ရှေးဦးမြား
Vol. 12 Ch. 169
စစ်တပ်ထဲတွင် တိုက်ခိုက်ရေးလေ့ကျင့်ခန်းက အခြေခံအကျဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်လေ၏။
ရိုးရှင်းစွာဖော်ပြရလျှင် စစ်သည်တစ်ဦးက လက်တွင် လက်နက်တစ်ခုကိုင်ကာ ရှေ့တည့်တည့်သို့ တိုက်ခိုက်ရခြင်း ဖြစ်လေ၏။
လှံနှင့်ဓားတို့ဖြင့် ထိုးခြင်း ၊ ဓားမောက်နှင့်ပုဆိန်တို့ ခုတ်ခြင်း ၊ တင်းပုတ်နှင့် ထုခြင်းတို့ ဖြစ်လေ၏။ ထို့ကြောင့် သူတို့၏ တိုက်ခိုက်မှုအင်အားကို စမ်းသပ်ရန်အတွက် ပစ်မှတ်တစ်ခု လိုအပ်လေသည်။
ထိရောက်သော တိုက်ခိုက်မှုတစ်ခုက ချပ်ဝတ်ကို ထိုးဖောက်နိုင်သည်။ ရန်သူ၏ချပ်ဝတ်ကို ထိုးဖောက်နိုင်သော တိုက်ခိုက်မှုတစ်ခုကသာ ခြိမ်းခြောက်နိုင်စွမ်းရှိလေ၏။
ရွှမ်းဝူစစ်တပ်ကဲ့သို့ စစ်တပ်တစ်ခုတွင် သတ္တုနှင့်လုပ်ထားသည့် အရာဝတ္ထုများက တိုက်ခိုက်ရေးပစ်မှတ် ဖြစ်လေ၏။ သတ္တုများကို သာမန်သံနှင့်သာ ပြုလုပ်ထားသော်လည်း စစ်သည်အများစုအတွက် လုံလောက်လေသည်။
သို့သော် တိုင်အာနတ်မြို့တော်တွင်မူ အခြေအနေများက ကွဲပြားလေ၏။
တိုင်အာနတ်မြို့တော်မှ စစ်သည်များ၏ တိုက်ခိုက်ရေးအင်အားနှင့်ဆိုလျှင် ထူထဲသော သံပြားတစ်ခုကို သာမန်လက်နက်တစ်ခုနှင့်ပင် ထိုးဖောက်ပစ်နိုင်လေ၏။ ယင်းသည် သာမန်လူတစ်ဦး ထင်းခုတ်နေသည်နှင့် မခြားလှပေ။
ထို့ကြောင့် တိုင်အာနတ်မြို့တော်၏ သန့်စင်ရေးသခင်များက အလိုအလျောက် ပြန်လည်ပြုပြင်နိုင်သည့် ခရမ်းရောင်အဖြိုက်နက်နံရံကို ဖန်တီးခဲ့ကြခြင်း ဖြစ်လေသည်။ ၎င်းတွင် လုံလောက်သော အထူနှင့် မာကျောမှုတို့ရှိလေပြီး စစ်သည်များ၏ တိုက်ခိုက်မှုအားကို စစ်ဆေးနိုင်ကာ အလိုအလျောက် ပြန်လည်ပြုပြင်နိုင်သည်။ အဆိုပါပုံစံကြောင့် ယီယွင် တအံ့တဩဖြစ်ရလေသည်။
တိုင်အာနတ်မြို့တော်၏ အထောက်အကူပစ္စည်းများနှင့် စည်းမျဥ်းများက သူ့အား အမှန်တကယ်ပင် အမြင်ကျယ်စေခဲ့လေ၏။
ခရမ်းရောင်အဖြိုက်နက်နံရံက တိုက်ခိုက်ခံရပြီး အမှတ်အသားကျန်ခဲ့လျှင် လအနည်းငယ်အကြာ၌ အလိုအလျောက် ပြန်လည်ပြုပြင်သွားမည်ဟု ဆိုရပေမည်။ သို့သော် ထိုလအနည်းငယ်အတွင်း၌ ခရမ်းရောင်အဖြိုက်နက်နံရံက တိုက်ခိုက်ခံနေရဆဲသာ ဖြစ်လေသောကြောင့် အမှတ်အသားများစွာ ဖြစ်နေခဲ့ရချေသည်။ အမှတ်အသားများက ထောင်ပေါင်းများစွာ ရှိနေသည်။
ယင်းသည် တိုင်အာနတ်မြို့တော်၏ ပြင်းထန်သော လေ့ကျင့်ရေးများကို ပြသနေလေ၏။
လက်ရှိတွင် ရွှမ်းဝူစစ်တပ်နှင့် ကျင်းလုံဝေ့တို့မှ လူများသည် အချိန်တစ်ခဏမျှ အနားယူနိုင်ခဲ့ကာ စွမ်းအင်များ အတော်အသင့် ပြည့်ဖြိုးလာခဲ့၏။
" ကောင်းပြီ... အခု တိုက်ခိုက်ရေးလေ့ကျင့်ခန်း စမယ် " ကတုံးနှင့်လူက လက်ပြလိုက်သည်။
လူများစွာက လက်နက်များ ကိုင်လိုက်ကြလေ၏။ ဤနေရာမှ လူငယ်သူရဲကောင်း အများစုတွင် သိုလှောင်လက်စွပ်များ ရှိမနေပေ။ လက်နက်အများစုက မပေါ့ပါးလေသောကြောင့် ကျောတွင် လွယ်ထားရသည်။ ယင်းက သူတို့ ဖားခုန်ခုန်ရာတွင် ပိုမိုခက်ခဲသွားစေမည်မှာ သံသယဖြစ်ရန်မလိုပေ။
" လက်နက်တွေက စံနှုန်းကိုက်ညီရမယ် " ကတုံးနှင့်လူက လူများစွာ လွယ်ထားကြသည့် လက်နက်များကို ကြည့်ကာ ခေါင်းယမ်းလိုက်သည်။ သူက ခရမ်းရောင်အဖြိုက်နက်နံရံ နံဘေးတွင်ရှိသည့် ကြီးမားသော သတ္တုသေတ္တာတစ်လုံးကို လက်ညှိုးထိုးပြလိုက်သည်။
သတ္တုသေတ္တာက လေးမီတာ ၊ ငါးမီတာခန့် ကျယ်ဝန်းလေသည်။ ကတုံးနှင့်လူက သေတ္တာကိုကန်ကာ ဖွင့်လိုက်လေရာ သေတ္တာထဲတွင်ရှိသည့်အရာကို လူအများ မြင်လိုက်ရသည်။ သေတ္တာထဲတွင် လက်မောင်းလုံးခန့်တုတ်ပြီး လေးမီတာခန့်ရှည်သည့် လှံများ ရှိနေသည်။
သတ္တုလှံများက နက်မှောင်နေ၏။ လှံထိပ်ဖျားက ကတော့ချွန်ပုံစံရှိကာ အေးစက်လေသည်။ ထိုမျှအထိ တုတ်ခိုင်ရှည်လျားသော လှံမျိုးကို ယီယွင် မမြင်ဖူးပေ။ သုံးမီတာခန့်မြင့်သည့် လူ့ဘီလူးများက ထိုလှံများကို သုံးရမည်လော။
လှံ၏အခြား အဆုံးသတ်တစ်ဖက်တွင် မြားတစ်စင်းပမာ အထစ်များ ရှိနေသည်ကို ယီယွင် မြင်လိုက်ရသည်။
" တိုင်အာနတ်မြို့တော်ရဲ့ မြို့ရိုးပေါ်က မြားစင်ကြီးတွေကို မင်းတို့ မြင်ဖူးကြလား။ တိုင်အာနတ်မြို့တော်မှာ မြားစင် ၁၂၈ ခု ရှိတယ်။ အဲ့ဒါတွေက ရှေးဦးနတ်ဒူးလေးပဲ။ ရှေးဦးနတ်ဒူးလေးကို ပညာရှိအဆင့် သန့်စင်ရေးသခင်သုံးဦးက ဖန်တီးထားတာပဲ။ ရှေးဦးနတ်ဒူးလေးကို သယ်ဖို့အတွက် လူသားအရှင်သခင် ၁၂ ဦး အင်အားပူးပေါင်းရတယ် "
" ကြယ်ခွင်းလေးကို မင်းတို့ ကြားဖူးကြလား " ကတုံးနှင့်လူက မေးလိုက်လေရာ လူစုက ခေါင်းညိတ်ကာ တုန့်ပြန်သည်။ ကြယ်ခွင်းလေးက တိုင်အာနတ်ပြည်ထောင်ထဲတွင် ကျော်ကြားလေ၏။ အရိုင်းနယ်မြေမှ ယီယွင်ပင် ကြားဖူးလေသည်။
ကတုံးနှင့်လူက သေတ္တာထဲမှ သတ္တုလှံတစ်ချောင်း ထုတ်ယူကာ လက်ထဲတွင် ချိန်ဆကြည့်ပြီး ဆိုလေသည်..." တုတ်ခိုင်တဲ့ ဒီလှံကြီးတွေက ရှေးဦးနတ်ဒူးလေးတွေမှာ အသုံးပြုတဲ့ မြားတွေဆိုတာကို မင်းတို့တွေ ခန့်မှန်းမိလောက်ပါပြီ။ ထိုးဖောက်နိုင်စွမ်းအကြောင်း ပြောမယ်ဆိုရင် ရှေးဦးနတ်ဒူးလေးကနေ ပစ်လွှတ်လိုက်တဲ့ မြားတွေက ကြယ်ခွင်းလေးကို အပြည့်အဝယှဥ်နိုင်တယ်။ ရှေးဦးမျိုးစိတ်သားရဲတွေကိုတောင် ထိခိုက်အောင်လုပ်နိုင်တယ် "
လူအများ ရင်ထိတ်သွားကြသည်။ မြားတံများ၏ အတုတ်နှင့် အရှည်တို့အရ ရှေးဦးနတ်ဒူးလေးများက ကြောက်စရာပင်။ သို့သော် ကြယ်ခွင်းလေးက ပိုမို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုရပေမည်။
ရှေးဦးနတ်ဒူးလေးကို လေးကြိုးတင်ရန်အတွက် လူသားအရှင်သခင် ဆယ့်နှစ်ဦး၏ ပူးပေါင်းစွမ်းအား လိုအပ်လေသောကြောင့် ၎င်းအား အသုံးပြုရာတွင် အကန့်အသတ်ရှိနေသည်။ ကတုံးနှင့်လူ၏ စကားများအရ ရှေးဦးနတ်ဒူးလေးက ကြယ်ခွင်းလေးကို ထိုးဖောက်နိုင်စွမ်းတွင်သာ ယှဥ်နိုင်ခြင်းဖြစ်သည်။
ကြယ်ခွင်းလေးတွင် ထိုးဖောက်စွမ်းအားထက် ပိုသောအရာများ ရှိနေသည်။ ကြယ်ခွင်းလေးမှ ပစ်လွှတ်လိုက်သည့် မြားတံတွင် မိုးမြေယွမ်ချီနှင့် ဥပဒေသစွမ်းအားများ ပါဝင်နေပေ၏။ ကြယ်ခွင်းလေး၏ ပေါက်ကွဲစွမ်းအားက ရှေးဦးနတ်ဒူးလေးထက် ကျော်လွန်လေသည်။
ဟုတ်သည်။ ကြယ်ခွင်းလေးကို ပစ်လွှတ်ရန်အတွက်မူ လူသားပညာရှိ ဖြစ်ရပေမည်။ ယင်းသည် ရှေးဦးနတ်ဒူးလေးကို အသုံးပြုရန် လူသားအရှင်သခင်များ ပူးပေါင်းရသည်ထက် ကျော်လွန်လေသည်။
" ဒီနေ့ တိုက်ခိုက်ရေးလေ့ကျင့်မှုမှာ ငါတို့က ဒါတွေကို အသုံးပြုမယ် " ကတုံးနှင့်လူက ပြောပြောဆိုဆိုနှင့်ပင် လေးမီတာခန့်ရှည်သော သတ္တုမြားတံတစ်ချောင်းကို ခရမ်းရောင်အဖြိုက်နက်နံရံဆီသို့ ဝှီးခနဲ ပစ်လွှတ်လိုက်သည်။
ဒေါင်...။
သတ္တုချင်းထိမိသံ ထွက်ပေါ်လာသည်။ မြားတံ၏အမြီး တုန်ခါနေခြင်းကြောင့် လူအများ၏ နားစည်များပင် တုန်ခါသွားရလေ၏။
မြင်ကွင်းကြောင့် လူတိုင်း ပင့်သက်ရှိုက်လိုက်ကြသည်။ ကတုံးနှင့်လူက မြားတံကို မြေဖြူခဲအား ကိတ်မုန့်ထဲသို့ ပစ်လွှတ်လိုက်သည့်ပမာပင် အလွယ်တကူ ပစ်သွားခဲ့လေသည်။
" မင်းတို့ကိုယ်မင်းတို့ သက်သေမပြချင်ကြဘူးလား။ ရှေ့ကိုထွက်လာပြီး လှံတံကိုကိုင်ပြီးတော့ သတ္တုနံရံထဲကို နောင်တမရှိဘဲ ထိုးထည့်လိုက်ကြစမ်း။ လှံတံကို ထိုးထည့်ပြီး ပြန်ဆွဲထုတ်လိုက် "
" ယောက်ျားတစ်ယောက်ရဲ့ အခြေခံလှုပ်ရှားမှုတွေကိုတောင် မလုပ်နိုင်ဘူးဆိုရင် မင်းတို့ကိုယ်မင်းတို့ သင်းကွပ်ပစ်လိုက်ကြတော့။ မင်းတို့ကိုယ်မင်းတို့ ယောက်ျားတစ်ယောက်လို့ကို ပြောမနေတော့နဲ့ " ကတုံးနှင့်လူက ထေ့ငေါ့ကာ ဆိုလိုက်သည်။
တိုင်အာနတ်ပြည်ထောင်မှ ယောက်ျားအများစုသည် အသက်ဆယ့်ငါးနှစ်တွင် အိမ်ထောင်ပြုကြ၏။ အသက် ၁၄ နှစ်အရွယ် လူငယ်များက သမီးရည်းစားကိစ္စများတွင် တက်ကြွကြသည်။ ထို့ကြောင့် ကတုံးနှင့်လူ၏ စကားများက အတော်ပင် တာသွားခဲ့လေ၏။
လက်ရှိတွင် ရွှမ်းဝူစစ်တပ်မှ လူများမှာ စိတ်လှုပ်ရှားတက်ကြွလာကြ၏။ သူတို့၏ ယောက်ျားပီသသော စွမ်းရည်များကို ပြသရန်အတွက် မစောင့်နိုင်တော့ပေ။
စစ်တပ်ဆိုသည်မှာ အမျိုးသားများ ကြီးစိုးသည့်နေရာ ဖြစ်လေ၏။ချင်းလွမ်ဝေ့ကဲ့သို့ အမျိုးသမီးစစ်တပ်များ ရှိသော်လည်း လူအများစုကမူ စစ်တပ်သည် အမျိုးသားများ ကြီးစိုးသည့်နေရာဟုသာ ခေါင်းမာစွာဖြင့် ယုံကြည်ထားကြလေ၏။ ယောက်ျားတစ်ဦးက အဘယ်သို့များ သင်းကွပ်ခံချင်ပါမည်နည်း။
ကတုံးနှင့်လူက သူတို့အား အပုပ်ချပြောဆိုနေသည်ကို မည်သူကများ သည်းခံနိုင်ပါမည်နည်း။
အများစုသည် လက်ဆစ်များချိုးကာ လက်ဖဝါးများကို ပွတ်နေကြ၏။ သူတို့က အားအင်ကုန်ခမ်းနေသည်ကို မေ့နေသည့်အလားပင် ကြိုးစားကြည့်ရေးအတွက် မစောင့်နိုင်လောက်အောင် ဖြစ်နေကြသည်။
" နည်းပြချင်...ကျုပ်ကို လုပ်ခွင့်ပေး "
" ဘယ်သူက အကြိမ်ရေပိုများအောင် ထိုးနိုင်မလဲဆိုတာ ငါတို့တွေ မြင်ရတော့မှာပါ။ ငါ အကြိမ်တစ်ရာလောက် ထိုးပစ်မယ် "
" မင်းတို့တွေ ယောက်ျားတစ်ယောက်ဆိုရင် အကြိမ်တစ်ရာလောက် ထိုးဖို့လိုတယ်နော် "
ရွှမ်းဝူစစ်တပ်မှ လူအများစုက အော်လိုက်ကြသည်။
ကတုံးနှင့်လူက လေးလေးနက်နက်ပြုံးကာ..." ကောင်းပြီ... ကြိုးစားကြည့်ချင်တဲ့သူတွေ ရှေ့ထွက်ခဲ့ကြ "
ရွှမ်းဝူစစ်တပ်မှ လူရှစ်ဦး ချက်ချင်းထွက်လာသည်။ ထိုသူများ သေတ္တာထဲမှ ရှေးဦးမြားများကို ကောက်ယူလိုက်ကြသည်။ လက်ထဲသို့ ရှေးဦးမြားများ ရောက်လာသည်နှင့် သူတို့၏ အမူအရာများ ပြောင်းလဲသွားလေ၏။ မြားက သူတို့ ထင်ထားသည်ထက် ပိုမိုကာ လေးနေချေ၏။
" သောက်ကျိုးနည်း "
ရွှမ်းဝူစစ်တပ်မှ လူများ ချွေးစို့လာရ၏။
အမှန်တကယ်တွင်မူ ရှေးဦးမြားကိုသာမန်သံသတ္တုဖြင့် ပြုလုပ်ထားလျှင် လေးမီတာ အလျားနှင့် လက်မောင်းလုံးခန့် အတုတ်တို့ကြောင့် ပေါင်ချိန်နှစ်ထောင် ၊ သုံးထောင်ခန့် အလေးချိန်ရှိလေသည်။
သို့သော် ရှေးဦးမြားတံများကို လေးလံသည့် သတ္တုများနှင့် အထူးပြုလုပ်ထားလေသောကြောင့် အလေးချိန်က သာမန်သတ္တုများထက် အဆတစ်ရာခန့် ပိုလေးသည်။
ရွှမ်းဝူစစ်တပ်မှ လူများ အထွတ်အထိပ်အခြေအနေတွင် ရှိနေလျှင်ပင် ဤကဲ့သို့မြားတံမျိုးကို ကိုင်မနိုင်သည်ဆိုရုံမျှသာ လုပ်နိုင်ပေလိမ့်မည်။ နတ်အရိုင်းမြေခန်းမထဲတွင် နှစ်နာရီခန့် နေခဲ့ရခြင်းနှင့် ဖားခုန်ခုန်ထားရခြင်းတို့ကြောင့် သူတို့ ပင်ပန်းနေရသည်။ သူတို့ အားအင်အချို့ ပြန်ရလာသော်လည်း ထိုမျှလေးလံသော ရှေးဦးမြားကို မနိုင်ရန်မှာမူ မဖြစ်နိုင်ပေ။
" ကြွလာစမ်း "
" ကြွလာစမ်းကွာ "
သန်မာသော လူငယ်များက အဆုတ်ကွဲလုမတတ် အော်ဟစ်နေကြ၏။ သူ အားအကုန်သုံးထုတ်သုံးထားပြီး အံတင်းတင်းကျိတ်ထားလျက်ရှိ မျက်လုံးအိမ်များ ပေါက်ထွက်လုနီးပါး ဖြစ်နေရသည်။
" လာစမ်း...ကြွလာစမ်း "
ကြွက်သားတောင့်တင်းသော လူငယ်တစ်ဦးမှာ နဖူးတွင် သွေးကြောများ ထောင်ထနေလေ၏။ သူ မည်မျှပင် ကြိုးစားနေစေကာမူ နဖူးတွင် ချွေးသီးချွေးပေါက်များ ကျလာသည်မှလွဲ၍ ထူးခြားမလာခဲ့ပေ။
ခွန်အားကြီးသူများက ရှေးဦးမြားကို တစ်ဝက်ခန့် မနိုင်ကြသော်လည်း အပြည့်အဝ မြင့်တက်လာသည်အထိ မြောက်မလာကြပေ။
နတ်အရိုင်းမြေခန်းမထဲတွင် အားကုန်ထားကြသည့် အားနည်းနေသူများအဖို့မူ ရှေးဦးမြားတံက သတ္တုသေတ္တာနှင့် ပေါင်းစည်းနေသည့်ပမာ ခံစားနေရသည်။ သူတို့ မည်မျှပင် အားသုံးစေကာမူ မြားတံက တုတ်တုတ်ပင် မလှုပ်ပေ။
ကျင်းလုံဝေ့မှလူများ အပါအဝင် ဘေးပတ်လည်မှ လူများမှာ မြင်ကွင်းကြောင့် ကြက်သေသေနေကြရလေ၏။