ဥက္ကာခဲမြက်
Vol. 12 Ch. 177
အဆုံးမဲ့သော တိုင်အာဆေးတောင်တန်း၏ တောရိုင်းတစ်နေရာတွင် ပုံရိပ်တစ်ခုသည် တောင်ပေါ်တွင် တွယ်တက်ခုန်ပျံနေ၏။
ပြဒါးစီးဝတ်စုံ၏ ဒယ်စောက်နှစ်ရာ အလေးချိန်ကြောင့် ယီယွင်က ခြေလှမ်းတိုင်းကို သတိထားနေရသည်။ သူက ရွံ့မြေများပေါ်တွင် ခြေချ၍မရ ကျောက်သားပေါ်သို့သာ ခြေချရပေမည်။ ထိုသို့သာမဟုတ်ပါက သူ၏ခြေထောက်များ မြေကြီးထဲသို့ ကျွံဝင်သွားပေလိမ့်မည်။
တောင်တန်းထဲတွင် ကျောက်ဆောင်များစွာရှိပြီး ယီယွင်၏ အလေးချိန်ကို ခံနိုင်ရည်ရှိသည်။ ယီယွင် ကျောက်ဆောင်တစ်ခုပေါ် ခြေချမိပြီး ဒုတိယခြေလှမ်း လှမ်းရန်ပြင်လိုက်စဥ်တွင် သူ ခြေနင်းထားသည် အစိမ်းရောင်ကျောက်ဆောင်ကြီး လည်ထွက်သွားလေ၏။ ကျောက်ဆောင်က ယီယွင်၏ အလေးချိန်ကို မခံနိုင်တော့သည့်ပမာ ဖြစ်သွားရပြီး မြေဆီလွှာထဲမှ ထိုးထွက်လာရသည်။
ရုတ်တရက်အဖြစ်အပျက်ကြောင့် ယီယွင် အံ့အားသင့်သွားရသည်။ ကျောက်တုံးကြီး လည်ထွက်သွားလေသောကြောင့် သူ၏တစ်ကိုယ်လုံး ပြုတ်ကျသွားရသည်။
သူသာ အလေးချိန်ကို အချိန်မီ မပြောင်းနိုင်ခဲ့လျှင် ပြဒါးစီးဝတ်စုံ၏ ဒယ်စောက်နှစ်ရာ အလေးချိန်နှင့် ပြုတ်ကျသွားခြင်းသည် ရယ်စရာတစ်ခု မဟုတ်ပေ။
ယီယွင်သာ သာမန်ကျောက်သားများပေါ် ပြုတ်ကျသွားလျှင် ကျောက်သားများ ကွဲကြေသွားမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် သူသည်လည်း ဒဏ်ရာရပေလိမ့်မည်။
ယီယွင်က ကျောက်တုံးကြီးတစ်တုံးပေါ်သို့ ပြုတ်ကျတော့မည်ကို မြင်သောအခါတွင် ပြဒါးစီးဝတ်စုံ၏ အလေးချိန်ကို ပြောင်းလဲခြင်းမပြုဘဲ ခန္ဓာကိုယ်အား တွန့်လိမ်ကာ တပ်တစ်ထောင်ဓားမောက်ကို ဆွဲထုတ်လိုက်သည်။
ရွှတ်...။
တပ်တစ်ထောင်ဓားမောက်က ကျောက်သားများကို တို့ဖူးပမာပင် ဖြတ်တောက်သွားလေ၏။ ထိုအားအင်ကို အသုံးပြုကာ ယီယွင် လေထဲတွင် တစ်ပတ်ဂျွမ်းထိုးလိုက်သည်။ ထိုသို့ ဂျွမ်းထိုးလိုက်ခြင်းကြောင့် ကျောက်တုံးပေါ်သို့ ကျောပြင်နှင့်ကျတော့မည့် ယီယွင်က ဘေးဘက်သို့ လှည့်ပြောင်းနိုင်ခဲ့သည်။
ယီယွင် သုံးမီတာအကွာသို့ ခြေချမိသွားကာ ဟန်ချက်ထိန်းနိုင်သွားလေ၏။ ယင်းက ခြေဖျားများနှင့် ရိုးရှင်းစွာ ထိမိသွားခဲ့ခြင်း ဖြစ်သည့်တိုင်အောင် ကျောက်သားများ ကွဲသွားရသည်။ ထိုရလဒ်ကြောင့်ပင် ယီယွင်က ကျောက်တုံးကြီး၏ အဖျားပိုင်းတွင် ဟန်ချက်ထိန်းနိုင်ခဲ့ခြင်း ဖြစ်လေ၏။
သူ၏ဆက်တိုက်လှုပ်ရှားမှုများသည် တဒင်္ဂလှုပ်ရှားမှုတွင် အဆင့်ကြီးအောင်မြင်မှုသို့ ရောက်ရှိနေသည့် ရလဒ် ဖြစ်လေသည်။
ယီယွင် ဆက်လက်ကြိုးပမ်းက စမ်းသပ်လေ့လာနေသည်။ သူ၏ခွန်အားများကို တဖြည်းဖြည်းချင်း တိကျမှန်ကန်စွာ ထိန်းချုပ်လာနိုင်ခဲ့လေ၏။ ခွန်အား တစ်အောင်စခန့်ကပင် အပိုအလို မရှိရပေ။ သူက ဓားသွားပေါ်တွင် ကခုန်နေရသည့်ပမာ ဖြစ်နေလေ၏။
သူ တောင်ထိပ်ပေါ်သို့ တစ်ဆင့်ပြီးတစ်ဆင့် တက်သွားခဲ့သည်။ ခြေလှမ်းတိုင်းက မြန်ဆန်ကာ ဂရုတစိုက်ရှိသည်။
အိုး...။
မီတာရာချီအဝေးမှ သစ်ပင်တစ်ပင်အောက်တွင် အလင်းများ တောက်ပနေသည်ကို ယီယွင် မြင်လိုက်ရ၏။ ခရမ်းရောင်သလင်းကျောက်က တုန်ခါနေလျက်ရှိနေလေရာ ထိုအလင်း၏တည်ရှိမှုကို ယီယွင် သတိပြုမိသွားခဲ့သည်။
ယီယွင်၏ကျင့်ကြံမှု မြင့်မားလာပြီး စိတ်ဝိညာဥ်စွမ်းအင် ပိုမိုအစွမ်းထက်လာလေသောကြောင့် သူ၏အာရုံခံနိုင်စွမ်းများ ပိုမိုထက်မြက်လာခဲ့သည်။ သူက မီတာရာပေါင်းများစွာအဝေးမှ စွမ်းအင်တိုင်းကို သိမြင်ခံစားနိုင်နေသည်။
ယင်းသည် ခရမ်းရောင်သလင်းကျောက်က ယီယွင်ကို ပေးစွမ်းထားသည့် စွမ်းအင်များနှင့် တည်ဆောက်ထားသော လောကတစ်ခုဖြစ်သည့် စိတ်ကူးယဥ်အမြင်အာရုံ ဖြစ်လေသည်။ ခရမ်းရောင်သလင်းကျောက်၏ လမ်းညွှန်မှုအောက်တွင် ယီယွင်က သွမ်းအင်အရင်းအမြစ်များကို အလွယ်တကူပင် မြင်နိုင်နေသည်။
ချုံနွယ်များကို ဖယ်ရှားကြည့်လိုက်ရာ သစ်ပင်တစ်ပင်၏ ပင်စည်အက်ကြောင်းကြားတွင် လက်သီးဆုပ်အရွယ် ပန်းတစ်ပွင့် ရှိနေသည်ကို ယီယွင် မြင်လိုက်ရသည်။
" လေဟာနယ်ကြယ်ပန်းလား "
ယီယွင်က ပန်းပွင့်၏ အရောင်းအသွေးနှင့် ပွင့်ဖက်တို့ကိုကြည့်ကာ အမျိုးအစား ခွဲခြားလိုက်သည်။
သူ တိုင်အာနတ်မြို့တော်သို့ ရောက်လာခဲ့စဥ်က လေဟာနယ်ကြယ်ပန်းအကြောင်း မှတ်တမ်းတင်ထားသည့် နတ်မြို့တော်၏ စာအုပ်ကို ဖတ်ခဲ့ရသည်။ လေဟာနယ်ကြယ်ပန်းက မိုးမြေယွမ်ချီများနှင့် မိုးရေတို့ကို စုပ်ယူကာ ကြီးထွားလေပြီး အခြားသစ်ပင်များ၏ ပင်စည်များပေါ်တွင် အမြစ်တွယ်ကပ်ကာ ပေါက်ရောက်ကြသည်။
သို့သော် ထိုသစ်ပင်က လေဟာနယ်ကြယ်ပန်း၏ အမြစ်နှင့် မခြားပေ။ လေဟာနယ်ကြယ်ပန်းကို ဖယ်ရှားလိုက်လျှင် ထိုသစ်ပင် တဖြည်းဖြည်းချင်း ညှိုးခြောက်သွားပေလိမ့်မည်။ လေဟာနယ်ကြယ်ပန်းက အဝါရောင်အဆင့် အဆင့်မြင့် ဆေးပင်တစ်ပင်ဖြစ်ပြီး မှော်နဂါးကြေးပြား သုံးပြားနှင့် လဲလှယ်၍ရသည်။
" ဝေးဝေးလံလံအထိ ရောက်လာပြီးတဲ့နောက်မှာ အဝါရောင်အဆင့် အဆင့်မြင့် လေဟာနယ်ကြယ်ပန်းတစ်ပွင့်ကို ရှာတွေ့ခဲ့ပြီ။ နတ်မြို့တော်ထဲက ခရမ်းရောင်သလင်းကျောက် မရှိတဲ့ အခြားကျင့်ကြံသူတွေအတွက်ဆိုရင် ဆေးပင်တွေကို မြက်ပင်တွေနဲ့ ကျောက်တုံးတွေ ကြားထဲမှာပဲ ရှာကြလိမ့်မယ်။ ကံကောင်းတဲ့ လူတစ်ယောက်ဆိုရင်တောင် ဆန်းကြယ်မှုအဆင့် ဆေးပင်တစ်ပင် ဒါမှမဟုတ် နှစ်ပင်လောက်က ကြီးမားရိတ်သိမ်းမှု ဖြစ်နေလောက်ပြီ "
" အဝါရောင်အဆင့် အဆင့်နိမ့် ဆေးပင်တွေက မှော်နဂါးကြေးပြား နှစ်ပြားနဲ့ပဲ လဲလှယ်လို့ရတယ်။ ဆန်းကြယ်မှုအဆင့် ဆေးပင်တွေက ဈေးပိုရတယ်ဆိုပေမဲ့ မှော်နဂါးကြေးပြား ဆယ်ပြားဝန်းကျင်ပဲ ရှိတယ်။ တွက်ကြည့်ရရင် ကျင့်ကြံသူတစ်ဦးအနေနဲ့ တစ်ရက်ကို မှော်နဂါးကြေးပြား ၄၀ ၊ ၅၀ လောက် ရနိုင်ရင်ကို အကောင်းဆုံးဖြစ်နေပြီ "
" ဒါပေမဲ့ ဆေးပင်ခူးအလုပ်ကို ရွေးချယ်ထားရင် တစ်ရက်ကို မှော်နဂါးကြေးပြား ၂၅ ပြားဖိုး အနည်းဆုံး ပေးအပ်ဖို့လိုတယ်။ ဒါက နတ်မြို့တော်အတွက် အရင်းအမြစ် ရလာနိုင်စေပြီး လူတွေ ပျင်းရိမနေအောင်လည်း ကာကွယ်ပေးနိုင်တယ်။ မှော်နဂါးကြေးပြား ၂၅ ပြား နုတ်လိုက်ရင် ပိုတောင်နည်းသွားဦးမယ် "
လူအများက ဆေးပင်းခူမလုပ်လိုကြသည်မှာ အံ့ဩစရာမရှိတော့ပေ။ ဤသည်က အမှန်တကယ်ပင် အထီးကျန်ကာ ပျင်းစရာကောင်းသော အလုပ်တစ်ခု ဖြစ်လေသည်။
သူ လေဟာနယ်ကြယ်ပန်းကို ခူးဆွတ်ပြီးနောက် ဆက်သွားခဲ့သည်။ ယီယွင်က ကျောက်သားများပေါ်တွင် ခြေချလျက်ဖြင့် လှုပ်ရှားမှုနည်းစနစ်နှင့် စွမ်းအားထိန်းချုပ်မှုတို့ကို ဆက်လက်စမ်းသပ်နေခဲ့သည်။ ယင်းက ယီယွင်၏ အမြန်နှုန်းကို နှေးကွေးနေစေလေသည်။
ဆေးပင်ခး သာမန်ကျင့်ကြံသူတစ်ဦးအဖို့ ဆေးတောင်တန်းသို ဝင်လာသည်မှာ ဆေးပင်များ စတင်ရှာဖွေကြသည်။ သူတို့က အခြားအရာများကို လုပ်ဆောင်နေရန် အချိန်မရှိပေ။ သူတို့သာ မှော်နဂါးကြေးပြား ၂၅ ပြား မပေးနိုင်လျှင် မှော်နဂါးကြေးပြားများ အနုတ်ခံရပေမည်။
နှစ်ရက်ဆက်တိုက် အနုတ်ခံရပါက နတ်မြို့တော်သည် အခမဲ့ အိပ်ဆောင်များကို ရုတ်သိမ်းမည်ဖြစ်ပြီး ထိုသူများအဖို့ လမ်းမပေါ်တွင် အိပ်ရပေလိမ့်မည်။ စစ်သည်တစ်ဦးအဖို့ လမ်းမပေါ်တွင် အိပ်ရသည်က အမှန်တကယ် အပြစ်ပေးခံရခြင်း မဟုတ်သော်လည်း အလွန်ပင် ရှက်ဖွယ်ကောင်းချေသည်။
တိုင်အာနတ်မြို့တော်သို့ ရောက်လာကြသည့် လူအားလုံးက ဝင့်ကြွားကြသူများ ဖြစ်လေသည်။ သို့သော် နတ်မြို့တော်၏ အခမဲ့အိပ်ဆောင်များတွင် အိပ်ခွင့်မရတော့ဘဲ လမ်းမပေါ်တွင် အိပ်စက်ရခြင်းဖြင့် အဆုံးသတ်ခဲ့ပါက ကြီးမားသော ပြက်လုံးတစ်ခုပင်ဖြစ်ပြီး သူတို့၏ မျိုးသားစုများဆီသို့ပင် သတင်းရောက်သွားနိုင်သည်။
ထို့ကြောင့် ဆေးပင်ခူးရန် ရောက်လာကြသူများက ပျင်းရိမနေဝံ့ကြပေ။
မကြာမီတွင် ယီယွင်၏ ဆေးခြင်းထဲ၌ ဒါဇင်ခန့်ရှိသော အဝါရောင်အဆင့် ဆေးပင်များနှင့် ပြည့်သွားလေသည်။ ထိုဆေးပင်များက မှော်နဂါးကြေးပြား ၃၀ ခန့်သာ တန်ကြေးရှိသည်ဟု ယီယွင်က ခန့်မှန်းထားသည်။
" အဲ့ဒါ ဘာပါလိမ့် "
ယီယွင်သည် မီတာရာချီအဝေးရှိ ဝေဝါးသော စွမ်းအင်လှုပ်ခတ်မှုတစ်ခုကို အာရုံခံမိသွားခဲ့သည်။.စွမ်းအင်လှုပ်ခတ်မှုက သူ ရှာတွေ့ထားခဲ့သည့် အဝါရောင်အဆင့် ဆေးပင်များထက် ပိုမိုသိပ်သည်းလေ၏။
" ဒါက ဆန်းကြယ်မှုအဆင့် ဆေးပင်ပဲ ဖြစ်ရမယ် "
ယီယွင် နှုတ်ခမ်းသပ်ကာ စွမ်းအင်လှုပ်လတ်နေသည့် နေရာဆီသို့ လှုပ်ရှားမှုနည်းစနစ်သုံးကာ သွားလိုက်လေ၏။
ယီယွင်က စိတ်ဝိညာဥ်စွမ်းအင်များကို ခရမ်းရောင်သလင်းကျောက်နှင့် ထိတွေ့စေထားသည်။ သူ၏အာရုံထဲတွင် မိုးမြေယွမ်ချီများက ရေစက်ကြီးတစ်စက်မပမာ ရှိနေသည်။ ယင်းအရာ၏ မူလပုံစံက စိတ်ဝိညာဥ်ပစ္စည်းတစ်မျိုးဖြစ်ကြောင်း သိသာလေသည်။
ခရမ်းရောင်သလင်းကျောက်၏ အမြင်အာရုံမှ ထွက်ကြည့်လိုက်ချိန်တွင် ကျောက်တုံးနက်တစ်ခုကိုသာ ယီယွင် မြင်လိုက်ရသည်။ ကျောက်တုံးနက်က မျက်နှာပြင်လုံးဝန်းပြီး အပေါက်ငယ်များ ပြည့်နေသည်။ ၎င်းက သာမန်ကျောက်တုံးများနှင့် မကွာခြားသလို ဆေးပင်တစ်ပင်၏ လက္ခဏာရပ်များလည်း မရှိပေ။
ယီယွင် မေးစေ့အားပွတ်ကာ နတ်မြို့တော်၏ စာအုပ်ထဲမှ အကြောင်းအရာများကို ပြန်တွေးလ်ုက်သည်။ ထိုကျောက်တုံးက မည်သည့်အရာ ဖြစ်သည်ကို သူ လျင်မြန်စွာပင် သိရှိသွားလေ၏။
ယီယွင် တပ်တစ်ထောင်ဓားမောက်ကို ထုတ်ယူကာ ကျောက်တုံးနက်အား ခုတ်လိုက်သည်။
ထန်း...။
အသံပျော့ပျော့ ထွက်ပေါ်လာကာ ကျောက်တုံးနက် နှစ်ခြမ်းကွဲသွားသည်။
" အတော်မာတာပဲ။ ငါထင်တာ မှန်နေတယ် "
တပ်တစ်ထောင်ဓားမောက်က သံများကို ရွှံ့ပမာပင် ခုတ်နိုင်သည်ဖြစ်ပြီး သူ၏ခွန်အားနှင့်သာဆိုပါက ကျောက်တုံးနက်ကို မဆိုထားနှင့် သံမဏိနံရံကိုပင် အလွယ်တကူ လှီးဖြတ်ပစ်နိုင်သည်။ သို့သော် ထိုကျောက်တုံးနက်ကမူ ကွဲသွားခဲ့သော်လည်း ယီယွင်လက်အား အနည်းငယ် ထုံသွားစေခဲ့သည်။ ယင်းက သာမန်ကျောက်ခဲ မဟုတ်လေဘဲ ဥက္ကာခဲတစ်လုံး ဖြစ်လေသည်။
" ဥက္ကာခဲတစ်လုံးပဲ... ဥက္ကာခဲ ကြွေလာတဲ့အချိန်မှာ မိုးမြေယွမ်ချီတွေနဲ့ ပွတ်တိုက်တာကြောင့် မီးတောက်လောင်ရတယ်။ မီးတောက်တွေက မသန့်စင်တာတွေကို လောင်ကျွမ်းသွားစေပြီး မိုးမြေယွမ်ချီအဆီအနှစ်တွေက ကျောက်တုံးထဲကို ဝင်သွားခဲ့တယ်။ ဒီဖြစ်ရပ်ကြောင့် ကျောက်တုံးက သာမန်သတ္တုတွေထက် လုံးဝကွဲပြားတဲ့အဆင့်ကို ရောက်သွားခဲ့တယ်။ ဒါဟာ ပန်းပဲသမားတစ်ဦးက သတ္တုကို အကြိမ်ပေါင်း သန်းဆယ်ချီအောင် ထုရိုက်ပြီးတော့ ပုံသွင်းနေတာနဲ့ ဆင်တူတယ် "
ဥက္ကာခဲသည် ယီယွင်ကြောင့် နှစ်ခြမ်းကွဲနေပြီး အတွင်းပိုင်းတွင် ချောမွေ့နေသည်။ ၎င်းက မီးခိုးဖြူရောင်အဆင်း ရှိလေ၏။ မီးခိုးဖြူရောင် မျက်နှာပြင်ထဲတွင် သိသာထင်ရှားသည့် လက်မအရွယ် အပေါက်တစ်ခု ရှိနေသည်။
ယီယွင်က အပေါက်ထဲသို့ လက်နှိုက်ကြည့်ပြီးနောက် မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ အပေါက်ထဲမှ တီကောင်တစ်ကောက် တူးထုတ်လိုက်သည်။
သို့သော် ယင်းက တီကောင်တစ်ကောင် မဟုတ်လေဘဲ ဥက္ကာခဲမြက်ဟု ခေါ်လေသည်။ ယင်းက ဥပုံသဏ္ဌာန် အပင်တစ်ပင် ဖြစ်သည်။
ဥက္ကာခဲမြက်က မျိုးစေ့များ အမြစ်တွယ်ဖို့ရာ နေရာရှာဖွေရန်အတွက် မိုင်ပေါင်းသောင်းချီအဝေးအထိ ပို့လွှတ်နိုင်ကြသည်။ ထို့နောက်ပိုင်းတွင် ဥက္ကာခဲမြက်၏ အစေ့များက တိုက်စားတတ်သော အရည်များ ထုတ်ပေးလေပြီး နှစ်အနည်းငယ်အကြာ၌မူ ဥက္ကာခဲကို လုံးဝပင် လိုဏ်ခေါင်းဖောက်ကာ အမြစ်တွယ်နိုင်ပေလိမ့်မည်။
ထို့နောက်တွင်မူ ဥက္ကာခဲမြက်က ပန်းသီးထဲမှ ပိုးကောင်တစ်ကောင်ပမာ ဖြစ်သွားပေလိမ့်မည်။ ၎င်းက ဥက္ကာခဲ၏ လိုဏ်ခေါင်းထဲတွင် တွားသွားနေမည်။ ၎င်းက ဥက္ကာခဲ၏ အဆီအနှစ်များကို စုပ်ယူကာ ကြီးထွားလာစေပေလိမ့်မည်။
ထိုကဲ့သို့ အံ့ဩဖွယ်ရာ အပင်တစ်ပင်ကြောင့် ယီယွင် သက်ပြင်းချမိသည် နတ်အရိုင်းနယ်မြေထဲတွင် အံ့ဩဖွယ်ရာမျိုးစုံ ရှိနေသည်။ သက်ရှိပုံစံများက ယီယွင်၏ အတိတ်ဘဝ အသိပညာများထက် ကျော်လွန်နေ၏။
" ဥက္ကာခဲမြက် ၊ ဆန်းကြယ်မှုအဆင့် အလယ်အဆင့်။များများစားစား မရှိတာကြောင့် ရှာတွေ့ဖို့မလွယ်ဘူး။ တိုင်အာနတ်မြို့တော်ရဲ့ စာအုပ်ထဲမှာတော့ ဒီဟာကို မှော်နဂါးကြေးပြား ၈၂ ပြားနဲ့ လဲလှယ်လို့ရတယ်တဲ့ "
ယီယွင် သိုင်းပညာကို စတင်လေ့ကျင့်စဥ်ကတည်းက မှတ်ဥာဏ်များ အလွန်ကောင်းလာခဲ့သည်။ သူက စာအုပ်ထဲရှိ မှော်နဂါးကြေးပြား ပမာဏအားလုံးကို မှတ်မိနေသည်။
ဆန်းကြယ်မှုအဆင့် ဆေးပင်တစပင်က မှော်နဂါးကြေးပြား ဆယ်ပြားမှ စတင်လေသည်။ ဤဆေးပင်၏တန်ကြေးအရ ရှားပါးသော ဆန်းကြယ်မှုအဆင့် ဆေးပင်အချို့သည် မှော်နဂါးကြေးပြားတစ်ရာထက် တန်ကြေးရှိပြီး မြေကြီးအဆင့် ဆေးပင်အချို့ထက် သာလွန်လေသည်။
" ဒီနေ့အတွက် တော်သင့်ပြီ။ ငါ ထွက်သွားဖို့ ပြင်ဆင်ရမယ်။ ငါ့ရဲ့ပထမဆုံး ဆေးပင်ခူးတဲ့ရက်မှာ အရမ်း ရယ်စရာကောင်းနေလို့ မဖြစ်ဘူး "