မှော်နဂါးကြေးပြာများ ရနိုင်မည့်နည်းလမ်း
Vol. 12 Ch. 173
" ပိုးကောင်မွေးမြူတာလား "
ကတုံးချင်၏ ဥပမာစကားကြောင့် လူငယ်များ မကျေမချမ်းဖြစ်သွားကြလေ၏။ သူတို့ဇာတိများတွင် သူတို့က ထူးချွန်ကြသူများ ဖြစ်သော်လည်း တိုင်အာနတ်မြို့တော်ထဲတွင်မူ သူတို့ကိုယ်သူတို့အား စတေးခံများအဖြစ်သာ တွေ့မြင်လိုက်ရသည်။
သူတို့အားလုံးကို အတူစုစည်းသည်မှာ အချင်းချင်း တိုက်ခိုက်စေပြီး အားနည်းသူများကို ဖယ်ရှားပစ်ကာ မည်သူက ပိုးကောင်ဘုရင် ဖြစ်လာမည်နည်းဟု ဆုံးဖြတ်ကြခြင်းသာ ဖြစ်လေ၏။
ကတုံးချင်က ဆိုသည်..." အစွမ်းထက်တဲ့ စစ်သည်တွေရဲ့ ကျင်လည်ပုံက အသန်မာဆုံးသူကပဲ စစ်မှန်တဲ့ဘုရာတစ်ပါး ဖြစ်လာနိုင်တယ်။ မင်းတို့ရဲ့ကျင်လည်ပုံက မင်းတို့ရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးလိမ့်မယ်။ ပြိုင်စံရှား လူသားကျွမ်းကျင်သူတွေဟာ ပါရမီရှင်ပေါင်းများစွာကို ချနင်းပြီးမှပဲ သိုင်းပညာလမ်းစဥ်ရဲ့ အထွတ်အထိပ်ကို ရောက်နိုင်တယ် "
" လူတစ်သန်းမှာ ပညာရှိတစ်ဦး ပေါ်ထွန်းမလာနိုင်ဘူး။ တိုင်အာနတ်မြို့တော်မှာ ပညာရှိတစ်ဦး ပေါ်ထွန်းလာဖို့အတွက် လူငယ်ပါရမီရှင်တွေ ဘယ်လောက်များများအထိ ချနင်းခံရပြီးပြီလဲ။ တိုင်အာနတ်မြို့တော်က လူတိုင်းကို တူညီတဲ့အခြေအနေတွေ ပေးနိုင်တယ်။ ပြိုင်စံရှား ကျွမ်းကျင်သူတစ်ဦး ဖြစ်လာမလား ဒါမှမဟုတ် ချနင်ူခံရတဲ့ ခြေနင်းတုံးတစ်ခုပဲ ဖြစ်လာမလားဆိုတာ မင်းတို့အပေါ်မှာပဲ မူတည်တယ် " ကတုံးချင်က အထိန်းအကွပ်မရှိ ဆိုလိုက်လေ၏။
လူငယ်များ ခံစားချက်ရောထွေးသွားရ၏။ အောင်မြင်မှုအား ထောင်ပေါင်းများစွာသော အရိုးများအပေါ်တွင် အုတ်မြစ်ချရချေသည်။ မည်သူကမျှ အခြားသူများ၏ ခြေနင်းတုံး မဖြစ်လိုကြပေ။
ချက်ချင်းဆိုသလိုပင် လူငယ်များစွာတို့မှာ အန္တရာယ်အာရုံ ရလာကြလေ၏။
နတ်အရိုင်းမြေခန်းမ၏ သွေးဆောင်မှု ၊ ကြီးမားသောကိစ္စများ အောင်မြင်ရန် ဆာလောင်မှု သို့မဟုတ် အန္တရာယ်အာရုံပင်ဖြစ်စေ ယင်းတို့အားလုံးက သူတို့အတွင် အမြင့်သို့ဆက်တက်ရန် တွန်းအားဖြစ်စေခဲ့သည်။
လူသားများက ဘယ်သောအခါမျှ စိတ်ကျေနပ်မှုမရှိပေ။ ဤနေရာမှ လူငယ်သူရဲကောင်းအများစုသည် သိဒ္ဓိနယ်မြေများနှင့် ကောင်းမွန်သော မိသားစုမျိုးနွယ်များထံမှ လာခဲ့ကြခြင်းဖြစ်ပြီး ကျင့်ကြံခြင်းအတွက်မူ တိုင်အာနတ်မြို့တော်က ထူးခြားလှလေ၏။
ယခုတွင် သူတို့က ဖိအားများအကြား ကြားညှပ်နေကြောင်း သိလေ၏။
အချို့သူများသည် အရင်းအမြစ်နှင့် အဆင့်အတန်းတို့အတွက် မိသားစုထဲတွင် ပြင်းထန်စွာ ယှဥ်ပြိုင်ကြရလေ၏။ အချို့ကမူ မိသားစု၏မျှော်လင့်ချက် ဝန်ထုပ်ကြီးကို ထမ်းပိုးထားရလေ၏။ သူတို့က အဘယ်သို့များ စတေးခံများ အဖြစ်ခံနိုင်ပါမည်နည်း။
တိုင်အာနတ်ပြည်ထောင်၏ ချောင်ကျသောနေရာများ လူငယ်များအတွက်မူ မှော်နဂါးကြေးပြားများ ရရှိရေးအတွက် တောက်တိုမယ်ရအလုပ်များကို မဖြစ်မနေပင် လုပ်ရပေမည်။ ပြီးပြည့်စုံသော လူတစ်ဦးအတွက်ပင် ပိုကောင်းသော လူတစ်ဦး ပေါ်လာနိုင်သည်ကို တိုင်အာနတ်မြို့မှ အတွေ့အကြုံများအရ သူတို့ သိခဲ့ရသည်။ သူတို့အဖို့ အခြားသူများထက် သာလွန်နေ၍မရဘဲ သုညမှ စတင်ရပေမည်။
" တောက်တိုမယ်ရအလုပ် ဆယ်မျိုး ရှိတယ်။ နစ်နာကြေးပေးတယ်ဆိုတာ မရှိဘူး။ ဒါပေမဲ့ မင်းတို့ရဲ့ အရည်အချင်းကိုပဲ အားကိုးရမယ်။ ယေဘုယျအားဖြင့်ဆိုရင် ခရီးတိုသွားရတာက အခြားအလုပ်တွေထက် ပိုပြီးတော့ ဝင်ငွေများတယ်။ ငါ အမြင့်ဆုံးကနေ စပြောမယ် "
" အမြင့်ဆုံးကတော့ လက်ရည်ယှဥ်ဖော်တစ်ဦး လုပ်ရတာပဲ။ ဝါရင့်ကျင့်ကြံသူအချို့က ကျင့်ကြံစဥ်အတွင်းမှာ လက်ရည်ယှဥ်ဖော်တွေ လိုအပ်ကြတယ်။ မင်းက အကာအကွယ်တွေ ဝတ်ပြီးသွားရင် သူတို့နဲ့ လက်ရည်ယှဥ်လို့ရပြီ။ အချိန်တစ်ခုလောက်အထိ တောင့်ခံနိုင်ခဲ့မယ်ဆိုရင် ထိုက်သင့်တဲ့ မှော်နဂါးကြေးပြားတွေ ရလိမ့်မယ်။ မင်းမှာ အစွမ်းအစအချို့ရှိလို့ လူချမ်းသာတွေနဲ့ လက်ရည်ယှဥ်မယ်ဆိုရင် ထိုက်သင့်တဲ့နစ်နာကြေးက ပိုတောင်ကြီးမားသေးတယ်။ ဒါပေါ့လေ အဲ့ဒါကလည်း ဒဏ်ရာရဖို့ ပိုလွယ်ကူတယ်။ ဒါ့အပြင် မင်းတို့တွေ အိပ်ယာပေါ်မှ လဝက်လောက် လှဲနေရတာမျိုးနဲ့ အဆုံးသတ်သွားဖို့လည်း များတယ် "
လက်ရည်စမ်းသည်တဲ့လား။ ယင်းက အခြားသူတစ်ဦး၏ သဲအိတ်တစ်လုံးအဖြစ် လုပ်ပေးရသည်သာ မဟုတ်ပေလော။
လူငယ်သူရဲကောင်းများက ဂုဏ်ယူဝင့်ကြွားတတ်သူများ ဖြစ်လေ၏။ အတိတ်တွင်ဆိုပါက ထိုသို့ရှက်စရာကောင်းသောအလုပ်ကို သူတို့ လက်ခံကြမည်မဟုတ်ပေ။ သို့သော် ကတုံးချင်၏ စကားများကို ကြားရပြီးနောက်နှင့် လေ့ကျင့်ရေးဆင်းပြီးသည့်နောက်တွင် သူတို့၏ ဂုဏ်ယူဝင့်ကြွားမှုများ အကြိမ်ကြိမ်ပင် ရိုက်ချိုးခံခဲ့ရလေ၏။ သူတို့က ထိုကိစ္စကို အရေးတယူမရှိတော့ပေ။ ခွန်အားမရှိလျှင် ဂုဏ်သိက္ခာအကြောင်းပြောရန် အရည်အချင်းမမီပေ။ ထို့အပြင် သဲအိတ်ဖြစ်ရသည်မှာ စတေးခံဖြစ်ရသည်ထက် ပိုကောင်းလေ၏။
" ဒုတိယအမြင့်ဆုံးကတော့ ပန်းပဲလုပ်တာပဲ။ မင်းတို့ထဲက ဘယ်သူကမှ လက်နက်ပြုလုပ်တာကို မသိဘူးဆိုရင်တောင် အဆင်ပြေတယ်။ လက်နက်ပြုလုပ်တဲ့ လုပ်ငန်းစဥ်ရဲ့ အချို့အပိုင်းတွေမှာ ထူးခြားတဲ့သတ္တုတွေကို အရည်ကျိုဖို့ လိုအပ်တယ်။ ပန်းပဲတူကို အသုံးပြုပြီး အကြိမ်ပေါင်းသန်းချီပြီးတော့ ပုံသွင်းဖို့လိုအပ်တယ်။ မင်းတို့မှာ ထူးခြားတဲ့ခွန်အား ရှိနေတယ်လို့ ထင်တယ်ဆိုရင် ဒီတာဝန်ကို ယူလို့ရတယ် "
" တတိယကတော့ မြို့ရိုးတွေပေါ်မှာ ပတ္တရောင်လှည့်ပြီး မြို့ရိုးတွေပေါ်က ဒူးလေးစင်တွေကို ပြုပြင်ထိန်းသိမ်းဖို့ပဲ။ ဒီအလုပ်ကတော့ အစီအရင်ကို နားလည်ဖို့လိုတယ် "
" အဲ့ဒါတွေက ငွေပေးတာအမြင့်ဆုံး အလုပ်တွေပဲ။ အဲ့ဒါတွေရဲ့နောက်မှာကတော့ ကျောင်းမြေမှာ အစောင့်လုပ်တာ ဒါမှမဟုတ် မြို့ဝင်ပေါက်မှာ အစောင့်လုပ်တာမျိုးလို သာမန်အလုပ်တွေပဲ "
" ဒါမှမဟုတ် တိုင်အာနတ်မြို့တော်ရဲ့ သားရဲခြံမှာ မွေးမြူထားတဲ့ စိတ်ဝိညာဥ်သားရဲတွေကို ပြုစုစောင့်ရှောက်ပေးတာ ၊ ဆေးပင်ခူးတာ ၊ နေ့စဥ်သုံးပစ္စည်းတွေ စီမံခန့်ခွဲပေးတာ အစရှိသဖြင့်ပေါ့လေ။ နောက်ဆုံးပြောခဲ့တာတွေကို မိန်းမတွေပဲ အလုပ်များကြတယ် "
ကတုံးချင်က အလုပ်မျိုးစုံကို ပြောပြသွားခဲ့သည်။ လူငယ်များမှာမူ ပထမသုံးမျိုးက အဆင်ပြေသည်ဟု ခံစားကြရလေ၏။
ပထမတစ်မျိုးက သဲအိတ်ဖြစ်ရသည်မှာ ကြားရမကောင်းသော်လည်း ကျွမ်းကျင်သူတစ်ဦးနှင့် လက်ရည်ယှဥ်ရလျှင် တစ်ဖက်လူ၏ တိုက်ခိုက်မှုပုံစံကို လေ့လာနိုင်လေသည်။ ရှောင်တိမ်းခြင်းနှင့် အရိုက်ခံရခြင်းတို့ ဖြစ်ရလျှင်ပင် သူတို့အဖို့ ကျွမ်းကျင်သူတစ်ဦးနှင့် တိုက်ခိုက်ရသည့် အတွေ့အကြုံကို ရနိုင်လေ၏။ ထို့အပြင် ဝင်ငွေလည်း ကောင်းလေသောကြောက့် အသင့်တော်ဆုံး အလုပ်တစ်ခု ဖြစ်လေ၏။
" ငါ ပထမအလုပ်ကို ရွေးမယ် "
" ငါလည်း ပထမအလုပ်ကို ရွေးမယ် "
လူငယ်များက သူတို့၏ဆန္ဒများကို ထုတ်ပြောလိုက်ကြ၏။ ကတုံးချင်၏ မှတ်ဥာဏ်က ကောင်းလှလေပြီး လူတိုင်း၏ အဆိုပြုချက်များကို မှတ်မိလေသည်။
" ငါက ဒုတိယတစ်ခု ပန်းပဲလုပ်ငန်းကို ရွေးတယ်။ ငါရဲ့ခွန်အားက အတော်လေး ကောင်းတယ်။ အကြိမ်ပေါင်းသိန်းချီပြီး ထုရိုက်ရတာက ငါ့ရဲ့ခွန်အားကို လေ့ကျင့်ပြီးသားရတယ်။ အဲ့ဒီအချိန်ကျရင် ခရမ်းရောင်အဖြိုက်နက်နံရံကို ရှေးဦးမြားနဲ့ အကြိမ်လေးဆယ် ၊ ငါးဆယ်လောက် မထိုးနိုင်ဘူးဆိုတာ ငါ မယုံဘူး " ကျိုးခွေ့က လက်ဝါးများပွတ်ကာ ဆိုလိုက်သည်။ ရလဒ်ကောင်း ရရှိရေးအတွက် သူ့ကိုယ်သူအား ဖိအားပေးလိုသည်။
" ငါ ပထမတစ်ခု လက်ရည်ယှဥ်တာကို ရွေးမယ် " စုန့်ကျစ်ကျွင်းသည်လည်း ဖိအားကို ခံစားနေရသည်။ တောက်တိုမယ်ရအလုပ်အတွက်ပင် ပြင်းထန်သော ပြိုင်ဆိုင်မှုများ ရှိနေချေသည်။ စုန့်ကျစ်ကျွင်းက ဆုံးဖြတ်ချက်ပြီးနောက် ယီယွင်နှင့်အတူ ကတုံးချင်ကို ကြည့်လိုက်သည်။
လက်ရှိအနေအထားတွင် ယီယွင်၏ စွမ်းဆောင်မှုများက အထူးချွန်ဆုံး ဖြစ်လေ၏။
ကတုံးချင်က အံ့ဩခြင်းမရှိသော်လည်း ခြောက်နှစ်တာ လေ့ကျင့်ရေးအတွင်း ယီယွင်က သေချာပေါက်ပင် တောက်ပလာလိမ့်မည်ဟု သူ ယုံကြည်ထားသည်။ ပထမနှစ်တွင် ယီယွင်အဖို့ ထိပ်ဆုံးတစ်ထောင်အတွင်းဝင်ရန် မဖြစ်နိုင်သော်လည်း သုံးနှစ်အတွင်း၌ ထိပ်ဆုံးတစ်ထောင်အတွင်း ဝင်ရန်အတွက် အာမခံချက်ကြီးမားသည်။ ကတုံးချင်သည်လည်း ပါရမီရှင်တစ်ဦးကို ကြီးထွားလာစေလိုသည်။
ယီယွင် တစ်ခဏတွေးကာ ပြုံးလိုက်လေပြီး..." ကျုပ်က ဆေးပင်ခူးတာကို လုပ်မယ် "
လူငယ်များ အံ့ဩတကြီးဖြစ်သွားလေ၏။
ဆေးပင်ခူးမယ်တဲ့လား။
ကတုံးချင်ပင် အနည်းငယ် အံ့အားသင့်သွားသည်။ သူ၏လက်အောက်မှ ကျောင်းသားအနည်းစုကသာ ဆေးပင်ခူးခြင်းကို ရွေးချယ်ကြသည်ဖြစ်ပြီး ထိုသူအားလုံးက အမျိုးသမီးများ ဖြစ်ကြလေသည်။
သို့သော် ကတုံးချင်ကပင် မျှော်လင့်ကောင်းရှိသည်ဟု ထင်ထားသည့် ယီယွင်က ဆေးပင်ခူးလိုနေသည်တဲ့လား။
အခြားလူငယ်များက ယီယွင်ကို အထူးတဆန်း ကြည့်လိုက်ကြလေ၏။
ထိုကောင်က အတော်ပင် သန်မာသည်မဟုတ်ပေလော။ ထိုကောင့်၏ အစွမ်းအစနှင့်ဆိုလျှင် လက်ရည်ယှဥ်ခြင်းနှင့် ပန်းပဲထုခြင်းတို့ကို ကောင်းစွာပင် လုပ်နိုင်လေ၏။ အဘယ့်ကြောင့် ဆေးပင်ခူးမည်နည်း။
ဆေးပင်ခူးနေစဥ်တွင် မိန်းကလေးများနှင့် သိကျွမ်းအောင်လုပ်ကာ သူ့ထံသို့ သူမတို့၏ခန္ဓာကိုယ်များ ပုံအပ်ပေးလာစေရန် လုပ်ဆောင်လိုနေလေသလော။ သို့မဟုတ် ဆေးတောင်တန်းထဲတွင်ပင် လှဲချကာ ဆိုးယုတ်သည့်အရာများ လုပ်ဆောင်မည်လော။
ယီယွင်အဖို့ အမျိုးသမီးအုပ်စုထဲ ဝင်ရန်အတွက် အကြောင်းအရင်းမရှိလေသောကြောင့် လူအများက ယီယွင်ကို မကောင်းမြင်နေမိသည်။
" ဆေးပင်ခူးမှာလား။ မင်း သေချာပြီလား " ကတုံးချင်က ယီယွင်ကို ဆုံးဖြတ်ချက်ပြောင်းရန် မျှော်လင့်နေသည့် အကြည့်များနှင့် ကြည့်လိုက်သည်။
" ကျုပ် သေချာပါတယ် " ယီယွင် ခေါင်းညိတ်လိုက်သည်။
" ဒီနေ့ ငါ အမည်စာရင်း တင်ပြပေးမယ်။ တင်ပြပြီးသွားခဲ့ရင် နောက်သုံးလအထိ ပြောင်းလို့မရဘူးနော်။ ဆေးပင်ခူးတာက မှော်နဂါးကြေးပြားတွေ အရနည်းရုံတင်မကဘူး မင်းရဲ့ကျင့်ကြံမှုအတွက်လည်း အများကြီး အကူအညီမဖြစ်ဘူး။ ငါ မင်းကို နောက်တစ်ကြိမ်ထပ်မေးမယ်။ ဆေးပင်ခူးချင်တာ သေချာပြီလား "
" ကျုပ် သေချာပါတယ် " ယီယွင်က ခိုင်မာတည်ငြိမ်စွာ တုန့်ပြန်လိုက်သည်။
ဘေးပတ်လည်မှ လူများ ပြောစရာမဲ့သွားရသည်။ ကတုံးချင်က ယီယွင်ကို အသိအမှတ်ပြုထားသော်လည်း ယီယွင်ကမူ ကတုံးချင်ကို အသိအမှတ်မပြုကြောင်း ရှင်းလင်းလှသည်။
နည်းပြချင် မျက်မှောင်ကုတ်လိုက်၏။ နောက်ဆုံးတွင် သူ ခေါင်းယမ်းလိုက်သည်။ ဆုံးဖြတ်ချက်သည် သင်တန်းသားအပေါ်တွင်သာ မူတည်လေပြီး သူ ကြားဝင်ပါ၍မရပေ။ ယီယွင်က ဆုံးဖြတ်ချက်ချထားခဲ့ပြီးဖြစ်ရာ သူနှင့်မဆိုင်တော့ပေ။
" ကောင်းပြီ... ငါ မင်းအတွက် ဆေးပင်ခူးအလုပ် တောင်းပေးမယ်။ ငါ မင်းကို အကြံပေးလိုက်မယ်။ တိုင်အာနတ်မြို့တော်ထဲမှာ နည်းနည်းလောက်လေး ထူးခြားနေတဲ့သူက ဘာမှမဟုတ်ဘူးနော်။ အဲ့ဒီလူတွေအဖို့ လူအများကြားမှာ နစ်မြုပ်သွားပြီး ဘယ်တော့မှပေါ်မလာနိုင်ဖို့က အလွယ်လေးပဲ "
"ဒီတစ်ခေါက် တပ်သားသစ်နှစ်ထောင်ထဲမှာ မျိုးစေ့ကောင်းလေးတွေ အများကြီးပါတယ်။ လူတစ်လောက်က ကျင်းပြည်နယ်နဲ့ ကျင်းပြည်နယ်ရဲ့အနီးက အရှေ့တောင်ပြည်နယ်တွေကနေ လာခဲ့ကြတယ်။ ကျုံးပြည်နယ် ဒါမှမဟုတ် တော်ဝင်မြို့တော် ဒါမှမဟုတ် သီးသန့်မိသားစုကြီးတွေကနေ တိုက်ရိုက်စေလွှတ်ထားတဲ့ လူတွေနဲ့ ယှဥ်ကြည့်မယ်ဆိုရင် မင်းတို့က အများကြီးချို့တဲ့နေသေးတယ် "
" မင်းတို့က သိလောက်မှာမဟုတ်ဘူး။ ပြီးခဲ့တဲ့တစ်ရက်တုန်းက ဒီကျောင်းမြေမှာ ချိုးနျိုလို့ အမည်ရတဲ့ လူငယ်ပါရမီရှင် တပ်သားသစ်တစ်ဦးက ခရမ်းရောင်အဖြိုက်နက်နံရံပေါ်မှာ ခုနစ်ကြိမ်ထိုးစိုက်ခဲ့တယ်။ သူက သီးခြားမိသားစုကြီးတစ်ခုကနေ လာခဲ့တာပဲ "
" ပြီးခဲ့တဲ့နှစ်ရက်က တော်ဝင်မြို့တော်ကလာတဲ့ ကလေးမတစ်ယောက်က နတ်အရိုင်းမြေခန်းမထဲမှာရှိတဲ့ ရှေးဦးမျိုးစိတ်ရုပ်ထုတွေဆီကနေ ဥပဒေသအချို့ကို နားလည်နိုင်ခဲ့တယ်။ အဲ့ဒီမိန်းကလေးရဲ့အမည်က ချူရှောင်းရန်။ သူက တိုင်အာနတ်ပြည်ထောင် ကာကွယ်ရေးနယ်စားကြီးရဲ့ ချစ်လှစွာသော သမီးတစ်ယောက်ပဲ "
နည်းပြချင်၏ စကားများကြောင့် လူငယ်များ၏ မျက်ဝန်းများ တောက်ပသွားကြသည်။
နယ်စား၏ ချစ်လှစွာသောသမီး...။
သီးခြားမိသားစုကြီးတစ်ခုမှ ပါရမီရှင်တစ်ဦး...။
ကာကွယ်ရေးနယ်စား ဆိုသည်မှာ တိုင်အာနတ်ပြည်ထောင်၏ နယ်စားတစ်ဦး ဖြစ်လေ၏။ နယ်စားတစ်ဦး၏ဘွဲ့တွင် " ကာကွယ်ရေး" ဟူသည် စကားလုံးထည့်ပေးထားခြင်းသည် ထိုနယ်စားကို အမြင့်ဆုံးအဆင့်အဖြစ် တရားဝင်ဖြစ်သွားစေခဲ့သည်။
တိုင်အာနတ်ပြည်ထောင်တွင် အချို့သောမိသားစုများ၏ မိသားစုအမွေအနှစ်များက အလွန်တရာပင် နက်ရှိုင်းလှပြီး တော်ဝင်မိသားစုကိုပင် ယှဥ်နိုင်လောက်သည်။
အချို့သော မိသားစုများဆိုလျှင် တိုင်အာနတ်ပြည်ထောင်ထက်ပင် သမိုင်းကြောင်းရှည်လျားသည်။ အချို့သော မိသားစုများက တိုင်အာနတ်ပြည်ထောင် မတည်ထောင်မီ ယခင်မင်းဆက်များကတည်းက မျိုးဆက်အဆက်အဆက် တည်ရှိလာခဲ့သည် ဖြစ်လေ၏။
အချို့သော မိသားစုများသည် နတ်ဧကရာဇ် တိုင်အာနတ်ပြည်ထောင်ကို တည်ထောင်ရာတွင် ကူညီပေးခဲ့ကြပြီး အပိုင်စားနယ်မြေများ ရထားသည်။ ထို့နောက် တည်ထောင်သူ နတ်ဧကရာဇ်က တိုင်အာနတ်ပြည်ထောင်၏ နယ်မြေများမှ ပြည်နယ်ကိုးခုကို ၎င်းတို့၏ ထာဝရကံကြွေးချနယ်မြေများအဖြစ် ပေးအပ်ခဲ့လေသည်။
ထိုမိသားစုများက တိုင်အာနတ်ပြည်ထောင် တော်ဝင်မိသားစုနှင့် မျိုးဆက်အဆက်ဆက်ပင် ထိမ်းမြားမင်္ဂလာပြုခဲ့ပြီး ပြီးပြည့်စုံသော ဆက်နွယ်မှုတစ်ခု ဖန်တီးခဲ့ကြသည်။ တိုင်အာနတ်ပြည်ထောင် နှစ်ပေါင်းများစွာ တည်တံ့နိုင်နေသည်မှာ ထိုမိသားစုများကြောင့်ဟုပင် ဆိုနိုင်လေသည်။
အဆိုပါမိသားစုများက လူခေါ်ယူရာတွင် သာမန်လူများကို လက်မခံကြပေ။ ထို့ကြောင့်ပင် ၎င်းတို့ကို သီးခြားမိသားစုများဟု ခေါ်ဆိုကြခြင်းဖြစ်ပြီး အမှန်တကယ် ပုန်းအောင်းနေကြခြင်း မဟုတ်ပေ။
ကျိုးခွေ့နှင့် အပေါင်းအပါများက မိသားစုကြီးများထံမှ ဆင်းသက်လာကြသည်ဖြစ်သော်လည်း သူတို့၏ မိသားစုများက ကျင်းပြည်နယ်နှင့် အနီးဝန်းကျင်ရှိ ပြည်နယ်ငယ်များထံမှ ဖြစ်လေသည်။ ထိုကဲ့သို့ မိသားစုများက ပြည်နယ်အတွင်းမှ စီရင်စုငယ်များကို အုပ်စိုးရလေသည်။
စီရင်စုမိသားစုတစ်ခုသည် တိုင်အာနတ်ပြည်ထောင်၏ သီးခြားမိသားစုကြီးများကို ယှဥ်နိုင်ရန်မှာ မဖြစ်နိုင်ပေ။