← Chapters

အသက်ရှင်လျက် ဖမ်းမိလိုက်ခြင်း

Vol. 33 Ch. 494

အသက်ရှင်လျက် ဖမ်းမိလိုက်ခြင်း

Vol. 33 Ch. 494

သုံးရက်ကြာပြီးနောက် စူးချင်းနှင့် ရှောင်းကျဲယွိတို့ မော့ချန်သို့ ပြန်ရောက်လာခဲ့ကြပြီး သူတို့ ရှေ့မှ အရှိန်ပြင်းပြင်းဖြင့် လွင့်ပျံနေသည့် အနက်ရောင် မီးခိုးလုံးကြီးများကို အဝေးမှပင် လှမ်းမြင်လိုက်ကြရသည်။

သူတို့ မော့ချန်နားသို့ နီးကပ်လာသည်နှင့်အမျှ ကျယ်လောင်သော အော်ဟစ်သံများကိုလည်း ကြားနေကြရသည်။ မြောက်ပိုင်းလူရိုင်းများက တာ့ထန်မှ တာတာလူမျိုးများကဲ့သို့ ခြေသလုံးအိမ်တိုင် လှည့်လှည်သွားလာသူများ ဖြစ်ကြသည်။ သူတို့၏လက်နက်များက ထက်မြက်သော ဓားမောက်ကွေးများ ဖြစ်သည်။ သို့သော် သူတို့ထဲမှ လူတိုင်းက မြားပစ်ခြင်းနှင့် မြင်းစီးခြင်းတွင် အလွန်ထူးချွန်ကြသည်။ ထိုကျွမ်းကျင်မှုက သူတို့၏ရိုးရာဓလေ့ဖြစ်ပြီး သူတို့အားလုံးက သန်မာထွားကြိုင်းသောခန္ဓာကိုယ်များကာ ကြံခိုင်ဟန်ရှိကြသည်။

သူတို့က အကြောက်တရား ကင်းမဲ့ပြီး သေခြင်းတရားကို လုံးဝ ဂရုမစိုက်ကြပေ။ တိုက်ပွဲအတွင်း ရှေ့တန်းမှ စစ်သည်များ ကျဆုံးသွားလျှင် နောက်တန်းမှ စစ်သည်များက ကြောက်ရွံ့ရမည့်အစား ပို၍ ရဲရင့်လာကြပုံပေါ်သည်။ သူတို့အားလုံးက အရပ်ရှည်ပြီး ထွားကြိုင်းသလို အမဲသားနှင့် သိုးသားများကို တစ်နှစ်ပတ်လုံး စားသောက်နေရသောကြောင့် အလယ်ပိုင်းလွင်ပြင်မှ လူများထက် များစွာ ပိုသန်မာကြသည်။

သူတို့အားလုံးက သိုးမွှေး၊ သိုးသားရေဖြင့် ပြုလုပ်ထားသည့် အင်္ကျီများကို ဝတ်ဆင်ထားကြပြီး ခေါင်းပေါ်တွင် ငှက်မွေးများတပ်ဆင်ထားသည့် ဦးထုပ်များကို ဆောင်းထားကြသည်။ ခါးပတ်ပတ်လည်တွင်လည်း တိရစ္ဆာန်အရေခွံများနှင့်အရိုးများကို ချိတ်ဆွဲထားကြသေးသည်။ သူတို့၏အသားအရောင်က နီညိုရောင်ဖြစ်ပြီး စစ်တိုက်သည့်အချိန်တွင် စိတ်လှုပ်ရှားစွာ အော်ဟစ်နေသည်က ကြောက်စရာကောင်းလွန်းလှသည်။

စစ်သူကြီးချန်ယွိ၏ဦးဆောင်မှုအောက်မှ ရှောင်းမိသားစု၏စစ်တပ်ကလည်း မော့ချန်ကို ကာကွယ်ရန် ရန်သူများကို သတ္တိရှိရှိ ခုခံတိုက်ခိုက် သတ်ဖြတ်နေခဲ့ကြသည်။ သို့သော် သူတို့ မည်မျှသတ်ဖြတ်နေစေကာမှု သန်မာထွားကြိုင်းသော မြောက်ပိုင်လူရိုင်းများက ကြောက်ရွံ့သွားခြင်း မရှိဘဲ ‌ရှေ့သို့သာ ဆက်တိုက်ချီတက်နေကြသည်။

ရန်ရှစ်ခန်းနှင့် သူ့လူများကလည်း ပွင့်လုနီးနီးဖြစ်နေသည့် မြို့တံခါးကို စောင့်ကြပ်ပေးနေကြသည်။ တိုက်ပွဲက အလွန်ပြင်းထန်နေပြီး မကြာမီ မျက်နှာချင်းဆိုင် စီးချင်းထိုးရမည့်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် သူ့တို့ဘက်မှ လုံးဝ လွဲချော်ခွင့်မပေးနိုင်ဘဲ မြို့တံခါး၏ လုံခြုံရေးကို သေသေချာချာ တာဝန်ယူစောင့်ကြပ်နေကြသည်။

စူးချင်းနှင့် ရှောင်းကျဲယွိတို့က ထိုကဲ့သို့ အရေးကြီးသောအခိုက်အတန့်ကို အချိန်မီ ရောက်ရှိလာခဲ့ကြသည်။ သူတို့နှစ်ဦးက ဓားရှည်တစ်လက်စီဖြင့် မြောက်ပိုင်းလူရိုင်းစစ်တပ်ထဲသို့ ပြေးဝင်ကာ မြောက်ပိုင်းလူရိုင်းစစ်သည်များ၏ ဦးခေါင်းများကို ဖရဲသီးများခွဲနေသလို ခုတ်ဖြတ်နေကြသည်။

ရှောင်းကျဲယွိက မြောက်ပိုင်းလူရိုင်းစစ်တပ်ထဲသို့ ပြေးဝင်တိုက်ခိုက်နေရင်း သူနှင့်ရင်းနှီးနေမည့် ပုံရိပ်တစ်ခုကို ရှာဖွေနေခဲ့သည်။

အခု သူနဲ့ ချိုးယုံခန်းကြားက ရန်ငြိုးတွေကို ဖြေရှင်းဖို့ အချိန်တန်နေပြီ။

သို့သော် သူ ချိုးယုံခန်းကို မတွေ့ရဘဲ မြောက်ပိုင်းလူရိုင်းများ၏တပ်မှူးဖြစ်ဟန်ရသည့် စစ်သူကြီးတစ်ဦးကိုသာ တွေ့လိုက်ရသည်။ ထိုလူက အရပ်ရှည်ပြီး ကြံ့ခိုင်သည့် မြောက်ပိုင်းလူရိုင်းတစ်ယောက်သာ ဖြစ်သည်။ သူက သူ့တပ်များကို အမိန့်ပေးနေပြီး သူ့အသံက ကျယ်လောင်ပြတ်သားလွန်းလှသည်။ သူ့လက်ထဲတွင် ပုဆိန်ကြီးနှစ်ချောင်းကို ကိုင်ဆောင်ထားပြီး သူက တခြားသူများထက် ပိုသန်မာပုံရသည်။

စစ်ပွဲ၏သဘောတရားအရ ခေါင်းဆောင်ကို အရင်ဖမ်းနိုင်လျှင် အကောင်းဆုံးဖြစ်သောကြောင့် ရှောင်းကျဲယွိက သူ့မြင်းကို ထိုလူ့ဆီသို့ ဦးတည်လိုက်သည်။ သို့သော် သူ မြောက်ပိုင်းလူရိုင်းများ၏စစ်သူကြီးဆီသို့ မရောက်‌သေးခင် အရပ်ရှည်ပြီး သန်မာသော ပုံရိပ်တစ်ခုက စစ်မြင်းတစ်ကောင်ကို ဒုန်းဆိုင်းကာ သူနှင့် မြောက်ပိုင်းလူရိုင်းများ၏စစ်သူကြီးကြားသို့ ဝင်ရောက်လာခဲ့သည်။

ရှောင်းကျဲယွိက ထိုလူကို စူးစူးစိုက်စိုက် လှမ်းကြည့်လိုက်ပြီး ကျုံးယုံဖြစ်နေမှန်း သိလိုက်ရသည်။ ကျုံးယုံ၏ခွန်အားကလည်း ထူးထူးခြားခြား သန်မာလွန်းလှပြီး မြောက်ပိုင်းလူရိုင်းများ၏စစ်သူကြီးနှင့် တန်းတူ ဖြစ်နေသည်။ သို့သော်လည်း ရှောင်းကျဲယွိကတော့ စိုးရိမ်နေသေးသည်။

ဦးလေးကျုံးနဲ့ သူတို့ရဲ့မွေးစားအမေက ဆုံးပါးသွားခဲ့ကြပြီ၊ ကျုံးမိသားစုမှာ မျိုးဆက် ဆိုလို့ ကျုံးယုံပဲ ကျန်တော့တယ်။ သူက မလိုအပ်ပဲ ကျုံးယုံကို အန္တရာယ်မဖြစ်စေချင်ဘူး။

ထိုအတွေးကြောင့် ရှောင်းကျဲယွိက ကျုံးယုံကို ကာကွယ်ပေးရန် သူနောက်မှ လိုက်သွားခဲ့သည်။

သို့သော်လည်း သူ အစိုးရိမ်လွန်နေခြင်းသာ ဖြစ်ပြီး သူ့၏စိုးရိမ်မှုများက မလိုအပ်ကြောင်း ထင်ရှားလာခဲ့သည်။ ကျုံးယုံက ရဲရင့်လွန်းလှပြီး စူးချင်း သူ့အတွက် ထုနှက်ပုံပေါ်ပေးထားသည့် ပုဆိန်နှစ်ချောင်းကို ကိုင်ကာ တစ်ဖက်လူဆီသို့ ကျားတစ်ကောင်သဖွယ် ခုန်ဝင်သွားခဲ့သည်။ သူ့အနီးသို့ ချဉ်းကပ်လာသူတိုင်းက သူတို့၏မျက်နှာဆီသို့ ပြေးဝင်လာသည့် လေပြင်းများကို ခံစားလိုက်ကြရပြီး ပြင်းပြသောလူသတ်ချင်စိတ်ကိုပါ ခံစားလိုက်ကြရသည်။

ကျုံးယုံ၏ ကြောက်မက်ဖွယ်ခွန်အားကို မြင်လိုက်ရချိန်တွင် မြောက်ပိုင်းလူရိုင်းများ၏စစ်သူကြီးကလည်း ကျုံးယုံကို လျှော့မတွက်ရဲတော့ပေ။ သူက သူ့လက်ထဲမှာ ပုဆိန်နှစ်ချောင်းကို ဝှေ့ယမ်းကာ ကျုံးယုံကို ဆီးကြို တိုက်ခိုက်လိုက်သည်။

သူတို့နှစ်ဦးလုံးက အလွန်ခွန်အားကြီးမားကြပြီး သူတို့၏ လက်နက်ချင်း တိုက်မိသံများက နားမခံသာအောင် ထွက်ပေါ်လာသည်။ မီးပွားများကလည်း နေရာမနှံ့ ပျံ့လွင့်လာကာ ထိုတိုက်ပွဲ မည်မျှ ပြင်းထန်ကြောင်း ပြသနေသည်။

ရှောင်းကျဲယွိက ကျုံးယုံကို ချောင်းမြောင်းတိုက်ခိုက်ရန် ရောက်လာသည့် အခြားသော မြောက်ပိုင်းစစ်သူကြီးတစ်ဦးအား ကူညီသတ်ပစ်လိုက်သည်။ ထိုအချိန်တွင် စူးချင်းက မော့ချန်၏မြို့ရိုးအောက်သို့ ရောက်သွားခဲ့ပြီ ဖြစ်သည်။ စူးချင်း ပြန်ရောက်လာသည်ကို မြင်လိုက်သည်နှင့် ရှောင်းမိသားစုစစ်တပ်မှ စစ်သည်များက အားတက်သရော အော်ဟစ်လိုက်ကြသည်။ သူတို့က သူတို့၏အားအင်များ ပြန်ပြည့်လာသလို ခံစားလိုက်ကြရပြီး သူတို့၏တိုက်ပွဲကြွေးကြော်သံများက ကောင်းကံယံသို့ ပျံတက်ကာ လေထုထဲ၌ ပဲ့တင်ထပ်နေသည်။

ချန်ယွိ၏တိုက်ပွဲဝင်ဝတ်စုံတွင် သွေးများ စွန်းထင်းနေခဲ့သည်။ ထိုလူအိုကြီးကလည်း အသက်အရွယ်တစ်ခု ရောက်နေပြီ ဖြစ်သည်။ ယခင်က သူ သူရဲကောင်းတစ်ဦး ဖြစ်ခဲ့ဖူးသော်လည်း လက်ရှိတွင် သူ၏ကြံ့ခိုင်မှုက အကန့်အသတ်ရောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် မြို့ကို အကြာကြီး ခုခံကာကွယ်ရန် ခက်ခဲလွန်းလှသည်။ စူးချင်းကို တွေ့လိုက်ရသည့်နှင့် သူက သူ့ကျောရိုးကို တွေ့လိုက်ရသလို စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

“စူးချင်း၊ မင်းနဲ့ သခင်လေး ပြန်ရောက်လာတာ ကောင်းတယ်"

“ဦးလေးချန်၊ ဦးလေး အရမ်းပင်ပန်းသွားရပြီ။ ကျွန်မ ဦးလေးအတွက် ချန်ထားပေးခဲ့တဲ့ လက်ပစ်ဗုံးတွေကို ဘာလို့ မသုံးတာလဲ?”

စူးချင်းက ခေါင်းညိတ်လိုက်ပြီး လက်ပစ်ဗုံးများအကြောင်း မေးလိုက်သည်။ သူမက ထွက်သွားချိန်တွင် ချန်ယွိ အရေးပေါ်သုံးနိုင်ရန် လက်ပစ်ဗုံးများ ချန်ထားပေးခဲ့သည်။ သူမတို့က မတော်တဆမှု မှန်သမျှကို ကာကွယ်ရန် စိစဥ်ပေးပြီးမှ ထွက်ခွာသွားခဲ့ကြခြင်းပင်။

"သုံးပြီးသွားပြီ"

ချန်ယွိက ပြန်ဖြေလိုက်ပြီး သူ အနည်းငယ် ရှက်ရွံ့နေမိသည်။

ဒီမြောက်ပိုင်းလူရိုင်းတွေက လိမ္မာပါးနပ်လွန်းတယ်။ သူတို့က မြို့ကို တိုက်ခိုက်ဖို့ လူသတ်လက်နက်ကြီးတွေ တင်ထားတဲ့ လှည်းအကြီးကြီးတစ်ခု ဖန်တီးခဲ့ကြတယ်။ ပေါက်ကွဲစွမ်းအားက အရမ်းပြင်းထန်နိုင်တာကြောင့် အဲ့လှည်းတွေကို မြင်တာနဲ့ သူလည်း လက်ပစ်ဗုံးတွေ ပစ်ဖို့ အမိန့်ပေးလိုက်ရတယ်။ နောက်ဆုံးတော့ ပထမဆုံးလှည်းကပဲ အစစ်အမှန် ဖြစ်နေပြီး ကျန်တာတွေက အတုအယောင်တွေ ဖြစ်နေခဲ့တယ်။ သူတို့ကို မြို့ကို မတိုက်ခိုက်ခင် လက်ပစ်ဗုံးတွေ ကုန်သွားတဲ့အထိ စောင့်နေခဲ့ကြတယ်။

ချန်ယွိ၏အစီရင်ခံမှုကို နားထောင်ပြီးနောက် ဤအစီအစဥ်ကို အကောင်အထည်ဖော်နိုင်သူမှာ ချိုးယုံခန်းဖြစ်ရမည်ဟု စူးချင်း ခံစားလာမိသည်။

ဒီလူက လိမ္မာပါးနပ်လွန်းတဲ့အပြင် လက်နက်ကြီးတွေ ပြုလုပ်နိုင်တဲ့နည်းလမ်းကိုလည်း သိနေသေးတယ်။ အချက်အလက်တွေအရ ဒီအရည်အချင်းနှစ်ခုစလုံး ရှိတဲ့သူက သူပဲ ဖြစ်နိုင်တယ်။

ဦးလေးချန်ယွိက အသက်ကြီးလာတော့ သူ့ဦးနှောက်က တုံ့ပြန်မှုနှေးကွေးနေပြီ။ အဲ့ဒါကြောင့် သူ ချိုးယုံခန်းရဲ့ထောင်ချောက်ထဲသို့ ကျသွားခဲ့တာပဲ။

“အဲ့အကြောင်းကို အရင် မပြောနဲ့ဦး၊ အခု ရန်သူတွေကို အရင်ပြန်တိုက်ခိုက်ကြရအောင်”

စစ်မြေပြင်က အမှားအမှန် ဆွေးနွေးရန် နေရာမဟုတ်ပေ။ စူးချင်းက နောက်သို့ ပြန်လှည့်ကာ စစ်မြေပြင်ကို မျက်နှာမူလိုက်ပြီး သူမ၏စစ်နတ်ဘုရားစွမ်းရည်ကို ထုတ်လွှတ်လိုက်သည်။ မြောက်ပိုင်းလူရိုင်းစစ်သည်များက သူမ မည်မျှရဲရင့်ပြီး အစွမ်းထွက်သည်ကို တွေ့မြင်သွားကြပြီး သူမ၏ စွမ်းပကားကြောင့် ခြိမ်းခြောက်ခံလိုက်ကြရသည်။ ထို့နောက် ကျုံးယုံက သူတို့၏တပ်မှူးအား ရိုက်နှက်နေသည်ကိုလည်း သူတို့ တွေ့လိုက်ကြရသည်။ ရှောင်းကျဲယွိကလည်း စစ်တပ်၏အနောက်ဘက်တွင် ရှိနေကာ သတ်ဖြတ်မှုများ ပြုလုပ်နေပြီး စူးချင်းက ရှေ့တွင် ရှိနေသောကြောင့် သူတို့ နှစ်ဖက်စလုံးမှ တိုက်ခိုက်ခဲ့နေရသည်။

အခြေအနေမကောင်းတော့ဘူး။

"နောက်ဆုတ်!"

မြောက်ပိုင်းလူရိုင်းစစ်သည်များ၏ ဒုတပ်မှူးက အခြေအနေ ဆိုးရွားလာသည်ကို မြင်နိုင်ခဲ့ပြီး နောက်ဆုတ်ရန် အမိန့်ပေးလိုက်သည်။ လက်ရှိတွင် စူးချင်းနှင့် ရှောင်းကျဲယွိတို့၏ ဦးဆောင်မှုအောက်မှ ရှောင်းမိသားစုစစ်တပ်၏ တိုက်ပွဲဝင်စိတ်က ကောင်းကင်ယံကို လှုပ်ခါရန်ပင် လုံလောက်နေပြီ ဖြစ်သည်။ ယခုအခြေအနေအတိုင်း ဆက်သွားလျှင် သူတို့ထဲမှ မည်သူမျှ မြောက်ပိုင်းသို့ ပြန်နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် ဒုတပ်မှူးက တပ်သားများအားလုံး ဆုတ်ခွာနိုင်ရန် ဦးချိုခရာကြီးများကို အမြန်မှုတ်ပြီး အချက်ပေးရန် ညွှန်ကြားလိုက်သည်။

မြောက်ပိုင်းလူရိုင်းစစ်သည်များက ပြိုကျနေသော တောင်ကြီးကဲ့သို့ အလျင်အမြန် ဆုတ်ခွာသွားကြသည်။ သူတို့ထဲက မည်သူကမျှ စစ်တိုက်ချင်စိတ်မရှိတော့ဘဲ အမြန်ပြန်ပြေးကြတော့သည်။

ဟွန့်၊ နင်တို့ ဒီကို လာတုန်းက ရောက်လာခဲ့ပြီး အခုမှ ဘာလို့ ပြန်သွားချင်နေကြတာလဲ? ရောက်လာပြီဆိုမှတော့ ဒီမှာပဲ နေလိုက်ကြတော့လေ။

စူးချင်းက အတွေးနှင့်အတူ ရှောင်းမိသားစုစစ်တပ်ကို ရပ်တန့်ရန် အမိန့်ပေးလိုက်ပြီး မြို့ကို ခုခံကာကွယ်ရန် နောက်ပြန်ဆုတ်ခိုင်းလိုက်သည်။ သူမက မြောက်ပိုင်းလူရိုင်းစစ်သည်များ နောက်သို့ သူမတစ်ယောက်တည်း လိုက်ပါသွားခဲ့သည်။ ရှောင်းကျဲယွိက သူမ၏မြင်း ပြေးထွက်သွားသည်ကို မြင်သွားပြီး သူမကို ကာကွယ်ရန် သူ့မြင်းဖြင့် ပြေးလိုက်သွားပြန်သည်။ စူးချင်းက လက်ပစ်ဗုံးတစ်လုံး ထုတ်လိုက်ပြီး ထိုအရာကို မြင်သည်နှင့် ရှောင်းကျဲယွိက သူမ ဘာလုပ်ချင်သည်ကို ချက်ချင်းနားလည်လိုက်သည်။

သူကလည်း လက်ပစ်ဗုံးနှစ်လုံးကို ထုတ်ယူကာ စူးချင်းနှင့်အတူ ပူးပေါင်းလိုက်သည်။ မြောက်ပိုင်းလူရိုင်းများကတော့ ဒုက္ခတွင်းထဲသို့ ထိုးကျသွားပြီဖြစ်ကာ မရေမတွက်နိုင်လောက်အောင် သေကြေပျက်စီးပြီး ဒဏ်ရာရသူများကလည်း မြင်မကောင်းလောက်အောင် များပြားလွန်းလှသည်။ သူတို့၏ လက်ပြတ်များနှင့် ခြေပြတ်များက နေရာတိုင်းဆီသို့ ပျံသန်းလွင့်စင် နေကြပြီး သူတို့၏ခန္ဓာကိုယ်များတွင်လည်း သွေးများ ဖုံးလွှမ်းနေလေသည်။

တစ်ဖက်မှ မြောက်ပိုင်းလူရိုင်းစစ်သည်များ၏ တပ်မှူးကလည်း ထွက်ပြေးချင်နေပြီ ဖြစ်သည်။ သို့သော်လည်း ကျုံးယုံက သူ့ကို အခွင့်အရေး မပေးခဲ့ပေ။ သူ့၏ပုဆိန်နှစ်ချောင်းက စည်းချက်ညီညီ ဝဲပျံနေပြီး ထိုမြောက်ပိုင်းလူရိုင်းစစ်သည်များ၏ တပ်မှူးကို ပိတ်ဆို့ထားခဲ့သည်။ သူ မလွတ်မြောက်နိုင်သည်ကို နားလည်သွားချိန်တွင် ထိုလူကလည်း ကျုံးယုံနှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် စိတ်ပိုင်းဖြတ်လိုက်ပုံရသည်။

ထိုအခိုက်အတန့်တွင် စူးချင်းက သူ့၏စစ်သည်များအား သတ်ဖြတ်နေသည်ကို သူ မြင်လိုက်ရပြီး မြောက်ပိုင်းလူရိုင်းများ၏စစ်သူကြီးက စိတ်လွတ်သွားကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ သတိလွတ်သွားသည်နှင့်တပြိုင်နက် ကျုံးယုံ၏ပုဆိန်က သူ့၏ပခုံးတစ်ဝက်ကို ခုတ်ဖြတ်လိုက်သည်။ သူ နာကျင်မှုကြောင့် မြင်းပေါ်က ပြုတ်ကျသွားပြီး ရှောင်းမိသားစုစစ်တပ်က သူ့ကို အရှင်ဖမ်းမိသွားခဲ့သည်။

စူးချင်းနှင့် ရှောင်းကျဲယွိတို့၏ ခွန်အားကို မျက်မြင်တွေ့လိုက်ရသည့် ရန်ရှစ်ခွမ်းကလည်း အလွန်ကျေနပ်နေခဲ့သည်။

ဒီလို အစွမ်းထက်လွန်းတဲ့ သခင်လေးနဲ့ သခင်မလေး ရှိနေမှတော့ သူတို့ ဘာကို စိတ်ပူနေရဦးမှာလဲ?

စူးချင်းနှင့် ရှောင်းကျဲယွိတို့က မြောက်ပိုင်းလူရိုင်းစစ်သည်များကို ဗုံးကြဲတိုက်ခိုက်နေကြပြီး သူတို့၏ဒေါသကို ဖောက်ခွဲနေခဲ့ကြသည်။ နောက်ဆုံးတွင် ကျန်ရှိနေသေးသော မြောက်ပိုင်းလူရိုင်းစစ်သည်များလည်း ပြေးပင် မပြေးရဲကြတော့ပေ။ သူတို့အားလုံးက သူတို့၏ လက်နက်များကို စွန့်လွှတ်လိုက်ကြပြီး အသက်ရှင်ရန် မျှော်လင့်ချက်ဖြင့် အညံ့ခံလိုက်ကြသည်။

ရှောင်းမိသားစုစစ်တပ်မှ စစ်သည်များက သူတို့ထံသို့ ချဥ်ကပ်သွားပြီး အားလုံးကို ကြိုးဖြင့် ချည်နှောင်လိုက်သည်။ သူတို့ထဲမှ တစ်ယောက်ချင်းစီက မယုံနိုင်လောက်အောင် စိတ်အားတက်ကြွနေကြသည်။ စိတ်ပျက်နေသော မြောက်ပိုင်းလူရိုင်းစစ်သည်များကို ခေါ်ဆောင်သွားနေသည့် သူတို့၏မျက်လုံးများထဲတွင် မောက်မာမှုနှင့် စိတ်အားထက်သန်မှုများ ပြည့်နှက်နေသည်။ ရှုံးနိမ့်သည့်ဘက်ခြမ်းနှင့် အောင်ပွဲခံသည့်ဖက်က ပြတ်ပြတ်သားသား ဆန့်ကျင်ဘက်ဖြစ်နေတတ်သည်မှာလည်း စစ်ပွဲ၏နိယာမသာ ဖြစ်သည်။

စစ်မြေပြင်ကို ရှင်းလင်းရန် စစ်သည်တချို့ ချန်ထားခဲ့ပြီးနောက် စူးချင်းနှင့် ရှောင်းကျဲယွိတို့က ရန်ရှစ်ခွမ်းနှင့် ချန်ယွိတို့ကို ခေါ်ကာ မြို့ထဲသို့ ဝင်ရောက်လာခဲ့ကြသည်။ မော့ချန်သူမြို့သားတို့က ကြောက်ရွံ့ထိတ်လန့်သောငှက်များကဲ့သို့ ဖြစ်နေပြီး လမ်းများပေါ်တွင် လူသူကင်းမဲ့နေလေသည်။

စူးချင်းနှင့် ရှောင်းကျဲယွိတို့က ရုံးတော်သို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်ကြသည်။ ရှင်းရုဟိုင်က သူတို့ ပြန်လာသည်ကို မြင်သွားပြီး သူတို့ကို ကြိုဆိုရန် အမြန်ထွက်လာခဲ့သည်။ သူကလည်း စိတ်လှုပ်ရှားနေပုံဖြင့် ရှောင်းကျဲယွိကို နှုတ်ဆက်လာခဲ့သည်။

"သခင်လေး၊ နောက်ဆုံးတော့ သခင်လေးနဲ့ သခင်မလေးတို့ ပြန်ရောက်လာပြီ"

“အခုတော့ အားလုံး အဆင်ပြေသွားပါပြီ”

ရှောင်းကျဲယွိက ခေါင်းညိတ်ကာ သူ့ကို နှစ်သိမ့်ပေးလိုက်ရင်း ချန်ယွိဘက်သို့ လှည့်ကာ ထပ်ပြောလိုက်သည်။

“ဦးလေးချန်၊ မြို့တံခါး ပြင်ဖို့ စစ်သည်တွေ ခေါ်သွားလိုက်ပါဦး၊ အဲ့ကိစ္စအတွက် ဦးလေးကိုပဲ အနှောင့်အယှက်ပေးရတော့မယ်”

“ဟုတ်ကဲ့”

သခင်လေးက သူ့ကို အပြစ်မတင်သောကြောင့် ချန်ယွိက အမိန့်ကို လက်ခံလိုက်ပြီး ရှက်စိတ်ဖြင့် မြန်မြန် ပြန်ထွက်ခွာသွားခဲ့သည်။

ထို့နောက် ရှောင်းကျဲယွိက ရန်ရှစ်ခွမ်းကို လှမ်းပြောလိုက်သည်။

"ဦးလေးရန်၊ ဦးလေးလည်း ခဏလောက် အနားယူပြီး ကျင့်ရှီလျိုမြောင်ကို ပြန်သွားသင့်တယ်။ ကျွန်တော် အဲဒီဘက်က လုံခြုံရေးအတွက် စိတ်ပူတယ်”

“ဟုတ်ကဲ့ပါ သခင်လေး”

ရန်ရှစ်ခွမ်းက လက်သီးအုပ်ကာ အမိန့်ကို လက်ခံလိုက်သည်။

အခြေအနေက အရေးတကြီးဖြစ်နေလို့သာ သူလည်း သူ့တပ်ကို ခေါ်လာပြီး ဒီနေရာကို ရောက်လာခဲ့တာပါ။ တကယ်တော့ စစ်သူကြီးတစ်ယောက်က ခွင့်ပြုချက် မရှိဘဲ တာဝန်ကျတဲ့နေရာကနေ ထွက်ခွာခွင့် မရှိဘူး။ အခု သခင်လေးက သူ့ကို အပြစ်မတင်တဲ့အတွက်တောင် သူ အရမ်းဝမ်းသာနေမိပြီ။

စစ်ရေးကိစ္စများကို ဖြေရှင်းပြီးနောက် ရှောင်းကျဲယွိနှင့် စူးချင်းတို့က ဖမ်းဆီးခံထားရသည့် မြောက်ပိုင်းလူရိုင်းတပ်မှူးအား စစ်ဆေးမေးမြန်းရန် ပြင်ဆင်လိုက်သည်။ သူ့ဒဏ်ရာက အရမ်း ပြင်းထန်နေပြီး စစ်တပ်သမားတော်က သူ့ကို ကုသပေးနေခဲ့သည်။ သို့သော် ထိုလူယုတ်မာက ကျေးဇူးမတင်ဘဲ မြောက်ပိုင်းလူရိုင်းဘာသာစကားဖြင့် အော်ဟစ် ကျိန်ဆဲနေလေသည်။

All Chapters