လော့ဟော်အဖွဲ့အစည်း
Vol. 12 Ch. 175
ယီယွင် တွေးကာငိုင်နေလေသောကြောင့် ဝမ်မိန်းကလေးက ငေါက်လိုက်လေသည်...." စံချိန်ရှိတာ ထူးဆန်းလို့လား။ ဆေးပင်ခူးတာက အလုပ်တစ်ခုတည်းကို တစိုက်မတ်မတ် ကြိုးစားလုပ်ကိုင်သူတွေအတွက် အနာဂတ်မရှိဘူးဆိုပေမဲ့ နတ်မြို့တော်ကတော့ ဆေးပင်ခူးအလုပ်ကို အသိအမှတ်ပြုပြီး ဆုလာဘ်တွေပေးနေတုန်းပဲလေ။ နတ်မြို့တော်ထဲမှာ ပန်းပဲထုတာအပါအဝင် အရာအားလုံးက စံချိန်ရှိဖို့ ထိုက်တန်တယ်။ ဆေးပင်ခူးစံချိန်က နှစ်ပေါင်းနှစ်ထောင် ၊ သုံးထောင်လောက်ကတည်းက ရှိနေခဲ့တာပဲ။ စံချိန်ချိုးဖျက်နိုင်တဲ့သူက မှော်နဂါးကြေးပြား ၁၀၀၀၀ နဲ့ ဂုဏ်အမှတ်တစ်မှတ် ဆုလာဘ်ရလိမ့်မယ် "
ယီယွင် မျက်လုံးများ တောက်ပသွားသည်။ မှော်နဂါးကြေးပြား ၁၀၀၀၀ က နတ်အရိုင်းမြေခန်းမထဲတွင် နာရီနှစ်ဆယ်ခန့်ကျင့်ကြံရန် လုံလောက်လေ၏။ ထို့အပြင် ဂုဏ်အမှတ်တစ်မှတ်လည်း ရှိနေသေးသည်။ ယင်းကို ပိုမို၍ပင် ကောင်းလေ၏။ တိုင်အာနတ်မြို့တော်ထဲတွင် တန်ဖိုးအကြီးအရာများကို ဂုဏ်အမှတ်နှင့်သာ လဲလှယ်နိုင်လေသည်။
တိုင်အာနတ်မြို့တော်ထဲရှိ ၉၅% သော ကျင့်ကြံသူများသည် သူတို့၏ခြောက်နှစ်တာလုံးတွင် ဂုဏ်အမှတ်တစ်မှတ်ကိုပင် မရနိုင်ခဲ့ပေ။ ယင်းသည် ဂုဏ်အမှတ်က ရရှိနိုင်ရန်ခက်ခဲကြောင်း ပြသနေလေ၏။
နတ်မြို့တော်ထဲမှ သာမန်စစ်သည်တစ်ဦးအဖို့ ဂုဏ်အမှတ်ဆိုသည်မှာ လက်လှမ်းမမီနိုင်သည့် အရာတစ်ခု ဖြစ်လေသည်။ စံချိန်ချိုးနိုင်လျှင် ဆုကြေးမြင့်မားလေ၏။ အရေးမပါသော စံချိန်ငယ်တစ်ခု ဖြစ်နေလျှင်ပင် ထူးခြားနေဆဲသာ ဖြစ်လေ၏။
ယီယွင် စိတ်လှုပ်ရှားနေလျက်ဖြင့် စာရွက်များကို တဖျပ်ဖျပ်လှန်နေခဲ့သည်။ တိုင်အာနတ်မြို့တော်၏ ဆေးတောင်တန်းမှ ထွက်ရှိသော ဆေးပင်များက အမျိုးအစားရှင်းလင်းသည်။
ဆေးပင်အများစုကို ကောင်းကင် ၊ မြေကြီး ၊ ဆန်းကြယ် ၊ အဝါရောင်ဟူ၍ ခွဲခြားထားလေသည်။
ဆန်းကြယ်မှုအဆင့်နှင့် အဝါရောင်အဆင့်တို့က တွေ့ရများလေ၏။ ၎င်းတို့အတွက် ထိုက်တန်သော မှော်နဂါးကြေးပြားပမာဏကလည်း နည်းလေ၏။
ဆေးပင်များ မြေကြီးအဆင့်သို့ ရောက်နေမှသာ အံ့ဩစရာများ ဖြစ်လာလေသည်။ ဆေးတစ်ပင်လျှင် မှော်နဂါးကြေးပြားများ ပမာဏများပြားစွာ ရနိုင်လေ၏။ သို့သော် မြေကြီးအဆင့် ဆေးပင်များက ရှာတွေ့ရန် ခက်ခဲလေသည်။
ကောင်းကင်အဆင့် ဆေးပင်များကမူ ဇာမဏီအမွေးနှင့် ယူနီကွန်းဦးချိုတို့ကဲ့သို့ပင် ဖြစ်လေ၏။ လူတစ်ဦး တစ်ခါကံကောင်းခဲ့ပါက ပမာဏများပြားလှသော မှော်နဂါးကြေးပြားများ ရနိုင်ပေလိမ့်မည်။
လွန်ခဲ့သည့်နှစ်များစွာခန့်က ကျုံးယီသည် အချိန်နှစ်လဖြင့် မှော်နဂါးကြေးပြား ၁၉၀၀၀ ရရှိကာ စံချိန်တင်နိုင်ခဲ့သည်မှာ ကောင်းကင်အဆင့် ဆေးပင်အချို့ ရရှိခဲ့လေသောကြောင့် ဖြစ်လေသည်။
သို့သော် ကောင်းကင်အဆင့်က အမြင့်ဆုံးမဟုတ်ပေ။ အထက်တွင် ရှေးဦးဆေးပင် ၊ မသေမျိုးဆေးပင် ၊ မူလဆေးပင် ၊ အမျိုးမျိုး နတ်ဆေးပင်များ ရှိနေသေးသည်။ ထိုဆေးပင်များက မယုံစရာကောင်းအောင်ပင် တန်ဖိုးကြီးမားကြသည်။
သို့သော် ဤစာအုပ်ထဲတွင်မူ မှတ်တမ်းတင်မထားပေ။
ရှေးဦးဆေးပင်တွေကို ဘာကြောင့် မှတ်တမ်းတင်မထားတာလဲ။ တိုင်အာနတ်မြို့တော်က ကျင့်ကြံသူတွေအတွက် အဲ့ဒီဆေးပင်တွေ ခူးမိနိုင်ဖို့ အခွင့်အရေးမရှိလို့များလား။ အဲ့ဒီအတိုင်းဆိုရင် ရှေးဦးဆေးပင်တစ်ပင် ရှာတွေ့ခဲ့မယ်ဆိုရင် ဘယ်လောက်များ ပေးလိမ့်မလဲ။
ယီယွင် ထိုကိစ္စကိုတွေးတာ ဝမ်မိန်းကလေးကို မေးလိုက်လေ၏..." ဒီအငယ်လေးက မေးချင်ပါတယ်။ ဒီအငယ်လေးက စံချိန်ချိုးနိုင်ခဲ့မယ်ဆိုရင် ပညာရှိစံအိမ်မှာ အမည်ချန်ထားခဲ့နိုင်မှာပါလား "
ဝမ်မိန်းကလေး စိတ်မရှည်ဖြစ်လာပြီး ယီယွင်အား မျက်စောင်းထိုးကာ ပြောသည်..." အဲ့ဒါက နင်နဲ့ ဘာဆိုင်လို့လဲ "
သူမ ဆိုသည်..." ပညာရှိစံအိမ်မှာ အမည်ချန်ထားခဲ့နိုင်ခဲ့တဲ့ လူတွေက ခက်ခဲတဲ့အလုပ်တစ်ခုကို ပြီးမြောက်အောင်လုပ်ပြီးတော့ အနာဂတ်မှာ ပညာရှိတစ်ဦး ဖြစ်လာနိုင်တဲ့ သူတို့ရဲ့အစွမ်းအစကို ပြသထားတာပဲ "
" ဆေးပင်ခူးအလုပ်က လူတစ်ဦးရဲ့ အစွမ်းအစကို ကိုယ်စားမပြုနိုင်ဘူး။ နင် စံချိန်ချိုးနိုင်ခဲ့ရင်တောင် အနာဂတ်မှာ ပညာရှိတစ်ဦး ဖြစ်လာဖို့နဲ့ ဘာမှမပတ်သတ်ဘူး။ နင့်အမည်ကို စာအုပ်တစ်အုပ်ထဲမှာ ရေးထိုးထားရုံလောက်ပဲ ရှိလိမ့်မယ် "
" ကျုပ်နားလည်ပြီ "
အမှန်တကယ်တွင်မူ ယီယွင်က ပညာရှိစံအိမ်တွင် အမည်မချန်ထားနိုင်လျှင်ပင် ပြဿနာမရှိပေ။ သူ အရေးစိုက်သည်မှာ အကျိုးအမြတ်သာ ဖြစ်လေ၏။
" ထပ်ပြီး မေးခွင့်ပြုပါ...ဆေးပင်ခူးတာမှာ အချိန်ကာလ သတ်မှတ်ချက် ရှိသေးလား။ စီနီယာကျုံးယီမှာ ရက်ခြောက်ဆယ် အတိအကျရှိနေတော့ အားလုံးအတွက်လည်း ရက်ခြောက်ဆယ်ပဲ ရှိတာလား "
" နင် ဘာကြောင့် အမေးအမြန်းထူနေရတာလဲ။ နင် စံချိန်ချိုးချင်နေတာတော့ မဟုတ်ဘူးမလား " ဝမ်မိန်းကလေးက ယီယွင်ကို မျက်စောင်းထိုးလိုက်ရာ အနီးနားဝန်းကျင်မှ မိန်းကလေးများက ရယ်ကြလေသည်။
ယီယွင်က အပြစ်ကင်းစင်ဟန်ဖြင့် ခေါင်းကုတ်ကာ ဆိုသည်... " ဒီအငယ်လေးက ဒီအတိုင်းပဲ မေးကြည့်တာပါ "
" ဆေးပင်ခူးစံချိန်က တကယ်ကို အချိန်နှစ်လပဲ။ စံချိန်ချိုးဖို့အတွက်ကတော့ အိပ်မက်မက်နေတာ ရပ်လိုက်။ ဒီစံချိန် ရှိနေတာ နှစ်ပေါင်းထောင်ချီနေပြီ။ နင် မေးလို့ပြီးပြီလား "
" အာ...နောက်ဆုံးမေးခွန်းတစ်ခု.." ယီယွင် ခပ်တိုးတိုးပြောလိုက်သည်။
" ပြောပါ " ဝမ်မိန်းကလေး ပြောစရာမဲ့နေရသည်။ ဤကလေးက ရောင့်တက်လွန်းလှချေ၏။
" ဒီလိုပါ... ဒီအငယ်လေး မေးချင်တာက ကျွန်တော်သာ ရှေးဦးဆေးပင်တစ်ပင် ဒါမှမဟုတ် မူလဆေးပင်တစ်ပင် ခူးနိုင်ခဲ့မယ်ဆိုရင် အထူးဆုလာဘ် ရနိုင်လားမသိဘူး။ အဲ့ဒီအကြောင်းကို စာအုပ်ထဲမှာ ရှာကြည့်ခဲ့ပေမဲ့ ဘာမှမတွေ့ခဲ့ရဘူး "
ယီယွင်၏မေးခွန်းကြောင့် ဝမ်မိန်းကလေးက မှန်ကို လွင့်ပစ်မိလုနီးပါး ဖြစ်သွားရလေ၏။ သူမ၏ ရှည်လျားတောက်ပသော မျက်ဝန်းအိမ်များကို ဖွင့်ကာ ယီယွင်တွင် စိတ်ရောဂါရှိနေသည့်ပမာပင် အထူးတဆန်း ကြည့်လိုက်သည်။
" နင် ဘာပြောလိုက်တယ် "
ဝမ်မိန်းကလေးသာမက လူတိုင်းပင် ယီယွင်ကို အထူးတဆန်း ကြည့်နေလေသည်။
ထိုကောင်လေးက ရှေးဦးအဆင့် ရတနာတစ်ခုအတွက် ဆုလာဘ်ကို အမှန်တကယ်ပင် မေးနေချေ၏။
" ဟင်... " ယီယွင် ကြောင်အသွားသည်။ ထိုမျှအထိ တုန့်ပြန်မှုကြီးမားရန် လိုအပ်ပါလေသလော။
ဖွီး...။
ဆေးပင်များ စုဆောင်းနေကြသည့် မိန်းကလေးအချို့မှာ မထိန်းနိုင်ဘဲ ရီလိုက်ကြသည်။
" မောင်လေးက အိပ်မက်ကို ဘယ်လိုမက်ရမလဲဆိုတာ အတော်သိတာပဲ။ ရှားပါးတဲ့ ရှေးဦးအဆင့်အကြောင်းကို မပြောနဲ့တော့။ တိုင်အာနတ်မြို့တော်ရဲ့ ဆေးတောင်တန်းမှာ တစ်ပင်မှမရှိဘူး။ ရှာကြံပြီးပြောရမယ်ဆိုရင်တော့ ဆေးတောင်တန်းတစ်ခုလုံးက အရမ်းကြီးမားတာကြောင့် နတ်ဆေးပင်တစ်ပင် ကိုရှာဖို့အတွက်က ကောက်ရိုးပုံထဲ အပ်ပျောက်ရှာနေသလို ဖြစ်နေမှာပဲ။ နင်က နတ်ဘုရားတွေကို လွန်ဆန်နိုင်တဲ့အထိ ကံကောင်းနေလို ရှေးဦးဆေးပင်တစ်ပင်ကို ရှာတွေ့ခဲ့မယ်ဆိုရင်တောင် ခူးဖို့ကိုတော့ မတွေးနဲ့။ အဲ့ဒီဆေးပင်တွေမှာ စိတ်ဝိညာဥ်ရှိတယ်။ သူတို့က ပုန်းအောင်းနိုင်တယ်။ ရှေးဦးအဆင့်ကို မပြောနဲ့ဦး ကောင်းကင်အဆင့်ဆေးပင်ကိုတောင် ခူးရဖို့ခက်တယ်။ သူတို့တွေမှာ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အတွက် နည်းလမ်းမျိုးစုံရှိတယ်။ နင့်အနေနဲ့ သတိတောင်မပြုမိဘဲ ဘေးကနေဖြတ်သွားမိလိမ့်မယ် "
" အဲ့ဒီလိုလည်း ရှိသေးတာလား " ယီယွင်က ဆေးပင်ခူးသည့် မိန်းကလေးများကို တအံ့တဩ ကြည့်လိုက်သည်။ မျိုးနွယ်ငယ်ထဲတွင် သူ ခူးယူခဲ့သည့် ဆေးပင်များက သာမန်ဆေးပင်များသာ ဖြစ်သည်။ စိတ်ဝိညာဥ်ရှိသည့် ဆေးပင်မျိုးကို ယီယွင် မကြုံဖူးပေ။
" ဒါပေါ့... မောင်လေးမှာ မေးခွန်းတွေ တကယ်ကိုများတာပဲ။ နင်သာ ဆေးပင်ကောင်းတစ်ပင် ခူးနိုင်ခဲ့မယ်ဆိုရင် နတ်မြို့တော်က နင့်ကို စိတ်ပျက်စေမှာမဟုတ်ဘူး။ ဆေးပင်ရဲ့တန်ကြေးထက်လည်း လျော့ပေးမှာမဟုတ်ဘူး။ ဒါနဲ့ နင်က တစ်ပင်တောင် ခူးနိုင်မှာမလို့လား "
" နတ်မြို့တော်က ငါတို့ ကျင့်ကြံသူတွေအပေါ်မှာ ရက်ရောတယ်။ ဒီနှစ်တွေမှာ မိသားစုမျိုးနွယ်တွေကနေ ဆင်းသက်လာတဲ့သူအချို့က သူတို့ရဲ့မိသားစုတွေဆီကနေ ယူလာခဲ့ကြတဲ့ ဆေးပင်တွေကို နတ်မြို့တော်ရဲ့ ဆေးတောင်တန်းကနေ ခူးယူလာခဲ့သလိုမျိုး ဟန်ဆောင်ပြီး နတ်မြို့တော်မှာ ဆုလာဘ်တွေနဲ့ လဲလှယ်ကြတယ်။ ရလာတဲ့ဆေးပင်တွေကို သူတို့အတွက် သိမ်းထားတာမျိုးကို ငါ တစ်ခါမှမကြားဖူးဘူး "
" ပြီးတော့ ကောင်းကင်အဆင့်နဲ့အထက် ဆေးပင်တွေကို လွန်ခဲ့တဲ့နှစ်တွေကတည်းက အခြားသူတွေ ခူးသွားကြပြီ။ ငါတို့ ကျင့်ကြံသူတွေမှာ ခူးနိုင်တဲ့အစွမ်းအစ မရှိဘူး။ ဒါ့အပြင် နတ်မြို့တော်ရဲ့ အကြီးအကဲတွေက ကောင်းကင်အဆင့်နဲ့အထက် ဆေးပင်တွေ လိုအပ်လာရင်လည်း သူ့တို့ဘာသာပဲ ခူးကြမှာပဲလေ။ ဒါပေမဲ့ ဒီကိစ္စက အချိန်နဲ့လုပ်အားကို ကြီးကြီးမားမား ဖြုန်တီးတာဖြစ်လို့ အကြီးအကဲတွေက အချိန်မဖြုန်းချင်ကြဘူး။ အားထုတ်မှုတွေ အများကြီးလုပ်ရင်တောင် ဆေးပင်တစ်ပင် ရလာဖို့က မသေချာဘူးလေ။ အကယ်၍ တစ်ယောက်ယောက်က အဲ့ဒီလိုဆေးပင်မျိုး ရလာခဲ့မယ်ဆိုရင် အကြီးအကဲတွေ အရမ်းပျော်ပြီး ရက်ရောတဲ့ဆုလာဘ်တွေ ပေးကြလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီကိစ္စက နင် လိုချင်ရင်တောင် မဖြစ်နိုင်ပါဘူး "
" ကျေးဇူးတင်ပါတယ် အစ်မ " ယီယွင် စိတ်လှုပ်ရှားနေ၏။ ဆေးပင်ကောင်းများ ခူးနိုင်လျှင် နတ်မြို့တော် ဆုလာဘ်ကြီးများ ပေးမည့်ပုံပင်။
ပထမအချက်အနေဖြင့် တိုင်အာနတ်မြို့တော်က ကျင့်ကြံသူများအပေါ်တွင် ရက်ရောမှုရှိပြီး ပါရမီရှင်များကို ပျိုးထောင်ပေးလိုစိတ်ရှိခြင်းကြောင့်ပင်။ ဒုတိယအချက်အနေဖြင့် နတ်မြို့တော်၏ ဆေးတောင်တန်းမှ ဆေးပင်များက မိုးမြေယွမ်ချီများကြောင့် ကြီးထွားလာခြင်းဖြစ်ပြီး တမင်စိုက်ပျိုးထားခြင်း မဟုတ်ပေ။
" ငါ ရှေးဦးအဆင့် ဆေးပင်တစ်ပင်ကို ခူးနိုင်ဖို့က ခက်ခဲလိမ့်မယ်လို့ ထင်တယ်။ ငါက စိတ်ဝိညာဥ်ရှိတဲ့ ဆေးပင်တစ်ပင်ကို ရှာတွေ့ခဲ့ရင်တောင် ဖမ်းနိုင်မှာမဟုတ်ဘူး " ယီယွင်က ကိုယ်ပိုင်စွမ်းအားကို သိသည်။ ရှေးဦးဆေးပင်များက သေချာပေါက်ပင် ဖမ်းရလွယ်မည်မဟုတ်ပေ။ ဆေးတောင်တန်းထဲတွင် ရတနာမျိုးစုံ ရှိနေသည်ဖြစ်ပြီး အရည်အချင်းရှိသူတိုင်း ခူးဆွတ်နိုင်သည်။
" မောင်လေးရဲ့အမည်က ဘာလဲ " ယီယွင်က စိတ်မမှန်သည့်အလားပင် စကားလုံးများက ရူးကြောင်ကြောင်နိုင်နေလေသောကြောင့် ဆေးပင်စုဆောင်းသည့် မိန်းကလေးက ယီယွင်ကို စနောက်လိုက်သည်။
" ယီယွင်ပါ " ဆေးပင်စုဆောင်းသည့် မိန်းကလေးက သူ့အား ရယ်စရာတစ်ခုသဖွယ် ကြည့်နေလေသောကြောင့် ယီယွင် ပြောစရာမဲ့နေရသည်။ သူက အရွယ်ရောက်ပြီးသူ ဖြစ်သော်လည်း ဆယ့်ငါးနှစ်အရွယ် မိန်းကလေးတစ်ဦးက သူ့အား ရယ်စရာလုပ်နေလေသောကြောင့် သူ ရယ်ရခက်ငိုရခက် ဖြစ်နေရသည်။
" ဒါဆို မောင်လေးယီယွင်ပေါ့။ ကောင်းပါပြီ ငါမှတ်ထားလိုက်မယ်။ ငါ့အမည်က ကျောက်ချင်းချန်ပါ။ နောင်ကျရင် ငါ့ကို အစ်မချင်းချန်လို့ ခေါ်ပေါ့ "
ကျောက်ချင်းချန်သည် သူမကို ယီယွင်က စိတ်မဝင်စားကြောင်း သိလေသောကြောင့် တမင်ပင် လေသံချွဲကာ ပြောလေသည်..." မောင်လေးယီယွင်... ဒီမမက လော့ဟော်အဖွဲ့အစည်းကပါ "
" လော့ဟော်အဖွဲ့အစည်းလား " ယီယွင် ငြိမ်သွားလေပြီး အမည်ကို ကြားဖူးနေကြောင်း သိသွားရသည်။ ကျောက်ချင်းချန်က သူမ၏နောက်ခံအကြောင်း ပြောပြကာ သူမ၏အင်အားကို သက်သေပြလိုနေသည်ဟု ယီယွင် ထင်မိသည်။
" အဲ့ဒါက မင်းရဲ့ဂိုဏ်း အမည်လား " ယီယွင်က စိတ်ဝင်မစားဟန်ဖြင့် ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
ကျောက်ချင်းချန်က ထပ်မံရယ်မောကာ ပြီတီတီပြောသည်..." မောင်လေးက ချစ်ဖို့ကောင်းလိုက်တာ။ တိုင်အာနတ်မြို့တော်မှာ ကျင့်ကြံသူအများစုက သူတို့အကြားမှာ အဖွဲ့အစည်းတစ်ခု တည်ထောင်ထားတယ်လေ။ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်က အဖွဲ့ဝင်တွေဟာ အရင်းအမြစ်တွေ မျှဝေကူညီပေးပြီး ကုန်သွယ်နိုင်ဖို့ပဲ "
" တိုင်အာနတ်မြို့တော်မှာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုပေါင်းစုံ ရှိတယ်။ အဖွဲ့ ဖွဲ့တာက အရေးသာတယ်လေ။ ငါတို့ လော့ဟော်အဖွဲ့အစည်းက တိုင်အာနတ်မြို့တော်မှာ အကြီးမားဆုံး အဖွဲ့အစည်းတစ်ခုပဲ။ လော့ဟော်အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌက လူသားဂုဏ်အဆင့်မှာ ပထမဖြစ်တဲ့ လော့ဟော်အာပဲ။ နင် ကြားဖူးမှာပါ "
ယီယွင်က လော့ဟော်အာကို သိသည်။ လော့ဟော်အဖွဲ့အစည်း အမည်ကို ရင်းနှီးနေသည်မှာ အံ့ဩစရာမရှိတော့ပေ။ လော့ဟော်အာက ကိုယ့်အမည်ကို အသုံးပြုပြီး အဖွဲ့ထောင်ထားချေ၏။
" တိုင်အာနတ်မြို့တော်က တကယ်ရှုပ်ထွေးတာပဲ။ ကျင့်ကြံသူတွေက ကိုယ်ပိုင်အဖွဲ့အစည်းတွေတောင် ထောင်ထားကြတယ် " ယီယွင် တွေးနေသည်။ သို့သော် ထိုသည်က ကျိုးကြောင်းသင့်သော ရွေးချယ်မှုတစ်ခု ဖြစ်လေ၏။ တိုင်အာနတ်မြို့တော်သို့ ရောက်လာကြသည့် လူများက အစွမ်းအစရှိသူများ ဖြစ်လေသည်။ အဖွဲ့အစည်းတစ်ခု တည်ထောင်ခြင်းသည် တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးနက်နဲစေပြီး အနာဂတ်တွင် ကိုယ်ပိုင်ကြီးထွားရေးနှင့် အခြားကဏ္ဍများအတွက် အကျိုးရှိစေသည်။
အင်အားသည် စည်းလုံးခြင်းမှ လာသည်ဖြစ်၍ အဖွဲ့အစည်းတစ်ခု၏ အင်အားက တစ်ဦးတည်းသမားထက် ကျော်လွန်လေသည်။