အခြေခံလေ့ကျင့်ရေး
Vol. 12 Ch. 166
လက်ရှိတွင် ကျင်းလုံဝေ့၏ အဖွဲ့ဝင်များစွာတို့ ရင်နာနေကြရ၏။
သူတို့က နည်းစနစ်များ ကျွမ်းကျင်ကြသော်လည်း ခွန်အားအရာတွင်မူ ခွန်အားကို အသားပေးကြသည့် ရွှမ်းဝူစစ်တပ်ကို ယှဥ်နိုင်ခြင်းမရှိပေ။
ရွှမ်းဝူစစ်တပ်က သံချပ်ကာတပ်ရင်း ဖြစ်လေ၏။ ရွှမ်းဝူဆိုသည်မှာလည်း လိပ်နှင့်ဆင်တူသော နတ်သားရဲတစ်ကောင်၏အမည် ဖြစ်သည်။ ထိုနတ်သားရဲက လိပ်တစ်ကောင်သဏ္ဌာန်ရှိပြီး အမြီးတွင် မြွေတစ်ကောင် ဖြစ်သည်။
ထိုမျှ ခုခံနိုင်စွမ်းမြင့်သော နတ်သားရဲကို စစ်တပ်၏ လာဘ်ကောင်အဖြစ် အသုံးပြုထားခြင်းသည် ရွှမ်းဝူစစ်တပ်၏ စရိုက်သဘာဝကိုလည်း မီးမောင်းထိုးပြနေလေ၏။ ကျင်းလုံဝေ့အဖို့ ယှဥ်နိုင်ရန် ခက်ခဲလေသည်။
ကျင်းလုံဝေ့၏ လူများအားလုံးသည် နတ်အရိုင်းမြေခန်းမထဲတွင် နှစ်နာရီခန့်မျှသာ တောင့်ခံနိုင်ခဲ့ကြသည်။ သူတို့က အခြားသူများကို အထင်မှားခဲ့ကြသည်ဖြစ်ပြီး ယခုတွင်မူ သူတို့အဖို့ ပိုမိုကာ လေ့ကျင့်ရပေတော့မည်။ မရဏလမ်းဆုံဟု ကျော်ကြားသော နတ်အရိုင်းမြေခန်းမသည် သာမန်လူများ ခံနိုင်ရည်ရှိသည့်အရာ မဟုတ်ပေ။
ကျင်းလုံဝေ့ အဖွဲ့ဝင်များ၏ အရုပ်ဆိုးနေသော မျက်နှာများကို မြင်ရချိန်တွင် ရွှမ်းဝူစစ်တပ်မှ အဖွဲ့ဝင်များ စိတ်လှုပ်ရှားသွားကြသည်။ သူတို့အတွက် များစွာပျော်ရွှင်ရရန် မလိုအပ်လေဘဲ ဘေးနားမှ တစ်စုံတစ်ဦးက သူတို့ထက် ပိုဆိုးနေလျှင် အဆင်ပြေလေ၏။
သူတို့အတွက်မူ အခြားသူများ ထိခိုက်ခံစားရခြင်းသည် သူတို့၏ ကိုယ်ပိုင်ပျော်ရွှင်မှု ဖြစ်လေ၏။
" အခု လေ့ကျင့်ရေးစမယ်။ နတ်အရိုင်းမြေခန်းမကနေ ကျောင်းမြေအထိ ငါးကီလိုမီတာ ဝေးတယ်။ ဖားခုန် ခုန်ပြီး သွားကြ " ထိပ်ပြောင်နှင့်လူက ဆိုလိုက်သည်။ ထိပ်ပြောင်နှင့်လူကို မကြည်ရင်မကြည်သလို ကတုံးချင် လို့လည်းခေါ်ကြသေးသည်။ သူတို့စိတ်ကြည်သောအခါတွင်မူ နည်းပြချင်ဟုခေါ်ကြသည်။
" ဖားခုန် ခုန်ရမှာလား။ ဟားဟား ငါကြိုက်တယ် "
ဖားခုန်ခုန်ခြင်းသည် ရွှမ်းဝူစစ်တပ်မှ အဖွဲ့ဝင်များ လုပ်ဆောင်ကြသည့် သာမန်လေ့ကျင့်ခန်းတစ်ခုသာ ဖြစ်လေ၏။ စစ်သည်များအဖို့ အလေးတစ်ခုခု သယ်ထားရမည်ဖြစ်ပြီး ထိုသို့သာမဟုတ်လျှင် လွယ်ကူသွားပေလိမ့်မည်။ တစ်ချက်ခုန်လျှင် မီတာတစ်ဒါဇင်ခန့်အထိ ခုန်ရန်မှာ ပြဿနာမရှိပေ။
" ကျုပ်တို့တွေက အလေးချိန် ဘယ်လောက်အထိ သယ်ရမလဲ " ရွှမ်းဝူစစ်တပ်မှ လူတစ်ယောက်က မေးလိုက်သည်။
" ဒီနေ့ မင်းတို့က အားတွေ အများကြီးကုန်ထားတယ်ဆိုတော့ ငါက အလေးချိန် လျော့ပေးမယ် " ထိပ်ပြောင်နှင့်လူက သိုလှောင်လက်စွပ်အား တစ်ချက်ထိကာ ကြီးမားသော သေတ္တာတစ်လုံး ထုတ်လိုက်သည်။
တစ်ချက်ကန်ကာ သေတ္တာကို ဖွင့်လိုက်လေ၏။ သေတ္တာထဲတွင် လေ့ကျင့်ရေးဝတ်စုံများ ပြည့်နေလေသည်။
သူတို့၏ ခန္ဓာကိုယ်များထဲတွင် ယွမ်ချီ နည်းပါးနေချိန်၌ ငါးကီလိုမီတာခန့် ဖားခုန်ခုန်ရသည်မှာ ငယ်ရွယ်တက်ကြွသည့် သူရဲကောင်းများပင် အခက်ကြုံရနိုင်သည်။
အခက်အခဲကို တိုင်းဆပြီးနောက်တွင် ရွှမ်းဝူစစ်တပ်မှ လူများက အနီရောင် လေ့ကျင့်ရေးဝတ်စုံကို ရွေးချယ်ခဲ့ကြ၏။ အနည်းစုကသာ ခရမ်းရောင်ကို ရွေးချယ်လေသည်။
ကျင်းလုံဝေ့မှ လူများအတွက်မူ ပေါ့ပါးသည့် ဝတ်စုံများ စီစဥ်ပေးထားသည်။ အများစုသည် အစိမ်းရောင် လေ့ကျင့်ရေးဝတ်စုံကို ရွေးချယ်ခဲ့ကြပြီး အနည်းစုကသာ အနီရောင်ကို ရွေးချယ်ကြသည်။
ကျိုးခွေ့က ယီယွင်ကိုကြည့်ကာ ရယ်မောလိုက်ပြီး..." ဟဲဟဲ... ယီယွင်... မင်း နတ်အရိုင်းမြေခန်းမထဲမှာ စွမ်းအင်တွေ အများကြီးကုန်ခဲ့တယ်မလား။ ဘယ်လိုလဲ..... မင်း ပိုပေါ့တဲ့ဟာကို ရွေးချင်လား။ ခရမ်းရောင် လေ့ကျင့်ရေးဝတ်စုံက ဒယ်စောက်တစ်ရာဆိုတော့ မင်းအတွက် မသင့်တော်လောက်ဘူး "
ကျိုးခွေ့က ယီယွင်ကို တမင်ပင် ရန်စခဲ့လေ၏။ ခရမ်းရောင် လေ့ကျင့်ရေးဝတ်စုံက လေ့ကျင့်ရေးဝတ်များထဲတွင် ဒုတိယမြောက်အလေးဆုံး ဖြစ်လေ၏။ ခရမ်းရောင်ဝတ်စုံကို ရွှမ်းဝူစစ်တပ်မှ မည်သူကမျှ ရွေးချယ်ဝံ့ခြင်းမရှိပေ။
ကျိုးခွေ့က ယီယွင်ကို ရန်စခဲ့သည်မှာ ယီယွင် မကိုင်တွယ်နိုင်သည့် လေ့ကျင့်ရေးဝတ်စုံကို ရွေးချယ်စေလိုခြင်းကြောင့် ဖြစ်လေသည်။ သို့မှသာ ယီယွင် ဖားခုန်ခုန်ချိန်တွင် ခွေးနာတစ်ကောင်ပမာ ဖြစ်နေပေလိမ့်မည်။
ယီယွင် ရယ်ကာဆိုလိုက်၏..." မသင့်တော်တာတော့ အမှန်ပဲ "
လေ့ကျင့်ရေးဝတ်စုံအား ရွေးချယ်ခြင်းအတွက်မူ ယီယွင်အဖို့ စဥ်းစားရန်မလိုပေ။ ယခင်က သူ အအေးသတ္တုသွေးဘောလုံးအစီအရင်ထဲ၌ ရှိနေခဲ့စဥ်က ဒယ်စောက်ဆယ်လုံး အလေးချိန်ရှိသည့် ပြဒါးစီးဝတ်စုံကို ဝတ်ထားခဲ့သည်။ သို့သော် ယင်းက သူ၏လှုပ်ရှားမှုနည်းစနစ်အတွက် လေ့ကျင့်ရေးဖြစ်ပြီး အလေးသယ်လေ့ကျင့်ရေး မဟုတ်ပေ။
သာမန်အမျိုးသားတစ်ဦးက ပေါင် ၃၀၀ အလေးချိန်ကို သယ်နိုင်လေသည်။ သို့သော် ပေါင် ၅၀ လေးသည့် ပစ္စည်းတစ်ခုကိုသယ်ကာ မီတာတစ်ရာခန့် တာတိုပြေးရခြင်း သို့မဟုတ် ခုန်သွားရခြင်းမျိုး လုပ်ရပါက ပိုမိုခက်ခဲသွားပေလိမ့်မည်။
ယီယွင်၏ခန္ဓာကိုယ်က စွမ်းအင်များ ပြည့်နေသည်။ ဤသည်က ဖားခုန်ခုန်ရခြင်းသာ ဖြစ်လေသောကြောင့် ဒယ်စောက်တစ်ရာလေးသည့် ခရမ်းရောင် လေ့ကျင့်ရေးဝတ်စုံက မသင့်တော်ပေ။
ကျိုးခွေ့က ဖနောင့်ပေါက်လိုက်၏။ သူ၏ရန်စ စကားကို ယီယွင်က လျစ်လျူရှုထားလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူ ယီယွင်ကို ထပ်မံကာ စကားနာထိုးရန် ပြင်လိုက်စဥ်တွင် ယီယွင် အနက်ရောင် လေ့ကျင့်ရေးဝတ်စုံကို ကောက်ယူလိုက်သည်အား မြင်လိုက်ရလေသောကြောင့် သူ မျက်လုံးပြူးသွားရလေ၏။
အနက်ရောင် လေ့ကျင့်ရေးဝတ်စုံက ဒယ်စောက်နှစ်ရာ အလေးချိန် ရှိလေ၏။
ကျိုးခွေ့၏ အမြင့်ဆုံးအခြေအနေတွင်ဆိုလျှင် ဒယ်စောက်နှစ်ရာ လေ့ကျင့်ရေးဝတ်စုံနှင့် ငါးကီလိုမီတာအထိ ခုန်သွားရခြင်းသည် ဘာမျှမဟုတ်ပေ။ သူအဖို့ ဒယ်စောက်သုံးရာကိုပင် ကိုင်တွယ်နိုင်သည်။
နတ်အရိုင်းမြေခန်းမထဲတွင် အင်အားများစွာ ကုန်ဆုံးရပြီးနောက်တွင်မူ ကျိုးခွေ့က ခရမ်းရောင် လေ့ကျင့်ရေးဝတ်စုံကို ရွေးချယ်ရန်သာ ပြင်ဆင်ထားခဲ့သည်။ ထို့အပြင် ကျောင်းမြေတွင်လည်း လေ့ကျင့်ရေး လုပ်ရဦးမည်ဖြစ်၏။ သူသာ လမ်းပေါ်တွင် အားပြတ်လဲကျသွားပါက ရှက်စရာကောင်းလွန်းနေပေလိမ့်မည်။
သူသည် ယီယွင်ကို သူနှင့်အတူ ခရမ်းရောင် လေ့ကျင့်ရေးဝတ်စုံ ဝတ်လာစေပြီး ချောင်ပိတ်ရိုက်ရေးအတွက် ရန်စခဲ့ခြင်း ဖြစ်လေသည်။ ထင်မထားစွာဖြင့်ပင် ယီယွင်က အနက်ရောင်ကို ရွေးချယ်ခဲ့လေသည်။
သူ မည်သို့ ရွေးချယ်သင့်လေသနည်း။ ယခုတွင် ယီယွင်က အနက်ရောင်ကို ရွေးချယ်ထားလေ၏။ သူက ယီယွင်ထက် နိမ့်ကျကြောင်း ဝန်ခံကာ ခရမ်းရောင်ကို ရွေးချယ်ရမည်လော။
ထိပ်ပြောင်နှင့်လူက ယီယွင်ကို တအံ့တဩ ကြည့်လိုက်သော်လည်း ထိုသည်မှာ အံ့အားသင့်ရုံမျှသာ ဖြစ်လေ၏။
ကျင်းလုံဝေ့ အဖွဲ့ဝင်များမှာမူ မှင်တက်မိနေကြသည်။
" ငါ ဒါကိုရွေးတယ် "
ယီယွင်က ကျိုးခွေ့ကို ပြုံးပြကာ ဆိုသည်..." မင်းကရော ဘာရွေးမလဲ။ ရှမ်းဝူစစ်တပ်မှာရှိတဲ့ မင်းလိုမျိုး လူတွေက ဖားခုန်ခုန်တာကို တစ်ချိန်လုံး လေ့ကျင့်ကြတယ်လို့ ငါကြားဖူးတယ် "
ကျိုးခွေ့ အံကျိတ်လိုက်သည်။ ယီယွင်က လွှမ်းမိုးသည်ကို သူ မခံနိုင်ပေ။
ကျိုးခွေ့က အနက်ရောင် လေ့ကျင့်ရေးဝတ်စုံတစ်ခု ကောက်ယူကာ တွေးလိုက်သည်..." ကောင်လေး... ငါ မင်းကို အယောင်ဆောင်ခွင့် ပေးလိုက်မယ်။ မင်း ဘယ်လောက်အထိ အယောင်ဆောင်နိုင်မလဲဆိုတာ ငါ ကြည့်နေမယ် "
လက်ရှိ သူ၏အခြေအနေကို ကျိုးခွေ့ သိသည်။ သူက အနက်ရောင် လေ့ကျင့်ရေးဝတ်စုံနှင့် ကစားနိုင်သည့် အခြေအနေတွင် ရှိမနေပေ။ သို့သော် အသေအချာတွေးကြည့်လျှင် ထိုကိစ္စက ပြဿနာမရှိပေ။ ယီယွင် လဲကျသွားသည်နှင့် သူ့အဖို့ သားရဲရိုင်းအမတေအချို့ စားခြင်း သို့မဟုတ် ပျက်စီးခြင်းအရိုးအမတေအချို့ စားခြင်းဖြင့် စွမ်းအင်များ ဖြည့်တင်းနိုင်လေ၏။ သူ့အဖို့ လိုရာပန်းတိုင် မရောက်သေးသရွေ့ အံကျိတ်ကာ သည်းခံရပေမည်။
" ဟဲဟဲ... ငါက ပျက်စီးခြင်းအရိုးအမတေ တစ်ခုလောက် စားလိုက်ရင် ဒါကို တောင့်ခံနိုင်ပြီ။ မင်းကတော့လား... မင်းရဲ့ခန္ဓာကိုယ်နဲ့ ပေါင်လုံးတွေက ငါ့လက်မောင်းထက်တောင် သေးနေတယ်ဆိုတော့ မီတာသုံးဆယ်လောက် ခုန်ပြီးသွားရင် ဆက်လုပ်နိုင်မှာမဟုတ်လောက်တော့ဘူး။ ငါးကီလိုမီတာ ခုန်ဖို့ဆိုတာက မလွယ်ဘူးကွ " ကျိုးခွေ့က ယီယွင်ကိုကြည့်ရင်း စိတ်ထဲတွင် လှောင်ရယ်လိုက်သည်။
သူက ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်လေ၏..." အရင်က ငါတို့ရဲ့ ဖားခုန်လေ့ကျင့်ရေးတွေမှာ ဒယ်စောက်သုံးရာ လေ့ကျင့်ရေးဝတ်စုံတွေ ဝတ်ပြီး တစ်ခါကို ဆယ့်ငါးကီလိုမီတာအထိ ခုန်ရတယ် "
ကျိုးခွေ့က ကြွားလိုက်လေရာ သူ၏နောက်လိုက်များကလဲ သံယောင်လိုက်ကြသည်..." ဟဲဟဲ... ညီနောင်ခွေ့က အရင်က ဒယ်စောက်လေးရာနဲ့တောင် ကစားခဲ့ဖူးတယ်။ အတိုဆုံး အကွာအဝေးကတောင် တစ်ဆယ်ကီလိုမီတာပဲ။ ဒီနေ့က ငါးကီလိုမီတာပဲရှိပြီး အလေးဆုံး လေ့ကျင့်ရေးဝတ်စုံက ဒယ်စောက်နှစ်ရာပဲ ရှိတယ်။ ညီနောင်ခွေ့က လုပ်စရာရှိတာသာ လုပ်ပြလိုက်တော့ "
ကြွားဝါခြင်းက ပိုက်ဆံမပေးရလေသောကြောင့် သူတို့ လေကြီးလေကျယ် ဆိုခဲ့ကြ၏။ ကျိုးခွေ့၏ အမြင့်ဆုံးအခြေအနေတွင် ဒယ်စောက်သုံးရာထက် အနည်းငယ်သာ ကျော်လေသည်။ ကျိုးခွေ့၏ ဖားခုန်ခုန်ခြင်း အမြင့်ဆုံးစံချိန်က ၂.၅ ကီလိုမီတာကို ဒယ်စောက် ၃၆၀ နှင့် ဖြစ်လေ၏။
ကျိုးခွေ့နှင့် နောက်လိုက်များက ကြွားဝါနေလေသောကြောင့် ထိပ်ပြောင်နှင့်လူက ရယ်မောကာ..." ဒါဆို ဒယ်စောက်နှစ်ရာက မလုံလောက်ဘူးလို့ မင်းတို့က ထင်နေကြတာပေါ့လေ "
ထိပ်ပြောင်နှင့်လူ၏ စကားကြောင့် ကျိုးခွေ့မှာ ဟက်ထိုးလဲကျလုနီးပါး ဖြစ်သွားရလေ၏။ သူ၏နောက်လိုက်များကို ပါးရိုက်ချင်မိသွားလေ၏။
" မင်းတို့တွေ မလုံလောက်ဘူးထင်ရင် နှစ်ထည်ဝတ်လို့ရတယ် " ထိပ်ပြောင်နှင့်လူက သေတ္တာကို လက်ညှိုးထိုးပြကာ တည်ငြိမ်စွာဆိုသည်။
ကျိုးခွေ့ ခြောက်ကပ်ကပ် ရယ်လိုက်၏။ သူက အရှုံးပေးကြောင်း ပြောတော့မည့်အချိန်တွင် ယီယွင်က အနီရောင် လေ့ကျင့်ရေးဝတ်စုံတစ်ခု ကောက်ယူကာ ဝတ်လိုက်သည်ကို မြင်လိုက်ရသည်။ ကျိုးခွေ့ ချောင်းဆိုးလုနီးပါး ဖြစ်သွားရ၏။
သူ ယီယွင်ကို ပါးအဟောင်းသားဖြင့် ကြည့်နေသည်။ ထိုကောင်လေးက ဦးနှောက် မှန်ပါ၏လော။ အနက်ရောင်က ဒယ်စောက်နှစ်ရာ လေးသည်ဖြစ်ပြီး အနီရောင်က ဒယ်စောက်ငါးဆယ် လေးသည်ဖြစ်ရာ စုစုပေါင်းဆိုလျှင် ဒယ်စောက် ၂၅၀ အလေးချိန် ရှိလေ၏။
ယင်းက မြင်နေရသည့် အလေးချိန် ဖြစ်သည်။
ယီယွင်က ပြဒါးစီးဝတ်စုံ၏ အလေးချိန်ကို ဒယ်စောက်ငါးဆယ်အဖြစ် ပြောင်းထားလေရာ စုစုပေါင်းဆိုလျှင် ဒယ်စောက်သုံးရာ ဖြစ်လေ၏။ သူ မခံနိုင်တော့ပါက ပြဒါးစီးဝတ်စုံ၏ အလေးချိန်ကို လျော့ချပစ်နိုင်သည်။ ခွန်အားချင်းယှဥ်ပါက ယီယွင်အဖို့ အထွတ်အထိပ်အခြေအနေတွင် ရှိနေသည့် ကျိုးခွေ့ကို မယှဥ်နိုင်ပေ။
ကျိုးခွေ့မှာ အာစေးမိထားသည့်ပမာ ဖြစ်နေလေပြီး မည်သို့ပြောရမည်မှန်း မသိတော့ပေ။
ထိုကောင်လေးက ရူးနေလေသလော။ နတ်အရိုင်းမြေခန်းမထဲတွင် တောင့်ခံခဲ့ပြီးနောက်တွင်ပင် ထိုကောင်လေးက ငါးကီလိုမီတာ ဖားခုန်ခုန်ရန်အတွက် ဒယ်စောက် ၂၅၀ အလေးချိန်ကို ယူနေသေးချေသည်။
လက်ရှိတွင် ကျိုးခွေ့မှာ စကားကျွံခဲ့ချေပြီ။
သူ့အား လူများစွာ ကြည့်နေကြ၏။ ကျင်းလုံဝေ့မှ လူများ ၊ ရွှမ်းဝူစစ်တပ်မှ လူများ ၊ ထိပ်ပြောင်နှင့်လူတို့က သူ့အား ပြုံးကာကြည့်နေကြလေ၏။
ကျိုးခွေ့မှာ ဦးချိုသားရဲတစ်သောင်းခန့် ခုန်ပေါက်နေသည့်ပမာ ရင်ခုန်နေသည်ဟု ခံစားနေရသည်။ ၎င်းတို့က သူ့အား သွေးအန်စေသည်အထိ နင်းချေနေ၏။ သူ အံကျိတ်ကာ သေတ္တာထဲမှ အနီရောင် လေ့ကျင့်ရေးဝတ်စုံတစ်ထည် ယူလိုက်သည်။
အနက်ရောင်နှင့် အနီရောင် ၊ စုစုပေါင်း ဒယ်စောက် ၂၅၀...။
သူ ယီယွင်အား ကြည့်လိုက်သည်။ ထိုကောင်လေးက သူ့အား တမင်ရည်ရွယ်ကာ ပြဿနာရှာနေသည်ဟု ခံစားရသည်။ ဒယ်စောက် ၂၅၀ အလေးချိန်ရှိသည့် လေ့ကျင့်ရေးဝတ်စုံကို ထိုကောင်လေးက ဝတ်နိုင်ပါ၏လော။
ယီယွင်သာ မဝတ်နိုင်ခဲ့လျှင် သူ့အဖို့ ယီယွင်၏ အရူးခြေရာအတိုင်းလိုက်လုပ်ရန် မလိုအပ်တော့ပေ။
သို့သော် ယီယွင်က အနီရောင် လေ့ကျင့်ရေးဝတ်စုံကို ဝတ်ထားခဲ့ပြီးဖြစ်ပြီး အနက်ရောင် လေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်ပေတော့မည်။