ဆေးပင်ခူး အလုပ်အကိုင်
Vol. 12 Ch. 176
ယီယွင်က လော့ဟော်အဖွဲ့အစည်းအပေါ်တွင် စိတ်ဝင်စားမှုရှိနေကြောင်းကို ကျောက်ချင်းချန် သိလိုက်ရကာ အနည်းငယ် ဝမ်းသာသွားပြီး..." မောင်လေး... အဖွဲ့အစည်းမရှိဘဲ နတ်မြို့တော်ထဲမှာ ကြာကြာရပ်တည်နိုင်ဖို့က ခက်တယ်။ မောင်လေးက မမတို့ရဲ့ လော့ဟော်အဖွဲ့အစည်းထဲကိုဝင်ဖို့ စိတ်ဝင်စားလား။ မမတို့ရဲ့ လော့ဟော်အဖွဲ့က လူခေါ်ရာမှာ အရမ်းတင်းကျပ်တယ်။ ဒါပေမဲ့ မမက မင်းကို မိတ်ဆက်ပေးမယ်ဆိုရင် မင်းအနေနဲ့ အဖွဲ့ဝင်တစ်ဦး ချက်ချင်းဖြစ်လာလိမ့်မယ် "
ယီယွင်က ခေါင်းယမ်းကာ... " ကျေးဇူးတင်ပါတယ်... ကျွန်တော်က တစ်ယောက်တည်းပဲ နေချင်ပါတယ် "
အဖွဲ့ဝင်တဲ့လား။ ဟာသပဲ...။
ယီယွင်က စိတ်ထဲတွင် ထိုအတွေးများရှိနေသော်လည်း မျက်နှာထက်တွင်မူ အပြစ်ကင်းသောအပြုံးကို ဆင်မြန်းထားလေသည်။ လက်ရှိ သူ၏အခြေအနေက ဆေးခြင်းကို ကျောတွင်လွယ်ထားသည် မျက်နှာမွဲ ဆေးပင်ခူးကလေးငယ်တစ်ဦးသာ ဖြစ်သည်ကို ယီယွင် သိသည်။ သူ့အား မည်သူကများ လက်ခံချင်ပါမည်နည်း။
" ကောင်းပြီ... တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်လာရင် ဒီမမက ကာကွယ်ပေးမယ်...ဟီဟီ " ကျောက်ချင်းချန်က ယီယွင်ကို ကြာမူပါပါ တစ်ချက်ကြည့်ပြီး အခြားမိန်းကလေးများဆီသို့ သွားခဲ့လေသည်။
ယီယွင် ငိုင်တွေမှုအချို့ဖြင့် ထွက်ခွာသွားလေ၏။ ရှေးဦးဆေးပင်များက ခူးယူရန် ခက်ခဲပုံပင်။ သူ့အဖို့ ပိုမိုကာ ရနိုင်ခြေရှိသည့် ကောင်းကင်အဆင့် ဆေးပင်များကို ရှာဖွေသည်က ပိုကောင်းမည့်ပုံပင်။ မြေအဆင့်ဆိုလျှင်လည်း အဆင်ပြေချေသည်။
သို့သော် သူ ဆေးပင်ခူးရာတွင် ဘဝင်မြင့်နေ၍မရပေ။ သူ အောက်ခြေသိမ်းမှ စတင်ရပေမည်။
ယီယွင် တွေးနေချိန်တွင် သူ၏ကျောဘက်၌ ခြင်္သေပျိုမတစ်ကောင်၏ အော်သံ ထွက်ပေါ်လာသည်။
" နင် ပြီးပြီလား။ နင် ပြီးပြီဆိုရင်လည်း ငေးငိုင်ပြီး လမ်းပိတ်မနေနဲ့။ နင် ငေးလို့ကောင်းမဲ့ အခြားနေရာကိုသွား "
ယီယွင် ထခုန်ကာ လှည့်ကြည့်လိုက်ရာ ဝမ်မိန်းကလေးက လက်တစ်ဖက်တွင် မှန်ကိုကိုင်ထားပြီး အခြားလက်တစ်ဖက်ကမူ စိတ်မရှည်စွာဖြင့် စားပွဲကို ခေါက်နေကြောင်း မြင်လိုက်ရသည်။
" ဒီမိန်းမ...မီးယပ်သွေးဆုံးချိန်ကို ရောက်နေတာလား " ယီယွင်က မကောင်းတွေးလိုက်မိသော်လည်း သဘောထားဆိုးသည် မိန်းမတစ်ဦးနှင့် ပြဿနာဖြစ်ရန် မထိုက်တန်ဟု ခံစားရသည်။ သူက လက်တံတိုသေးသည်ဖြစ်ပြီး တိုင်အာနတ်မြို့တော်သို့ ရောက်ခါစသာဖြစ်၍ မည်သည့်အရာမျှ မလုပ်နိုင်သေးပေ။ သူသည်ကား မျက်ကွယ်ပြုခံထားရသည့် ပုစွန်ဆိတ်တစ်ကောင်သာ ဖြစ်လေ၏။
သို့သော် ယီယွင်က စိတ်ထဲမထားပေ။ သူ အလွန်ပျော်နေ၏။ ဆေးပင်ခူးခြင်းက အနာဂတ်မရှိဟု မည်သူက ပြောလေသနည်း။ သူ အလုပ်ဆက်လုပ်ရန် ပန်းတိုင်တစ်ခု ရခဲ့ချေပြီ။ ထိုသို့ဖြင့် ယီယွင်က ဆေးပင်ခူးတံစဥ်နှင့် သူ၏ကိုယ်လုံးတစ်ဝက်ခန်ရှိသည့် ဆေးခြင်းကိုသယ်ကာ ရုံးခန်းမှ ထွက်လာခဲ့သည်။
သနားဖွယ်ကောင်းသည်မှာ ချည်ကြမ်းဝတ်စုံနှင့် သူက တိုင်အာနတ်မြို့တော်၏ လမ်းမပေါ်တွင် လျှောက်သွားချိန်၌ အထင်သေးသော စကားသံမျိုးစုံနှင့် ရှုတ်ချထူးဆန်းသော အကြည့်မျိုးစုံတို့ကို ရင်ဆိုင်ခဲ့ရသည်။ နောက်ဆုံးတွင်မူ ယီယွင် ဆေးတောင်တန်းသို့သွားသည့် တည်နေရာကူးဝင်ပေါက်သို့ ရောက်သွားခဲ့လေ၏။
သူ ဆေးပင်များ စတင်ကာခူးရချိန်တွင် ဆေးပင်ခူးရင်ဖြင့် မိန်းကလေးတစ်ဦးနှင့် ချိန်းတွေ့ရန်မှာ လက်တွေ့မဆန်သော အိပ်မက်တစ်ခုသာဖြစ်ကြောင်း သိခဲ့ရသည်။
ဆေးတောင်တန်းကို အပိုင်းများစွာ ခွဲထားသည်ဖြစ်ပြီး အပိုင်းတစ်ခုချင်းစီက ကြီးမားလှသည်။ အပိုင်းတိုင်းကို အစီအရင်များနှင့် ပိုင်းခြားထားပြီး အခြားအပိုင်းများနှင့် လမ်းမသွယ်မိစေရန် ကာကွယ်ထားသည်။
ဆေးတောင်တန်းက မိုင်တစ်ထောင်ပတ်လည်ခန့်ရှိသည့် အံ့ဖွယ်နယ်မြေတစ်ခု ဖြစ်သည်။ အံ့ဖွယ်နယ်မြေကို အစီအရင်ပေါင်းများစွာ လွှမ်းခြုံထားလေ၏။ ထိုတောင်တန်းထဲတွင် စိတ်ဝိညာဥ်အရှိန်အဝါတစ်ခု ခြုံလွှမ်းနေလျက်ရှိပြီး မည်သည့်သားရဲမျှ ကျူးကျော်မလာစေရန် ကာကွယ်ထားသည့် အစီအရင်တစ်ခုလည်း ရှိလေသည်။
ဆေးတောင်တန်းတွင် ရတနာမျိုးစုံ ပေါက်ရောက်ရှင်သန်နေသည်။ ထိုရတနာများက မတ်စောက်သော ချောက်ကမ်းပါးများ ၊ နက်ရှိုင်းသော ချောက်နက်များ ၊ နတ်တောင်တစ်လုံး၏ အလယ်ပိုင်းနေရာများတွင် အနှံ့တည်ရှိနေသည်။
ဆေးပင်များက ကြုံရာကျပန်း ပေါက်ရောက်နေလျက်ရှိပြီး ထိုဆေးတောင်တန်းပေါ်တွင် ယီယွင် တစ်ဦးတည်းသာ ရှိနေသည်။ ဆေးပင်ခူးသူက ဆေးပင်များ ခူးပြီးခဲ့လျှင် တိုင်အာနတ်မြို့တော်သို့ ပြန်ရန်အတွက် တည်နေရာကူးဝင်ပေါက်ကို အသုံးပြုရပေလိမ့်မည်။
တိုင်အာနတ်မြို့တော်သို့ ပြန်ရောက်လျှင် ဆေးပင်များအပ်နှံကာ မှော်နဂါးကြေးပြား ဆုကြေးများနှင့် တွက်ချက်ကာ လဲလှယ်ရပေမည်။ ထို့ကြောင့် ဆေးတောင်တန်းထဲတွင် ဆေးပင်ခူးလျှင် ရောင်းဝယ်၍မရသလို သိမ်းထား၍လည်းမရပေ။
သူတို့ ဆေးပင်ပင်မခူးမီတွင် ခန္ဓာကိုယ်အား စစ်ဆေးသည့် စစ်သည်တစ်ဦးပင် ရှိလေသည်။ ယင်းသည် မသမာသောလူများ ကိုယ်ပိုင်ဆေးပင်များ ယူဆောင်လာကာ မှော်နဂါးကြေးပြားများနှင့် လဲလှယ်မည်ကို ကာကွယ်ရန်အတွက် ဖြစ်လေသည်။
ယင်းက ယီယွင်နှင့် ကိုက်သည်။
သူ တည်နေရာကူးဝင်ပေါက်ထဲသို့ ဝင်သွားသည်နှင့် ခန္ဓာကိုယ်အနီးတွင် ခရမ်းရောင်လေများ တိုက်ခတ်လာပြီး အပြောင်းအလဲအချို့ကို ယီယွင် ခံစားလိုက်ရသည်။ သူ မျက်လုံးပြန်ဖွင့်ချိန်တွင် မရင်းနှီးသော ကြီးမားလှသည့် တောင်တစ်လုံး၏ရှေ့သို့ ရောက်ရှိနေသည်။
ယီယွင် ပြောစရာမဲ့နေရ၏။ အရိုင်းနယ်မြေထဲတွင် ခမ်းနားထည်ဝါသော တောင်များစွာကို ယီယွင် မြင်ခဲ့ဖူးသည်။ ထိုတောင်များသည် သူ၏ရှေ့မှောက်မှ တောင်ကြီးကို ယှဥ်နိုင်ခြင်းမရှိပေ။ သူ၏ရှေ့မှောက်မှ တောင်ကြီးက တိမ်တိုက်များထဲ ထိုးဝင်နေပြီး အဆုံးကို မမြင်ရပေ။
တောင်၏အောက်တွင် ချုံနွယ်သစ်ပင်များ ပေါက်ရောက်နေသည်။ သစ်ပင်ကြီးများကို ဖယ်ထားလျှင်ပင် ချုံနွယ်များက လူတစ်ရပ်ခန့်အထိ မြင့်မားနေဆဲပင်။ တောင်ခြေတွင် မညီညာသော ကျောက်အပိုင်းအစများ ထိုးထွက်နေလေ၏။ ကျောက်ဆောင်များက အိမ်တစ်လုံးစာခန့်ရှိပြီး သံမဏိထက်ပင် မာကြောလေသည်။
" အတော်ကိုကြီးတဲ့ တောင်တစ်လုံးပဲ။ တကယ့်ကို အံ့ဖွယ်မြေပဲ " ယီယွင် သက်ပြင်းချလိုက်၏။ နတ်မြို့တော်၏ ဆေးတောင်တန်းက အံ့မခန်းဆန်လှသည်။ ထိုမျှကြီးမားသော နတ်တောင်မျိုးတွင် အကန့်အသတ်မဲ့သော ရတနာများရှိပြီး ၎င်းတို့ကို ရရန်အတွက် လုံလောက်သော အခွင့်အလမ်းသာ လိုအပ်သည်။
" ဒီလောက်ကြီးမားတဲ့ တောင်ကြီးက...တစ်ခုတည်းမဟုတ်ဘူး။ နတ်မြို့တော်က တကယ်ကို အကန့်အသတ်မဲ့တာပဲ။ ငါ ဆေးပင်တွေ ဘယ်လောက်ခူးနိုင်မလဲ သိချင်လာပြီ "
ယီယွင်သည် ဆေးပင်ခူးအလုပ်အား ရွေးချယ်ခဲ့မိသည်ကို ပိုမို၍ပင် စိတ်ကျေနပ်လာရ၏။
ယီယွင် သူ့ထက်ပိုမြင့်နေသော ချုံနွယ်များကို ဖြတ်တောက်ကာ ဆေးတောင်တန်း အနက်ပိုင်းထဲသို့ သွားခဲ့လေသည်။ ဤနေရာရှိ လေထုက မှိုင်းပျနေပြီး ဆေးပင်များ၏ နို့အနံ့ကဲ့သို့သော အနံ့ကို ရရှိနေသည်။
ထိုရနံ့က ခန္ဓာကိုယ်ထဲသို့ ဝင်သွားချိန်တွင် ချွေးပေါက်များအား ထိပ်တန်းအရည်အသွေး ပန်းဝတ်ရည်များနှင့် ဆေးကြောလိုက်သည့်ပမာ ခံစားလိုက်ရပြီး အလွန်တရာပင် သာယာဖွယ်ကောင်းသည်။
" စလိုက်ကြတာပေါ့ "
ယီယွင် သွေးပူအောင်လုပ်ပြီးနောက် အမြင့်ဆုံးအခြေအနေတွင် ရှိနေသည်ဟု ခံစားလိုက်ရသည်။ မြောက်မြားစွာသော ရတနာများရှိသည့် အဆုံးမဲ့သော ဤဆေးတောင်တန်းကြောင့် ယီယွင် လောဘစိတ်များ ဖြစ်လာရသည်။
သူ၏စိတ်ဝိညာဥ်စွမ်းအင်များနှင့် ခရမ်းရောင်သလင်းကျောက်တို့အား ထိတွေ့စေလိုက်ရာ ယီယွင်၏ အမြင်အာရုံသည် တဖြည်းဖြည်းချင်း အဖြူရောင်ပြောင်းသွားလေ၏။ ယီယွင်၏အမြင်အာရုံတွင် နေရာတစ်ခုက အလင်းများသိပ်သည်းနေပြီး အခြားနေရာကမူ အလင်းနည်းပါးနေသည်။ ယင်းသည် မတူညီသော နေရာများတွင် မိုးမြေယွမ်ချီများ စုစည်းနေသည်မှာ မတူညီကြောင်း ဆိုလိုနေလေ၏။
ယီယွင်က မိုးမြေယွမ်ချီများ ပိုမိုများပြားသည့် နေရာသို့သာ သွားခဲ့လေသည်။ ယီယွင် တစ်ချက်တွေးလိုက်ရာ ပြဒါးစီးဝတ်စုံ ပြောင်းလဲသွားသည်။ အလေးချိန် ပိုတိုးလာပြီး သူ၏အရေပြား တစ်လက်မချင်းစီအပေါ် ဖိနှိမ်လာသည်။
မကြာမီတွင် ယီယွင် ခြေထောက်အောက်မှ အသံများထွက်လာ၏။ သူ၏ခြေထောက်အောက်မှာ ကျောက်ခဲများကို ခွဲချေပစ်နေလေ၏။ ယီယွင်အား ဗဟိုပြုကာ အက်ကွဲကြောင်းများ ပေါ်ထွက်လာရသည်။
ယီယွင်၏ခန္ဓာကိုယ်ပေါ်တွင် တောင်တစ်လုံး သယ်လာသည့်အလားပင်။ သူက ပြဒါးစီးဝတ်စုံ၏ အလေးချိန်ကို ဒယ်စောက်နှစ်ရာတွင် ထားရှိထားလေ၏။
ယီယွင်၏ကျောပြင် အနည်းငယ် ကွေးသွားလေရာ အချိန်မရွေး ခုန်အုပ်တော့မည့် ကျားသစ်တစ်ကောင်နှင့် ဆင်တူသွားရသည်။ ယီယွင် ဖားခုန်ခုန်ချိန်က ဒယ်စောက် ၃၅၀ အလေးချိန်ကို တောင့်ခံနိုင်ခဲ့သည်။ သို့သော် ဆေးတောင်တန်းပေါ်သို့ တက်ရသည်မှာ ဖားခုန်ရသည်ထက် ပိုမိုခက်ခဲလေသည်။ သူသာ ဒယ်စောက် ၃၅၀ အလေးချိန်ကို ရွေးလိုက်မည်ဆိုပါက ခွန်အားများ လျင်မြန်စွာပင် ကျဆင်းသွားပေလိမ့်မည်။
ယီယွင်က ဆေးပင်ခူးလိုသည်သာမက ထိုအခွင့်အရေးကို အရယူကာ ခန္ဓာကိုယ်အား လေ့ကျင့်ပြီး သူ့ကိုယ်သူအား အကန့်အသတ်အထိ ကြီးထွားစေလိုသည်။
အချိန်က တန်ဖိုးကြီးသည်ဖြစ်၏။ တိုင်အာနတ်မြို့တော်ထဲရှိ ပြင်းထန်သော ပြိုင်ဆိုင်မှုများကြောင့် ယီယွင်အဖို့ စက္ကန့်တိုင်းကို အရယူကာ လေ့ကျင့်ရမည်။ ဆေးပင်ခူးရသည်ကပင် လေ့ကျင့်ရေးအတွက် ရှားပါးအခွင့်အရေးတစ်ခု ဖြစ်လေ၏။
ယီယွင်က တိမ်ရိုင်းနယ်မြေထဲတွင် အချိန်တိုအတွင်း ထွန်းတောက်လာခဲ့သည်။ သူသည် သာမန်လူငယ်တစ်ဦးအဖြစ်မှ လက်ရှိအခြေအနေအထိ တစ်ဆင့်ပြီးတစ်ဆင့် လျှောက်လှမ်းခဲ့ရ၏။ ထိုအချင်းအရာကို အံ့ဩဖွယ်ရာဟူသည့် စကားလုံးနှင့် ဖော်ပြ၍မရပေ။ အဓိကအကြောင်းအရင်းမှာ ယီယွင်တွင် ခရမ်းရောင်သလင်းကျောက် ရှိနေလေသောကြောင့်ပင်။ သို့သော် ယင်းအရာကို အခြေခံအုတ်မြစ်အဖြစ်ယူကာ အချိန်ကို အကျိုးရှိစွာအသုံးချပြီး အခွင့်အရေးတိုင်းတွင် ကျင့်ကြံနိုင်ခဲ့သည်။
ထိုမျှမြင့်မားသော တောင်တစ်လုံးပေါ်သို့ ဒယ်စောက်နှစ်ရာ အလေးချိန်ရှိသည် ပြဒါးစီးဝတ်စုံကို ဝတ်ဆင်ကာ တက်ရသည်မှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။ ထို့အပြင် ဆေးတောင်တန်းတွင် အထူးအုတ်ချပ်များ ရှိမနေပေ။ ဒယ်စောက်နှစ်ရာ အလေးချိန်က ထိုကျောက်သားများကို တစ်စစီ ခွဲချေပစ်နိုင်လေ၏။
ယီယွင် အသက်ပြင်းပြင်းရှုကာ တန်းထျန်ထဲသို့ ချီများဖြည့်တင်းလိုက်ရာ အရိုးအဆစ်များ မြည်ဟီးသံထွက်လာသည်။ ခရမ်းသွေးနယ်ပယ် အစောပိုင်းအဆင့် အထွဋ်အထိပ် စွမ်းအင်များ နိုးကြားလာ၏။
ယီယွင် တောင်တန်းပေါ်သို့ ကျားသစ်တစ်ကောင်ပမာ ပြေးတက်နေသည်။ တိုင်အာနတ်မြို့တော်မှ ဆေးတောင်တန်း၏ အကန့်အသတ်မဲ့သော ရတနာများက ယီယွင် လာရောက်ရှာဖွေမည်ကို စောင့်ဆိုင်းနေချေ၏။
ယီယွင် မျှော်လင့်တကြီး ဖြစ်နေရသည်။ ယီယွင်၏ သိုင်းပညာလမ်းစဥ်အား စိတ်လှုပ်ရှားဖွယ်ရာ စာမျက်နှာအသစ် ဖွင့်လှစ်လိုက်ချေပြီ။