မှော်နဂါးကြေးပြား
Vol. 12 Ch. 172
ယီယွင်နှင့် အခြားသူများ၏ လေ့ကျင့်ရေးက နေဝင်ချိန်အထိ ကြာမြင့်ခဲ့သည်။ ယီယွင်အပါအဝင် လူအားလုံး မောဟိုက်နေကြ၏။ သူတို့၏ အရေပြားများ ဆွဲချွတ်ခံထားရသည့်ပမာ ခံစားနေကြရသည်။
သို့သော် လေ့ကျင့်ရေးအဆုံးအထိ လူဆယ်ဦးကသာ ရှေးဦးမြားကို မ နိုင်ခဲ့ကြသည်။ ထိုဆယ်ဦးသည် ကျိုးခွေ့နှင့် ယီယွင်တို့အပြင် အနားယူသည်မှာ အချိန်ကြာခဲ့သည် ရွှမ်းဝူစစ်တပ်မှ လူများ ဖြစ်ကြလေ၏။ သူတို့က ပိုကောင်းသည့် အခြေအနေတွင် မြားတံကို မ နိုင်သည်ဆိုရုံသာ ရှိခဲ့လေသည်။
သို့သော် မည်သူကမျှ ရှေးဦးမြားကို အသုံးပြုပြီး ခရမ်းရောင်အဖြိုက်နက်နံရံပေါ်တွင် တစ်ပေထက်ပိုသော အမှတ်အသားဖြစ်အောင် မလုပ်နိုင်ခဲ့ကြပေ။
" ဒီနေ့ကနေစပြီး မင်းတို့တွေ လေ့ကျင့်ဖို့အတွက် ကျောင်းမြေကို အချိန်မရွေး လာလို့ရတယ်။ ခရမ်းရောင်အဖြိုက်နက်နံရံက မင်းတို့တွေ အသုံးပြုဖို့အတွက်ပဲ။ ရက်သုံးဆယ်... ငါ မင်းတို့ကို ရက်သုံးဆယ် အချိန်ပေးမယ်။ တစ်ယောက်ယောက်က ခရမ်းရောင်အဖြိုက်နက်နံရံပေါ်မှာ မြားတံသုံးချောင်း ထိုးစိုက်နိုင်တဲ့နေ့ကျရင် ငါက အဲ့ဒီလူကို နတ်အရိုင်းမြေခန်းမထဲမှာ နှစ်နာရီကျင့်ကြံခွင့် ဆုပေးမယ် " တန်းမဖြုတ်မီတွင် ကတုံးချင်က ထိုစကားများ ပြောလိုက်လေရာ လူငယ်များ၏စိတ်များ တုန်ယင်သွားရသည်။
နတ်အရိုင်းမြေခန်းမထဲတွင် ကျင့်ကြံခွင့်ရမည့် ဆုလာဘ်တဲ့လား။
ယီယွင်သာမက လူတိုင်းလိုပင် နတ်အရိုင်းမြေခန်းမထဲတွင် ကျင့်ကြံလိုကြသည်။ နတ်အရိုင်းမြေခန်းမထဲတွင်ရှိသည် ရှေးဦးမျိုးစိတ်များ၏ ရုပ်ထုများက သူတို့အတွက် အလွန်တရာပင် အကျိုးရှိသည်။ သူတို့သာ မကြာခဏ ဝင်နေရမည်ဆိုပါက ကျင့်ကြံမှုများ ခုန်ပေါက်ကာ တိုးတက်သွားပေလိမ့်မည်။
သို့သော် ရက်သုံးဆယ်အတွင်း ခရမ်းရောင်အဖြိုက်နက်နံရံထဲသို့ ရှေးဦးမြားသုံးချောင်း ထိုးစိုက်ရန်မှာ လွယ်ကူသည့်ဟာဝန်တစ်ခု မဟုတ်ကြောင်းမှာ သံသယဖြစ်ရန်မလိုပေ။ ထို့အပြင် ကတုံးချင် ပေးထားခဲ့သည့် ဆုလာဘ်ကလည်း နှစ်နာရီသာ ဖြစ်လေသည်။
" နည်းပြချင်... နတ်အရိုင်းမြေခန်းမထဲကို ဝင်ဖို့အတွက် မှော်နဂါးကြေးပြားတွေ သုံးမယ်ဆိုရင် ဘယ်လောက်ကျသင့်မလဲ " တစ်စုံတစ်ဦးက မေးလိုက်လေသည်။
ကတုံးချင်က ပြက်ရယ်ပြုလိုက်သည်..." ဟား... မင်းတို့အားလုံး အရှုံးသမား စစ်သည်တစ်ဖွဲ့နဲ့ တူနေတယ်။ ငါ ရိုင်းရိုင်းပြောရမယ်ဆိုရင် မင်းတို့တွေကို နတ်အရိုင်းမြေခန်းမထဲ ဝင်ခွင့်ပေးတာက အရင်းအမြစ်တွေကို ဖြုန်းတီးလိုက်တာပဲ။ မင်းတို့က နတ်အရိုင်းမြေခန်းမကို မင်းတို့ရဲ့ခန္ဓာကိုယ်တွေကို ပုံသွင်းဖို့နဲ့ သွေးတွေကို သိပ်သည်းစေဖို့အတွက်ပဲ အသုံးချနေကြတာမလား။ ဒါဟာ ရတနာတစ်ခုကို ဖြုန်းတီးနေတာပဲ "
" နတ်အရိုင်းမြေခန်းမထဲမှာ အရေးအကြီးဆုံးအရာက ပထမမြို့သခင် ချန်ထားရစ်ခဲ့တဲ့ ဥပဒေသတွေပဲ။ မင်းတို့သာ အဲ့ဒီဥပဒေသတွေကို ထိုးထွင်းသိမြင်မှုအချို့ ရခဲ့မယ်ဆိုရင် ဘယ်လောက်ပဲ သေးငယ်နေပါစေကွာ မင်းတို့အနေနဲ့ သိုင်းပညာလမ်းကြောင်းပေါ် ခြေချနိုင်ပြီလို့ ပြောလို့ရတယ်။ သေးငယ်တဲ့ အောင်မြင်မှုက အကြီးမားဆုံး အရေးသာမှု ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ မင်းတို့တွေ ဥပဒေသအမှန်တရားတွေအကြောင်း လေ့လာဖူးကြရဲ့လား "
နည်းပြချင်က လူအုပ်ကို သိမ်းငှက်မျက်လုံးများပမာပင် စူးရဲစွာကြည့်လိုက်သည်။
လူငယ်များစွာ ဇက်ပုသွားကြ၏။ ဥပဒေသအမှန်တရား ဆိုသည်မှာ ဝေးကွာလွန်းချေသည်။
ထို့အပြင် သူတို့ နတ်အရိုင်းမြေခန်းမထဲသို့ ပထမဆုံးအကြိမ် ဝင်ခဲ့ဖူးခြင်း ဖြစ်လေသည်။ သူတို့၏ ကျင့်ကြံမှုအဆင့်က နိမ့်လွန်းလေ၏။ ရှေးဦးမျိုးစိတ်များထံမှ ဖိအားများက မခံနိုင်လုနီးပါးပင်။ ဥပဒေသအမှန်တရားများကို ထိုးထွင်းသိမြင်မှုအချို့ ရရှိရန်အတွက်ကမူ နတ်အရိုင်းမြေခန်းမ၏ ဖိအားများကို တောင့်ခံရန်အတွက် သူ၏ခွန်အားများအားလုံး အသုံးပြုနေရသည်ဖြစ်ရာ အမှန်တရားများကို ထိုးထွင်သိမြင်မှုရရေးအတွက် အဘယ်သို့များ စိတ်ခွန်အား ရှိနေပါမည်နည်း။
အများစုသည် နိမ့်ကျသွားသည့်ပမာ ခံစားလိုက်ရ၏။ သူတို့က ဆိုင်ရာမြို့များတွင် ဂုဏ်ယူဖွယ်ရာ ပါရမီရှင်များ ဖြစ်ကြသော်လည်း တိုင်အာနတ်မြို့တော်သို့ ရောက်လာချိန်တွင်မူ မည်သည့်အရာကိုမျှ အောင်မြင်စွာ မစွမ်းဆောင်နိုင်သေးပေ။ သူတို့က အရာအားလုံးတွင် နောက်ဆုံးဖြစ်နေလေ၏။
လူငယ်တစ်ဦးက ရေရွတ်လိုက်သည်..." ငါတို့တွေ နောက်တစ်ကြိမ် ဝင်ခွင့်ရရင် ထိုးထွင်းသိမြင်မှုတွေ သေချာပေါက်ရရမယ် "
" ဟဲဟဲ "
ကတုံးချင်က ပြက်ရယ်ပြုလိုက်သည်..." နောက်တစ်ကြိမ်တဲ့လား။ နတ်အရိုင်းမြေခန်းမထဲကို ဝင်ဖို့အတွက် နှစ်နာရီဆိုရင်တောင် မှော်နဂါးကြေးပြားတစ်ထောင် ပေးရတယ်။ မင်းတို့အတွက် နောက်တစ်ကြိမ်ဆိုတာ မရေရာဘူး။ မှော်နဂါးကြေးပြားတစ်ထောင် ရအောင်ရှာပြီးမှပဲ ဆက်ပြောကြတာပေါ့ကွာ "
ထိုလူငယ်က ဇက်ပုသွားလေ၏။ သူ ကတုံးချင်ကို နှုတ်လှန်ထိုးဝံ့ခြင်း မရှိပေ။
" မှော်နဂါးကြေးပြားတစ်ထောင်က ဘယ်လောက်လဲဆိုတာကို ငါတို့ မသိဘူး။ မှော်နဂါးကြေးပြားတစ်ထောင် ရဖို့အတွက် ဘယ်လောက်ခက်ခဲတာလဲ " လူငယ်တစ်ဦးက မေးလိုက်သည်။
ယီယွင် တွေးကာမေးလိုက်လေ၏..." နည်းပြချင်... မှော်နဂါးကြေးပြားတွေ ရှာဖို့အတွက် အမြန်ဆုံးနည်းလမ်းကို ကျုပ် သိလို့ရမလား "
လူငယ်အားလုံးက နတ်အရိုင်းမြေခန်းမထဲသို့ ထပ်မံကာ ဝင်လိုကြသော်လည်း မည်သူကမျှ ယီယွင်လောက် ဆန္ဒမကြီးမားပေ။ နတ်အရိုင်းမြေခန်းမထဲသို့ ဝင်ချိန်တိုင်း ယီယွင်၏ခွန်အားများ ခုန်ပေါက်တိုးတက်သွားပေလိမ့်မည်။
လက်ရှိတွင် ယီယွင်က ရှေးဦးမျိုးစိတ်စွမ်းအင်အများစုကို စုပ်ယူထားခဲ့ပြီး ဖြစ်သည်။ သူ၏ကျင့်ကြံမှက ခရမ်းသွေးနယ်ပယ် အလယ်အဆင့်သို့ ချဥ်းကပ်နေပြီဟု ခံစားမိသည်။
ကတုံးချင်က ဆိုသည်..." မှော်နဂါးကြေးပြား ရဖို့အတွက်က သာမန်နည်းလမ်း ခြောက်ခုရှိတယ်။ ပထမတစ်ခုက ပျက်စီးခြင်းသားရဲတွေကို သတ်ပြီးတော့ ခန္ဓာကိုယ်ကို တိုင်အာနတ်မြို့တော်ထဲမှာ မှော်နဂါးကြေးပြားတွေနဲ့ လဲလှယ်တာပဲ။ မင်းတို့သာ သန်မာတယ်ဆိုရင် မှော်နဂါးကြေးပြားတွေ ရှာရတာ အရမ်းကိုမြန်လိမ့်မယ်။ ဒါပေမဲ့ ပျက်စီးခြင်းသားရဲတစ်ကောင်ကို အမဲလိုက်ဖို့အတွက် လိုအပ်တဲ့ခွန်အားက အရမ်းကိုမြင့်တယ်။ နတ်အရိုင်းမြေခန်းမထဲမှာ နှစ်နာရီပဲ နေခဲ့ရရုံနဲ့တင် သာခွေယိုင်နေကြတဲ့ မင်းတို့တွေအတွက်ကတော့ ပျက်စီးခြင်းသားရဲတွေရဲ့ အစာတွေပဲ ဖြစ်သွားလိမ့်မယ် "
" ဒုတိယနည်းလမ်းကလည်း မြန်တယ်။ အဲ့ဒါကတော့ အခြားကျင့်ကြံသူတွေဆီကနေ မှော်နဂါးကြေးပြားတွေ ရှာတာပဲ။ ဥပမာပြောရင် အခြားသူတွေနဲ့ ကုန်သွယ်တာ ဒါမှမဟုတ် လောင်းကြေးထည့်ပြီး တိုက်ခိုက်ကြတာမျိုးပဲ။ တိုင်အာနတ်မြို့တော်ထဲက ပြိုင်ကွင်းတွေမှာ မှော်နဂါးကြေးပြားတွေ လောင်းကြေးထည့်နိုင်ရုံတင်မကဘူး ဂုဏ်အမှတ်ကိုတောင် လောင်းကြေးထည့်နိုင်တယ်။ ဒါပေမဲ့ မင်းတို့တွေ မသွားကြဖို့ကို ငါ အကြံပေးလိုက်မယ်။ လက်ရှိ မင်းတို့ရဲ့စွမ်းအားက အသတ်ခံရမဲ့ သိုးတွေလိုပဲ ဖြစ်နေလိမ့်မယ်။ ဝံပုလွေအုပ်ရှေ့မှာ မင်းတို့ကိုယ်မင်းတို့ မကယ်နိုင်ဖြစ်သွားမယ် "
" တတိယနည်းလမ်းကတော့ ဂုဏ်သုံးဆင့်ပေါ်မှာ ပါနိုင်အောင်လုပ်တာပဲ။ လစဥ် အဆင့်တွေပြန်စီချိန်တိုင်းမှာ မှော်နဂါးကြေးပြားတွေ ထိုက်သင့်သလောက် ဆုပေးကြတယ်။ ဒါကလည်း မင်းတို့တွေ အဆင့်ချိတ်နိုင်မှ ရမှာပါလေ။ မင်းတို့အတွက်က နောက်နှစ်နှစ်လောက်အထိ အခွင့်အရေးမရှိဖို့ များပါတယ် "
" စတုတ္ထနည်းလမ်းကတော့ စံချိန်ချိုးတာ ဒါမှမဟုတ် ဥပဒေသအချို့ကို ထိုးထွင်းသိမြင်နိုင်တာလိုမျိုး အောင်မြင်မှုအတိုင်းအတာအချို့ ရမှဖြစ်မယ်။ ဒါကလည် မှော်နဂါးကြေးပြားတွေ တပုံတပင်ရနိုင်တယ်ဆိုပေမဲ့ မင်းတို့တွေနဲ့ လားလားမှမဆိုင်ဘူး "
" ပဥ္စမနည်းလမ်းကတော့ မင်းတို့ရဲ့ နည်းပြတွေဆီကနေ ဆုလက်ခံရယူတာပဲ။ ဒါပေမဲ့ ငါက မင်းတို့ကို မှော်နဂါးကြေးပြားတွေ ဆုပေးရလောက်တဲ့အထိ မင်းတို့က ထူးချွန်တယ်လို့ ထင်မိကြရဲ့လား "
" နောက်ဆုံးနည်းလမ်းကတော့ မှော်နဂါးကြေးပြားရဖို့အတွက် မိုင်းတွင်းတူးတာ ၊ ဆေးပင်ခူးတာ ၊ အခြားသူတွေနဲ့ လက်ယှဥ်တာလိုမျိုး တောက်တိုမယ်ရအလုပ်တွေ လုပ်တာပဲ။ ဒီနည်းလမ်းက နှေးတယ်ဆိုပေမဲ့ အားသာချက်ကတော့ မင်းတို့တွေ လူတစ်ဦး ဖြစ်နေသရွေ့ လုပ်နိုင်တာပဲ "
ကတုံးချင်၏ စကားများထဲတွင် " မင်းတို့က အားနည်းတယ် " ဟူသည့် စကားလုံးက ပြတ်လပ်မသွားပေ။ လူငယ်များ ကြောင်အနေကြရ၏။
အဆုံးတွင်မူ မှော်နဂါးကြေးပြား ရရှိနိုင်သည် သာမန်နည်းလမ်း ခြောက်ခုအနက်မှ ငါးခုသည် သူတို့နှင့် မသက်ဆိုင်ပေ။ ကတုံးချင်က ထိုနည်းလမ်းများကို ရယ်စရာလုပ်ကာ ပြောပြသွားခြင်းသာဖြစ်သည်ဟုပင် သူတို့ ခံစားမိသည်။
ငွေရနိုင်သည် လမ်းကြောင်းများထဲတွင် နောက်ဆုံးတစ်ခုဖြစ်သည့် တောက်တိုမယ်ရအလုပ်ကသာ ဖြစ်နိုင်သည့်နည်းလမ်း ဖြစ်ချေ၏။ ထိုလမ်းကြောင်းက မှော်နဂါးကြေးပြားများ အရနည်းကာ လူကြား၍လည်းမကောင်းပေ။ သူတို့ တိုင်အာနတ်မြို့တော်ထဲတွင် မကျင့်ကြံရမီတွင် တောက်တိုမယ်ရအလုပ်များ လုပ်ရပေလိမ့်မည်။
သို့သော် သူတို့၏ လေ့ကျင့်ရေးအတွက် တောက်တိုမယ်ရအလုပ်များကို သည်းခံကာ လုပ်ရပေတော့မည်။ ဤသည်ကား စစ်သည်များ၏ မြို့တစ်ခုဖြစ်သည့် တိုင်အာနတ်မြို့တော် ဖြစ်ချေ၏။ သာမန်သေမျိုးများ မရှိသလို အားနည်းသည့် စစ်သည်များလည်း များစွာမရှိပေ။
" ကျုပ် တစ်ခုလောက်မေးချင်ပါတယ် နည်းပြချင်။ ကျုပ်တို့ တောက်တိုမယ်ရအလုပ်တွေ လုပ်မယ်ဆိုရင် တစ်ရက်ကို ဘယ်လောက်ရနိုင်လဲ " လူငယ်တစ်ဦးက မေးလေသည်။
" ဒါကတော့ မင်းတို့တွေ ဘာလုပ်သလဲဆိုတဲ့အပေါ် မူတည်တယ်။ ပုံမှန်ဆိုရင်တော့ တစ်ရက်ကို မှော်နဂါးကြေးပြားနှစ်ဆယ်စွန်းစွန်းလောက် ရပါတယ် "
လူငယ်များ ကြက်သေသေသွားရလေ၏။ နတ်အရိုင်းမြေခန်းမထဲတွင် နှစ်နာရီစာ ဝင်ခွင့်ရရေးအတွက် တစ်လနှစ်လခန့်ပင် စုဆောင်း၍မရနိုင်ချေ။ ဤသည်က ဟာသတစ်ခုသာ ဖြစ်ရချေမည်။
တိုင်အာနတ်မြို့တော်ထဲတွင် ကျင့်ကြံမှုအရင်းအမြစ်များ များစွာရှိသည်ကို သူတို့ သိကြသည်။ သူတို့က မှော်နဂါးကြေးပြားများကို အခြားအရာများတွင်သာ သုံးကြရပေမည်။
တိုင်အာနတ်မြို့တော်ထဲရှိ အရင်းအမြစ်များ ၉၀% ကို ဝယ်ယူရာတွင် မှော်နဂါးကြေးပြားများ လိုအပ်လေသည်။ သူတို့ အစားအသောက် ချွေတာပြီး မှော်နဂါးကြေးပြားများ စုဆောင်းကာ နတ်အရိုင်းမြေခန်းမထဲသို့ ဝင်ရန်မှာမူ မဖြစ်နိုင်ပေ။
ကတုံးချင်က ဆိုလေသည်..." မင်းတို့ရဲ့ နောက်တစ်ကြိမ်ဆိုတာက ဘယ်အချိန်လဲဆိုတာ အာမခံချက်မရှိဘူး "
တိုင်အာနတ်မြို့တော်ထဲတွင် နတ်အရိုင်းမြေခန်းမကဲ့သို့ အခြားသော ကျင့်ကြံမှုအရင်းအမြစ်များ ရှိနေသည်မှာ သိသာလေသည်။ ထိုအရာများကို ရရှိရန်အတွက် မှော်နဂါးကြေးပြားများ ထောင်သောင်းချီကာ လိုအပ်သည်။
" ငါ နားလည်ပြီ။ ဒါကြောင့်ပဲ တပ်သားသစ်တွေ တိုင်အာနတ်မြို့တော်ကို ရောက်တဲ့အချိန်မှာ နတ်အရိုင်းမြေခန်းမထဲကို နှစ်နာရီဝင်ခွင့်ရတာပဲ။ ဒါဟာ တပ်သားသစ်တွေကို တိုင်အာနတ်မြို့တော်မှာ ကောင်းတဲ့အရာတွေ အများကြီးရှိနေတဲ့အကြောင်း ပြောချင်တာပဲ။ မင်းမှာ အစွမ်းအစရှိရင် ရနိုင်လိမ့်မယ် "
" ဒါဟာ တပ်သားသစ်တွေကို စိတ်ဓာတ်မြင့်တင်ပေးတာပဲ။ တပ်သားသစ်တွေက မြို့တည်ထောင်သူသခင်ရဲ့ ဥပဒေသအမှန်တရားတွေကို နှစ်နာရီအတွင်းမှာ နားလည်နိုင်လိမ့်မယ်လို့ သူတို့က တွက်မထားကြဘူးပဲ "
ယီယွင် သဘောပေါက်သွားသည်။ တိုင်အာနတ်မြို့တော်၏ စည်းမျဥ်းမျိုးစုံကို ချမှတ်ပေးခဲ့သည့် လူက ထောင့်စေ့အောင် တွေးထားလေသည်။
လက်ရှိတွင် လူငယ်များစွာ စိတ်ပျက်အားငယ်နေကြ၏။
" ဟမ့်... တိုင်အာနတ်မြို့တော်ရဲ့ အရင်းအမြစ်တွေကို မင်းတို့အတွက် ပြင်ဆင်ပေးထားတယ်လို့များ ထင်နေကြတာလား။ တိုင်အာနတ်မြို့တော်ထဲမှာ ကျင့်ကြံသူတွေ အများကြီးရှိတယ်။ ထိပ်တန်းအဆင့် အရင်းအမြစ်တွေက အကန့်အသတ်ရှိတော့ ဘယ်လိုလုပ်ပြီး ခွဲဝေပေးနိုင်မှာလဲ။ တိုင်အာနတ်မြို့တော်မှာ အားကောင်းတဲ့ အယူအဆတစ်ရပ် ရှိတယ်ကွ။ ၁၀% မပြည့်တဲ့ ကျွမ်းကျင်သူတွေအတွက် အရင်းအမြစ် ၉၀% ပေးရမယ်တဲ့ "
" ပါရမီရှင်တွေအားလုံးကို တိုင်အာနတ်မြို့တော်ထဲမှာ စုစည်းစေတဲ့ အကြောင်းအရင်းက ဘာလဲလို့ မင်းတို့ထင်လဲ "
ကတုံးချင်၏စကားကြောင့် သူတို့ ကြက်သေသေသွားရလေ၏။
လူငယ်တစ်ဦးက ဖျော့တော့စွာဆိုသည်..." တိုင်အာနတ်မြို့တော်ထဲမှာ စုစည်းစေတာကို အာရုံစိုက်ပြီး ပျိုးထောင်ပေးဖို့အတွက် မဟုတ်ဘူးလား "
" အာရုံစိုက်ပြီး ပျိုးထောင်ပေးဖို့အတွက်တဲ့လား "
ကတုံးချင်က ရယ်မောကာ..." အဲ့ဒါက တကယ်ကို အမှန်ပဲ။ ဒါဟာ အာရုံစိုက်ပြီး ပျိုးထောင်ပေးဖို့အတွက်ပဲ။ ဒါပေမဲ့ နည်းလမ်းကတော့ မင်းတို့ ထင်ထားတာနဲ့ ကွဲပြားတယ်။ အဆိပ်ပြင်းတဲ့ ပိုးကောင်တွေ သားဖောက်မွေးတာကို မင်းတို့ ကြားဖူးလား။ သားဖောက်သူတွေက အဆိပ်ပြင်းတဲ့ ပိုးကောင်ပေါင်းစုံကို ကရားတစ်ခုတည်း ထည့်လိုက်ကြပြီး သူတို့တွေကို ကြီးပြင်းလာစေတယ်။ နောက်ပိုင်းမှာ ကရားကို ပိတ်လိုက်ပြီး သူတို့တွေ အစာမကျွေးတော့ဘူး။ ပိုးကောင်တွေကို အချင်းချင်း ပြန်တိုက်ခိုက်စေပြီး စားခိုင်းလိုက်ကြတယ်။ ရာချီတဲ့ ပိုးကောင်တွေက တစ်ကောင်ပဲ ကျန်ခဲ့ရတယ်။ အဲ့ဒီနောက်တော့ ပိုးကောင်ဘုရင် ဖြစ်လာတာပဲ။ အဆိပ်အပြင်းဆုံး ပိုးကောင်ပေါ့ကွာ "
" အခု မင်းတို့ကလည်းက အဖမ်းခံထားရတဲ့ ပိုးကောင်တွေပဲ။ တိုင်အာနတ်မြို့တော်က မင်းတို့တွေကို ပျိုးထောင်ပေးချင်တယ်ဆိုပေမဲ့ လူနည်းစုလောက်ကိုပဲ ပျိုးထောင်ပေးချင်တာကွ။ ကျန်တဲ့သူတွေကတော့ စွန့်ပယ်ခံရမှာပဲ။ အဲ့ဒီလူတွေက ကောင်းကင်သားတော်တွေအဖြစ် ရွေးချယ်ခံထားရသူတွေရဲ့ ခြေနင်းတုံးတွေပဲ ဖြစ်လာလိမ့်မယ် "