ပညာရှိတစ်ဦးရဲ့ အဓိပ္ပါယ်က ဘာလဲ
Vol. 12 Ch. 171
ယီယွင် သတ္တုသေတ္တာဆီသို့သွား ရှေးဦးမြားတစ်ချောင်းအား ကိုင်လိုက်သည်။ သူ မြားတံကိုင် ကိုင်လိုက်သည့်အခိုက်တွင် အေးစက်သော အထိအတွေ့ကြောင့် ရင်ထိတ်သွားရလေ၏။
သူ ခြေထောက်များ မြဲမြံစွာရပ်ကာ ဘယ်လက်အား ရှေ့သို့တိုးပြီး ညာလက်အား နောက်သို့ဆုတ်ကား မြားတံအား ဖိလိုက်သည်။ သူသည် ရှေးဦးမြားကို ပင့်မြောက်ရန်အတွက် ပခုံးကို အသုံးမပြုလိုပေ။ တုတ်ခိုင်သော ရှေးဦးမြားကို သူ၏လက်နှစ်ဖက်အား အသုံးပြု၍သာ ပင့်မြောက်လိုလေ၏။
ကတုံးချင် ပြောသည်မှာ မှန်လေသည်။ လှံဖြင့်ထိုးရန် လက်ကို အသုံးပြုရပေမည်။ လှံကို ပခုံးအသုံးပြုကာ မည်သို့များ ထိုးပါမည်နည်း။
" ဒီကလေး " ကျိုးခွေ့သည် ယီယွင် လုပ်မည့်အရာကို သိသွားလေ၏။
ယီယွင် အသက်ပြင်းပြင်းရှုလိုက်ပြီး မျက်ဝန်းများ တောက်ပလာသည်။ သူ တင်ပါးနှင့်ခြေထောက်များ ကျားကန်ထားပြီး ပခုံးနှင့် လက်များဆီသို့ ခွန်အားများ ပို့လွှတ်လိုက်လေ၏။ ယခုတွင် သူ ခွန်အားအကုန် သုံးထားလေသည်။
ယီယွင်၏လက်များ ဖောင်းကြွလာကာ သွေးကြောများ ထောင်လာ၏။ ရှေးဦးမြားက အလွန်ပင် လေးလံလှသည်။ ရှေးဦးမြား ကြွတက်လာ၏။ ရှေးဦးမြား၏ ကြောက်မက်ဖွယ်ရာ အလေးချိန်ကို ယီယွင် ခံစားမိလေပြီး သူ၏လက်မှ ကြွက်သားများကို စုတ်ပြဲသွားစေလုနီးပါး ဖြစ်နေစေလေသည်။
" ဒီကလေးက ရှေးဦးမြားကို တကယ်ပဲ မြောက်နေပြီ "
ရွှမ်းဝူစစ်တပ်မှ လူများက မြင်ကွင်းကြောင့် မျက်မှောင်ကုတ်သွားကြလေ၏။
သို့သော် ရှေးဦးမြားကို မြောက်နိုင်သည်မှာ ပထမအဆင့်သာ ရှိသေးလေ၏။ ရှေးဦးမြားကို ခရမ်းရောင်အဖြိုက်နက်နံရံထဲသို့ ထိုးစိုက်ခြင်းကသာ တကယ့်အခက်အခဲ ဖြစ်လေသည်။
ယီယွင်က ရှေးဦးမြားကို ကိုင်ထားလျက်ဖြင့် လက်များကို ရှေးဦးမြား၏ ခါးအလယ်ဆီသို့ ရွှေ့သွားလေသည်။
ယီယွင်၏လက်များ တုန်ယင်နေသည်။ ထိုသို့ဖြစ်ရသည်မှာ ရှေးဦးမြား၏ ကြီးမားသောဖိအားကို လက်များကို မခံနိုင်တော့လေသောကြောင့် ရုန်းနေကြခြင်း ဖြစ်လေ၏။ ယင်းသည် ယီယွင်က အကန့်အသတ်သို့ ရောက်လုနီးပါးဖြစ်နေကြောင်း သက်သေပြနေ၏။
ယီယွင်၏တန်းထျန်ထဲတွင် ချီများ ဖြည်းညင်းစွာ လည်ပတ်နေသည်။ ယင်းစွမ်းအင်သည် ရှေးဦးမျိုးစိတ်များ၏ ပျက်စီးခြင်းစွမ်းအင် ဖြစ်လေ၏။
ရှေးဦးမျိုးစိတ်များ၏ စွမ်းအင်များက အလွန်တရာပင် သန့်စင်လှသည်။ ၎င်းက သွေးလည်ပတ်မှုထဲသို့ ရောက်သွားချိန်တွင် ယီယွင်မှာ ပြန်လည်အားပြည့်သွားရကာ အရိုးတွင်းခြင်ဆီများကို သန့်စင်သွားစေသည်။
ရှေးဦးမျိုးစိတ်စွမ်းအင်များက ယီယွင် ဖားခုန်ခုန်ရာတွင်လည်း အားအင်ပေးခဲ့လေပြီး အသွေးအသားများထဲတွင် တဖြည်းဖြည်းချင်း ပျော်ဝင်သွားခဲ့သည်။
" ညီနောင်ယီက အတော်ဆုံးပဲ "
" လုပ်ထား ယီယွင် "
ကျင်းလုံဝေ့ အဖွဲ့ဝင်များက လက်သီးလက်မောင်းတန်းကာ ယီယွင်ကို အားပေးနေကြ၏။
ယီယွင် ခရမ်းရောင်အဖြိုက်နက်နံရံကို လှမ်းကြည့်ကာ အံကျိတ်လိုက်ပြီး ရှေ့သို့တက်သွားလေသည်။ သူ၏ခြေလှမ်းတိုင်းက မြေပြင်ကို ပြင်းစွာတုန်ခါနေစေသည်။ ယီယွင်က မြားတံကို လျင်မြန်စွာပင် ပင့်မြောက်လိုက်၏။ သူ၏လက်အစုံအား ရှေ့သို့ ဆက်ခနဲတွန်းထုတ်လိုက်သည်။
ဒေါင်...။
ရှေးဦးမြားက ခရမ်းရောင်အဖြိုက်နက်နံရံကို ပြင်းထန်စွာထိကာ မြည်ဟီးသံတစ်ခု ထွက်ပေါ်လာသည်။ ပြင်းထန်သော ကန်အားကြောင့် ယီယွင် နောက်သို့ဆုတ်သွားရပြီး သွေးများဗြောင်းဆန်သွားရသည်။
ခရမ်းရောင်အဖြိုက်နက်နံရံက ကြောက်မက်ဖွယ်ကောင်းအောင် မာကျောလှချေသည်။ ရှေးဦးမြားက ခရမ်းရောင်အဖြိုက်နက်နံရံထဲတွင် ပေဝက်ခန့်သာ စိုက်နေလျက်ရှိသည်။ ထိုအနက်က ခရမ်းရောင်အဖြိုက်နက်နံရံထဲတွင် ရှေးဦးမြားတံ စိုက်ဝင်နေစေရန် လုံလောက်မှုမရှိပေ။ ရှေးဦးမြားတံကို လက်လွှတ်လိုက်သည်နှင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပေလိမ့်မည်။
ယီယွင် အံကျိတ်လိုက်ပြီး နဖူးတွင် သွေးကြောများထောင်လာသည်။ သူ ခြေလှမ်းအနည်းငယ်ဆုတ်ကာ လက်တွင်အားထည့်ပြီး ရှေးဦးမြားတံကို ထပ်မံကာထိုးလိုက်၏။
ဒေါင်...။
ဒုတိယမြောက်ကန်အားကြောင့် ယီယွင်မှာ ခန္ဓာကိုယ်ထဲရှိ ကြွက်သားများအားလုံး စုတ်ပြဲသွားသည့်အသံကိုပင် ကြားလိုက်ရသည်။
လူအများ ထိတ်လန့်သွားကြသည်။ ယီယွင်က ရှေးဦးမြားကို သတ္တုနံရံထဲသို့ အမှန်တကယ်ပင်နှစ်ကြိမ်ထိုးစိုက်ခဲ့ချေ၏။ သို့သော် သူက နှစ်ကြိမ်လုံး ကျရှုံးခဲ့ချေသည်။
ဒုတိယအကြိမ် ကန်အားက ပထမအကြိမ်ထက် အားပျော့လေ၏။ ယင်းက မြားတံကို ပေဝက်ကျော်အထိ စိုက်ဝင်သွားစေခဲ့သော်လည်း မလုံလောက်သေးပေ။
လက်ရှိတွင် ယီယွင်၏ ကြွက်သားများနှင့် အရွတ်အကြောများ စုတ်ပြဲကာ ဒဏ်ရာရနေ၏။ သူ ဆက်လက်၍ မလုပ်နိုင်တော့ပေ။
ဒေါင်...။
မြားတံ မြေပြင်ပေါ်သို့ ပစ်ကျသွားလေသည်။
ယီယွင်၏လက် အနည်းငယ်တုန်ယင်နေ၏။
လူတစ်ဦး၏ခွန်းအား လေ့ကျင့်ရခြင်းသည် တစ်ခဏအတွင်း မပြီးမြောက်နိုင်ပေ။ ယီယွင်က နတ်အရိုင်းမြေခန်းမထဲမှ ရှေးဦးမျိုးစိတ်များ၏ စွမ်းအင်များကို စုပ်ယူခဲ့သော်လည်း ငယ်ရွယ်စဥ်ကတည်းကပင် ဆေးရည်စိမ်လာခဲ့ပြီး ခွန်အားကို အချိန်ကြာမြင့်စွာ လေ့ကျင့်လာသူများထက် ဆိုးနေသေးလေသည်။
လင်ရှင်းထုံကဲ့သို့ ပြိုင်စံရှားပါရမီရှင်နှင့် နှိုင်းယှဥ်ကြည့်လျှင်မူ ကွာခြားချက်က အလွန်ကြီးမားချေသည်။ ယီယွင်အဖို့ အမီလိုက်ရန် အချိန်လိုအပ်သည်။
" အားနည်းတယ် "
ကတုံးချင်က စကားတစ်ခွန်းနှင့်သာ အကဲဖြတ်ပေးခဲ့သည်။ ထိုစကားက ယီယွင်အပါအဝင် ရာချီသော လူအားလုံးကို အကဲဖြတ်ပေးခဲ့ခြင်း ဖြစ်လေသည်။
ယီယွင် ငြိမ်နေသည်။ သူ ထုတ်ပြခဲ့သည့် စွမ်းအားက သာမန်မျှသာဖြစ်ကြောင်းကို သိသည်။ လှုပ်ရှားမှုနည်းစနစ်အရာ၌ သူ့တွင် တဒင်္ဂလှုပ်ရှားမှု ရှိလေသည်။ ခွန်အားအရာ၌မူ သူ့တွင် ဝှက်ဖဲမရှိပေ။ ပြဒါးစီးဝတ်စုံနှင့် လေ့ကျင့်ခြင်းမျှလောက်က အဆိုပါ ပါရမီရှင်များကို ယှဥ်နိုင်စရာအကြောင်း မရှိပေ။
အချိန်အတော်ကြာ ငြိမ်နေပြီးနောက် ကတုံးချင်က ဆိုလေသည်..." ငါ မင်းတို့အသက်လောက်တုန်းက တိုင်အာနတ်မြို့တော်ကို ရောက်လာခဲ့တယ်။ ငါ့ရဲ့ ပထမဆုံးလေ့ကျင့်ရေးကလည်း အခုအတိုင်းပဲ။ အဲ့ဒီတုန်းက ငါဟာ ရှေးဦးမြားတစ်ချောင်းတောင် မထိုးနိုင်ခဲ့ဘူး "
လူငယ်များ ခေါင်းမော့လာကာ ကတုံးချင်အား ကြည့်လိုက်ကြသည်။
သူက ပိန်ပါးကာ မျက်နှာတွင် အမာရွတ်တစ်ခု ရှိသည်။ သူ၏မျက်နှာအမူအရာက အတိတ်ကို လွမ်းဆွတ်တမ်းတနေဟန် ရှိနေလေ၏။
ကတုံးချင်က ဆက်ပြောလေသည်..." ရလဒ်က ငါ့ကို စိတ်ပျက်အားငယ်စေခဲ့တယ်။ အထူးသဖြင့် ပညာရှိစံအိမ်ရဲ့ ရှေးဦးမြားစိုက်စံချိန်ကို မြင်လိုက်ရချိန်မှာပေါ့ "
" မင်းတို့တွေ အဲ့ဒါကို သတိပြုမိကြလား "
သူတို့ ခေါင်းယမ်းလိုက်ကြသည်။
ကတုံးချင်က ဆိုသည်..." ရှေးဦးမြားကို ခရမ်းရောင်အဖြိုက်နက်နံရံထဲ ထိုးစိုက်တာအတွက် အထူးစံချိန်မှတ်တမ်းတစ်ခု ရှိတယ်။ စံချိန်တစ်ခု ချန်ထားနိုင်ဖို့အတွက် လိုအပ်ချက်သုံးခုရှိတယ်။ တစ်အချက်က ကျင့်ကြံသူဟာ အသက် ၁၅ နှစ်အောက် ဖြစ်ရမယ်။ နှစ်အချက်က သူတို့ရဲ့ ကျင့်ကြံမှုက ယွမ်အုတ်မြစ်ချနယ်ပယ်ထက် မနိမ့်ရဘူး။ သုံးအချက်ကတော့ ရှေးဦးမြားကို ထိုးသွင်းဖို့အတွက် ဆယ့်ငါးမိနစ်ပဲ အချိန်ယူရမယ်။ အဲ့ဒီအချိန်တုန်းက ရှေးဦးမြားကို သုံးပြီး ခရမ်းရောင်အဖြိုက်နက်နံရံထဲကို ထိုးသွင်းခဲ့တဲ့ စံချိန်က ၁၀၉ ချက်ပဲ "
၁၀၉ ချက်လား။
သူတို့ ပင့်သက်ရှိုက်လိုက်ကြပြီး ကြီးမားသောဖိအားကို ခံစားလိုက်ကြရသည်။
ကတုံးချင်၏ အဆိုအရဆိုလျှင် လူတစ်ဦး ရှေးဦးမြားကို အသုံးပြုကာ ခရမ်းရောင်အဖြိုက်နက်နံရံထဲသို့ ၁၀၉ ကြိမ် ထိုးသွင်းရန်အတွက် ခရမ်းသွေးနယ်ပယ် အထွတ်အထိပ်၌ ရှိနေရပေလိမ့်မည်။
ထိုသူ၏ကျင့်ကြံမှုက သူတို့ထက် များစွာမြင့်မားခြင်းမရှိပေ။ သူတို့ထဲမှ လူအများစုသည် ထိုးသွင်းရန်ကို ဆိုမထားနှင့် မြားတံကို ပင့်ကိုင်နိုင်ခြင်းပင် မရှိကြချေ။ ထိုသူကမူ ၁၀၉ ချက်ပင် ထိုးခဲ့ချေ၏။
ယီယွင်က နံရံပေါ်မှ မြောက်မြားစွာသော အမှတ်အသားများကိုကြည့်ကာ မေးလိုက်လေ၏..." နည်းပြချင်... အဲ့ဒီအချိန်တုန်းက အဲ့ဒီလူရဲ့အသက်က ဘယ်လောက်လဲ "
" အဲ့ဒီအချိန်တုန်းက သူက အသက် ၁၄ နှစ်ပဲ ရှိသေးတယ်။ အဲ့ဒီလူက အသက် ၁၅ နှစ်ရဲ့အထက် မဟုတ်ဘူး။ ဒါပေမဲ့ ပါရမီရှင်အများစုက အသက် ၁၅ နှစ်ဆိုရင် ယွမ်အုတ်မြစ်ချနယ်ပယ်ကို ချိုးဖျက်ပြီးကြပြီ။ အသက် ၁၅ နှစ် ကန့်သတ်ချက်က ကျင့်ကြံတာနောက်ကျတဲ့ ပါရမီရှင်တွေအတွက်ပဲ "
အသက် ၁၄ နှစ်နှင့် ခရမ်းသွေးနယ်ပယ် အထွတ်အထိပ်။
ယီယွင်က အသက် ၁၃ နှစ်နီပါးဖြစ်ပြီး သူ၏ကျင့်ကြံမှုက ခရမ်းသွေးနယ်ပယ် အစပျိုးအဆင့်သာ ဖြစ်လေ၏။ သူ တစ်နှစ်ခန့်ပင် ကြိုးစားရပေဦးမည်။
ကတုံးချင်က ဆိုသည်..." အခုချိန်ထိ အဲ့ဒီစံချိန်ကို စိန်မခေါ်နိုင်သေးတာ နှစ်သုံးထောင်လောက် ရှိပြီ။ နှစ်သုံးထောင်အတွင်းမှာ အနီးစပ်ဆုံးစံချိန်က ၁၀၅ ချက်ပဲ။ အဲ့ဒီလူလည်း နောက်ဆုံးတော့ ပညာရှိတစ်ဦး ဖြစ်သွားခဲ့တယ် "
" ပညာရှိဆိုတာ ဘာလဲဆိုတာကို မင်းတို့မှာ အယူအဆတစ်ခုခု ရှိလား "
ပညာရှိများအကြောင်း ပြောလာချိန်တွင် ကတုံးချင်၏ အမူအရာက လေးစားနေသည့်ဟန်သို့ ပြောင်းလဲသွားလေ၏။
" ပညာရှိတွေဟာ လူသားအကျော်အမော်တွေပဲ။ တိုင်အာနတ်မြို့တော်မှာဆိုရင် ပညာရှိတစ်ဦး ဖြစ်လာခဲ့ရင် မြို့တော်ရဲ့ အကြီးအကဲတစ်ဦးဖြစ်လာဖို့ ရွေးချယ်နိုင်တယ်။ တိုင်အာအကြီးအကဲတစ်ဦးက တိုင်အာနတ်မြို့တော်ရဲ့ အရင်းအမြစ်တွေကို ထိန်းချုပ်စီမံနိုင်တယ်။ သူတို့က ဗဟိုနတ်မျှော်စင်ရဲ့ အလွှာ ၉၀ မှာ နေကြတယ် "
" တိုင်အာအကြီးအကဲ အရေအတွက်က လက်တစ်ဆုပ်စာတောင် မပြည့်ဘူး။ တိုင်အာနတ်မြို့တော်ရဲ့ သမိုင်းမှာ တိုင်အာအကြီးအကဲ အရေအတွက်က ဆယ်ယောက်ထက် မပိုဖူးဘူး "
" တိုင်အာနတ်ပြည်ထောင်တစ်ခုလုံးမှာ ပညာရှိတွေ တော်တော်များများရှိပေမဲ့ အများကြီးတော့ တိုးမလာဘူး။ ပညာရှိတစ်ဦးရဲ့ သက်တမ်းက နှစ်တစ်သောင်းကျော်အထိ ရှိနိုင်တယ်။ တိုင်အာနတ်ပြည်ထောင်တစ်ခုလုံးကို အဲ့ဒီပုံစံအတိုင်း တွက်ကြည့်မယ်ဆိုရင် နှစ်ငါးရာတိုင်းမှာ ပညာရှိတွေက တစ်ဦးထက်ပိုပြီး ပေါ်ထွန်းနိုင်မှာမဟုတ်ဘူး "
" တိုင်အာနတ်မြို့တော်မှာ လေ့ကျင့်ဖို့အတွက် စေလွှတ်ခဲ့တဲ့ တပ်သားသစ်တွေ ဘယ်လောက်များလဲဆိုတာကို မင်းတို့ သိကြလား "
" မင်းတို့က အရေအတွက်ကို သိနိုင်လောက်ပါတယ်။ တစ်နှစ်ကို လူနှစ်ထောင်ပဲ။ အသုတ်တိုင်းက ခြောက်နှစ်သင်တန်းတက်ရတယ်။ ဒါကြောင့် တိုင်အာနတ်မြို့တော်ထဲမှာ လေ့ကျင့်နေကြတဲ့ လူငယ်လက်ရွေးစင် အရေအတွက်က ပျှမ်းမျှအားဖြင့် ၁၂၀၀၀ လောက် ရှိတယ်။ နှစ်ပေါင်းငါးရာဆိုရင် ဘယ်လောက်ရှိမလဲ။ လူပေါင်းတစ်သန်းကျော်တယ် "
" အဲ့ဒီလူတွေဟာ တိုင်အာနတ်ပြည်ထောင်အနှံ့က လက်ရွေးစင်တွေပဲ။ လက်ရွေးစင်တစ်သန်းမှာတောင် ပညာရှိတစ်ဦး ပေါ်မလာနိုင်ဘူး။ ဒီဖြစ်နိုင်ခြေရဲ့ ထူးခြားမှုကို မင်းတို့တွေ နားလည်နိုင်ကြလား "
" လူတွေက အကြွင်းမဲ့ ပါရမီရှိနေရင် လူငယ်ပညာရှိဆိုပြီး မကြာခဏ ပေါက်ကရပြောကြတယ်။ သူတို့ရဲ့ ပါရမီတွေကို အကဲဖြတ်ကြည့်ရင် ဆန်းကြယ်မှုစံနှုန်း လူသားအရှင်သခင်အဆင့် ၊ မြေစံနှုန်း ပညာရှိအဆင့် ၊ ကောင်းကင်စံနှုန်း မဟာဧကရာဇ်အဆင့် ဆိုပြီး ရှိတယ် "
" တကယ်တော့ လူငယ်ပညာရှိဆိုပြီး အခေါ်ခံနေကြတဲ့သူတွေ အားလုံးက ပညာရှိတစ်ပါး ဖြစ်လာနိုင်ခြေက နိမ့်တယ်။ မြေစံနှုန်း ပညာရှိအဆင့်အဖြစ် အကဲဖြတ်ခံရတဲ့ လူငယ်သူရဲကောင်းတွေမှာပဲ အခွင့်အရေးရှိတယ်။ ပြီးတော့ သူတို့တွေက ဖြစ်လာနိုင်ပါ့မလား "
" ခက်ခဲတယ်ကွ "
ကတုံးချင်၏ စကားများကြောင့် လူငယ်များ ပြောစရာမဲ့နေကြရသည်။
နှစ်ငါးရာတွင် ပညာရှိတစ်ဦးသာ ပေါ်ထွန်းနိုင်၏။ တိုင်အာနတ်မြို့တော်မှ လက်ရွေးစင်တစ်သန်းအတွက်ပင် ပညာရှိတစ်ဦး ဖြစ်လာနိုင်ရန် မသေချာပေ။
လက်ရှိတွင် တိုင်အာနတ်မြို့တော်ထဲမှ မိုးနှင့်မြေ ဂုဏ်အဆင့်နှစ်ခုလုံးတွင် ချင်ဟောက်ထျန်းက ပထမ ဖြစ်သည်။ သူ့အား လူငယ်ပညာရှိအဖြစ် ဘွဲ့ထူးတပ်ထားကြလေ၏။ သို့တိုင်အောင်ပင် သူ့အဖို့ ပညာရှိတစ်ဦး ဖြစ်လာနိုင်သည့် အခွင့်အရေးကမူ ၁% ပင် မပြည့်ချေ။
လေထုသည် တိတ်ဆိတ်သွားလေ၏။
ကတုံးချင်၏ စကားများကို ယီယွင် ပြန်တွေးကြည့်နေသည်။ သူ တောက်မျိုးနွယ်ထဲတွင် ရှိခဲ့စဥ်က ဆန်းကြယ်မှုအဆင့် အဆင့် ၅ အဖြစ် အကဲဖြတ်ခံခဲ့ရသည်။ ၎င်းက လူသားအရှင်သခင်အဆင့် ဖြစ်လေ၏။
လူအများက ပညာရှင်အဆင့် ပါရမီရှင်များကို ပညာရှိတစ်ဦး ဖြစ်မလာနိုင်ဟု အကဲဖြတ်လေ၏။ သူကမူ လူသားအရှင်သခင်အဆင့်သာဖြစ်ပြီး လူသားအရှင်သခင်အဆင့်ထဲတွင်ပင် ထိပ်ပိုင်း၌ ရှိမနေပေ။ ထိုသို့ဆိုလျှင် သူက ခရီးရှည်ကြီး ဝေးကွာနေသေးလေသည်။
သို့သော် ယီယွင်က စိတ်ပျက်အားငယ်ခြင်း မရှိပေ။ ထို့အပြင် သူ သိုင်းပညာလေ့ကျင့်သည်မှာ မည်မျှ ကြာသေးသနည်း။
နှစ်ဝက်ပင် မရှိသေးပေ။ သိုင်းမိသားစုများထံမှ ငါးနှစ်သားအရွယ်မှ စတင့်ကျင့်ကြံလာသည့် လူများကို နှစ်ဝက်ခန့်မျှဖြင့် မယှဥ်နိုင်သည်မှာ ပုံမှန်သာဖြစ်သည်။
ယီယွင်၏ရှေ့တွင် ခရီးရှည်ကြီး ရှိနေသေးလေ၏။