ကျောင်းမြေ
Vol. 12 Ch. 168
ကျိုးခွေ့ သူ၏အကန့်အသတ်သို့ ရောက်နေလေပြီ။ သူ၏ဘေးပတ်လည်မှ လူများ ကြက်သေသေနေကြ၏။
ကျိုးခွေ့နှင့် ယီယွင်တို့က ဒယ်စောက် ၂၅၀ အလေးချိန်နှင့် ဖားခုန်ခုန်ခဲ့ကြသည်။
ယီယွင်က လမ်းတလျှောက်လုံး ခုန်နေခဲ့ပြီး သူ ပိုခုန်လေလေ ပိုမိုဦးဆောင်နိုင်လေလေပင်။ ကျိုးခွေ့ကမူ အားကုန်ကာ နွမ်းဖျော့လာချေ၏။
အဘယ်သို့ ဖြစ်ရလေသနည်း။
သူတို့၏ ကိုယ်အလေးချိန်အရဆိုလျှင် တောင့်တင်းသော ကျိုးခွေ့က ယီယွင်၏ ကိုယ်အလေးချိန်ထက် နှစ်ဆခန့်ရှိသည်။ ထို့အပြင် ကျိုးခွေ့က ရွှမ်းဝူစစ်တပ်မှ ဖြစ်လေသောကြောင့် အလေးအပင်များ သယ်ယူရာတွင် ကောင်းမွန်သည်ဟု ဆိုလိုနေပေသည်။
" ညီနောင်ခွေ့...ညီနောင်ခွေ့ " ရွှမ်းဝူစစ်တပ်မှ အဖွဲ့ဝင်အချို့က ကျိုးခွေ့ဆီသို့ အပြေးသွားလိုက်ကြသည်။
ကျိုးခွေ့သည် ပါးစပ်တွင် အမြုပ်ထွက်နေပြီး မျက်ဖြူလန်နေလေ၏။
ယခုအခါတွင် ရွှမ်းဝူစစ်တပ်မှ လူများသည် သူတို့၏ဂုဏ်သတင်းကို အရေးမစိုက်ကြတော့ပဲ သားရဲရိုင်းအမတေအချို့ ထုတ်ယူကာ ကျိုးခွေ့ကို ကျွေးလိုက်ကြသည်။
ကျိုးခွေ့၏ခန္ဓာကိုယ်က အခြေနေကောင်းသေးသည်ဟု ဆိုနိုင်သည်။ သူက ဖားခုန်ခုန်ရာတွင် သက်လုံအားနှင့် ယွမ်ချီများ ကုန်ခမ်းသွားရခြင်းကြောင့် အားနည်းသွားရခြင်းသာ ဖြစ်လေသည်။
သူ၏အစာအိမ်ထဲသို့ သားရဲရိုင်းအမတေများ ဝင်သွားခဲ့သည်နှင့် စွမ်းအင်စီးကြောင်းအဖြစ် ပြောင်းလဲသွားသည်။ ကျိုးခွေ့ တဖြည်းဖြည်းချင်း သတိလည်လာကာ မျက်လုံးဖွင့်လိုက်သည်။ သူ၏မျက်လုံးများ ဝေဝါးနေလျက်ရှိပြီး ယီယွင်၏ကျောပြင်အား လက်သီးဆုပ်အရွယ် ရှုပ်ထွေးနေသည့် ပုံရိပ်တစ်ခုအဖြစ် မြင်လိုက်ရသည်။ ယီယွင်က အချိန်ပိုင်းအတွင်း ပျောက်ကွယ်သွားပေတော့မည်။
အဘယ်သို့ဖြစ်ရလေသနည်း။
ယီယွင်၏ခွန်အားက သူ့ထက် မသန်မာနိုင်ပေ။ ယီယွင်သာ ဒယ်စောက် ၅၀၀ ၊ ၆၀၀ အလေးချိန်ကို အမှန်တကယ်ပင် ကိုင်တွယ်နိုင်ပါက ဒယ်စောက် ၂၅၀ ခန့်အား ဝတ်ဆင်ရသည်မှာ ပေါ့ပေါ့ပါးပါးပင် ဖြစ်နေပေလိမ့်မည်။
အစပိုင်းတွင် ယီယွင်က လေ့ကျင့်ရေးဝတ်စုံနှစ်ခု ဝတ်ဆင်ခဲ့သည့်တိုင်အောင် ဝတ်စုံများကို အလေးချိန်မပါသကဲ့သို့ ပြုမူနိုင်ခြင်းမရှိဘဲ ရုန်းကန်နေခဲ့ရသည်။ ယင်းသည် ယီယွင်က ခံနိုင်ရည်အားကောင်းကြောင်း ဆိုလိုနေခြင်းသာ ဖြစ်လေ၏။
နတ်အရိုင်းမြေခန်းမထဲတွင် ယီယွင်က ယွမ်ချီများ ကုန်ခမ်းခဲ့ခြင်းမရှိဟုပင် ကျိုးခွေ့ သံသယဝင်နေမိသည်။ ထိုသို့ဆိုလျှင်မူ ယီယွင်တွင် အဘယ့်ကြောင့် ခံနိုင်ရည်ကြီးမားနေကြောင်းကို ရှင်းပြပြီးသား ဖြစ်သွားချေပြီ။ ယင်းသည် ကျိုးခွေ့ လက်ခံရခက်နေသည့်အချက် ဖြစ်လေ၏။
" ညီနောင်ခွေ့... ဒီကောင်လေးက ထူးဆန်းတယ် " ရွှမ်းဝူစစ်တပ်မှ လူများက ယီယွင် အစွမ်းထက်ကြောင်းကို လက်မခံနိုင်ကြပေ။
ကျိုးခွေ့သည် နွားရိုင်းတစ်ကောင်ပမာ ရှုးရှုးရှဲရှဲ ဖြစ်နေလေသည်။ ထိုသူများ၏ စကားများကို သူ မခံစားနိုင်တော့ပေ။ သူသည် ယီယွင်ထံတွင် အလတ်တန်းစား နေစရာတစ်ခု ရှုံးခဲ့ရလေပြီး ယခုတွင်လည်း ဖားခုန်ခုန်ရာတွင် ရှုံးခဲ့ရသည်။ သူက နှစ်ခါဆက်တိုက် ရှုံးခဲ့ရလေ၏။
...........................
နောက်ဆုံးတွင် ယီယွင်သည် ငါးကီလိုမီတာအထိ ဖားခုန်ခုန်နိုင်ခဲ့ပြီး ကျောင်းမြေသို့ ရောက်သွားခဲ့သည်။
လူတစ်ရာခန့်က နတ်အရိုင်းမြေခန်းမမှ ကျောင်းမြေဆီသို့ ဖားခုန်ခုန်သွားနေသည်မှာ အထူးအဆန်းဖြစ်သော်လည်း ဖြတ်သွားဖြတ်လာများကမူ အရေးမစိုက်ကြလေသောကြောင့် ထိုဖြစ်ရပ်မျိုးက သာမန်ဖြစ်ကြောင်း သိသာလေသည်။
ယီယွင် ဖားခုန် ခုန်ပြီးသွားချိန်တွင် ကတုံးနှင့်လူ၏ အမူအရာကို သတိပြုမိသွားလေ၏။ ကတုံးနှင့်လူက အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြခဲ့လေပြီး ထိုမျှသာဖြစ်၏။
ထိုအချင်းအရာကြောင့် ယီယွင် ပင့်သက်ရှိုက်မိသည်။ ထိပ်ပြောင်ကတုံးနှင့်လူ၏ သဘောထားအရ နတ်အရိုင်းမြေခန်းမထဲတွင် နှစ်နာရီခန့် တောင့်ခံနိုင်ခဲ့ခြင်းနှင့် ဒယ်စောက် ၂၅၀ ( အပေါ်ယံအားဖြင့် ) သယ်ဆောင်ကာ ဖားခုန် ခုန်ရခြင်းတို့က အံ့ဩစရာမဟုတ်ပုံပင်။
နတ်မြို့တော်ထဲတွင် ထူးချွန်သူများ ပေါများလှသည်။ ထိုသူများက မိသားစုမျိုးနွယ်ကြီးများထံမှ ဆင်းသက်လာကြသည်ဖြစ်ပြီး ကံကြမ္မာကို ဖီဆန်နိုင်သည့် သွေးမျိုးဆက်နှင့် အံ့ဩဖွယ်ရာ အခွင့်အရေးများ ရှိကြလေသည်။ တိုင်အာနတ်ပြည်ထောင်က ကြီးမားကာ လူငယ်သူရဲကောင်းများ ပေါများလှလေသည်။
တိုင်အာနတ်မြို့တော်၏ လူဦးရေက နည်းပါးသော်လည်း နေရာကျယ်ဝန်းစွာ ဖြန့်ကျတ်နေထိုင်ကြသည်။လေ့ကျင့်ရေးကွင်း ကျောင်းမြေတွင် လက်ရည်ယှဥ်ခြင်းများနှင့် စစ်တပ်လေ့ကျင့်ရေးများ လုပ်ဆောင်ကြလေ၏။ ထိုအကြောင်းအရင်းကြောင့်ပင် တိုင်အာနတ်မြို့တော်၏ ကျောင်းမြေက အလွန်ကြီးမားနေရခြင်း ဖြစ်လေသည်။
အချို့သော ကျောင်းမြေများက ကြီးမားကြပြီး အချို့က သေးငယ်လေသည်။ အချို့က အဆင့်မြင့်ပြီး အချို့က အဆင့်နိမ့်လေ၏။ လေ့ကျင့်ရေးထောက်ကူပစ္စည်းများကလည်း မျိုးစုံလေသည်။
အဆိုပါ လေ့ကျင့်ရေးထောက်ကူပစ္စည်းများကို လျော့မတွက်သင့်ပေ။ လေ့ကျင့်ရေးထောက်ကူပစ္စည်း အများစု၏ ဆောက်လုပ်ရေးစရိတ်က အလွန်ပင် ဈေးကြီးလှသည်။ ကျောင်းမြေများကို တိုင်အာနတ်ပြည်ထောင်၏ သန့်စင်ရေးသခင်များနှင့် အစီအရင်သခင်များက ပြုလုပ်ပေးထားခြင်းဖြစ်ပြီး စစ်သည်များ၏ ကျင့်ကြံရေးအတွက် အလွန်ပင် အကျိုးရှိသည်။
အဆင့်မြင့် ကျောင်းမြေများ၏ ဝင်ကြေးအတွက် မှော်နဂါးကြေးပြား ပေးရသည်။ ယင်းအား သာမန်တပ်သားသစ်များ တတ်နိုင်သည့်အရာ မဟုတ်ပေ။ ကတုံးနှင့်လူက ယီယွင် ၊ ကျိုးခွေ့နှင့် အခြားသူများကို ကျောင်းမြေသို့ ခေါ်သွားသည်မှာ အခမဲ့ဖြစ်သည်။
" ချီးပဲ...ငါ အရမ်းပင်ပန်းနေပြီ "
" နောက်ဆုံးတော့ ငါတို့ ရောက်ခဲ့ပြီ "
လူစုသည် ကျောင်းမြေသို့ ရောက်သွားချိန်တွင် ဘယ်ညာယိမ်းထိုးနေကြလေ၏။
သူတို့၏ ရုပ်ခန္ဓာကိုယ်များ နွမ်းနယ်နေချိန်တွင် ငါးကီလိုမီတာခန့် ဖားခုန်ခုန်ရခြင်းသည် သူတို့၏ ယွမ်ချီများကို ခမ်းခြောက်သွားစေလေ၏။
ဤသည်က ကျောင်းမြေသို့ အသွားခရီးသာ ဖြစ်သေး၏။ သူတို့၏ပန်းတိုင်သို့ ရောက်ရှိရေးအတွက် လေ့ကျင့်ရေးများစွာ လုပ်ရပေဦးမည်။ ကတုံးနှင့်လူ အသံတိတ်နေသည်ကို သူတို့အဖို့ ရုပ်ခန္ဓာအင်အားများ ဖြည့်တင်းရန် အခွင့်ကောင်းယူရပေမည်။
လူအများသည် သားရဲရိုင်းအမတေများ စတင်စားကြလေပြီး ကျိုးခွေ့ကလည်း တစ်ခုစားခဲ့သည်။
အနွမ်းနယ်ဆုံးဖြစ်သည့် ကျိုးခွေ့အတွက်မူ သားရဲရိုင်းအမတေကို စားပြီးနောက်တွင်ပင် ပြန်ကောင်းလာခြင်းမရှိပေ။ ကျိုးခွေ့က သားရဲရိုင်းအမတေတစ်ခုထက် ဆယ်ဆကျော်ခန့် အာနိသင်ရှိသည့် ပျက်စီးခြင်းအရိုးအမတေတစ်ခု စားရန် စိတ်ပိုင်းဖြတ်လိုက်သည်။
ပျက်စီးခြင်းအရိုးအမတေကို ပျက်စီးခြင်းအရိုးအဆီအနှစ်ထံမှ သန့်စင်ထားခြင်း ဖြစ်သည်။ ပျက်စီးခြင်းအရိုးအမတေက စစ်သည်တစ်ဦး အဆင့်ချိုးနိုင်စေရန် ကူညီပေးနိုင်သော်လည်း ယခုတွင် ကျိုးခွေ့မှာမူ အားပြန်ဖြည့်ရန် သုံးနေရချေ၏။
ကျိုးခွေ့ ထိုအရာကိုတွေးမိကာ ရင်နာနေရလေ၏။
သူက ချမ်းသာသော မိသားစုတစ်ခုမှ သားတစ်ယောက်ဖြစ်သော်လည်း တိုင်အာတော်ဝင်မိသားစုနှင့် နှိုင်းယှဥ်ကြည့်လျှင်မူ သေးငယ်လေ၏။ ပျက်စီးခြင်းအရိုးအမတေကို အားပြန်ဖြည့်ရန် သုံးနေရသည်မှာ ရင်နာရလေ၏။
သို့သော် သူ့တွင် ရွေးချယ်စရာမရှိပေ။ သူ ယီယွင်ကို စိုးထိတ်နေရသည်။ သူသည် ဖားခုန်ခုန်ရာတွင် ယီယွင်ကို ရှုံးခဲ့ရလေ၏။ ယခုအခါ ကျောင်းမြေတွင် ကျင့်ကြံရာ၌ ယီယွင်ကို ထပ်မံရှုံးနိမ့်၍ မရတော့ပေ။ ကျိုးခွေ့က ယီယွင်ကို ကျော်ဖြတ်ရန်အတွက် စွမ်းအားအကုန် ဖောက်ခွဲပစ်ရန် ပြင်ဆင်ထားသည်။
ကျောင်းမြေက ကျယ်ဝန်းလေ၏။ ကျောင်းမြေ၏ ဘေးတစ်ဖက်တွင်မူ သံချောင်းများနှင့် သံနက်ဒလှိမ့်တုံးများ ရှိနေလေ၏။ ထိုအရာများကို ကီထိုင်ခြင်းနှင့် ဖားခုန်ခြင်းတို့တွင် အသုံးပြုကြသည်။
သံနက်ပစ္စည်းများက အလွန်တရာပင် လေးလံလေ၏။ လက်ဝါးအရွယ်ခန့် ပစ္စည်းတစ်ခုကပင် မြင်းတစ်ကောင်ကို အလွယ်တကူ ချိုးချေပစ်နိုင်သည်။ ယင်းပစ္စည်းများအပြင် သံတိုင်များနှင့် ရုပ်သေးရုပ်များလည်း ရှိသေးလေ၏။ ၎င်းတို့ကို လက်သီးထိုးခြင်းနှင့် ခြေကန်ခြင်းများအတွက် အသုံးပြုသည်။
အခြားတစ်ဖက်တွင်မူ ဇီးပန်းပင်တိုင်လုံးများ ရှိသည်။ ထိုဇီးပန်းပင်တိုင်လုံးများက သာမန်မဟုတ်ပေ။ သာမန် ဇီးပန်းပင်တိုင်လုံးများ၏ ထိပ်မျက်နှာပြင်က ပြားကာ လူတစ်ဦး တည်ငြိမ်စွာရပ်နိုင်၏။
တိုင်အာနတ်မြို့တော်မှ ဇီးပန်းပင်တိုင်လုံးများကမူ ထိပ်ပိုင်းက လုံးကာချွန်လေ၏။ လူတစ်ဦးအဖို့ ထိုနေရာပေါ်တွင် လှုပ်ရှားရန်အား ဆိုမထားနှင့် ရပ်နေရမည်ဆိုလျှင်ပင် အလွန်နာကျင်ရပေလိမ့်မည်။
ထိုအရာများအပြင် ကျင်းလုံဝေ့၏ အအေးသတ္တုသွေးဘောလုံးအစီအရင်နှင့် ဆင်တူသည့်အရာကိုလည်း ယီယွင် မြင်ခဲ့ရသည်။ ထိုအရာကိုလည်း လူတစ်ဦး၏ လှုပ်ရှားမှုနည်းစနစ် လေ့ကျင့်ရာတွင် အသုံးပြုလေသည်။
သို့သော် အထင်ပေါ်ဆုံးအရာမှာမူ ကျောင်းမြေ၏ အလယ်တွင်ရှိသည့် သတ္တုနံရံကြီး ဖြစ်လေ၏။ ထိုသတ္တုနံရံကြီးက ဆယ်မီတာမြင့်မားကာ မီတာသုံးဆယ် ရှည်လျားသည်။ ထိုနံရံအား အမည်မသိသတ္တုဖြင့် ပြုလုပ်ထားပြီး အံ့ဩဖွယ်ရာ အမှတ်အသားများ ဖုံးလွှမ်းထားသည်။
ထိုအမှတ်အသားများကို သေချာကြည့်မည်ဆိုပါက ဓားမောက် ၊ ဓား ၊ လှံ ၊ တင်းပုတ် အစရှိသဖြင့် လက်နက်များ၏ ထိုးခုတ်ရာများဖြစ်ကြောင်း သိရှိပေလိမ့်မည်။
" ဒီနံရံကို တိုင်အာနတ်မြို့တော်ရဲ့ သန့်စင်ရေးသခင်တွေက ဒါဇင်နဲ့ချီတဲ့ သတ္တုတွေ ရောနှောပြီးတော့ ဖန်တီးခဲ့ကြတာပဲ။ သတ္တုနံရံရဲ့ပစ္စည်းကို ခရမ်းရောင်အဖြိုက်နက်လို့လည်း ခေါ်ကြတယ်။ ခရမ်းရောင်အဖြိုက်နက်က ပျော့တာကြောင့် လက်နက်တွေက ခုတ်ရာထစ်ရာတွေ ချန်ထားခဲ့နိုင်တယ်။ ဒါပေမဲ့ တစ်လ ၊ နှစ်လလောက်ဆိုရင် သတ္တုနံရံပေါ်က အမှတ်အသားတွေ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလိမ့်မယ်။ ဒါဟာ ခရမ်းရောင်အဖြိုက်နက်ရဲ့ မှော်ဆန်မှုပဲ "
" ဒီနံရံကို မင်းတို့ တိုက်ကွက်တွေရဲ့ အားအင်ကို စစ်ဆေးဖို့အတွက် အသုံးပြုကြတယ် "