← Chapters

အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ်

Vol. 33 Ch. 484

အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ်

Vol. 33 Ch. 484

"ဘာတွေ အော်ဟစ်နေတာလဲ?"

စူးချင်းက လန့်နိုးလာရသည့်အတွက် ဒေါသထွက်သွားကာ ချက်ချင်း ထထိုင်လိုက်ပြီး ချင်ယွီအာကို ခက်တင်းတင်း လှမ်းမေးလိုက်သည်။

"နင်တို့က ပိုက်ဆံလိုချင်တာလား? ငါ့အဖေက ချင်ထျဲပါ၊ သူ့မှာ ပိုက်ဆံတွေ အများကြီး ရှိတယ်၊ ငါ့ကို ထိခိုက်အောင် မလုပ်ပါနဲ့”

ချင်ယွီအာက စူးချင်းကို မြင်သွားသည် အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရသည့်အတွက် ဝမ်းသာသွားပုံဖြင့် တောင်းပန်လိုက်သည်။

"မင်းက တကယ်ပဲ ချင်ထျဲရဲ့သမီးလား?"

စူးချင်းက မိတ်ကပ်ဖျက်ဆေးရည်ကို ထုတ်ယူလိုက်ပြီး သူမ၏မျက်နှာပေါ်သို့ သုတ်လိမ်းလိုက်သည်။ ထို့နောက် သူမ၏မျက်နှာအစစ်အမှန် ဖြစ်ကြောင်း သေချာစေရန် သူမ၏နားရွက်များအထိ လိုက်လံစစ်ဆေးနေခဲ့သည်။ ထို့နောက် သူမ၏ရှေ့တွင် ငုတ်တုတ်ထိုင်ကာ စတင်မေးမြန်းလိုက်သည်။

"ဟုတ်ပါတယ်။ နင်တို့က ဘာလို့ ငါ့ကို ဖမ်းတာကြတာလဲ?"

"မင်း ငါတို့ကို တိုက်ခိုက်ဖို့ ကင်းခြေများမိစ္ဆာကို အသုံးပြုခဲ့ပြီး မင်းကို ဘာကြောင့်ဖမ်းတာလဲလို့ မေးနေတာလား?”

စူးချင်းက ချင်ယွီအာ၏မျက်လုံးများကို တစ်ချက်ကြည့်လိုက်သည်။

မနေ့ညက ဒီမျက်လုံးတွေက အရမ်းအေးစက်ပြီး နက်ရှိုင်းလွန်းနေသလိုပုံတဲ့ လူတိုင်းကို အပေါ်စီးကနေ ငုံ့ကြည့်နေခဲ့တာ မဟုတ်ဘူးလား?

အခုတော့ သူမရဲ့မျက်လုံးတွေက ထောင်ချောက်ထဲမှာ ပိတ်မိနေတဲ့ သမင်ငယ်လေးလို အပြစ်ကင်းပြီး ကြောက်ရွံ့မှုတွေနဲ့ အကူအညီမဲ့မှုတွေပဲ ရှိနေတော့တယ်။

သူမသာ ချင်ယွီအာကို တစ်ချိန်လုံး မချည်နှောင်ခဲ့လျှင် ချင်ယွိအာက လူပြောင်းသွားပြီလို့ တွေးမိမှာ သေချာတယ်။

"ငါ...ကင်းခြေများမိစ္ဆာ?"

ချင်ယွီအာက သူမ တကယ် မသိပုံဖြင့် ဇဝေဇဝါ ပြန်မေးလာခဲ့သည်။

ဒါက ဟန်ဆောင်တာလား? ဒါမှမဟုတ် အရင်တုန်းက တစ်စုံတစ်ယောက်ရဲ့လွှမ်းမိုးချုပ်ကိုင်မှုအောက်ကို ရောက်နေခဲ့တာလား?

စူးချင်းက ချင်ယွီအာ၏မျက်လုံးများကို သံသယစိတ်ဖြင့် စောင့်ကြည့်အကဲခတ်နေခဲ့သည်။

"သူ(မ)ကို ကြိုးဖြည်ပေးပြီး မင်းတို့နဲ့အတူ ခေါ်ယူလိုက်"

စူးချင်းက စစ်သည်များကို အမိန့်ပေးလိုက်သည်။

အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ် သူမကို ယခု သတ်လို့ မရသေးဘူး။ ချင်ထျဲကို အရင် ကယ်တင်ရမယ်။ အဲ့ဒါဆို အတုလား? အစစ်လား? ကွဲကွဲပြားပြား သိသွားလိမ့်မယ်။

ချင်ယွီအာ လမ်းတွင် လှည့်စားမည်ကိုလည်း စူးချင်းက လုံးဝ ဂရုမစိုက်ပေ။ မနေ့ညက သူမကို ကြိုးချည်ပြီးနောက် သူမ၏တစ်ကိုယ်လုံးကို ရှာဖွေခဲ့ပြီး အခု သူမထံတွင် ဘာမှ မရှိတော့သည့်အတွက် သူမ မည်သည့်လှည့်ကွက်ကိုမျှ ကစားနိုင်တော့မည် မဟုတ်ပေ။

"ရှောင်ချီ၊ မင်းမှာလည်း သူ့(မ)ကို စောင့်ရှောက်ဖို့ တာဝန်ရှိတယ်"

စူးချင်းက ချင်ယွီအာကို စောင့်ကြည့်ရမည့် ကြီးလေးသောတာဝန်အား ရှောင်ချီထံသို့ ပေးအပ်လိုက်သည်။

‌လူတွေကို စောင့်ကြည့်တဲ့နေရာမှာ ရှောင်ချီက အမဲလိုက်ခွေးတွေ ထက်တောင် သာလွန်သေးတယ်။ သူမဆီကနေ ဘယ်သူမှ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး။

သူတို့အားလုံး ရိက္ခာခြောက်များကို အမြန် ကိုက်ဝါးလိုက်ကြပြီး အဆင်သင့် ပြင်ဆင်ကာ ခရီးပြန်စထွက်လာခဲ့ကြသည်။ နောက်ပြောင်ရယ်မောနေချိန်တွင် ကလေးဆန်လွန်းသည်ဟု ယူဆနိုင်သော ကျိုးပေါ်က ယခုအချိန်တွင်တော့ လမ်းကို လုံးဝ အာရုံစိုက်ထားပြီး ရှေ့ဆုံးမှ လျှောက်နေကာ စူးချင်း၊ ရှောင်းကျဲယွိနှင့် တခြားသူများအတွက် လမ်းရှင်းပေးနေခဲ့သည်။

အဘိုးအိုက လမ်းတစ်လျှောက်လုံး တွေ့ရသမျှ ထောင်ချောက်အားလုံးကို အလွယ်တကူ ရှင်းပစ်နိုင်ခဲ့သည်။ ကျိုးပေါ် ရှိနေသောကြောင့် စူးချင်းတို့အဖွဲ့ မြောင်ကျားတောင်ပေါ်သို့ ဘေးကင်းစွာ တက်လာနိုင်ကြသည်။

တောင်ပေါ်သို့ ရောက်လာလေလေ တောင်တန်းများပေါ်မှ သစ်တောများက ထူထပ်လေလေ ဖြစ်လာပြီး တောက နက်သည်ထက် ပိုနက်လာခဲ့သည်။ နွယ်ပင်များနှင့် ပေါင်းပင်များက လမ်းကို ပိတ်ဆို့ထားသောကြောင့် စစ်သည်များက လမ်းရှင်းရန်တာဝန်ယူကြရသည်။ သူတို့ ရှေ့သို့ သွားလေလေ၊ သူတို့ သွားနိုင်သည့်လမ်းက ပိုကျဥ်းလေလေ ဖြစ်လာခဲ့သည်။ တောင်တန်းက မတ်စောက်ပြီး ဆင်ခြေလျှောဟူ၍ မရှိသလောက် ဖြစ်နေကာ သူတို့ ကြည့်လေရာ နေရာတိုင်း၌ အစိမ်းရောင်အလွှာများ ဖုံးလွှမ်းထားသည်။ ထို့အပြင် တောင်တန်းများပေါ်၌ အဆိပ်ရှိသော သတ္တဝါများ ပြည့်နှက်နေကြောင်း သက်သေပြနေသည့် မြူခိုးဖြူဖြူများကလည်း လွင့်ပျံနေသေးသည်။

"အားလုံး သတိထားကြ၊ မင်းတို့ရဲ့ဘောင်းဘီအောက်နားစတွေကို စုချည်ထား"

စူးချင်းက အဆိပ်ရှိသော မြွေနှင့် ပိုးမွှားများ တွားသွားဝင်ရောက်လာခြင်းမှ ကာကွယ်ရန် သူမ၏ဘောင်းဘီအနားစနှင့် အင်္ကျီလက်ဝများကို ကောက်ရိုးကြိုးဖြင့် ချည်နှောင်နေသည်။ ထို့နောက် တခြားသူများကိုလည်း အော်ဟစ်သတိပေးလိုက်သည်။

ချင်ယွီအာက မောပန်းနွမ်းနယ်နေပြီး သူမ၏မျက်နှာက ညစ်ပတ်ပေပွနေသည်။ သူမ၏ဆံပင်များကလည်း ပြေကျနေပြီး သူမ၏မျက်နှာပေါ်မှ ချွေးများနှင့် ပြန်ကပ်နေသည်။ သူမ၏အဝတ်အစားများကလည်း ဆူးများကြောင့် စုတ်ပြဲနေပြီး မနေ့က သူမ ရောက်လာခဲ့သည့် သန့်သန့်ပြန့်ပြန့်ပုံရိပ်လေး လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူမ၏ဘုရင်မကဲ့သို့ အမူအရာလည်း မရှိတော့ပေ။

"ကျွန်မ ဆက်မသွားနိုင်တော့ဘူး။ လုံးဝ လမ်းမလျှောက်နိုင်တော့ဘူး"

သူမက ဘာကိုမှ ဂရုမစိုက်နိုင်တော့ပုံဖြင့် မြေပြင်ပေါ်သို့ ထိုင်ချလိုက်ကာ သူမ၏ခြေလက်များက အားနည်းနေပုံရပြီး ခြေတစ်လှမ်းပင် မလှမ်းနိုင်တော့သလို ပြုမူနေခဲ့သည်။

စူးချင်းက ချင်ယွီအာကို အေးစက်စွာ ကြည့်နေခဲ့ပြီး သူမကို ကူညီရန် ရည်ရွယ်ချက်မရှိပုံဖြင့် ခပ်အေးအေး လှမ်းပြောလိုက်သည်။

"မင်းအဖေက မင်းလာကယ်မှာကို စောင့်နေတာနော်"

"ငါ့အဖေ ဘာဖြစ်နေလို့လဲ?"

ချင်ယွီအာက ချင်ထျဲ အဖမ်းခံရသည်ကို မသိသေးပုံရသည်။ စူးချင်း၏စကားကို ကြားလိုက်ရချိန်တွင် သူမက မတ်တပ်ထရပ်ကာ စိုးရိမ်တကြီး ပြန်မေးလိုက်သည်။

စူးချင်းက သူမ၏မျက်လုံးများကို စိုက်ကြည့်နေခဲ့သော်လည်း သံသယဖြစ်စေလောက်သည့် တစ်စုံတစ်ရာကိုမျှ မမြင်ရပေ။ သူမက ရိုးရိုးရှင်းရှင်း ဖခင်ကို စိတ်ပူနေသည့် သမီးတစ်ယောက်သာ ဖြစ်သည်။

"မင်း အဖမ်းခံရတော့ မင်းအဖေက မင်းကို ကယ်တင်ဖို့ ကြိုးစားခဲ့တယ်။ အခု သူလည်း အဆိပ်ငါးပါးတောင်ကြားမှာ အဖမ်းခံထားရတယ်"

စူးချင်းက တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သော်လည်း ချင်ယုအာက အနည်းငယ် စိတ်မကြည်မသာ ဖြစ်နေပုံရသည်။ သူမက ပြန်ထိုင်ချလိုက်ပြီး ဘာမှ မပြောတော့ပေ။

"ချင်းအာ ရေနည်းနည်းသောက်လိုက်ဦး"

ရှောင်းကျဲယွိက စူးချင်းထံသို့ ရေအိတ် လှမ်းပေးလိုက်သည်။ သူတို့ တောင်ခြေမှ ယူလာခဲ့သည့်ရေက ကုန်လုနီးပါး ဖြစ်လာသောကြောင့် သူက စူးချင်းကို ရေပိုသောက်ခိုင်းလိုက်သည်။ သူကတော့ ‌ရေကို ‌ချွေတာနေပြီး သူ့ဇနီးလေး၏ခွန်အား မကုန်သွားစေရန် ဂရုစိုက်ပေးနေခဲ့သည်။ ချင်ယွိအာကိုတော့ ဂရုပင်မစိုက်ဘဲ တစ်ချက်တောင် မကြည့်ခဲ့ပေ။

"အင်း"

စူးချင်းက ရေအိတ်ကို ယူကာ တစ်ငုံသောက်လိုက်ပြီး ဖော့ဆို့ကို ပြန်ပိတ်လိုက်သည်။ ယခင် သူတို့ ဒုက္ခသည်အဖြစ် ထွက်ပြေးနေစဉ်က ပြင်းထန်သောမိုးခေါင်မှုများ ဖြစ်ပွားခဲ့သော်လည်း မြောင်ကျားတောင်ကတော့ လုံးဝ မထိခိုက်ခဲ့ပုံရသည်။ ဤနေရာက ချိုင့်ဝှမ်းတစ်ခု ဖြစ်ပြီး တစ်နှစ်ပတ်လုံး စိုစွတ်နေကာ တောင်ပေါ်မှ မိုးရွာသည်နှင့် ချက်ချင်းရေရနိုင်ပုံရသည်။

"ရှောင်ချီ၊ အနီးအနားမှာ ရေ ရှိ မရှိ ကြည့်ပေးပါဦး"

စူးချင်းက ရေအရင်းအမြစ်အတွက် ရှောင်ချီကို စစ်ဆေးခိုင်းလိုက်သည်။ စနစ်ထဲတွင် ရေပြည့်နေသည့် ဝါးကျဥ်တောက် အနည်းငယ် ရှိသော်လည်း လူက များလွန်းပြီး ရေက နည်းနေသောကြောင့် များများစားစား သောက်နိုင်မည်မဟုတ်ပေ။ လူတိုင်း၏ ရေအိတ်များကို ဖြည့်ရန် ရေရှိမည့်နေရာကို ရှာဖွေလိုက်ခြင်းက အကောင်းဆုံးဖြစ်သည်။

"ဘယ်ဘက် မီတာငါးရာလောက်မှာ စမ်းချောင်းတစ်ခု ရှိတယ်"

ရှောင်ချီက စနစ်၏ဖန်သားပြင်ရှေ့တွင် ဝပ်နေရင်း ရေအရင်းအမြစ်ကို ရှာဖွေပေးခဲ့သည်။

ဒီလို အချိန်ကျတော့လည်း ဒီစနစ်က တကယ်ကို အသုံးဝင်သားပဲ။

ရှောင်ချီက စခရင်ပေါ်တွင် "ရေအရင်းအမြစ်" ဟူသော စာလုံးကို ရိုက်ထည့်လိုက်သည်နှင့် ရေအရင်းအမြစ်၏တည်နေရာက ချက်ချင်းပေါ်လာခဲ့သည်။

"အရင်ဆုံး ရေ သွားရှာပြီး တခုခု စားကြရအောင်"

နေ၏အနေအထားကို မော့ကြည့်လိုက်ရာ မွန်းလွဲချိန်ကျော်နေပြီဖြစ်ကြောင်း သိသာနေသည်။ သူတို့ နံနက်ခင်းတွင် ရိက္ခာခြောက်အနည်းငယ်သာ စားခဲ့ကြသည်။ တောင်ပေါ်သို့တက်ရခြင်းက ကိုယ်ကာယကို အလုပ်ပေးရပြီး ခွန်အားကို အသုံးချရသောကြောင့် လူတိုင်း ဗိုက်ဆာနေပြီ ဖြစ်သည်။

စူးချင်းက ရှောင်ချီ ညွှန်ပြသည့်လမ်းကြောင်းအတိုင်း လူတိုင်းကို ဦးဆောင်ပြီး ရေရှိမည့်နေရာသို့ လျောက်လာခဲ့ကြသည်။ သူတို့ စမ်းချောင်းဘေးသို့ ရောက်သွားချိန်တွင် စမ်းချောင်းဘေး၌ ရေသောက်နေသည့် သမင်နှစ်ကောင်ကို တွေ့လိုက်ရသည်။ သမင်နှစ်ကောင်ကလည်း စူးချင်းတို့၏ ခြေသံကို ကြားသွားပြီး ကြောက်လန့်တကြား လှည့်ပြေးကြတော့သည်။

စူးချင်းက သူမလက်ကို မြှောက်လိုက်ပြီး လျှို့ဝှက်မြှားအိမ်ထဲမှ မြှားတစ်စင်း ပစ်လွှတ်လိုက်ကာ ရှေ့မှ ပြေးနေသည့် သမင်ကို သတ်ပစ်လိုက်သည်။ ရှောင်းကျဲယွိကလည်း သူ၏ ဒူးလေးကို မြှောက်တင်ကာ နောက်မှ ပြေးသွားသော သမင်ကို ပစ်သတ်လိုက်သည်။ အဆိုပါ သမင်နှစ်ကောင်က သားရဲတိရစ္ဆာန်များကို သတိပြုရှောင်တိမ်းနိုင်ခဲ့သည်မှာ အချိန်ကြာနေပြီ ဖြစ်သော်လည်း ယခု လူသားတို့လက်၌ သေဆုံးသွားခဲ့ရသည်။

ယခု သူတို့ထံတွင် ရေရော စားစရာပါ ရလာပြီ ဖြစ်သည်။ စစ်သည်တစ်ချို့က သမင်နှစ်ကောင်ကို စမ်းချောင်းဘေးသို့ သယ်သွားကာ အရေခွံခွာပြီး သန့်စင်ရှင်း လုပ်နေကြသည်။ တချို့က မီးဖိုကာ အသားကင်ရန် အဆင်သင့် ပြင်ဆင်ထားကြသည်။ ကျိုးပေါ်က သူ့နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး သူ့မျက်နှာက ဝမ်းနည်းနေမှန်း သိသာနေခဲ့သည်။

ရှောင်းကျဲယွိက သူကိုယ်တိုင်၊ စူးချင်းနှင့် သူ့ဆရာဦးလေးတို့၏ ရေအိတ်များကို ရေအပြည့် ပြန်ဖြည့်လိုက်သည်။ သူကိုယ်တိုင်လည်း ရေအဝသောက်ပြီး ပြန်လာခဲ့သည်။ သူ ပြန်ရောက်လာချိန်တွင် ကျိုးပေါ်တစ်ယောက် သက်ပြင်းချနေသည်ကို မြင်လိုက်ရသောကြောင့် သူက အပြုံးဖြင့် စနောက်လိုက်သည်။

“ဆရာဦးလေး၊ စားဖို့ အသားရှိနေပြီလေ၊ ဘာလို့ သက်ပြင်းချနေတာတုန်း”

"ငါ ချင်းကောင်မလေးရဲ့အရက်အိုးကို လွမ်းနေလို့"

ကျိုးပေါ်က သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်ရင်း ပြန်ဖြေလိုက်သည်။

တကယ်တော့ သူ ဆရာဖြစ်သူရဲ့ဂိုဏ်းကနေ ထွက်ပြေးလာတဲ့ အကြောင်းကို ပြန်တွေးနေမိတာလေ။ သူက တောင်တန်းတွေပေါ်က တိတ်ဆိတ်မှုကို ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး။ ဂိုဏ်းမှာနေတုန်းက တိတ်ဆိတ်လွန်းသဖြင့် ငှက်တွေနဲ့ အင်းဆက်ပိုးမွှားတွေရဲ့ အော်ဟစ်သံတွေကိုပဲ ကြားနေခဲ့ရတယ်။ သူ့မျက်လုံးထဲမှာ မြင်နိုင်သမျှကလည်း သစ်ပင်တွေနဲ့ ကျောက်တုံးတွေပဲ။ လူဆိုလို့ တစ်​ယောက်တစ်လေတောင် ​မမြင်ခဲ့ရဘူး​။ အဲ့ဒါကြောင့် သူ တောင်အောက်ကို ဆင်းပြေးခဲ့တာ။

အခုလည်း သူ တောင်ပေါ်တက်နေရတာကို အရမ်း မုန်းတယ်။ စိတ်ပျက်စရာ ကောင်းတယ်၊ ပျင်းစရာ ကောင်းတယ်။ အရေးကြီးဆုံးကတော့ သောက်စရာ အရက်မရှိတာပဲ။

စူးချင်းထံတွင် ပါးဝမ်စွေ့တစ်အိုးနှင့် ကျန့်နန်ချွမ်တစ်အိုး ပါလာခဲ့သည်။ သူမတို့ မော့ချန်မှ စတင်ထွက်ခွာချိန်တွင် စူးချင်းက ၎င်းတို့ကို စနစ်ထဲသို့ ထည့်လာခဲ့ခြင်း ဖြစ်သည်။ ရှောင်းကျဲယွိ လမ်းခရီးတွင် သောက်ချင်မည်ဟု သူမ တွေးမိခဲ့သည့်အတွက် သောက်စရာ ယူလာပေးခဲ့ခြင်း ဖြစ်သည်။

ကျိုးပေါ်၏ညည်းတွားသံကို ကြားလိုက်ရချိန်တွင် စူးချင်းက အရက်တစ်အိုးကို ထုတ်ယူလိုက်ပြီး သူ့ဆီသို့ လှမ်းပေးလိုက်သည်။

အဘိုးအိုက ဒီကာလတစ်လျှောက်လုံး ခရီးသွားနေခဲ့ရတယ်လေ။ သူ အရမ်း ပင်ပန်းနေပြီး ဒါက သူ့ကို ကျေနပ်စေတဲ့ တစ်ခုတည်းသော သူ့အကြိုက်လေးပဲ။

"မင်း ဒါကို ဘယ်ကရခဲ့တာလဲ? ဘာလဲ? မင်း ဒါကို မှော်ပညာနဲ့ ဖန်တီးထားတာလား?”

အရက်အိုးကို မြင်လိုက်သည်နှင့် ကျိုးပေါ်၏ မျက်လုံးများက တောက်ပလာသည်။ သူက စူးချင်း၏ပတ်ပတ်လည်ကို စိတ်လှုပ်ရှား လိုက်ကြည့်နေပြီး သူမ ထိုအရက်အိုးအား မည်သည့်နေရာမှ ထုတ်လိုက်သည်ကို စူးစမ်းနေပြန်သည်။

"သောက်ချင်လား?"

စူးချင်း၏မျက်နှာက အေးစက်သွားပြီး အရက်အိုးကြိ ပြန်ယူရန် ပြင်လိုက်သည်။ ကျိုးပေါ်က အရက်အိုးကို ကမန်းကတန်း ပြန်ဆွဲထားပြီး “သောက်မှာ၊ ဒါက မင်း ငါ့ကို ပေးစရာရှိတဲ့ အရက်လေ။ နောက်ထပ် ကိုးဆယ့်ကိုးအိုး လိုနေသေးတယ်”

စူးချင်းက သူ့ကို ကြည့်ရင်း ရယ်မောကာ ခေါင်းယမ်းလိုက်ပြီး အသားကင်ရန် ပြန်ထွက်သွားတော့သည်။

ချင်ယွီအာက သူ၏ဒူးနှစ်ဖက်ကို ဖက်ထားရင်း ကျုံကျုံလေး ထိုင်နေခဲ့သည်။ စူးချင်းက အရက်အိုးအား လေထဲမှ ထုတ်ယူလိုက်သည်ကို သူမ မြင်သွားခဲ့ပြီး သူမ၏ မျက်လုံးများက တောက်ပသွားခဲ့သည်။

အသားကင်နံ့က ဝံပုလွေများကို စွဲဆောင်မိသွားပြီး ဝံပုလွေများ ရောက်လာသောကြောင့် ရှောင်းကျဲယွိက သူ၏စစ်သည်များကို ဦးဆောင်ကာ ဝံပုလွေများကို မြှားဖြင့် ပစ်ခတ်ရင်း ခြောက်လှန့်နေရပြန်သည်။ တောထဲတွင် ရေရှိသည့်နေရာက အန္တရာယ်အရှိဆုံးနေရာ ဖြစ်ပြီး အသားကင်နံ့ကို မရလျှင်ပင် တောင်ပေါ်ရှိ သားရဲများက စမ်းချောင်းသို့ ရေသောက်ရန် ရောက်လာကြမည်သာ ဖြစ်သည်။

စူးချင်းက သမင်ပေါင်သားကို ယူကာ ကျိုးပေါ်အား လှမ်းပေးလိုက်သည်။ သူမက ကျိုးပေါ်အား အမြဲတမ်း အေးအေးစက်စက် ဆက်ဆံနေခဲ့သော်လည်း သူမက အသက်ကြီးသူကို ရိုသေလေးစားတတ်ပြီး ပြုစုစောင့်‌ရှောက်ပေးတတ်သူ ဖြစ်သည်။

"မွှေးတယ်၊ အနံ့က အရမ်းကောင်းတာပဲ"

ကျိုးပေါ်က အပြုံးကြီးကြီးဖြင့် သမင်ပေါင်သားကို လှမ်းယူလိုက်သည်။

အိုး... အရက်တစ်ကျိုက်... အသားတစ်ကိုက်.... ဒါက သက်ရှိနတ်ဘုရားစည်းစိမ်ပဲ။

စူးချင်းက အသားတစ်ပိုင်းကို ဆွဲယူကာ ချင်ယွီအာဆီသို့ လှမ်းပစ်ပေးလိုက်သည်။ ချင်ယွီအာက အသားတုံး လှမ်းယူကာ စားရန် အပိုင်းသေးသေးလေး ဖဲ့လိုက်သည်။ ထိုအချိန်တွင် ရုတ်​တရက်​ သူမ ​နောက်ရှိ ခြုံပုတ်ထဲမှ အသံတိုးတိုး​လေးတစ်ခု ထွက်ပေါ်လာခဲ့သည်။

All Chapters