← Chapters

ရှေးဟောင်းနတ်ပြည်ထောင်

Vol. 147 Ch. 2096

ရှေးဟောင်းနတ်ပြည်ထောင်

Vol. 147 Ch. 2096

နေ့ရက်များက ကုန်လွန်သွားခဲ့သည်။ ဤ ရွာသေးသေးလေးအတွင်း၌ ရံဖန်ရံခါ ပဋိပက္ခများ ဖြစ်ပွားကြသော်လည်း ငြိမ်းချမ်းနေဆဲပင် ဖြစ်သည်။ အကြီးအကျယ် ပြသာနာဖြစ်ချိန်မျိုးက ရှားပါးလှသည်။

အပြင်ဘက် လောကမှလာသော လူများသည်လည်း ရွာအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ သူတို့ အားလုံးသည် ရွာသားများထံမှ ဖိတ်ကြားချက်များ လက်ခံရရှိခဲ့ကြသည်။ အဆုံးမှာတော့ ရွာအတွင်းသို့ ဝင်ရောက်လာနိုင်သည့် သူအားလုံးက ကောင်းမွန်သော ကံကြမ္မာများ ရှိနိုင်သည်။ အောက်မေ့တမ်းတခြင်း အခမ်းအနား နေ့သို့ ရောက်သည့်အခါ ရွာသားများသည် အစွမ်းထက်သော ကံကြမ္မာ ကောင်းများရှိသည့် လူများနှင့် မဟာမိတ်ဖွဲ့ကာ သူတို့ပေါ်တွင် မှီခိုရန် လိုအပ်ကြသည်။

အပြင်ဘက်လောကမှ ကျော်ကြားသော သူများတွင် ကောင်းမွန် အစွမ်းထက်သော ကံကြမ္မာများရှိကြပြီး သူတို့သည် သီးသန့် စာသင်ကျောင်းတွင် သင်ကြားနေသည့် တန်ခိုးရှင်များကြားမှ ပူးပေါင်းနိုင်မည့် သူကို ရှာဖွေကြသည်။ နှစ်ဖက်လုံးမှ အစွမ်းထက် ကောင်းမွန်သော ကံကြမ္မာများ ရှိနေသည့်အခါ သူတို့သည် အောက်မေ့တမ်းတခြင်း အခမ်းအနားနေ့၌ အကျိုးအမြတ်များ ရရှိလိမ့်မည်မှာ သေချာ၏။

ထိုနေ့တွင် ညက မှောင်မိုက်နေပြီး ရွာတစ်ရွာလုံးလည်း အသံပင် မကြားရအောင် အိပ်မောကျနေပြီး ဖြစ်သည်။ လေးမျက်နှာကျေးရွာတစ်ခွင်လုံးက အေးချမ်းလျက် ရှိနေပြီး ထိုနေရာ၌ နေထိုင်နေကြသော သူများသည်လည်း အိမ်မက်ကမ္ဘာသို့ ခြေဆန့်နေကြသည်။ မအိပ်သေးသည့် သူများက ကျင့်ကြံနေကြသည်။

ထို့နောက်တွင် ရုတ်တရက် လေးမျက်နှာကျေးရွာ၏ အထက်တွင် တောက်ပသော အလင်းတန်းတစ်ခု ထိုးထွက်လာသည်။ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတို့က အပြင်ဘက်သို့ ထွက်ပေါ်လာပြီး ရွာထဲကို ကျဆင်းလာကာ ရွာတစ်ခွင်လုံး လွှမ်းခြုံသွားခဲ့၏။

တဖြေးဖြေးနှင့် တစ်ရွာလုံးက တောက်ပလာပြီး ရွှေရောင်အလင်းများ ဖြစ်ပေါ်လာခဲ့သည်။

ရီဖူရှင်းက ရုတ်တရက် သူ၏ မျက်လုံးများကို ဖွင့်လိုက်၏။ သူက ပြတင်းပေါက် အပြင်သို့ ကြည့်လိုက်ပြီး ထရပ်ကာ အပြင်သို့ လျှောက်သွားခဲ့သည်။ သူသည် ခြံဝန်းတစ်ခုလုံးကို ထူးခြားဆန်းကြယ်သော အရှိန်အဝါတို့နှင့် လွှမ်းခြုံထားကြောင်း ခံစားမိလိုက်၏။ ရွာက ရုတ်ချည်းပင် တောက်ပသော အလင်းများနှင့် လင်းလက်လာသည်။ မရေတွက်နိုင်သော အလင်းများက သူ၏ မျက်စိရှေ့၌ ကခုန်နေ၏။ မြင်ကွင်းများက အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။

ထိုအချိန်တွင် အဘိုးမာနှင့် ရှောင်လင်းအပါအဝင် တစ်ယောက်ပြီး တစ်ယောက် ရီဖူရှင်းဘေးသို့ လျှောက်လာကြသည်။ အဘိုးမာသည် သူ၏ အရှေ့မှ ပြောင်းလဲလာသော မြင်ကွင်းကို ကြည့်နေ၏။ သူ၏ မျက်လုံးများထဲတွင် လိုအင်ဆန္ဒများ ရှိနေခဲ့သည်။ သူက ရှောင်လင်း၏ လက်ကို ဆုပ်ကိုင်ထားခဲ့၏။

"အရမ်းအံ့သြဖို့ ကောင်းတာပဲ။" ပေ့ကုံးရွှမ်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူမ၏ ရှေ့မှ မြင်ကွင်းက အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။ သူတို့ ရှိနေသော လေဟာနယ်က အဆက်မပြတ် ပြောင်းလဲနေသလို ထင်မှတ်ရပြီး အခြား လောကတစ်ခုသို့ ဝင်ရောက်နေပုံရပေသည်။

"အောက်မေ့တမ်းတခြင်း အခမ်းအနားနေ့က စတင်ပြီ။ ဘိုးဘေးတွေရဲ့ ဝိညာဉ်တွေက ပေါ်ပေါက်လာပြီးတော့ မင်းတို့ အားလုံးက သူတို့ရဲ့ လောကမှာ ထွက်ပေါ်လာလိမ့်မယ်။ အဲဒီမှာ မင်းတို့တွေ ကံကြမ္မာ အခွင့်အလမ်းကောင်းတွေ ရရှိနိုင်တယ်။ ရှောင်လင်းကို မင်းနဲ့ စိတ်ချလက်ချ အပ်လိုက်မယ်။" အဘိုးမာက ရီဖူရှင်းကို ပြောလိုက်သည်။

အောက်မေ့တမ်းတခြင်း အခမ်းအနားက လေးမျက်နှာကျေးရွာအတွက် ထူးခြားသော အခမ်းအနား တစ်ခုဖြစ်သည်။ ၎င်းသည် အပြင်လူများအတွက်သာ အရေးကြီးသည်မက ရွာသားများအတွက်လည်း အတူတူပင် ဖြစ်သည်။ မျိုးဆက်တစ်ခုစီတိုင်းမှာ ထိုသို့သော အခွင့်အရေးက တစ်ကြိမ်တစ်ခါသာ ရှိသည်။ အောက်မေ့တမ်းတခြင်း အခမ်းအနားနေ့ကို ကြုံတွေ့ခဲ့ဖူးသည့် မည်သူမဆို နောက်ဒုတိယတစ်ကြိမ် ထိုအခွင့်အရေးမျိုး ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ ထိုသည်မှာ ရွာသားများနှင့် အပြင်လူများ နှစ်မျိုးလုံး အကျုံးဝင်သည်။

ရွာသားများသည် ၎င်းကို တွေ့ကြုံခံစားရန် နောက်မျိုးဆက်များအကြား ငယ်ရွယ်သည့် လူငယ်များကို ရွေးချယ်ကြလိမ့်မည် ဖြစ်သည်။ ၎င်းက အသင့်တော်ဆုံး အသက်အရွယ်၌ ရှိရမည်။ သို့သော်လည်း ယခင်တစ်ကြိမ် တွေ့ကြုံခဲ့ပြီးသည့် သူများသည် နောက်ထပ် ထိုသို့ ပြုလုပ်ရန် အခွင့်အရေးမရှိတော့ဘဲ အပြင်လူများနှင့် ပူးပေါင်းရန်မှာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

ထို့ကြောင့် အဘိုးမာက ရှောင်လင်းကို ရီဖူရှင်း လက်ထဲသို့ အပ်ကာ သူမကို ဂရုစိုက်ပေးရန် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ရီဖူရှင်းကလည်း နားလည်၏။ အဘိုးမာက သူရှောင်လင်းကို မဟာလမ်းစဉ် အခွင့်အလမ်းကောင်းများ ရရှိအောင် လုပ်ဆောင်ပေးနိုင်ရန် မျှော်လင့်နေခြင်း ဖြစ်သည်။

ရှောင်လင်းက ထိုသို့ လုပ်ဆောင်နိုင်သည့် အခွင့်အရေးမှာ ဤတစ်ကြိမ်သာ ရှိသည်။ ထို့ကြောင့် အဘိုးမာက ရီဖူရှင်းကို ရွေးချယ်သည့်အခါ ရွာသားများက သူ၏ ဆုံးဖြတ်ချက်ကို ရှုံ့ချခဲ့ကြခြင်း ဖြစ်သည်။ သူတို့က အဘိုးမာကို လှောင်ပြောင်သရော်ခဲ့ကြပြီး သူ ရီဖူရှင်းအား ရွေးချယ်ခဲ့ခြင်းမှာ အခြား ရွေးချယ်စရာ မရှိသောကြောင့်ဟု ဆိုကြသည်။

"သူမကို ကျွန်တော်နဲ့ စိတ်ချထားလိုက်ပါ။" ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ သူတို့က ကံကြမ္မာ အခွင့်အလမ်းကောင်းများ ရှာတွေ့ရန် အမှန်တကယ် လုပ်ဆောင်နိုင်လျှင်  သူသည် ရှောင်လင်းအတွက် အကောင်းဆုံးကို ရှာဖွေပေးလိမ့်မည် ဖြစ်သည်။

လက်ရှိ သူ၏ နားလည်ထားမှုများနှင့် ဆိုလျှင် အောက်မေ့တမ်းတခြင်း အခမ်းအနားနေ့မှာ ရွာရှိ လူငယ်များ၏ ကံကြမ္မာကို ပြောင်းလဲစေသော အခွင့်အရေးကောင်း ဖြစ်ကြောင်း သိသည်။ အလွန် ထူးချွန်သော ပုဂ္ဂိုလ်များတွင် ကျင့်ကြံခြင်းအတွက် ပိုမို သင့်တော်သော အခွင့်အရေးများ ရရှိလာနိုင်ပြီး သူတို့၏ ပါရမီ မနိုးထသေးသော သူများသည်လည်း ထိုသို့လုပ်ဆောင်ရန် မျှော်လင့်ချက်ရှိ၏။

ကောလာဟလ များက ပြောကြသည်မှာ ရွာ၏ ဒဏ္ဍာရီ နတ်ဘုရားနည်းစနစ်ခုနစ်ပါးသည် အောက်မေ့တမ်းတခြင်း အခမ်းအနားနေ့တွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး ၎င်းတို့ကို ထိုအချိန်အတောတွင်း၌သာ ရရှိနိုင်ပေသည်။

ထိုနေ့တွင် နတ်ဘုရားနည်းစနစ် ခုနှစ်ပါးမှ မထွက်ပေါ်လာသေးသော နည်းစနစ် နှစ်ပါး ထွက်ပေါ်လာနိုင်သေးသည်။

ယခင်က ရှောင်လင်း၏ မိဘများသည် ကျင့်ကြံခြင်း မရှိသောကြောင့် သူတို့၏ အသက်များကို ဆုံးရှုံးခဲ့ရသည်။ ထိုသည်မှာ အဘိုးမာ၏ နောင်တတစ်ခု ဖြစ်လိမ့်မည်။

ရီဖူရှင်း၏ မျက်လုံးရှေ့တွင် အရာအားလုံးက အဆက်မပြတ် ပြောင်းလဲနေသည်။ မကြာခင်မှာပင် ရွာကပျောက်ကွယ်သွား၏။ အဘိုးမာ၏ ပုံရိပ်သည်လည်း တဖြည်းဖြည်း ဝေဝါးကာ ပျောက်ကွယ်သွားခဲ့သည်။ သူတို့နှင့် အနည်းငယ်သာ ကွာဝေးသော လူတစ်ယောက်က သူတို့မြင်ကွင်းမှ ပျောက်ကွယ်သွားသည်မှာ အမှန်တကယ် ဆန်းကြယ်လာသည်။

အရာအားလုံး ရှင်းလင်းသွားသည့်အခါ သူတို့ ရပ်နေခဲ့သည့် နေရာ၌သာ ရှိနေသေးသော်လည်း ခြံဝန်းအတွင်း၌ မဟုတ်တော့ဘဲ အခြားလောက တစ်ခု၌ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဤနေရာ၌ ကောင်းကင်မှ နတ်ရောင်ဝါ​တို့ ဖြာကျနေသည်။ ၎င်းက နတ်ဘုရားတို့၏ အငွေ့အသက်များ စိမ့်ဝင်ပျံ့နှံ့နေသော နေရာတစ်ခု ဖြစ်သည်။ အဝေးကို မျှော်ကြည့်လိုက်သည့်အခါ သူတို့သည် နတ်ပြည်ထောင်တစ်ခု၏ ခမ်းနားထည်ဝါမှုကို ခံစားမိနိုင်၏။ နတ်နန်းတော်တစ်ခုက ကောင်းကင်အမြင့်၌ မျောလွင့်နေသည်။

ဤသည်က ရှေးဟောင်းနတ်ပြည်ထောင်တစ်ခုပေလား။ ရီဖူရှင်းက တွေးလိုက်မိသည်။

"အရမ်းလှတာပဲ။" ရှောင်လင်းက အဝေးကို ကြည့်ပြီး ပြောလိုက်သည်။ ရီဖူရှင်းက သူ့ဘေးမှ ရှောင်လင်းအား ကြည့်လိုက်သည်။ သူမသည်လည်း မြင်နိုင်သည်။ အဘိုးမာပြောခဲ့သည်မှာ ဤနေရာသို့ ရောက်သည့်အခါ မတူညီသော လူများက မတူညီသော အရာများအား မြင်နိုင်သည်ဟု ဖြစ်သည်။ အချို့လူများက ကံကြမ္မာအခွင့်အလမ်းများကို မြင်နိုင်စွမ်းရှိသော်လည်း အချို့က မြင်နိုင်စွမ်းမရှိပေ။

ဤသည်က ပုံရိပ်ယောင်လောကတစ်ခုပေလား။

အဝေးမှ ပုံရိပ်များက ကောင်းကင်ကို ဖြတ်သန်းကာ ခရီးဆက်နေကြပြီး အဝေးရှိ နတ်ပြည်ထောင်ထံ ဦးတည်နေကြသည်။ ရီဖူရှင်းက ရှောင်လင်း၏ လက်ကို ဆွဲကာ ကောင်းကင်သို့ တက်သွားသည်။ အနီးမှ အချို့လူများက သူတို့ဘက်သို့ လှမ်းကြည့်လိုက်ကြ၏။ မုယွင်ရှုသည်လည်း လူအုပ်ကြားထဲ၌ ရှိနေခဲ့၏။ သူ့ဘေးတွင် သူ၏ မဟာမိတ်များ ဖြစ်ပုံရသည့် ထူးခြားသော အရှိန်အဝါနှင့် လူငယ်တစ်ယောက် ရှိနေသည်။

"အစ်ကိုထျယ်ထို" ရီဖူရှင်း ဘေးမှ ရှောင်လင်းက အော်ခေါ်လိုက်သည်။ သူက ပြန်လှည့်ကာ အောက်သို့ ငုံ့ကြည့်လိုက်၏။ ပုံရိပ်တစ်ခုက မြေပြင်ပေါ်တွင် ခြေဗလာဖြင့် အသည်းအသန် ပြေးလွှားနေသည်။ ထိုပုံရိပ်က လူငယ်လေးတစ်ယောက် ဖြစ်သည်။ ၎င်းမှာ ထျယ်ထိုဖြစ်၏။ သူက အမှန်တကယ်ပင် ဤနေရာသို့ အဖော်အပေါင်းမပါဘဲ လာရောက်ရဲသည်။

ကြည့်ရသည်မှာ အပေါင်းအဖော်မပါဘဲ လာရောက်ခြင်းက သူတစ်ယောက်သာ ဖြစ်မည်ဟု ထင်ရသည်။ သူက အောက်ဘက်၌ တစ်ယောက်တည်း အသည်းအသန် ပြေးလွှားနေ၏။

"ရှောင်လင်း" လူငယ်လေးက ​ခေါင်းမော့ကာ ရှောင်လင်းအား ပြန်နှုတ်ဆက်လိုက်သည်။ သူက ငတုံးလေးတစ်ကောင် ပုံစံပေါက်နေသည်။ ရီဖူရှင်း၏ မျောလွင့်နေသော ပုံရိပ်က ထျယ်ထို အရှေ့သို့ ဆင်းသက်လာခဲ့သည်။ သူက မေးလိုက်၏။ "မင်းတစ်ယောက်တည်းလား။"

"ဟုတ်ကဲ့။" ထျယ်ထိုက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ "အဖေက ကျွန်တော်တစ်ယောက်တည်းလည်း ကံကြမ္မာအခွင့်အလမ်း ရနိုင်တယ်လို့ ပြောတယ်။"

ရီဖူရှင်းသည် အဘိုးမာ ပြောပြသော ဇာတ်ကြောင်းအား ပြန်တွေးမိလိုက်သည်။ မျက်မမြင်ထျယ်က အပြင်လူများကို အယုံအကြည် မရှိတော့ခြင်း ဖြစ်နိုင်၏။ သူက မည်သူနှင့်မှ မဟာမိတ်ဖွဲ့ချင်စိတ်မရှိပေ။ ထို့ကြောင့် သူက အောက်မေ့တမ်းတခြင်း အခမ်းအနားနေ့၌ ထျယ်ထိုအား တစ်ယောက်တည်း စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

"ဒါဆို ငါတို့ အတူတူ သွားကြတာပေါ့။" ရီဖူရှင်းက ဖိတ်ခေါ်လိုက်သည်။ ထျယ်ထိုက ခေါင်းကုတ်လိုက်ရင်း တွေဝေနေ၏။

"အစ်ကိုထျယ်ထို ကျွန်မတို့ ဦးလေးရီတို့နဲ့ အတူသွားရအောင်ပါ။ ဦးလေးရီက အစ်ကို့ကို စောင့်ရှောက်ပေးလိမ့်မယ်။" ရှောင်လင်းက နူးညံ့သော အသံလေးနှင့် ပြောလိုက်သည်။ ထျယ်ထို၏ မျက်နှာထက်၌ တုံးအအ အပြုံးတစ်ခု ပေါ်လာပြီး သူက ခေါင်းညိတ်လိုက်၏။ သူက ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ "ကျေးဇူးအများကြီး တင်ပါတယ် ဦးလေးရီ။"

"သွားကြစို့။" ရီဖူရှင်းက ကလေးနှစ်ယောက်ကို ခေါ်ကာ ကောင်းကင်တွင် အတူတကွ ခရီးဆက်ရင်း ရှေ့သို့ ဦးတည်လိုက်သည်။ ဤလောက၏ ကောင်းကင်တွင် အထက်မှ ရွှေရောင်အလင်းများ ကျဆင်းနေကြသည်။ ယင်းတို့က တောက်ပနေ၏။ သူတို့ ရှေ့ဆက်သွားလေ ရွှေရောင်အလင်းများက ပို၍ တောက်ပလာလေဖြစ်သည်။ ကြည့်ရသည်မှာ ထိုအလင်းများက နတ်ပြည်ထောင်မှ ဖြာထွက်လာခြင်း ဖြစ်နိုင်သည်။

"အဲဒါဘာလဲ။" ထိုအချိန်၌ ရီဖူရှင်းက ရှေ့သို့ ကြည့်ရင်း သူ့အဖွဲ့အား မေးလိုက်သည်။ ထိုနေရာ၏ ကောင်းကင်ထက်၌ သူသည် ရက်စက်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲနေသည့် စစ်တပ်ကြီးနှစ်ခုအား မြင်တွေ့ရသည်။ သို့သော် သူတို့၏ တိုက်ပွဲမှ မည်သည့် အရှိန်အဝါမှ ထုတ်လွှတ်မနေပေ။ ဆိုလိုသည်မှာ ၎င်းတို့က ပုံရိပ်ယောင်သာ ဖြစ်၍ အစစ်အမှန် မဟုတ်ချေ။ ၎င်းတို့က ဤလောကအတွင်း တစ်ကြိမ်တစ်ခါက တည်ရှိခဲ့ဖူးပြီး ပုံရိပ်ယောင်အဖြစ် ကျန်ရစ်ခဲ့ခြင်း ဖြစ်နိုင်သည်။

"ဦးလေးရီ ဘာတွေပြောနေတာလဲ။" ရီဖူရှင်းဘေးမှ ရှောင်လင်းလေးက ဖြူစင်ရိုးသားသော မျက်လုံးများနှင့် ကြည့်ကာ မေးလာသည်။

ရီဖူရှင်းက သူမကို ကြည့်ကာ မေးလိုက်၏။ "မင်း မမြင်ရဘူးလား။"

ရှောင်လင်းက ​ခေါင်းခါလိုက်သည်။

သူတို့ဘေးမှ ရှားရှင်းယွန် နှင့် အခြားလူများသည်လည်း ရီဖူရှင်းကို ကြည့်လာကြသည်။ သူတို့ထံ၌ ထူးဆန်းသော အကြည့်တို့ ရှိနေခဲ့သည်။

ထိုသည်က ရီဖူရှင်းအား သဘောပေါက်သွားစေ၏။ ဤမြင်ကွင်းအား မြင်နိုင်သူမှာ သူတစ်ယောက်တည်းသာလျှင် ဖြစ်ပေလိမ့်မည်။

"မင်းတို့အားလုံး မမြင်ရဘူးလား။" ရီဖူရှင်းက ခပ်တိုးတိုး မေးလိုက်သည်။

သူတို့က ခေါင်းခါလိုက်ကြသည်။ သူတို့အတွက် အရှေ့၌ မည်သည့်အရာမှ ရှိမနေပေ။

***

All Chapters