သဘောတူညီချက်
Vol. 33 Ch. 491
"သူက ချင်ထျဲ၊ သူ့ကို မထိခိုက်စေနဲ့"
စူးချင်း နောက်သို့လှည့်ကြည့်လိုက်ရာ ရှောင်းကျဲယွိက ချင်ထျဲအား ဓားဖြင့် ထောက်ထားသည်ကို သူမ တွေ့လိုက်ရသောကြောင့် သူမ အလောတကြီး အော်ပြောလိုက်သည်။
"သူက ချင်ထျဲလား?"
ရှောင်းကျဲယွိက လုံးဝ မယုံနိုင်သေးဘဲ အနည်းငယ် သံသယဝင်နေသေးသည်။
အရင်ဆုံး ချင်ထျဲအတုကို တွေ့ခဲ့ရပြီး နောက်တော့ ချင်ယွီအာအတုနဲ့ တွေ့ခဲ့ရတယ်။ အခု သူ လူတိုင်းကို အတုအယောင်လို့တောင် ခံစားနေရပြီ။
“ဖြစ်နိုင်ချေ အရမ်းများတယ်”
စူးချင်းကလည်း လုံးဝ အသေအချာ မပြောနိုင်သေးပေ။
အနည်းဆုံးတော့ ချင်ထျဲက သူ့ကိုယ်သူ ဝန်ခံတာကို သူမ မကြားမိခဲ့ဘူးလေ။
ဒီက ချင်ထျဲဖြစ်နိုင်တယ်လို့ သူမဘာသာ ခန့်မှန်းခဲ့တာ။
စူးချင်း မသေချာမရေရာ ဖြစ်နေသည်ကို မြင်လိုက်ရချိန်တွင် ရှောင်းကျဲယွိက သူ့ဆရာဦးလေးဘက်သို့ ပြန်လှည့်ကာ လှမ်းမေးလိုက်သည်။
"ဆရာဦးလေး၊ ဆရာဦးလေး ချင်ထျဲအစစ်ကို မြင်ဖူးလား?"
“ငါ သူ့ကို တခါတွေ့ခဲ့ဖူးတယ်၊ ဒါပေမယ့် အဲဒီတုန်းက ချင်ထျဲက အရမ်းငယ်သေးတယ်၊ အခု ငါလည်း သေချာ မပြောနိုင်တော့ဘူး"
ကျိုးပေါ်၏အဖြေကသာ ဇဝေဇဝါသာ ဖြစ်သည်။
သူက အရင်က ချင်ထျဲအတုကိုတောင် မမြင်လိုက်ရဘူးလေ။ အနှစ် ၂၀ ကျော်ကြာပြီးတဲ့နောက်မှာ လူတစ်ယောက်ရဲ့အသွင်အပြင်က ပြောင်းလဲသွားနိုင်သေးတယ်။
"သူ့ကို စမ်းသပ်လိုက်ရင် သိရမှာပါ"
စူးချင်းက မျက်ခုံးပင့်လိုက်သည်။
ဆရာဦးလေးကျိုးပေါ်က ချင်ထျဲကို စမ်းသပ်ချင်နေတာလား? ဟုတ်သားပဲ၊ သူက ထောင်ချောက်တွေအကြောင်း ဘာမှ မသိရင် သူ လိမ်နေတာပဲ ဖြစ်လိမ့်မယ်။
“ဒါက အကြံကောင်းပဲ၊ သူ့ကို အရင်နှိုးလိုက်မယ်”
ကျိုးပေါ်က စူးချင်းကို ပြုံးပြုံးကြီး ကြည့်နေလေသည်။
ဒီကောင်မလေးက ထက်မြက်လွန်းတယ်။
ရှောင်းကျဲယွိက ချင်ထျဲအား ဖြေဆေးတိုက်လိုက်သည်။ ချင်ထျဲ သတိပြန်ဝင်လာချိန်တွင် လူသုံးယောက်က သူ့ကို စူးစူးစိုက်စိုက် ကြည့်နေကြမှန်း သူ သိလိုက်ရသည်။ သူ အလွန်ထိတ်လန့်ကြောက်သွားသော်လည်း ချင်ထျဲက ချက်ချင်း ထရပ်ကာ သတိအပြည့်ဖြင့် ပြန်မေးလိုက်သည်။
"မင်းတို့ ဘာလိုချင်လို့လဲ?"
"မင်းက ချင်ထျဲလား?"
"မင်း... မင်းတို့က ဘာလိုချင်တာလဲ?"
ချင်ထျဲက တိုက်ရိုက် မဖြေသေးပေ။ သူ စူးချင်းအပေါ်ထားခဲ့သည့် ယုံကြည်မှုများ ပြန်လည်ပျောက်ဆုံးသွားခဲ့ပြီဖြစ်သောကြောင့် သူက ယခု အလွန်အကျွံ သတိထားနေကာ သူ့ကိုယ်သူ ကာကွယ်နေခဲ့သည်။
"မင်းက ချင်ထျဲဆိုရင် ငါတို့ မင်းကို ကယ်ပေးမယ်။ မင်းက သရဲငါးကောင်ရဲ့လူတွေထဲက တစ်ယောက်ဆိုရင်တော့ မင်းရဲ့သခင်ကိုပဲ သွားတွေ့လိုက်တော့”
ရှောင်းကျဲယွိက သူ့လက်ထဲမှ လွမ်တောင်၏ဓားသွားကို ထပ်တိုးဖိလိုက်ရင်း ခြိမ်းခြောက်လိုက်သည်။
"မင်းက ချင်ထျဲမဟုတ်ရင် ငါတို့ မင်းရဲ့အသက်ကို ယူမယ်"
ရှောင်းကျဲယွိ၏စကားကို ကြားပြီးနောက် ချင်ထျဲက သူတို့ကို မကြောက်တော့ဘဲ ခေါင်းညိတ် ဝန်ခံလာခဲ့သည်။
"ငါက ချင်ထျဲပါ"
"မင်းက ချင်ထျဲဆိုတော့ ဒီရတနာဂူထဲက ထောင်ချောက်တွေက မင်း တပ်ဆင်ထားတဲ့ ထောင်ချောက်တွေမလား? မင်း ငါတို့အတွက် ဒီထောင်ချောက်တွေကို ချိုးဖျက်ပေးနိုင်ရင် မင်းကို ဒီအဆိပ်ငါးမျိုးတောင်ကြားကနေ ပြန်ကယ်ထုတ်ပေးမယ်"
ချင်ထျဲ ဝန်ခံလိုက်သောကြောင့် ရှောင်းကျဲယွိက သူ့ကို ဥမင်လိုဏ်ခေါင်းဆီ ညွှန်ပြကာ လမ်းပြပေးရန် အမိန့်ပေးလိုက်သည်။
ချင်ထျဲ၏မျက်လုံးများမှ တုံ့ဆိုင်းနေသည့်အရိပ်အမြွက်များ ထွက်ပေါ်လာသော်လည်း သူက ရှောင်းကျဲယွိ၏အမိန့်ကို နားခံရန် အမြန်ရွေးချယ်လိုက်သည်။
သူ နားမထောင်ရင် အခု သေသွားလိမ့်မယ်။ သူ သူ့သမီးအတွက် လက်စားချေချင်သေးတယ်။
ချင်ထျဲက လမ်းကို ဦးဆောင်ပေးနေသည့်တိုင် ကျိုးပေါ်က သူ့၏သတိကို လုံးဝ မလွှတ်ချလိုက်ပေ။ သူက ချင်ထျဲ လိုက်ပိတ်နေသည့် ထောင်ချောက်များကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။ ချင်ထျဲ တစ်ခုခု ထူးထူးခြားခြား လုပ်လိုက်သည်နှင့် ထိုအဘိုးကြီးက ချက်ချင်း သတိထားမိသွားမည် ဖြစ်သည်။ သို့သော်လည်း ချင်ထျဲက ရိုးရိုးသားသား လမ်းပြပေးနေပြီး မည်သည့်လှည့်ကွက်ကိုမှ မဖန်တီးခဲ့ပေ။
လမ်းကို ဦးဆောင်သူ ရှိနေသောကြောင့် အတားအဆီးများ လုံးဝ ရှင်းလင်းသွားခဲ့သည်။ သူတို့အတွက် ဖြိုဖျက်ရန် အချိန်လိုအပ်သော ယန္တရားများအားလုံးကိုလည်း ချင်ထျဲက အလွယ်တကူ ပြန်ပိတ်ချခဲ့သည်။ ထို့ကြောင့် သိပ်မကြာခင်မှာပင် သူတို့ ရတနာများ ဝှက်ထားသည့် လှိုဏ်ဂူ၏အတွင်းပိုင်းသို့ ရောက်လာနိုင်ခဲ့ကြသည်။
ဝိဉာဏ်ငါးပါးဂိုဏ်းက ဤနှစ်များတစ်လျှောက် စည်းစိမ်ဥစ္စာများစွာ စုဆောင်းနိုင်ခဲ့ကြသည်။ ကြီးမားလှသော လိုဏ်ဂူကြီးနှစ်ခုတွင် ရတနာများ အဆုံးမဲ့ ပြည့်နှက်နေလေသည်။ မီးတိုင်များအောက်မှ ရတနာများက ရွှေတောင်ကြီးကဲ့သို့ တောက်ပနေသည်။ ရှားပါးရတနာများကိုတော့ သေတ္တာထဲတွင် ထည့်ထားပြီး ရတနာသေတ္တာ အလုံးသုံးဆယ်ကျော် ရှိနေကာ အခြားသေတ္တာတစ်လုံးတွင် ငွေစက္ကူများ ပြည့်နှက်နေသည်။ ဤရတနာများ၏ ကြွယ်ဝမှုက တိုင်းပြည်တစ်ပြည်၏ပိုင်ဆိုင်မှုနှင့် အမှန်တကယ် ယှဉ်နိုင်နေပြီ ဖြစ်သည်။ ယခုလက်ရှိ တာ့ယွဲ့ပြည်ထောင်၏ဘဏ္ဍာတိုက်အတွင်းရှိ ဘဏ္ဍာတော်များပင်လျှင် သရဲငါးကောင်၏ကြွယ်ဝမှုကို ယှဥ်နိုင်မည် မဟုတ်ပေ။
"ကောင်းတယ်၊ ဒါတွေကို ပြန်သယ်သွားလိုက်ရုံပဲ"
ရှောင်းကျဲယွိက လုံးဝ မြူးကြွနေပြီး သူ အလွန်ဝမ်းသာနေပုံရသည်။
ဒါက တကယ်ကို အံ့သြဖို့ကောင်းတယ်။ ကောင်းကင်ကတောင် သူ့ကို ကူညီပေးနေတာပဲ။
"ချင်းအာ၊ မင်းက ကိုယ်ရဲ့ကံကောင်းစေတဲ့ကြယ်ပွင့်လေးပဲ"
ရှောင်းကျဲယွိက စူးချင်း၏လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမကို ကျေးဇူးတင်စွာ စိုက်ကြည့်လိုက်သည်။
သူ သူမကို စတွေ့ကတည်းက အရာအားလုံးကို ချောချောမွေ့မွေ့ ရှေ့ဆက်နိုင်ခဲ့တယ်။ သူ လိုအပ်နေသမျှ အရာအားလုံး သူ့ဆီကို ရောက်လာတယ်။ အခုတော့ အားလုံး အဆင်သင့် ဖြစ်နေပြီ၊ ကျန်နေတာက အရှေ့လေကို ရောက်လာဖို့ပဲ။
သူမှာ ပိုက်ဆံ အလုံအလောက် ရှိနေရင် စစ်သည်တွေကို အမြန် စုဆောင်းနိုင်တယ်။ သူ လာမယ့်နွေဦးရာသီမှာ မြို့တော်ကို အပြင်းအထန် ဝင်ရောက်တိုက်ခိုက်ပြီး သူ့အဖေအတွက် လက်စားချေလို့ရပြီ၊ နောက်ဆုံးတော့ သူရဲ့အကြီးမားဆုံးဆန္ဒတစ်ခု ချက်ချင်း အကောင်အထည် ပေါ်လာတော့မယ်။
(T/N ; အရှေ့လေ ရောက်လာဖို့ ဆိုတာက အခုက ဆောင်းတွင်း ဖြစ်ပြီး မြောက်လေတိုက်နေတယ်ပေါ့၊ နွေဦးရောက်လာရင် အရှေ့လေ တိုက်မှာပါ၊ သူ နွေဦးကို စောင်နေတယ်လို့ ဆိုလိုတာပါ)
“ကျွန်မ အဲ့စကားကို မကန့်ကွက်ဘူး”
စူးချင်းက ရှောင်းကျဲယွိနှင့် ရှားရှားပါးပါး စနောက်နေခဲ့သည်။
သရဲငါးကောင်က သူမကို သတ်ဖို့ မလာခဲ့ဘူးဆိုရင် သူမကလည်း သရဲငါးကောင်ရဲ့ အသိုက်ကို ရှင်းလင်းဖို့ တောတွေ တောင်တွေ မြစ်တွေကို ဖြတ်ကျော်ပြီး ဒီနေရာကို ရောက်လာမှာ မဟုတ်ဘူး။ ဒါက ကောင်းကင်ကနေ သူမတို့ဆီကို ငွေပို့ပေးလိုက်သလိုပဲ။ အဲ့ဒါကြောင့် သူမ သူရဲ့စကားကို ငြင်းမနေတော့ဘူး။
"ဒါပမေယ့် ကျွန်မတို့ ဒါတွေကို ဘယ်လို ပြန်သယ်သွားမှာလဲ?"
ရွှေငွေရတနာများက များပြားလွန်းသောကြောင့် ပြန်သယ်ရန် မလွယ်ကူလှပေ။ သူတို့ထံ၌ ရထားလုံးတစ်ရာ ရှိနေလျှင်ပင် လုံလောက်မည် မဟုတ်ပေ။
“ကိုယ်တို့က သာမန်လူတွေကို ငှားလို့ မရဘူး။ ကိုယ့်တပ်က လူတွေကို ပြန်ခေါ်ပြီး အရပ်သားအသွင်နဲ့ တစ်ခေါက်ချင်း သယ်ခိုင်းရမယ်”
ထို့နောက်တွင် ရှောင်းကျဲယွိက ခဏလောက် စဉ်းစားနေခဲ့သေးသည်။
သူတို့ ပြန်ရမယ့်လမ်းတစ်လျှောက်မှာ မြို့ပေါင်း ခုနစ်မြို့ ဒါမှမဟုတ် ရှစ်မြို့လောက် ရှိနေသေးတယ်၊ အဲ့မြို့တွေအားလုံးကို ဝမ်မိသားစုစစ်တပ်က စောင့်ကြပ်နေတယ်။ သာမန်အရပ်သားတွေကို သယ်ခိုင်းဖို့ကတော့ လုံးဝ မဖြစ်နိုင်လောက်ဘူး။ အဲ့တော့ လောချန်ကို ပြန်သွားပြီး သူ့ရဲ့တပ်တွေကိုပဲ ပြန်ခေါ်ရတော့မယ်။
“ကျွန်မတို့ လမ်းပေါ်က မြို့ဆယ်မြို့ကို သိမ်းပိုက်လိုက်ရင်ရော”
စူးချင်းက ခမ်းခမ်းနားနား တွေးပြီး မောက်မာစွာ ထုတ်ပြောလာခဲ့သည်။
သူမတို့ ဒီမြို့တွေကို သိမ်းပိုက်လိုက်ရင် အဲ့နေရာတွေကို အတားအဆီးမဲ့ ဖြတ်ကျော်သွားနိုင်မှာ မဟုတ်ဘူးလား?
“လမ်းခရီးက နည်းနည်း ဝေးတယ်။ အခုလက်ရှိ တပ်ဖွဲ့ဝင်အင်အားနဲ့ မလုံလောက်သေးဘူး”
ရှောင်းကျဲယွိက ခေါင်းခါလိုက်သည်။
အခု လက်ရှိမှာ ဝမ်မိသားစုစစ်တပ်က တပ်တွေဖြန့်ထားပြီး မြို့တွေကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေကြတယ်။ သူတို့ ရှောင်းမိသားစုစစ်တပ်ရဲ့ လက်ရှိအင်အားက မြို့တွေအကုန်လုံးဆီကို တပ်ဖြန့်နိုင်လောက်တဲ့အထိ အင်အားမတောင့်သေးဘူး။
“ဒီမှာ ထားခဲ့လည်း လုံခြုံပါတယ်။ လိုအပ်မှ လာယူပေါ့"
ကျိုးပေါ်က ဤနေရာတွင် ရတနာများ ဝှက်ထားရခဲ့ခြင်းက အလွန်ကောင်းမွန်သော အစီအစဥ်ဟု တွေးကာ သယ်ယူသွားရန်က ဒုက္ခများလွန်းသည်ဟု သူ ဆုံးဖြတ်ခဲ့သည်။
“မဟုတ်သေးဘူး၊ သရဲငါးကောင်ရဲ့ အစွယ်အပွားတွေက ဘယ်လောက်တောင် အသက်ရှင်နေသေးလဲဆိုတာ မသိနိုင်သေးဘူး၊ ဒီမှာ ထားခဲ့တာက မလုံခြုံနိုင်လောက်ဘူး”
စူးချင်းက ခေါင်းယမ်းလိုက်သည်။
သူမတို့ သရဲငါးကောင်ကို သတ်ခဲ့ကြပေမယ့် ဝိဉာဏ်ငါးပါးဂိုဏ်းကိုတော့ မသုတ်သင်နိုင်သေးဘူး။ ပိုက်ထဲကနေ လွတ်သွားတဲ့ငါးက ဒီရတနာတွေအကြောင်း သိနေပြီး တော်ဝင်တရားရုံးကို သတင်းပို့လိုက်ရင် သူမတို့က ဝမ်ယွိလင်ကို ကူညီပေးလိုက်သလို ဖြစ်သွားမှာ မဟုတ်ဘူးလား?
“ဝိဉာဏ်ငါးပါးဂိုဏ်း တစ်ခုလုံးကို သုတ်သင်ရှင်းလင်းလို့ ရပါတယ်”
အစပိုင်းတွင် ချင်ထျဲက ဘေးနားမှ တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။ စူးချင်း၏စကားကို ကြားပြီးနောက် သူက သူ့ရှေ့မှ လူများကို လုံးလုံးလျားလျား ယုံကြည်သွားခဲ့သည်။
သူကလည်း သူ့သမီးလေးအတွက် လက်စားချေချင်တယ်။ သူတို့ကလည်း ဒီဝိဉာဏ်ငါးပါးဂိုဏ်းကလူတွေအားလုံးကို သတ်ပစ်ချင်နေတယ်။ ဒါက သူ့အတွက် အခွင့်ကောင်းပဲ။
“ဒါက အကြံကောင်းပဲ၊ ဒါပေမယ့် မေးစရာက သူတို့ရဲ့အသိုက် ရှိမယ့်နေရာပဲ”
စူးချင်းက သရဲဂိုဏ်းမှလူများ အားလုံးကို တခါတည်း သတ်ပစ်ချင်နေခဲ့သည်။
ဒါက သူမရဲ့မိဘတွေ လုံခြုံစေမယ့် တစ်ခုတည်းသော နည်းလမ်းပဲ။
"ငါ သိတယ်"
ချင်ထျဲက သူ့ဘက်မှစ၍ ကမ်းလှမ်းလိုက်သည်။ သူ့မျက်လုံးများထဲတွင် အမုန်းတရားများဖြင့် ပြည့်နှက်နေပြီး သူ့သမီးအတွက် လက်စားချေရန်သာ တွေးနေတော့သည်။
"ကောင်းပြီ၊ လမ်းပြပေး"
စူးချင်းက ချင်ထျဲ၏မျက်လုံးများထဲမှ မုန်းတီးမှုများကို မြင်နိုင်ခဲ့ပြီး ထိုလူများက သူ့သမီးအား သတ်ခဲ့သည်ကို သူမ ပြန်သတိရသွားခဲ့သည်။ ထို့ကြောင့် သူမက သူ့ကို လမ်းပြရန် အမိန့်ပေးလိုက်သည်။
"ကိုယ် မင်းနဲ့ လိုက်ခဲ့မယ်"
ရှောင်းကျဲယွိက စူးချင်းအတွက် စိုးရိမ်နေပြီး သူ့၏ဆရာဦးလေးနှင့် သက်တော်စောင့်ဆယ်ယောက်ကိုတော့ လုံးဝ လျစ်လျူရှုလိုက်သည်။
"ရှင် ဒီမှာ နေခဲ့လို့ရပါတယ်၊ ကျွန်မ သူတို့အတွက် စိတ်ပူတယ်"
စူးချင်းက ရှောင်းကျဲယွိကို လှမ်းတားလိုက်သည်။ ဆရာဦးလေး၏ သိုင်းပညာကလည်း သာမာန်ထက် ထူးချွန်ရုံသာ ဖြစ်ပြီး စစ်သည်ဆယ်ယောက်ကတော့ သူ့ထက်တောင် ပိုဆိုးနေသေးသည်။ သူတို့အနေဖြင့် ဤနေရာအား မစောင့်ရှောက်နိုင်မည်ကို သူမ စိုးရိမ်နေမိသည်။
“ကိုယ် မင်းကို တစ်ယောက်တည်း သွားခွင့်မပြုနိုင်ဘူး”
သူ့အမြင်တွင် ရွှေ၊ ငွေနှင့် လက်ဝတ်ရတနာများက စူးချင်းလောက် အရေးမကြီးပေ။ ထို့ကြောင့် ရှောင်းကျဲယွိက စူးချင်း နောက်သို့ လိုက်ရန်သာ တဇွတ်ထိုး တောင်းဆိုနေခဲ့သည်။
"ဒါက လွယ်ပါတယ်။ ယန္တရားတွေ အားလုံးကို ပြန်ဖွင့်လိုက်တာနဲ့ အပြင်ကလူတွေ ဝင်လာနိုင်မှာ မဟုတ်တော့ဘူး”
ချင်ထျဲက အကြံပြုလိုက်သည်။ သူကလည်း စူးချင်း၏ တစ်ယောက်တည်းအားဖြင့် ဝိဉာဏ်ပါးပါးဂိုဏ်အား မဖြိုခွင်းနိုင်မည်ကို စိုးရမ်နေပြီး ရှောင်းကျဲယွိပါလာလျှင် ပို၍ သေချာနိုင်မည်ဟု တွက်ချက်လိုက်သည်။
“ကောင်းပြီလေ”
ယန္တရားများ အားလုံးကို ပြန်ဖွင့်ရန် အားလုံး သဘောတူလိုက်ကြပြီး ကျိုးပေါ်တို့က အပြင်ဘက်မှ စောင့်ဆိုင်းရန် နောက်ပြန်ဆုတ်လာခဲ့ကြသည်။ သက်တော်စောင့်များက ရှောင်းကျဲယွိကို ကာကွယ်ရန် သူ့နောက်သို့ လိုက်လာချင်သော်လည်း ရှောင်းကျဲယွိက သူတို့ကို ချန်ထားခဲ့သည်။
“ဝင်ပေါက်ကို စောင့်ကြည့်ထား”
ကျိုးပေါ်က စူးချင်းဆီသို့ ရောက်လာပြန်သည်။
"ချင်းကောင်မလေး၊ မင်းမှာ သေရည်ရှိသေးလား?"
“...”
စူးချင်းတစ်ယာက် ကူကယ်ရာမဲ့ ခေါင်းခါလိုက်သည်။
ဒီလူအိုကြီးရဲ့အရက် စွဲလမ်းစိတ်က ပြန်ရောက်လာပြန်ပြီ။
သူမက ရှောင်ချီအား ကျိုးပေါ်အတွက် အရက်အိုးအသေးတစ်လုံး ထပ်ဖြည့်ခိုင်းလိုက်သည်။ ထို့နောက် သရဲငါးကောင်၏လူများ တိတ်တဆိတ် ရောက်လာပြီး အဆိပ်ခတ်ခြင်းမှ ကာကွယ်နိုင်ရန် ရှောင်ချီကို ထိုနေရာတွင် ချန်ထားလိုက်သည်။
ချင်ထျဲက ရှေ့မှ ဦးဆောင်နေပြီး စူးချင်းနှင့် ရှောင်းကျဲယွိတို့က သူ့နောက်မှ လိုက်လာကာ သရဲငါးယောက်၏အသိုက်ဆီသို့ ဦးတည်နေကြသည်။ ချင်ထျဲကလည်း အလောတကြီး လျှောက်လှမ်းနေလေသည်။
သူ့သမီးအတွက် လက်စားချေနိုင်တော့မယ် ဆိုတဲ့ သူရဲ့ယုံကြည်ချက်က သူ့ကို ထောက်ပံ့ပေးနေခဲ့တယ်။ အခု သူ ဒီလူယုတ်မာများကို ချေမှုန်းဖို့ အတောင်တွေ ပေါက်လာစေချင်ပြီး သူတို့ရဲ့အသိုက်ဆီကို ပျံသန်းချင်နေပြီ။
စူးချင်းနှင့် ရှောင်းကျဲယွိတို့က ချင်ထျဲနောက်မှ လိုက်လာရင်း ချောက်ကမ်းပါးတစ်ခု၏အောက်ခြေသို့ ရောက်လာခဲ့ကြသည်။ ဤချောက်ကမ်းပါးက အလွန်မတ်စောက်သော ပုံသဏ္ဍာန်ရှိပြီး အတက်လမ်းဟူ၍ လုံးဝ မရှိပေ။ ချောက်ကမ်းပါး၏အပေါ်တွင် ရွာတစ်ရွာ ရှိသော်လည်း ထိုရွာနှင့် မျက်နှာချင်းဆိုင်တွင် ထူထပ်သည့် သစ်တောများ ရှိနေသောကြောင့် ရွာကို ဖုံးကွယ်ပေးထားသလို ဖြစ်နေကာ အနီးကပ်ပြီး သေသေချာချာ မကြည့်နိုင်လှင် မြင်ရမည် မဟုတ်ပေ။
“ဒီနေရာမှာ အတက်အဆင်း လုပ်လို့ရတဲ့ ဆင်ခြေလျှောတစ်ခု ရှိတယ်"
ချင်ထျဲက ချောက်ကမ်းပါးကို ညွှန်ပြလိုက်သည်။
သရဲငါးကောင်နဲ့ သူ့လူတွေ ကလည်း ပျံနိုင်ကြတာ မဟုတ်ဘူးလေ။ သူတို့ ချောက်ကမ်းပါးကို တက်လိုက် ဆင်းလိုက် လုပ်နိုင်တာက သူတို့ကို ကူညီပေးနိုင်တဲ့ ပစ္စည်းတွေ ရှိနေလိုပဲ။
"ငါ ယန္တရားကို ဖွင့်လိုက်မယ်"
ချင်ထျဲက ယန္တရားခလုပ်ကို ရှာဖွေရန် သူဘသာသူ စတင်ကမ်းလှမ်းလာပြန်သည်။ ရှောင်းကျဲယွိက သူ ပြသနာ မရှာနိုင်စေရန် သူ့ကို အနီးကပ်စောင့်ကြည့်ရင်း သူ့ဘေးမှ လိုက်ပါလာခဲ့သည်။