← Chapters

သူ မသေသေးဘူးလား?

Vol. 33 Ch. 492

သူ မသေသေးဘူးလား?

Vol. 33 Ch. 492

ချင်ထျဲက ယန္တရားခလုတ်ကို အမြန်ရှာတွေ့သွားသည်။ ယန္တရား၏ပင်မခလုတ်က မထင်မရှား ပြူထွက်နေသော ကျောက်တုံးကြီးတစ်တုံး ဖြစ်သည်။ ချင်ထျဲက ၎င်းကို ဖိလိုက်သည်နှင့် မကြာမီ ပေါက်ကွဲသံတစ်သံထွက်ပေါ်လာပြီး လူငါးယောက်၊ ခြောက်ယောက်ခန့် မတ်တပ်ရပ်နိုင်သည့် ခြင်ကြားတောင်းကြီးတစ်တောင်း ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျလာသည်။

စူးချင်းနှင့် ရှောင်းကျဲယွိတို့က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ဒီဇိုင်းက အဆင့်မြင့်ပြီး ဆန်းသစ်လွန်းတယ်။

"ဒါကိုလည်း ခင်ဗျား လုပ်ထားတာလား?"

စူးချင်းက ချင်ထျဲကို လှမ်းမေးလိုက်သည်။

ဒါကို သူ လုပ်ထားတာဆိုရင်တော့ ဒီချင်ထျဲမှာ ကျွမ်းကျင်မှုတချို့ရှိနေတာကို သက်သေပြနေပြီ။ သူမအတွက် ပုံစံခွက်သွန်းလောင်း‌ပေးနိုင်မယ့် အခွင့်အလမ်းလည်း မြင့်မားလာပြီ။

သုံးယောက်သား ခြင်းကြားတောင်းကြီးပေါ်သို့ တက်လိုက်ကြသည်။ ချင်ထျဲ ခလုတ် နှိပ်လိုက်သည်နှင့် သူတို့ အပေါ်သို့ ချောချောမွေ့မွေ့ မြောက်တတ်သွားကြသည်။

ချောက်ကမ်းပါးကို စောင့်ကြပ်နေသည့် တစ္ဆေဂိုဏ်းသားများက ယန္တရား၏အသံကို ကြားသွားပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။ ချင်ထျဲနှင့်အတူ အပြင်လူများ ရှိနေသည်ကို မြင်လိုက်ချိန်တွင် သူတို့က မြှားများဖြင့် စတင်ပစ်ခတ်ကြတော့သည်။ ထိုမြှားများအားလုံးတွင် အဆိပ်သုတ်လိမ်းထားပြီး တချက်ထိလိုက်ရုံဖြင့် အသက်ရှင်နိုင်‌တော့မည် မဟုတ်ပေ။

“သွားပြီ၊ အားလုံး ပြီးသွားပြီ”

ချင်ထျဲက ခြင်းတောင်း၏အောက်ခြေသို့ ငုတ်တုတ်ထိုင်ချလိုက်ကာ အော်ဟစ်ရင်း သူ့ခေါင်းကို လက်ဖြင့် အုပ်ထားလိုက်သည်။

သူတို့ ဘယ်လောက်ပဲ ကျွမ်းကျင်နေပါစေ ဒီအဆိပ်ပြင်းတဲ့ မြှားတွေကို ရှောင်နိုင်ဖို့ မဖြစ်နိုင်ဘူး။ သူ ဒီနှစ်ယောက်ကို ခြင်းတောင်းထဲ ခေါ်လာခဲ့မိတာကို သူ နောင်တရတယ်။ ဒီအရာက သူတို့ကို သေဆုံးစေတော့မှာ မဟုတ်ဘူးလား?

ချင်ထျဲက သူတို့သေတော့မည်ဟု ထင်နေချိန်တွင် စူးချင်းက အဆိပ်မြှားအားလုံးကို ပိတ်ဆို့ရန် သူမ၏ ဓားပျော့ကို ဝှေ့ယမ်းလိုက်သည်။ သူမ၏ဓားချီက အတားအဆီးတစ်ခု ဖြစ်လာပြီး စူးချင်း၏အကာအကွယ်အောက်တွင် ရှောင်းကျဲယွိက သူ့လေးကို မြှောက်တင်ကာ ချောက်ကမ်းပါးပေါ်သို့ မြှားများ ပစ်လွှတ်လိုက်သည်။ ချောက်ကမ်းပါးရှိ တစ္ဆေဂိုဏ်းသားများကတော့ ခေါင်းပင်မဖော်ဝံ့ကြတော့ပေ။

ထိုအခိုက်အတန့်တွင် ချင်ထျဲ တပ်ဆင်ထားသည့် ကြိုးခြင်းတောင်း၏အရှိန်က အနည်းငယ် နှေးကွေးသွားပြန်သည်။ အဆိပ်မြှားများက သူတို့ကို မတားနိုင်တော့ကြောင်း သိသွားသည့် ချောက်ကမ်းပါးပေါ်ရှိ တစ္ဆေဂိုဏ်းသားများက ကြိုးကို စတင်ဖြတ်တောက်နေကြခြင်း ဖြစ်သည်။ ယခုအချိန် တောင်းကြီးက လေထဲတွင် ရှိနေပြီး မြေပြင်မှ မီတာများစွာ မြင့်သည့်နေရာတွင် ရှိနေသောကြောင့် ကြိုးပြတ်ပြီး ခြင်းတောင်းကြီး ပြုတ်ကျသွားလျှင် သူတို့အားလုံး သေသွားပေလိမ့်မည်။

"ကျွန်မ အရင် တက်သွားလိုက်မယ်"

စူးချင်းက ကြိုးပျက်ကျမည့်အချိန်ကို စောင့်မနေနိုင်တော့ပေ။ သူမက ခြင်းတောင်း၏ကြိုးကို လှမ်းဆွဲကာ အတောင်ပံဖြန့်ထားသည့် လင်းယုန်ငှက်ကဲ့သို့ ပျံသန်းသွားတော့သည်။ သူမ ခြေလှမ်းအနည်းငယ် ခုန်ပြီးနောက် ချောက်ကမ်းပါးထိပ်နှင့် အလွန်နီးကပ်‌သောနေရာသို့ ရောက်ရှိသွားခဲ့သည်။

ချင်ထျဲတစ်ယောက် ကြောက်ရန်ပင် မေ့လျော့သွားပြီး သူ့ခေါင်းကို မော့ကာ စူးချင်း၏ ပုံရိပ်ကို ကြောင်တောင်တောင် စိုက်ကြည့်နေခဲ့သည်။

သူမက ဘာလို့ ဒီလောက်တောင်အစွမ်းထက်နေရတာလဲ? ဒီချောက်ကမ်းပါးက သူမရဲ့ခြေထောက်အောက်မှာ မြေပြန့်လိုတောင် ထင်ရစေတယ်။

လက်ရှိအချိန်တွင် စူးချင်းက သရဲငါးကောင်ကို သတ်ခဲ့သူဖြစ်ကြောင်း ချင်ထျဲ အပြည့်အဝ ယုံကြည်သွားပြီ ဖြစ်သည်။

ရှောင်းကျဲယွိက စူးချင်းကို တားပြီး သူ အရင်တက်ရန် ပြင်ဆင်လိုက်သော်လည်း သူ ခြေတစ်လှမ်း နောက်ကျသွားခဲ့သည်။ ထို့ကြောင့် သူက ဒေါသထွက်သွားပြီး ချင်ထျဲကို စိုက်ကြည့်ကာ လေသံပြင်းပြင်းဖြင့် မေးလိုက်သည် ။

"ခင်ဗျား၊ ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား?"

"ငါ အဲ့လို မဟုတ်ဘူး၊ ဒါက တစ်ခုတည်းသော တောင်တက်လမ်းပဲ”

ချင်ထျဲက သူ့လက်ကို အမြန်ဝှေ့ယမ်းကာ ငြင်းဆန်လိုက်သည်။ သူက ရှောင်းကျဲယွိထံမှ လူသတ်ချင်စိတ်ကို အာရုံခံမိသွားပြီး အလွန်ထိတ်လန့်သွားခဲ့သည်။

“ဘယ်လှည့်ကွက်မှ လုပ်ဖို့ မကြိုးစားနဲ့”

ရှောင်းကျဲယွက အေးစက်စွာ နှာမှုတ်လိုက်ပြီး စူးချင်းကို စိုးရိမ်တကြီး မော့ကြည့်နေပြန်သည်။ သူတို့ စကားပြောနေချိန်လေးအတွင်းမှာပင် စူးချင်းက ချောက်ကမ်းပါးထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမ၏အရှိန်က အလွန်မြန်ဆန်လွန်းသောကြောင့် ရှောင်းကျဲယွိပင် အံ့သြသင့်နေခဲ့သည်။

သူ့ရဲ့ချင်းအာက နေရာတိုင်းမှာ အစွမ်းထက်လွန်းတယ်။ သူ ဒီချောက်ကမ်းပါးကို တက်နိုင်တယ်ဆိုရင်တောင် အဲ့လိုအရှိန်မျိုးနဲ့တော့ မတက်နိုင်လောက်ဘူး။

စူးချင်းက ချောက်ကမ်းပါး၏နှုတ်ခမ်းပေါ်သို့ ခုန်တက်လိုက်သောကြောင့် တစ္ဆေဂိုဏ်းသားများအားလုံး အံ့သြထိတ်လန့်သွားကြသည်။

သူမ...သူမက ပျံလာတာလား?

သူတို့ရဲ့တစ္ဆေဘုရင်တောင်မှ ဒီလောက်အမြင့်ကြီးကို ပျံမတက်လာနိုင်လောက်ဘူး။ ဒီမိန်းခလေးက မသေမျိုးပဲ ဖြစ်ရမယ်။

စူးချင်းက သူတို့ အဖြေရှာနေမည့်အချိန်အထိ မစောင့်နေခဲ့ပေ။ ဝိဉာဏ်ငါးပါးဂိုဏ်းဝင် ဖြစ်နေသ‌ရွေ့ သူမက သူတို့အား ခွင့်လွှတ်မည် မဟုတ်ပေ။ သူမက ဝမ်းနည်းခြင်းဝတ်စုံဝတ်ထားသည့် တစ္ဆေဂိုဏ်းသားများအားလုံးကို ချောက်ကမ်းပါးပေါ်မှ ကန်ချပစ်နေခဲ့သည်။

တစ္ဆေဂိုဏ်းသားများက ကြိုးခြင်းတောင်းကို ချိတ်ဆွဲထားသည့် ကြိုးများထဲ၌ သုံးချောင်းကို ဖြတ်တောက်ခဲ့ပြီး ဖြစ်သည်။ သူတို့က ကြိုးတစ်ဝက်ကို ဖြတ်တောက်လိုက်ပြီ ဖြစ်သောကြောင့် ခြင်းတောင်းကြီးကလည်း တစ်ဝက်စောင်းကြနေပြီ ဖြစ်သည်။ စူးချင်းက ကြိုးကို ဆွဲကာ အပေါ်သို့ တက်သွားသောကြောင့် အောက်မှ ခြင်းတောင်းကြီးက ခါယမ်းနေပြန်သည်။ ချင်ထျဲက အလွန်ကြောက်လန့်နေပြီး ငရဲဘုရင်ကို တွေ့ရန် စောင့်ဆိုင်းနေရင်း သူ့မျက်လုံးများကို သူ့လက်နှစ်ဖက်ဖြင့် အုပ်ထားလိုက်သည်။ သို့သော် ခြင်းတောင်းကြီးက တဖြည်းဖြည်း မြင့်တက်သွားသည်ကို သူ ခံစားလိုက်ရသည်။

ရှောင်းကျဲယွိက ခြင်းတောင်းစောင်းသွားသည့် အချိန်ကလည်းက ချောက်ကမ်းပါးနံရံကို ဓားဖြင့် ထိုးစိုက်ထားခဲ့သည်။ ထို့ကြောင့် ခြင်းတောင်းကြီး ပြုတ်ကျသွားလျှင်ပင် သူ အဆင်ပြေနိုင်သေးသည်။ သို့သော် စူးချင်းက ကြိုးကို ကိုင်ကာ ခြင်းးတောင်းအား ဆွဲတင်နေသည်ကို မြင်လိုက်ရချိန်တွင် စူးချင်းက မထိန်းနိုင်ဘဲ ပြုတ်ကျသွားမည်ကို စိုးရိမ်နေမိသည်။ ထို့ကြောင့် သူက စူးချင်း အားအများကြီး မသုံးရအောင် ခြင်းတောင်းထဲမှ ခုန်ထွက်ပြီး လွမ်တောင်၏ခွန်အားကို အသုံးပြုကာ ချောက်နံရံကို ခုန်တက်လာခဲ့သည်။

သူက စူးချင်းကဲ့သို့ ချောက်ကမ်းပါးပေါ်သို့ အလျင်အမြန် မပျံသန်းသွားနိုင်သော်လည်း သူ၏အရှိန်က မနှေးလှပေ။ သူက ချောက်ကမ်းပါးထိပ်သို့ အမြန် တက်သွားပြီး ခြင်းတောင်းကြီးကို စူးချင်းနှင့်အတူ ပြန်ဆွဲတင်ပေးလိုက်သည်။ ချင်ထျဲက အလွန်ကြောက်လန့်ပြီး မတ်မတ်ပင် မရပ်နိုင်တော့ပေ။ သူက ခြင်းတောင်းထဲတွင် ထိုင်နေပြီး သူ့တစ်ကိုယ်လုံး တုန်ယင်နေလေသည်။ ရှောင်းကျဲယွိက သူ့လက်ကို ဆွဲကာ ခြင်း‌တောင်းထဲမှ ဆွဲထုတ်လိုက်သော်လည်း သူက တုန်တုန်ယင်ယင်ဖြင့် မြေပြင်ပေါ်သို့ ပြန်ထိုင်ချလိုက်သေးသည်။

"ရှင် ရှင့်သမီးအတွက် လက်စားချေချင်နေတာ မဟုတ်ဘူးလား?"

စူးချင်းက မြေပြင်ပေါ်မှ ဓားတစ်ချောင်းကို ကောက်ကာ ချင်ထျဲရှေ့သို့ ပစ်ချပေးလိုက်သည်။ သူ့သမီးအတွင် လက်စားချေနိုင်တော့မည့်အကြောင်း ကြားလိုက်ရချိန်တွင် ချင်ထျဲ၏တုန်လှုပ်မှုများက ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သူက ဓားကို ကောက်ကိုင်ကာ ချက်ချင်း ထရပ်လိုက်သည်။ သူ့မျက်လုံးထဲမှ အကြောက်တရားများ၏နေရာတွင် အမုန်းတရား အစားထိုးဝင်ရောက်လာသည်။

"ငါ ယွီအာအတွက် လက်စားချေမယ်"

သူတို့ သုံးယောက် ပင်မတံခါးကို ဖြတ်ကာ ဝိညာဉ်ငါးပါးဂိုဏ်၏ ပင်မယဇ်ပလ္လင်ဆီသို့ ဦးတည်လာခဲ့ကြသည်။ လမ်းတလျှောက်တွင် တွေ့ရသမျှ တစ္ဆေဂိုဏ်းသားများကိုလည်း သတ်ပစ်ခဲ့ကြသေးသည်။ ထိုနေရာ၏ အပြင်အဆင်က တုန်လှုပ်ချောက်ချားဖွယ်ကောင်းနေပြီး ငရဲဘုရင်၏နန်းတော်ထဲသို့ ဝင်သွားသလို ခံစားရစေသည်။ နေရာတိုင်းတွင် အဖြူရောင် ဝမ်းနည်းခြင်းဝတ်စုံများကို ချိတ်ဆွဲထားပြီး နံရံများတွင်လည်း ဦးခေါင်းခွံများ ချိတ်ဆွဲထားသည်။ အချို့က ဦးခေါင်း ခုတ်ဖြတ်ခံထားရသည်မှာ မကြာသေးပုံဖြင့် သွေးများ စိုရွှဲနေဆဲ ဖြစ်သည်။ အချို့ကတော့ ဦးခေါင်းခွံခြောက်အဖြစ်သို့ ပြောင်းလဲနေပြီဖြစ်ကာ မီးခွက်အဖြစ်ပင် အသုံးပြုထားသေးသည်။ တစ္ဆေဘုရင်၏ ကုလားထိုင်ကိုပင် ဦးခေါင်းခွံမများ၊ အရိုးများဖြင့် ပြုလုပ်ထားသည်။ သက်ရှိလူသားတစ်ဦးအနေဖြင့် ဤကြောက်စရာကောင်းသော နေရာတွင် အကြာကြီးနေရပါက ရူးသွပ်သွားပေလိမ့်မည်။

တစ္ဆေဂိုဏ်းသားများကလည်း အပြင်လူများကို ဝင်လာသည်ကို မြင်သည်နှင့် လူသံနှင့်မတူသော သရဲတစ္ဆေဆန်ဆန် အသံများဖြင့် အော်ဟစ်ကြသည်။ သူတို့က ငရဲမှ တတက်သော သရဲတစ္ဆေများကဲ့သို့ဖြစ်နေသည့်တိုင် စူးချင်းနှင့် ရှောင်းကျဲယွိတို့ကတော့ သူတို့ထဲမှ တစ်ဦးတစ်ယောက်ကိုပင် မကျန်ရစ်စေဘဲ ချွင်းချက်မရှိ သတ်ဖြတ်နေခဲ့ကြသည်။

ဖမ်းဆီးခံထားရသည့် မိန်းကလေးများအားလုံးကို အဆိပ်ရှိသော အင်းဆက်များ ပြည့်နှက်နေသည့် အကျဥ်းထောင်ထဲ ပိတ်လှောင်ထားခဲ့သည်။ အဆိပ်ရှိသော အင်းဆက်ပိုးမွှားများ အကိုက်ခံရပြီးနောက် အသက်မသေဘဲ ကျန်နေနိုင်သူများကို ဝိဉာဏ်ငါးပါးဂိုဏ်းထဲသို့ ဝင်ရောက်ခွင့် ပေးလေ့ရှိသည်။ သို့ရာတွင် အများစုက အသက်မရှင်နိုင်ဘဲ အဆိပ်အင်းဆက်များအား အစာကျွေးရန်အတွက် အလောင်းများ ဖြစ်သွားကြပြီး အဆိပ်ငါးမျိုးတောင်ကြားဆီသို့ ဆွဲထုတ်သွားခံကြရသည်။

ချင်ထျဲက သူ့လက်ထဲမှ မီးတုတ်ကို မြှောက်ကာ အကျဥ်းထောင်ထဲသို့ ၀င်လာခဲ့သည်။

သူက သူ့သမီးလေး မသေရန် မျှော်လင့်နေပြီး ထိုမျှော်လင့်ချက်ဖြင့် တက်ကြွနေဆဲ ဖြစ်သည်။

စူးချင်းနှင့် ရှောင်းကျဲယွိတို့က အကျဥ်းထောင်အ၀င်ဝတွင် ရပ်နေခဲ့ကြသည်။ တချိန်က ပန်းကလေးများကဲ့သို့ လှပခဲ့ဖူးသည့် မိန်းကလေးများက အသက်ဝိညာဉ်မဲ့နေသည့် အလောင်းကောင်များသဖွယ် ဖြစ်သွားသည်အထိ နှိပ်စက်ညှဉ်းပန်း ခံခဲ့ရပုံပေါ်သည်။ သူမတို့ မသေကြသေးသည့်တိုင် သူမတို့အားလုံးက ကြောင်တက်တက် ထိုင်နေကြသည်။ ကင်းမြီးကောက်များနှင့် အဆိပ်ပြင်းသည့်အင်းဆက်ပိုးမွှားများက သူမတို့၏ ခန္ဓာကိုယ်ပေါ်တွင် တွားသွားနေကြသော်လည်း သူမတို့က ဘာကိုမှ မသိသလို တုံ့ပြန်မှု ကင်းမဲ့နေလေသည်။

"ယွီအာ? ယွီအာ?"

ချင်ထျဲက သူ့လက်ထဲမှ မီးတုတ်ကို မြှောက်ထားရင်း သူ့သမီး၏အမည်ကို အော်ခေါ်လိုက်သည်။ ထိုမိန်းကလေးများက တစ်စုံတစ်ယောက်၏ အော်ဟစ်သံကို ကြားလိုက်ပုံဖြင့် ခေါင်းမော့ကာ သူ့ကို လှမ်းကြည့်ကြသည်။ ထို့နောက် သူမတို့၏ ရီဝေဝေ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်လာပြန်သည်။

သူမတို့အတွက်တော့ ဆွဲထုတ်ခံရတာထက် ဒီမှာရှိနေတဲ့ အဆိပ်ကောင်တွေ ကိုက်လို့ သေသွားတာကမှ ပိုကောင်းဦးမယ်။

ချင်ထျဲက ထိုမိန်းခလေးများကို တစ်ယောက်ချင်းစီ လိုက်ကြည့်ခဲ့သော်လည်း သူ့သမီးကို ရှာမတွေ့တော့ပေ။ နောက်ဆုံးတွင် ချင်ထျဲက မျက်ရည်များက စီးကျလာပြီး သူ့သမီးလေး သေဆုံးသွားခဲ့ပြီဟူသော ရက်စက်ကြမ်းကြုတ်သည့်အဖြစ်မှန်ကို လက်ခံသွားခဲ့သည်။

သေခြင်းမှ လွတ်မြောက်လာခဲ့သည့် မိန်းကလေး အနည်းငယ်ကို အကျဥ်းထောင်ထဲမှ ကယ်တင်နိုင်ခဲ့သည်။ သူမတို့က အမှောင်ထဲတွင် အချိန်အတော်ကြာအောင် နေထိုင်ခဲ့ကြရပြီး အလင်းရောင်ကိုပင် ကြောက်ရွံ့နေကြသည်။ စူးချင်းက သူမတို့ကို ချက်ချင်း အပြင်မထွက်ခိုင်းဘဲ အထဲတွင် နေစေကာ အလင်းရောင်နှင့် တဖြည်းဖြည်း လိုက်လျောညီထွေဖြစ်လာစေရန် စောင့်ရှောက်ပေးခဲ့သည်။ ထို့သို့မဟုတ်လျင် ပြင်းထန်သောအလင်းရောင်ကြောင့် သူမတို့၏မျက်လုံးများ ကန်းသွားပေလိမ့်မည်။

ထိုတစ္ဆေသိုက်ကို ချန်ထားရန် မလိုအပ်တော့သည့်အတွက် ရှောင်းကျဲယွိက ထိုနေရာကို ပြာကျသည်အထိ မီးရှို့လိုက်သည်။

သရဲငါးကောင်၏အသိုက်ကို ကိုင်တွယ်ပြီးနောက် ချင်ထျဲက စူးချင်နှင့် ရှောင်းကျဲယွိတို့၏ရှေ့သို့ ဒူးထောက် ထိုင်ချလိုက်သည်။

"ခင်ဗျား ဘာလုပ်တာလဲ?"

ရှောင်းကျဲယွိက သူ့ကို အမြန်ဆွဲထူပေးလိုက်သည်။ ချင်ထျဲ၏မျက်လုံးများတွင် မျက်ရည်များ ပြည့်နေပြီး အခိုင်အမာ ပြန်ဖြေလိုက်သည်။

"မင်းတို့က ငါ လက်စားချေနိုင်ဖို့ ကူညီပေးခဲ့တယ်၊ ဒါကြောင့် ဒီချင်ထျဲရဲ့ဘဝက မင်းတို့ရဲ့ကျေးဇူးရှင်နဲ့ပဲ ‌ရှေ့ဆက်ရတော့မှာပါ၊ ဒီနေ့ကစပြီး မင်းတိုအတွက်ဆိုရင် ငါ မီးပင်လယ်ကိုတောင် ဖြတ်ကျော်ပေးနိုင်ပါတယ်"

"ကောင်းပြီလေ၊ ဒါဆို အခုကစပြီး ခင်ဗျား ကျွန်‌တော်တို့ နောက်ကို လိုက်ရလိမ့်မယ်"

အင်း၊ အခုတော့ အရာရာက လွယ်ကူလွန်းတယ်။ သူ အစက ချင်ထျဲကို သိမ်းသွင်းပြီး ပုံစံခွက် သွန်းလောင်းပေးဖို့ အကူအညီတောင်းချင်ခဲ့တာ။ အခုတော့ ချင်ထျဲက သူ့ကို လုံးဝ သစ္စာခံလိုက်တယ်တဲ့လား? ဒါက သူ့အတွက် ပိုကောင်းတာ အသေအချာပဲလေ။

ရှောင်းကျဲယွိက သူတို့ ကယ်ဆယ်ထားသည့် မိန်းကလေးများကို ပြန်ခေါ်သွားရန် ချောက်ကမ်းပါးမှ ခြင်းတောင်းကြီးကို ပြန်ပြင်ကာ အသုံးပြုခဲ့သည်။ သူက စူးချင်းနှင့်အတူ ထိုမိန်းခလေးများကို တောင်ပေါ်မှ ပြန်ခေါ်လာခဲ့ပြီး မြို့ထဲကို ဝင်ကာ ရထားလုံး ဆယ်စီး ဝယ်လိုက်ကြသည်။

သူတို့က ရတနာများကို ရထားလုံးဆယ်စီးစာသာ ပြန်ယူသွားရန် စီစဥ်ထားပြီး ကျန်နေသည့်အရာများကို ထိုလှိုဏ်ဂူတွင်သာ ဆက်သိမ်းထားရန် ဆုံးဖြတ်ခဲ့ကြသည်။ ကျိုးပေါ်နှင့် ချင်ထျဲတို့က ထိုနေရာသို့ အခြားလူများဝင်ရောက်လာခြင်းမှ တားဆီးရန် ယန္တရားအသစ်များ ထပ်ဆင်ထားခဲ့ကြသည်။

သူတို့ ရတနာများ တင်ဆောင်ထားသည့် ရထားလုံးဆယ်စီးကို ပြန်လည်မောင်းနှင်လာကာ လော့ချန်သို့ ပြန်ရောက်ရန် အချိန်ဆယ်ရက်ယူခဲ့ကြရသည်။ နောက်ဆုံးတွင် သူတို့၏နယ်မြေထဲသို့ ပြန်ရောက်လာပြီ ဖြစ်သောကြောင့် ကောင်းမွန်စွာ အနားယူနိုင်ခဲ့ကြပြီး လော့ချန်၏အစိုးရရုံးတော်တွင် တည်းခိုနေခဲ့ကြသည်။

စုန့်ဖူနှင့် ကျန်းကျင့်လင်းတို့က စစ်ရေးအခြေအနေများကို မဖြစ်မနေ သတင်းပို့ရန် ရှောင်းကျဲယွိနှင့် စူးချင်းထံသို့ ရောက်လာခဲ့သည်။

"သခင်လေး၊ မြောက်ပိုင်းလူရိုင်းတွေက မော့ချန်ကို တိုက်ခိုက်ခဲ့ပြီး သူတို့က လူသတ်လက်နက်ကြီးတွေကို အသုံးပြုခဲ့ပါတယ်"

စူးချင်းနှင့် ရှောင်းကျဲယွိတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြန်သည်။

ချိုးယုံခန်း အသက်ရှင်နေသေးတာလား? သူက မသေသေးတဲ့အပြင် မော့ချန်ကို တိုက်ခိုက်ဖို့ မြောက်ပိုင်းလူရိုင်းတွေကိုတောင် ဦးဆောင်နေသေးတယ်ပေါ့။

All Chapters