ်ဖြတ်ကြမည် ဖြစ်သည်။

စူးချင်း ရှောင်ချီ၏သတင်းပို့သံကို နားထောင်နေသည့်အခိုက်အတန့်မှာပင် စစ်သည်ဆယ်ယောက်က ဆေးငွေ့ကြောင့် စိတ်ရိုင်းဝင်နေပြီ ဖြစ်သည်။ သူတို့က ဘာကြောင့်မှန်းမသိ ဒေါသထွက်လာပြီး အချင်းချင်း တိုက်ခိုက်ရန် ဓားများကို မြှောက်လိုက်ကြသည်။ သူတို့ထဲမှ နှစ်ယောက်က ကျိုးပေါ်ကို သတ်ရန် ကျိုးပေါ်ဆီသို့ တည့်တည့်ပြေးဝင်သွားကြသည်။

စူးချင်းက ရှောင်ချီကို တတ်နိုင်သမျှ အမြန်ဆုံး အဆိပ်ဖြေဆေး ပြင်ဆင်ပေးရန် တောင်းဆိုလိုက်သည်။ သူမကိုယ်တိုင်ကလည်း စိတ်ဖောက်နေသော စစ်သည်များဆီသို့ ပြေးသွားပြီး သူတို့ကို ထိန်းချုပ်ရန် တစ်ဦးချင်းစီ အိပ်စိုက်မှတ်များကို လိုက်နှိပ်နေခဲ့သည်။

ရှောင်းကျဲယွိနှင့် ကျိုးပေါ်တို့ကလည်း သူတို့၏စိတ်နှလုံးအတွင်းမှ မငြိမ်သက်မှုများကို ဖိနှိပ်ရန် သူတို့၏ အတွင်းအားကို အသုံးပြုနေခဲ့သည်။ သူတို့အတွက် အံ့ဩစရာ ဖြစ်စေသည်က ထိုဆေးငွေ့များက ပြင်းထန်လွန်းသော်လည်း အဆိပ်ငွေ့ မဟုတ်ပေ။ ထို့ကြောင့် ၎င်းကို ခုခံရန် အတွင်းအားကို အသုံးပြုနေခြင်းက အသုံးမဝင်တော့ပေ။ ထိုဆေးငွေ့ကို အပြည့်အဝ ရှူရှိုက်မိသည်နှင့် သိုင်းပညာ မြင့်မားသူများပင် စိတ်လွတ်သွားပေလိမ့်မည်။

(T/n: ဒီမှာသုံးတာက mandrake ဆိုတဲ့ ဆေးပင်ပါ၊ အိပ်ဆေးဖော်တဲ့နေရာမှာ သုံးတာပါတဲ့၊ အဆိပ်မဟုတ်ဘူးဆိုပေမယ့်လည်း ပမာဏများရင်တော့ လူကိုယ် ဒုက္ခပေးတက်ပါတယ်တဲ့။ မြန်မာပြည်မှာဆိုရင် ပဒိုင်းသီးနဲ့ အာနိသင် ဆင်တူပါတယ်)

မီးတိုင်ကို မီးစထွန်းပြီးကတည်းက သူတို့အားလုံး ထောင်ချောက်ထဲသို့ ကျရောက်သွားခဲ့ခြင်း ဖြစ်သည်။

မတော်တဆမှု မှန်သမျှကို ကာကွယ်ရန်အတွက် စူးချင်းက ရှောင်းကျဲယွိနှင့် ကျိုးပေါ်တို့ကိုပါ ထိန်းချုပ်ထားလိုက်သည်။ သူတို့နှစ်ဦးကလည်း စူးချင်းကို ပြန်မခုခံဘဲ စူးချင်းအား သူတို့၏ အပ်စိုက်မှတ်ကို အလွယ်တကူ နှိပ်ခွင့်ပေးခဲ့ကြသည်။

စူးချင်းက အနှစ်တစ်ထောင်သက်တမ်းရှိသော လင်ဇီးမှိုကို စားခဲ့သည့်အပြင် သူမ၏ခန္ဓာကိုယ်ကို ကာကွယ်ပေးနေသည့် စစ်နတ်ဘုရားစွမ်းရည်လည်း ရှိနေသေးသည်။ ထို့ကြောင့် ဆေးငွေ့များက သူမအပေါ် ထိရောက်မှု မရှိခဲ့ပေ။ လက်ရှိအချိန်တွင် စူးချင်းက မျက်မှောင်ကြုတ်နေပြီး ရှောင်ချီ အဆိပ်ဖြေဆေးပြုလုပ်နေသည်ကို စောင့်ဆိုင်းနေခဲ့သည်။

ရှောင်ချီက ရှေးဟောင်းဆေးစာအုပ်များကို စူးစမ်းလေ့လာနေပြီး နောက်ဆုံးတွင် ထိုဆေးငွေ့အတွက် ဖြေဆေးကို ရှာတွေ့သွားခဲ့သည်။ သူမက အဆိပ်ဖြေဆေးကို အလျင်အမြန် ပြုလုပ်နေခဲ့သော်လည်း တာ့ချင်းယွဲ့(တရုတ်မဲနယ်ရွက်)နှင့် ပိုင်ထုန်ဝမ်(တရုတ်ကျီးပေါင်းပင်) ဟုခေါ်သည့် ဆေးဖက်ဝင်အပင်နှစ်မျိုး လိုအပ်နေသေးသည်။

“သခင်၊ ရှောင်ချီ ဆေးပင် သွားရှာလိုက်ဦးမယ်”

ရှောင်ချီက သူမ၏သခင်ကို ဆေးပင်သွားရှာပေးရန် မတောင်းဆိုဝံ့သောကြောင့် သူမကိုယ်တိုင် သွားရှာရန် ဆုံးဖြတ်လိုက်သည်။ စူးချင်းက သူမကို လှမ်းတားလိုက်သည်။

"နင် ဒီမှာ အဆိပ်ဖြေဆေး ဖော်နေရင်း သူတို့ကို ကာကွယ်ပေးထား"

စူးချင်းက သူမ သွားရန် ဆုံးဖြတ်လိုက်သည်။

သူမ ဆေးပင်သွားရှာရင် သူမရဲ့ ဒီကျွမ်းကျင်မှုကို အဆင့်မြှင့်နိုင်သေးတယ်လေ။ သူမ မော့ချန်ကို ရောက်ပြီးကတည်းက ဆေးပင်တွေ မရှာနိုင်တော့တာကြာင့် သူမရဲ့ ဒီကျွမ်းကျင်မှုက နှောင့်နှေးခဲ့တယ်။

“ကောင်းပါပြီ!”

ရှောင်ချီက ဝမ်းသာအားရ သဘောတူလိုက်ပြီး သူမလိုချင်သည့်ဆေးများကို ပြောပြလာခဲ့သည်။

"သခင်၊ တာ့ချင်းယွဲ့နဲ့ ပိုင်ထုန်ဝမ် လိုတယ်၊ အဲ့နှစ်မျိုး ရှာပေးပါ"

စူးချင်းက ခေါင်းညိတ်သည်။ သူမ၏စစ်နတ်ဘုရားစွမ်းရည်များထဲမှ ဆေးပညာကျွမ်းကျင်မှုက အလွန်အဆင့်မြင့်နေပြီ ဖြစ်သောကြောင့် ဆေးပင်များ၏ အသေးစိတ်ပုံစံများကို ‌ရှောင်ချီအား မေးနေစရာ မလိုတော့ပေ။ သူမဘာသာ ထိုဆေးဖက်ဝင်အပင်နှစ်မျိုးလုံးကို ရှာနိုင်သည်။

စူးချင်းဂူထဲမှ ထွက်လာခဲ့ပြီး အသံအနည်းငယ် ကြားလိုက်ရသည်။ သူမ လှမ်းကြည့်လိုက်ရာ တောထဲသို့ ပြန်ပြေးဝင်သွားသည့်အရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုလူက ကမန်းကတမ်း ပြေးသွားခြင်းဖြစ်ပြီး သစ်ပင်များကိုပင် နှစ်ကြိမ်ခန့် တိုက်မိသွားသေးသည်။

ဤနေရာတွင် မိတ်ဆွေ မရှိဘဲ ရန်သူများသာ ရှိနိုင်သောကြောင့် စူးချင်းက တုံ့ဆိုင်းမနေဘဲ မြှားတစ်စင်း ပစ်လွှတ်လိုက်သည်။ သို့သော် သူမသည် ထိုလူ၏အရေးကြီးသော ခန္ဓာကိုယ် အစိတ်အပိုင်းများကို မပစ်ခဲ့ပေ။ ထိုအစား သူမက သူ့၏ခြေထောက်ကိုသာ လှမ်းပစ်လိုက်သည်။

သူ့ခြေထောက်ကို အပစ်ခံလိုက်ရရင် သူ ပြေးနိုင်မှာ မဟုတ်တော့ဘူး။ သူမက သူ့ကို အရှင်လတ်လတ် ဖမ်းပြီး ချင်ထျဲရဲ့အခြေအနေကို မေးချင်တာလေ။

"အိုက်ယား"

ပြေးနေသည့်လူက အော်ဟစ်ပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ သို့သော်လည်း သူက ရှင်သန်ရန် စိတ်အားထက်သန်နေပုံဖြင့် ဒဏ်ရာရနေသည့် ခြေထောက်ကို တရွတ်ဆွဲကာ တောထဲသို့ တိုးဝင်သွားသည်။ ပြေးနေရင်းဖြင့် သူက တစ်ခုခုကို ရွှေ့လိုက်သေးသည်။

စူးချင်းက ထိုလူ ပြေးနိုင်နေသေးသည်ကို မြင်လိုက်ရသောကြောင့် သူ့နောက်မှ လိုက်သွားခဲ့သည်။ သို့သော် သူမ တောထဲသို့ဝင်လိုက်သည်နှင့် တပြိုင်နက် သူမဆီသို့ မြှားတံများ တဖွဲဖွဲ ဝင်ရောက်လာသည်။ စူးချင်းက သူမ၏ဓားပျော့ကို အလျင်အမြန် ဆွဲထုတ်လိုက်ပြီး အကာအကွယ်အတားအဆီးတစ်ခုအဖြစ် လှည့်ပတ်ဝှေ့ယမ်းလိုက်ရာ ထိုမြှားများအားလုံး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ခဏအကြာတွင် မြေပြင်တခုလုံး မြှားများ ဖုံးလွှမ်းသွားသည်။ ထောင်ချောက်ကို ဖွင့်လိုက်သည့် ထိုလူက အဝေးကြီးကို မပြေးဘဲ သစ်ပင်တစ်ပင်၏အနောက်တွင် ရပ်နေကာ စူးချင်း သေဆုံးသွားမည့်အချိန်ကို စောင့်ဆိုင်းနေလေသည်။

All Chapters