ဖားခုန် ခုန်ခြင်း
Vol. 12 Ch. 167
ယီယွင်အား လူများစွာ ကြည့်နေလေ၏။ လေ့ကျင့်ရေးဝတ်စုံ နှစ်စုံ ရွေးချယ်ခဲ့သည်မှာ တုန်လှုပ်ဖွယ်ကောင်းလွန်းသည်။ သို့သော် ယီယွင်သာ မဝတ်နိုင်ခဲ့ပါက အကြီးမားဆုံး ဟာသတစ်ခု ဖြစ်သွားပေလိမ့်မည်။
ယီယွင်က အနက်ရောင် လေ့ကျင့်ရေးဝတ်စုံကို လျှိုဝတ်လိုက်လေ၏။ လေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်လိုက်သည်နှင့် အစီအရင်စတင်လာသည်။
သူ၏ခန္ဓာကိုယ် နစ်ဝင်သွားသည်ဟု ယီယွင် ခံစားလိုက်ရ၏။ ဒယ်စောက် ၂၅၀ နှင့် ပြဒါးစီးဝတ်စုံ၏ ဒယ်စောက် ၅ဝ အလေးချိန်များက ယခုအခါတွင် ယီယွင်၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိနေသည်။ ထိုမျှအလေးချိန်နှင့်ဆိုလျှင် ခြေလှမ်းတိုင်းတွင် မြေကျွံသွားနိုင်လေ၏။
တိုင်အာနတ်ပြည်ထောင်၏ လမ်းများတွင် အထူးပစ္စည်းများ ပါဝင်လေသည်။ ယင်းသည် စစ်သည်များ၏ လေ့ကျင့်ရေးအတွက် အထောက်အကူဖြစ်စေရန် လုပ်ထားခြင်းဖြစ်၏။ ထိုသို့သာမဟုတ်ပါက လမ်းများ လျင်မြန်စွာပင် ပျက်စီးသွားပေလိမ့်မည်။
" ဒီကောင် တကယ်ဝတ်လိုက်တာပဲ " ကျိုးခွေ့ မျက်မှောင်ကုတ်လိုက်၏။ သူ အမှန်တကယ်ပင် မလိုချင်သည့် မြင်ကွင်းကို မြင်ခဲ့ရချေသည်။ သူက ထိုကောင်လေးကို လျော့တွက်မိခဲ့ကြောင်း ဝန်ခံရလိမ့်မည်။
သို့သော် ယီယွင်တွင် ထိုစွမ်းရည် ရှိနေသေးလျှင်ပင် မည်မျှခံနိုင်ပါမည်နည်း။
အစောပိုင်းက နတ်အရိုင်းမြေခန်းမထဲတွင် နှစ်နာရီ နေခဲ့ရသည်ဖြစ်ပြီး ကျိုးခွေ့သည်ပင် စွမ်းအင်များစွာ ကုန်ခမ်းခဲ့ပေရာ ယီယွင်အဖို့ စွမ်းအင် မကုန်ခမ်းသည်မှာ မဖြစ်နိုင်ပေ။
ကျိုးခွေ့ အံကျိတ်ကာ လေ့ကျင့်ရေးဝတ်စုံနှစ်ထည်အား ဝတ်လိုက်သည်။ သူ ဝတ်လိုက်သည်နှင့် ခြေထောက်များ လေးလံလာသည်ဟု ခံစားလိုက်ရသည်။ ထိုမျှလေးလံသော ဝတ်စုံများ ဝတ်ဆင်ပြီး ဖားခုန်ခုန်ရပါက ကြာရှည်မခံနိုင်မည်မှာ သေချာလေသည်။
" ငါ တကယ်ပဲ တောင့်မခံနိုင်တော့ရင် ယီယွင် အားကုန်ပြီး လဲကျတဲ့အထိ စောင့်ရမယ်။ အဲ့ဒီနောက်မှပဲ အနီရောင် လေ့ကျင့်ရေးဝတ်စုံကို ချွတ်ပစ်လိုက်မယ် "
" ဖားခုန်ခုန်တာ စမယ် " ကတုံးနှင့်လူက အမိန့်ပေးလိုက်လေရာ လူတိုင်း စတင်ကာ ခုန်ကြသည်။
လူများစွာက ယီယွင်ကို အာရုံစိုက်နေကြသည်။ အထူးသဖြင့် ရွှမ်းဝူစစ်တပ်မှ လူများ ဖြစ်လေ၏။ သူတို့သည် ယီယွင် လေ့ကျင့်ရေးါာနှစ်ထည်နှင့် လဲကျမည့်အချိန်ကို စောင့်နေကြလေ၏။
" ငါတို့ စောင့်ကြည့်နေမယ်။ ဒယ်စောက် ၂၅၀ က မင်းရဲ့ဒူးခေါင်းတွေကို ချိုးပစ်လိမ့်မယ် " လူအချို့က ရက်စက်စွာ တွေးနေကြလေ၏။ည
ယီယွင် အသက်ပြင်းပြင်းရှုကာ တစ်ဝက်ထိုင်ချပြီး ခုန်လိုက်လေ၏။
ဝှစ်... ။
ဒယ်စောက်သုံးရာ အလေးချိန်ကြောင့် မြေပြင်သည်ပင် အနည်းငယ် တုန်ခါသွားရလေ၏။
ဖားခုန်ခုန်နေချိန်တွင် ယီယွင်သည် ခန္ဓာကိုယ်ထဲမှ ကြွက်သားတစ်ခုချင်းစီ၏ တုန်ခါမှုများကို ခံစားမိနေလေ၏။
ဒယ်စောက်သုံးရာ အလေးချိန်ကို ယီယွင် ခံနိုင်ရည်ရှိသည်။ ထိုအလေးချိန်အောင်တွင် ယီယွင်၏ကြွက်သားများ အနည်းငယ်ခန့် နာကျင်လာ၏။ သူ၏အရိုးအဆစ်များ တစ်ခုနှင့်တစ်ခု ပြင်းထန်စွာ ထိတွေ့နေသည်ကိုလည်း တောင့်ခံနေရလေ၏။
သူ ဝတ်ထားသည့် လေ့ကျင့်ရေးဝတ်စုံက သူ၏ခန္ဓာကိုယ်အား ကြီးမားသော တူတစ်လက်နှင့် ထုနေသည့်အလား ခံစားနေရသည်။ ထိုတိုက်ခိုက်မှုဖြစ်စဥ်က သူ မချေဖျက်ရသေးသည့် ရှေးဦးမျိုးစိတ်များ၏ စွမ်းအင်များကို သူ၏အသားနှင့် သွေးများထဲသို့ ဖိရိုက်ပေးနေလေ၏။ ယင်းသည် သူ၏သွေးများကို တိုးပွားစေပြီး ကြွက်သားများအား တိုးမြင့်ပေးကာ သွေးကြောများကို ကျယ်ပြန့်စေသည်။ ထိုခံစားချက်က သက်တောင့်သက်သာ ရှိလှလေ၏။
" ရှေးဦးမျိုးစိတ်တွေရဲ့ စွမ်းအင်တွေက ပေါ့သေးသေးတော့ မဟုတ်ဘူးပဲ "
ယီယွင်၏ခန္ဓာကိုယ် ပူနွေးလာသည်။ သူ၏တန်းထျန်ထဲတွင် မီးတစ်စ ရှိနေသည့်အလားပင်။ ရှေးဦးမျိုးစိတ်များ၏ စွမ်းအင်များက သူ၏သွေးကြောများထဲတွင် သွားနေပြီး သွေးစီးဆင်းမှုကို မြန်ဆန်လာစေသည်။ သူ၏အရိုးအဆစ်များသည်လည်း ဖျိုးဖျိုးဖျစ်ဖျစ် မြည်လာရ၏။
ယီယွင် တစ်ကြိမ်ပြီးတစ်ကြိမ် ခုန်နေခဲ့သည်။ သူ၏အသက်ရှုနှုန်းက နက်နဲလေပြီး ခြေလှမ်းများက တည်ငြိမ်သည်။ ရှေးဦးမျိုးစိတ်များ၏ စွမ်းအင်များ၏ ပျိုးထောင်ပေးမှုအောက်တွင် သူ၏စွမ်းအားများ အဆက်မပြတ် တိုးလာနေသည်ဟုပင် ခံစားရလေ၏။
သူ၏အကန့်အသတ်အထိ လေ့ကျင့်ရေးလုပ်နေချိန်တွင် ရှေးဦးမျိုးစိတ်များ၏ စွမ်းအင်များကို လျင်မြန်စွာပင် စုပ်ယူနေလေ၏။ များမကြာမီတွင် ယီယွင်က ဆယ်ကြိမ်ကျော်ခန့် ခုန်ပြီးသွားခဲ့သည်။ သူက အားပျော့လာဟန်မရှိဘဲ အမှန်တကယ်ပင် ပိုမိုလန်းဆန်းလာသည့်ပမာ ဖြစ်လာသည်။
သောက်...သောက်ကျိုးနည်း။
ရွှမ်းဝူစစ်တပ်မှ လူများ မှင်တက်မိနေကြ၏။ ကျိုးခွေ့မှာ ပိုမို၍ပင် ကြောင်အနေသည်။
သူတို့က ဖားခုန်လေ့ကျင့်ရေး ကျွမ်းကျင်သူများ ဖြစ်၏။ ယီယွင် ခုန်ထွက်ကာ မြေပြင်သို့ ဆင်းသက်ခြင်းများသည် အားတင်းကာ လုပ်ဆောင်နေခြင်းမျိုး မဟုတ်လေဘဲ ဒယ်စောက် ၂၅၀ အလေးချိန်ကို အမှန်တကယ်ပင် ခံနိုင်ရည်ရှိနေခြင်း ဖြစ်လေသည်။
ယီယွင်၏ခွန်အားများ ကြာရှည်မခံလောက်သော်လည်း လက်ရှိအခြေအနေအရမူ ယီယွင်က ပေသုံးဆယ်ခန့်အထိ အေးဆေးပင် ခုန်နိုင်ဟန်ရှိနေသည်။
ကျိုးခွေ့ မျက်မှောင်ကုတ်လိုက်၏။ သူ၏ဝမ်းဗိုက်က အပြင်းအထန်လှုပ်ရှားနေသည်ဟု ခံစားနေရသည်။
ရွှမ်းဝူစစ်တပ်မှ လူများမှာ တံတွေးမျိုချနေရပြီး ဝမ်းချုပ်နေသည့်ပမာ အမူအရာများ ဖြစ်နေကြလေသည်။
အဘယ်သို့ ဖြစ်ရလေသနည်းး ထိုကောင်လေးက ခံနိုင်ရည် ကောင်းလေသလော။ ထိုကောင်က နတ်အရိုင်းမြေခန်းမထဲ၌ နှစ်နာရီကျော် နေပြီးခဲ့သည့်နောက်တွင် ခွန်အားကျန်နေသေးလေသလော။
" ညီနောင်ခွေ့... ငါတို့ ဘာလုပ်သင့်လဲ " တစ်စုံတစ်ဦးက မေးလိုက်သည်။
" ငါတို့လုပ်နိုင်တာက ဒီကောင့်ရဲ့နောက်ကနေ လိုက်ဖို့ပဲ။ ငါက ဒီကောင့်ထက်ပိုပြီး တောင့်မခံနိုင်ဘူးဆိုတာကို ငါမယုံဘူး " ကျိုးခွေ့ ကီထိုင်ထိုင်လိုက်သည်။ သူ့အဖို့ လက်ကျန်ယွမ်ချီများနှင့်အတူ ဒယ်စောက် ၂၅၀ အလေးချိန်နှင့် ဖားခုန်ခုန်ရခြင်းကို လက်ကျန်ယွမ်ချီများနှင့် တောင့်ခံထားရပေတော့မည်။ သူတို့ထဲမှ မည်သူကများ ပိုမိုကြာရှည်စွာ တောင့်ခံထားနိုင်မည်ကိုသာ ကြည့်ရတော့မည်။
" ညီနောင်ခွေ့ ပြောတာ မှန်တယ်။ ဒီကလေးက ညီနောင်ခွေ့ကို သေချာပေါက် နိုင်မှာမဟုတ်ဘူး။ ဒယ်စောက် ၂၅၀ ကို ထားလိုက်ဦးကွာ ညီနောင်ခွေ့က ဒယ်စောက်လေးရာနီးပါးနဲ့အတူ ကီလိုမီတာ ၂.၅ အထိ ခုန်နိုင်ဖူးတယ် "
" အဲ့ဒီကောင်ကို အပြတ်ဖြုတ်လိုက် ညီနောင်ခွေ့။ ငါတို့က မင်းကို ထောက်ပံ့ပေးမယ် " ကျိုးခွေ့၏ နောက်လိုက်များက ကျိုးခွေ့ကို ယုံကြည်ကြသည်။
ကျိုးခွေ့မှာမူ သူ၏ဒူးခေါင်းများပေါ် တောင်ကြီးတစ်လုံး ကျဆင်းလာနေသည်ဟု ခံစားနေရလေ၏။ ဖားခုန်ခုန်ချိန်တွင် ဒူးခေါင်းများက ဒဏ်အခံရဆုံးဖြစ်ပြီး လုံလောက်စွာ မသန်မာပါက ဒူးခေါင်းများတွင် ဒဏ်ရာရသွားနိုင်သည်။ ကျိုးခွေ့က ယီယွင်၏နောက်မှ ထပ်ကြပ်မကွာ လိုက်နေလေ၏။
ယီယွင်၏ အမူအရာကို သူ မမြင်ရပေ။ ယီယွင် လှုပ်ရှားမှုများကို လေ့လာမိသရွေ့အရ အကန့်အသတ်နှင့် နီးလာပြီဟု သူ ခန့်မှန်းထားသည်။
တစ်ခါတစ်ရံတွင် လူတစ်ဦး ပန်းတိုင်သို့ ရောက်ရန်အတွက် အချိန်ကြာမြင့်စွာ သည်းခံပေးရန် လိုအပ်လေသည်။
ဥပမာဆိုရသော် တာဝေးအပြေးပြိုင်ပွဲတစ်ခုတွင် ဒုတိယနေရာသည် ပထမနေရာ၏နောက်မှ လိုက်နိုင်လေပြီး ဖိအားလည်း နည်းလေသည်။
ထိုသည်က ကျိုးခွေ့၏အစီအစဥ် ဖြစ်လေ၏။ သူ၏စွမ်းရည်ကို ယုံကြည်ချက်ရှိသည်။ ခွန်အားနှင့် စိတ်ပိုင်းဆိုင်ရာ အသာစီးရှိမှုများရှိသည့် သူ့အဖို့ ရှုံးစရာအကြောင်းမရှိပေ။
သို့သော်...။
အချိန်ကြာလာသော်လည်း ယီယွင် တည်ငြိမ်စွာနှင့်ပင် ရှေ့ဆက်သွားနေသည်။ ယီယွင် ရှေ့သို့ဆက်သွားနေချိန်တွင် ရှေးဦးမျိုးစိတ်များ၏ စွမ်းအင်များကို ဆက်လက်၍ သန့်စင်နေပြီး အသားနှင့်သွေးများထဲသို့ ဝင်ရောက်နေစေသည်။
ထိုစွမ်းအင်များ၏ အားဖြည့်ပေးမှုအောက်တွင် ယီယွင်က ကြီးမားသော ခွန်အားနှင့် ခုန်လိုက်လေ၏။ သူ၏ခန္ဓာကိုယ်ထဲတွင် နတ်ကျားရိုင်းတစ်ကောင် ပေါက်ဖွားလာသည်ဟုပင် ခံစားနေရလေ၏။ သူ၏ခန္ဓာကိုယ်ထဲတွင် စွမ်းအင်များ အဆုံးမဲ့ပမာဏ ရှိနေလေသောကြောင့် ပေပေါင်းများစွာ အမြင့်အထိ ခုန်နိုင်ခဲ့သည်။
နောက်ဆုံးတွင် ယီယွင်သည် ဒယ်စောက်သုံးရာက မလုံလောက်တော့ဟု ခံစားမိလာသည်။ အစပိုင်းတွင် ဒယ်စောက်သုံးရာက ယီယွင်၏အကန့်အသတ် ဖြစ်လေ၏။ ယခုတွင်မူ ယီယွင်၏ ခန္ဓာကိုယ်ထဲတွင် ရှေးဦးမျိုးစိတ်များ၏ စွမ်းအင်များ စီးဆင်းနေလေသောကြောင့် ဒယ်စောက်သုံးရာက မလုံလောက်တော့ပေ။
အနည်းငယ်အာရုံစိုက်ကာ ပြဒါးစီးဝတ်စုံ၏ အလေးချိန်ကို ဒယ်စောက်သုံးဆယ် ထပ်တိုးလိုက်လေ၏။
ဒယ်စောက် ၃၃၀ အလေးချိန်က ရှေးဦးမျိုးစိတ်များ၏ စွမ်းအင်များနှင့် မျှခြေညီသွားခဲ့လေသည်။ ဤအကန့်အသတ်တွင် သူ၏သွေးများကို ဖိသိပ်ပေးခြင်းဖြင့် သူ၏သက်လုံအားကို တွန်းအားပေးနိုင်လေပြီး ရှေးဦးမျိုးစိတ်များ၏ စွမ်းအင်များကို သူ၏ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်းချင်း ပေါင်းစပ်နိုင်ပေလိမ့်မည်။
တဖြည်းဖြည်းချင်းဖြင့် ယီယွင်က ပြဒါးစီးဝတ်စုံကို ဒယ်စောက်တစ်ရာအထိ တိုးပစ်ခဲ့သည်။ ထို့ကြောင့် ယီယွင်က ဒယ်စောက် ၃၅၀ အလေးချိန်ကို ရင်ဆိုင်နေရသည်ဖြစ်ပြီး ယခင်ကထက် ဒယ်စောက်ငါးဆယ် ပိုများလေသည်။
ရှေးဦးမျိုးစိတ်များ၏ စွမ်းအင်များက ယီယွင်အား ဒယ်စောက်ငါးဆယ်ခွန်အား တိုးလာစေခဲ့သည်။
ယီယွင်၏မျက်နှာတွင် ချွေးသီးနေသော်လည်း မျက်ဝန်းများကမူ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေ၏။
ကျိုးခွေ့က ယီယွင်၏အမူအရာနှင့် မျက်လုံးများကို မမြင်ရပေ။ သူ မြင်ရသည်မှာ ယီယွင်၏ကျောပြင်ကိုသာ ဖြစ်သည်။ ကျိုးခွေ့ အံကျိတ်ကာ ယီယွင်၏နောက်သို့ လိုက်နေခဲ့သည်။
" ဒီကောင် မကြာလောက်တော့ဘူး "
ထိုအတွေးကြောင့် ကျိုးခွေ့ စိတ်အားတက်ကြွလာကာ ခုန်လိုက်သည်။
သူ တစ်ချက်ခုန်ချိန်တိုင်း သေဒဏ်စီရင်သည့်ကွင်းထဲ ရောက်နေသည့်ပမာ ခံစားနေရသည်။ ခြောက်မီတာအတွင်း၌ ကျိုးခွေ့ မည်သို့မျှ မခံစားရပေ။ မီတာသုံးရာတွင်မူ သူ၏ခြေထောက်များ ထုံကျဥ်လာခဲ့၏။ မီတာခြောက်ရာ ၊ မီတာကိုးရာတို့တွင် သူ၏ဒူးခေါင်းများ တုန်ယင်လာရသည်။
ယခုက မီတာ ၁၂၀၀ သို့ ရောက်နေချေပြီ။
ကျိုးခွေ့၏ဘဝတွင် ထိုမျှအထိ ပင်ပန်းဖူးခြင်းမရှိပေ။ သို့သော် သူ၏ရှေ့မှ ယီယွင်ကမူ အဖန်တလဲလဲ ခုန်သွားနေလေ၏။ ကျိုးခွေ့ ရူးရတော့မည်။ ထိုကောင်က မည်မျှသောက်ကျိုးနည်းအထိ တောင့်ခံထားနိုင်မည်နည်း။
" ငါ နည်းနည်းလောက်ပိုပြီး သည်းခံဖို့ပဲလိုတယ်။ အဲ့ဒါ အလုပ်ဖြစ်မှာပါ။ အဲ့ဒါ အလုပ်ဖြစ်မှာပါ "
ကျိုးခွေ့ မျက်လုံးမှိတ်ကာ သူ့ကိုယ်သူအား နှစ်သိမ့်ပေးနေသော်လည်း မျက်လုံးဖွင့်လိုက်ချိန်တွင်မူ ယီယွင်၏ ကျောပြင်က ဝေးသည်ထက် ပိုဝေးသွားနေလေ၏။ ထို့အပြင် ယီယွင်က ထပ်တလဲလဲ ခုန်နေလျက်ရှိပြီး အားနည်းဟန်မပြပေ။ လောကအဆုံးအထိ ခုန်သွားတော့မည့်အလားပင်။
ဘယ်...ဘယ်လိုဖြစ်ရတာလဲ။
ကျိုးခွေ့ မယုံကြည်နိုင်ပေ။ ယီယွင် မခုန်နိုင်တော့သည့် အချိန်အထိ တောင့်ခံထားမည်ဟူသော အတွေးကို ဥပေက္ခာပြုလိုက်ချိန်၌ ယီယွင်က မီတာတစ်ရာကျော် အဝေးအထိ ရောက်သွားခဲ့ချေပြီ။
ကျိုခွေ့အတွက် ထိုမီတာတစ်ရာကျော် အကွာအဝေးက ကျော်လွှားမရနိုင်သည့် ချောက်ကြီးတစ်ခုသာ ဖြစ်လေ၏။
သူက ယီယွင်ထက် အမြန်နှုန်းနိမ့်ကျနေသည်ဆိုလျှင် သူက ထိုကဏ္ဍတွင် မတော်လေသောကြောင့် အဆင်ပြေလေသည်။ သူ ဂုဏ်ယူရသည့် ခွန်အားနှင့် ခံနိုင်ရည်အားတွင် အဘယ်သို့ဖြစ်ပြီး ယီယွင်ကို ရှုံးခဲ့ရလေသနည်း။
ပါရမီရှင်တစ်ဦးအဖို့ သူ ယုံကြည်ချက်အရှိဆုံး ကဏ္ဍတွင် ကျရှုံးခဲ့ပါက စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်တစ်ခု ဖြစ်သွားပေလိမ့်မည်။ ကျိုးခွေ့သည် ခေါင်းတစ်ခုလုံး ပေါ့ပါးနေပြီး မျက်လုံးများ ပျာဝေနေသည်ဟု ခံစားနေရလေ၏။
အသက်ရှုခြင်းနှင့် နှလုံးခုန်သံတို့မှလွဲ၍ သူ့တွင် ဘာမျှမကျန်တော့ပေ။
အစောပိုင်းက သူ၏ ခေါင်းမာတတ်သော စိတ်စွမ်းအားကြောင့် စိတ်အားတက်ကြွနေခဲ့ခြင်း ဖြစ်လေ၏။ ယခုတွင် သူ၏ယွမ်ချီများ လုံးဝခမ်းခြောက်ရခြင်းနှင့် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုတို့ကြောင့် သူ့အဖို့ ခွန်အားများ တစိုးတစိမျှပင် မကျန်တော့ချေ။
ဘုန်း...။
ကျိုးခွေ့၏ခန္ဓာကိုယ် ယိုင်သွားကာ မြေပြင်ပေါ်သို့ မျက်နှာနှင့် ကျသွားလေ၏။ သူ မြေပြင်ပေါ်သို့ ခြေကားယား လက်ကားယား လဲကျသွားခဲ့သည်။