ဟင်းသီးဟင်းရွက်များ လွှဲပြောင်းပေးခြင်း
Vol. 12 Ch. 179
“စံချိန်ချိုးချင်သူမလား”
၀မ် ပြောစကားများကို ကြားတော့ ယီယွင် ရင်တွေထဲတွင် နင့်ခနဲ ဖြစ်သွားသည်။ ထိုအမျိုးသမီးမှာ ပါးစပ်ဖွာသည်မှာ သေချာသည်။ သူမက မေးခွန်းအနည်းငယ်သာ မေးခဲ့ပြီး ယခုမှာ ထိုအကြောင်းကို ရွဲ့စောင်း၍ ပြောနေလေပြီ ဖြစ်သည်။
ဒါပေမယ့်... ဤသည်မှာမှန်သော်လည်း...ယီယွင် စံချိန်ချိုးမည်ကို လူအာလုံးကို လိုက်ပြောထားခြင်းမရှိပေ။
"မောင်လေး ယီယွင်၊ မင်းပဲ"
ကျောက်ချင်ချန်း က ယီယွင် ကိုကြည့်ပြီး အတင်းပြုံးပြသည်။ "ဒီအမျိုးသမီးက ဖြူကောင်တစ်ကောင်လိုပဲ၊ မြင်တဲ့သူတိုင်းကို ထိုးချင်နေတာ။ သံနက်နဲ့လုပ်ထားတဲ့ သတ္တုကြက်ဖလိုလည်း အမွေးတစ်ပင်ကိုတောင် နှုတ်ခွင့်မပေးနိုင်လောက်ကို တွန့်တိုလွန်းတယ်။ ဒီနေ့ မင်းရဲ့ဆေးဖက်ဝင်အပင်တွေကို လွှဲပေးလိုက်ရင် မင်းသိလိမ့်မယ်။ မင်းရဲ့ ဆေးဖက်ဝင်အပင်တွေရဲ့ စျေးကို သိသိသာသာ လျှော့ပေးလိမ့်မယ်၊လူသစ်တွေတော်တော်များများဆို ငှားရမ်းခ မှော်နဂါးကြေးပြား ၂၅ပြားတောင်မတတ်နိုင်ကြဘူး”
ကျောက်ချင်ချန်း သည် မကျေနပ်ချက်အပြည့်ဖြင့်ပြောလိုက်လေသည်။ ဘဏ်အတိုးနှုန်းအတွက် ကျောက်ချင်ချန်းမှာ စိုးရိမ်နေသေးသည်။
ဆေးပင်ခူးသော မိန်းကလေးများမှာ ၎င်းတို့၏တန်ကြေးများအားလုံး လျော့နည်းလျှက်ရှိကြသည်။ ကျင့်ကြံသူများ အတွက် မှော်နဂါးကြေးပြားသည် အလွန်တန်ဖိုးကြီးသည်။ တစ်ပြားကိုနှစ်ပြားခွာပြီး နေ့ရက်တိုင်းကို ဖြတ်သန်းနေကြရသူများ ဖြစ်လေသည်။
"အစ်မ ကျောက် အကြံပေးတာကို ကျေးဇူးတင်ပါတယ်၊ အစ်မ ၀မ် က ဘာလို့ ဒီလောက် ဒေါသကြီးနေရတာလဲ" ယီယွင် က ပေါ့ပေါ့ပါးပါး မေးလေသည်။
"ဘယ်သူသိလဲ။ သူက တိုင်အာ နတ်မြို့တော်ရဲ့ ကျင့်ကြံသူလို့တော့ ကြားမိတာပဲ။ နောက်တော့ သူနဲ့ကြိုက်နေတဲ့ ကျင့်ကြံသူတစ်ယောက်နဲ့ စေ့စပ်ထားတာကို သိရတယ်။ နောက်ပိုင်းမှာ မတော်တဆတစ်ခုကြောင့် သူနဲ့ စေ့စပ်ထားတဲ့လူက ကျင့်ကြံရင်းနဲ့ သေဆုံးသွားခဲ့တယ်။ နောက်ပိုင်းမှာ ဒီဝမ်အမျိုးသမီးက တိုင်အာ နတ်မြို့တော်မှာ ကျန်ခဲ့တယ်။ တကယ်တော့ သူက အရမ်းသန်မာပေမယ့် ဘယ်သူနဲ့မှ ဖော်ဖော်ရွေ့ရွေ့မရှိလို့ သူ့အလုပ်ကို သောင်းပြောင်းလုပ်နေရတာ"
“ဒါ…” ယီယွင် က ထိုအဖြစ်ပျက်များကြားတော့ မျှော်လင့်ထားသလို မဟုတ်ပေ။ ၀မ်၏ အဖြစ်ပျက်များအကြောင်း ကြားတော့ တိုင်အာနတ်မြို့တော်၏ ကျင့်ကြံခြင်း၏ ရက်စက်ကြမ်းကြုတ်မှုကို ခံစားရစေရကာ အသက်များ သေဆုံးရန်မှာ လွယ်ကူလွန်းလှပေသည်။
"အစ်မ မင်းကိုပြောစရာရှိတယ်။ မှော်နဂါးကြေးပြား တွေက အရမ်းတန်ဖိုးကြီးတယ်။ မှော်နဂါးကြေးပြား တိုင်းကို ပညာရှိရှိသုံးရမယ်။ အဲဒါတွေကို မဖြုန်းတီးနဲ့။ လူသစ် တွေအတွက် မှော်နဂါးကြေးပြား ရဖို့က အရမ်းခက်တယ်။ တစ်ရက်ကို ၁၀ခု လောက်ရှာနိုင်မှ၊ အနာဂတ်မှာ မင်းအဲဟာတွေ သုံးဖို့နေရာတွေ အများကြီးရှိတယ်"
ကျောက်ချင်ချန်း လည်း ၎င်းတို့၏တန်ဖိုးကို ကောင်းစွာသိလေသည်။
ယီယွင် ခေါင်းညိတ်လိုက်သည်။ ကျောက်ချင်ချန်း ၏စကားများကို ဘယ်သောအခါမှ အလေးအနက်မထားသော်လည်း သူမက လူကောင်းတစ်ယောက်ဟု ယီယွင် ခံစားမိသည်။
ထိုအချိန်တွင် ၀မ် သည် သံမဏိချိန်ခွင်ကို ကိုင်လိုက်ပြီး ယီယွင် အား "ဆေးပင်ရှာတာက လူသစ်နှင့် စစ်ပြန်တွေကော အတူတူပဲနော်၊ မှော်နဂါးကြေးပြား ၂၅ပြားပဲ၊ တစ်ခုတောင်လျော့လို့ မရဘူး..အကယ်လို့ မပြည့်ဘူး ဆိုရင် မင်းရဲ့မှော်နဂါးကြေးပြားကို သုညအောက်အထိ လျှော့ချရမယ်"
၀မ် က လေသံကိုခပ်မာမာပြောကာ ခိုဥအရွယ် အလေးကို စားပွဲပေါ်တွင် ခေါက်လိုက်သည်။
“ လမ်းပေါ်မှာ မအိပ်ချင်ဘူးဆိုရင်တော့ အဲဒီကြွေးမြီတွေကို ဘဏ်ကနေ ချေးယူနိုင်တယ်။ အတိုးနှုန်းကတော့… လူသစ်တွေအတွက်ကတော့ သက်သာတယ်။အားလုံး အကုန်ပေါင်းရင် အတိုးက ၁၂ ရာခိုင်နှုန်းပဲရှိမယ်”
ထိုသို့ပြောနေစဉ် ၀မ် သည် ကျောက်ချင်ချန်း နှင့်သူမ၏တွဲဖက် မိန်းကလေးတို့ကို တစ်ချက်ကြည့်လိုက်သည်။ မိန်းကလေးအားလုံး၏ မျက်နှာမှာ ရှက်စိတ်ဖြင့် နီရဲသွားကြသည်။ ထိုဝမ်အမျိုးသမီး ရဲ့ ပါးစပ်မှာ ဆိုးလွန်းပေသည်။
ဝမ်၏စကားကို ယီယွင်က ဂရုမစိုက်အားပဲ သူ၏ ဆေးပင်တောင်းကို စားပွဲပေါ်တင်လိုက်လေသည်။
၀မ် သည် ခြင်းတောင်းကို ဖုံးထားသော အ၀တ်စကို ဆွဲဖယ်လိုက်ကာ အထဲရှိ ဆေးဖက်၀င်အပင်များကို ထုတ်ယူလေသည်။
သို့သော် ဆေးပင်များကို ထုတ်ယူရင်း ဝမ်၏မျက်နှာတွင် ထူးဆန်းသောအမူအရာတစ်ခု ပေါ်လာသည်။
၀မ်မှာ ဆေးဖက်၀င်အပင်ရုံးမှာ အချိန်အတော်ကြာ လုပ်ကိုင်ခဲ့ရပြီး ဆေးပင်များအကြောင်းကို တက်ကျွမ်းသူတယောက်ဖြစ်လေသည်။ ယခုတွင် ဆေးပင်များကို ကြည့်နေသည့် ၀မ်မှာ တစ်ခုခုလွဲချော် နေသည်ကို ခံစားမိနိုင်သည်။ ခြင်းတောင်းထဲကို သူမက ထူးဆန်းတဲ့အကြည့်ဖြင့် ကြည့်နေလေ၏။
၀မ်မှာ ဆေးပင်တောင်းကိုလှန်လိုက်ပြီး သူမ၏မျက်နှာသည် တဖြည်းဖြည်း ဖြူဖျော့သွားကာ…
"အိုး"
ကျောက်ချင်ချန်းနှင့် တွဲဖက်မိန်းကလေးတို့မှာလည်း ၀မ် ၏အမူအရာကို သတိပြုမိကြပြီး အဖြစ်အပျက်ကို သိချင်နေကြသည်။
"ဒါတွေ မင်းခူးခဲ့တာလား"
၀မ် က သူ့ခေါင်းကို မော့လိုက်ပြီး ယီယွင် ကို ပထမဆုံးမြင်ဖူးသလိုမျိုး ခေါင်းအစ ခြေအဆုံး ကြည့်လိုက်လေသည်။
ယီယွင် ခေါင်းညိတ်လိုက်သည်။ ကျောက်ချင်ချန်း နှင့် တွဲဖက်မိန်းကလေး တို့မှာလည်း တစ်ခုခုဖြစ်ပြီကို ရိပ်စားမိသည်။ သူတို့အားလုံးသည် သိချင်စိတ်ဖြင့် ခြင်တောင်းထဲသို့ လှမ်းကြည့်ကာ အံ့အားသင့်သွား ကြသည်။
"လေဟာနယ်ကြယ်ပန်း, ဖန်နျို အမြစ်များ။ အိုးး…ဒီသစ်သီးက အမှောင် သစ်သီး... အဝါရောင်အဆင့်ရှိတဲ့ အသီးအနှံတွေကြားထဲက ရတနာတစ်ခုပဲ၊ ပြီးတော့... ဒါဘာလဲ..."
ကျောက်ချင်ချန်း သည် တီကောင်နှင့်တူသော အရာတစ်ခုကို ထုတ်ယူလိုက်သည်။ အချိန်အတော်ကြာ ကြည့်ပြီးနောက် 'နတ်အရိုင်းတော' စာအုပ်မှ မှတ်တမ်းကို ပြန်အမှတ်ရမိသည်။ "ဒါ...မဖြစ်နိုင်ဘူး ဥက္ကာခဲမြက်"
ကျောက်ချင်ချန်း သည် ဆေးဖက်ဝင်အပင်များကို အချိန်အတော်ကြာ ခူးဆွတ်ပြီး အဆင့်နိမ့် ဆန်းကြယ်မှု အဆင့်ဆေးပင် တော်တော်များများ ကိုသာ ရှာတွေ့လျှက်ရှိပေသည်။ ထို အဆင့်နိမ့် ဆန်းကြယ်မှုအဆင့် ဆေးဖက်၀င်အပင်များမှာ နေရာအနှံ တွေ့ရှိနိုင်သော သာမာန် အမျိုးစားပင်ဖြစ်သည်။
ဥက္ကာခဲ မြက် သည် အလယ်အလတ်တန်းစား ဆန်းကြယ်မှု အဆင့်ရှိသော အပင်ဖြစ်ပြီး အထက်တန်း ဆန်းကြယ်မှု အဆင့်သို့ ရောက်လုနီးပါးပင်ဖြစ်သည်။
အလယ်အလတ်တန်းစား ဆန်းကြယ်မှု အဆင့်ရှိသော ဆေးဖက်၀င်အပင်များထဲတွင် ဥက္ကာခဲ မြက် သည် အလွန်ရှားပါးလှသည်။ ရှာတွေ့ဖို့ မလွယ်ကူ သလို အဖိုးလည်း တန်လှပေသည်။ ကျောက်ချင်ချန်း သည် တိုင်အာဆေးဖက်၀င်တောင်တန်းတွင် ဥက္ကာခဲ မြက်ပင်ကို တစ်ခါမျှ မတွေ့ဖူးသောကြောင့် မှတ်မိရန် အချိန်အတော်ယူကာ စဉ်းစားခဲ့ရပေသည်။
"ဟမ်…မင်းရဲ့ ဗဟုသုတနဲ့ ဆေးပင်ကို ခူးနေတာလား၊ မင်းရှေ့က အပင်ကို တောင်ဘာမှန်းမသိတာ၊ ဘယ်လိုတွေ ရှာနေလဲတော့ မသိဘူး"
၀မ် က ကျောက်ချင်ချန်း ကို လှောင်ပြောင်နေသည်။ ဧကန်စင်စစ်၊ နတ်အရိုင်းတောထဲ၌ ဆေးဖက်၀င်အပင်များကို ရှာဖွေရန်မှာ အလွန်ခက်ခဲပေသည်။ တစ်ယောက်ယောက်က ကံကောင်းပြီး အဖိုးတန်ဆေးဖက်၀င် အပင်ကို ရှာတွေ့သော်လည်း ထိုအပင်၏ အဖိုးတန်ပုံကို မသိပါက ၎င်းမှာ အလဟဿပင်ဖြစ်သည်။
ထိုအခြေအနေသည် ကျင့်ကြံသူအများအပြားကြုံတွေ့နေရခြင်း ဖြစ်သည်။
ဆေးဖက်ပညာရှင် မဟုတ်လျှင် ဆေးဖက်၀င်အပင်မျိုးစုံကို ခွဲခြား သိမြင်နိုင်မည် မဟုတ်ပေ။ထိုအပြင် နတ်အရိုင်းတောထဲရှိ ဆေးဖက်၀င်အပင်များနှင့် အလယ်ပိုင်းလွင်ပြင်ရှိ အပင်များမှာ ကွဲပြားလှပေသည်။ အတွေ့အကြုံ လုံလုံလောက်လောက်မရှိသော ဆေးဖက်ပညာရှင်များပင် ထိုနေရာရှိ ဆေးပင်များကို မည်ကဲ့သို့ ခွဲခြားဖော်ထုတ်ရမည်ကို သိမည်မဟုတ်ပေ။
ရိုးရိုးကျင့်ကြံသူများသည် 'နတ်အရိုင်းတော' စာအုပ်တွင်ရေးထားသော မှတ်တမ်းများကို အားကိုးကြရပေသည်။
သို့သော် စာအုပ်မှ ဖော်ပြချက်များမှာလည်း အကန့်သတ်ဖြင့်သာရှိသည်။ တချို့သော ပုံများနှင့် ဖော်ပြချက်များမှာ ဆေးဖက်ဝင်အပင်များ၏ မတူညီသော ဂုဏ်သတ္တိများကို စုံလင်စွာဖော်ပြရန် ခက်ခဲလှပေ၏။ လူတော်တော်များများမှာလည်း ဆေးပင်များကို မမှတ်မိတာက များပေသည်။
လူသစ်အများစုမှာ သစ်ဥသစ်ဖုများ ရှာယူရာတွင် စိတ်ပျက်ဖွယ်ရာ ရလဒ်များသာ ရလေ့ရှိသည်။ ဆေးပင်များစွာမှာ ၎င်းတို့၏ မသိခြင်းကြောင့် လက်လွတ်လိုက်ရခြင်းဖြစ်သည်။
တကယ်တမ်းတွင် စာအုပ်တစ်အုပ်ကိုအသုံးပြု၍ ထောင်နှင်ချီသော အပင်မျိုးစိတ်ပေါင်းများစွာမှ ဆေးပင်အများစုကို မှတ်မိနိုင်သူများမှာ ပုံမှန်မဟုတ်ကြပေ။
ယခုမူ၊ ယီယွင် သည်လည်း ကျောက်ချင်ချန်း ၏ စိတ်ထဲတွင် ပုံမှန်မဟုတ်သော လူများထဲမှ တစ်ဦးဖြစ်သည်။
တိုင်အာနတ်မြို့တော် ၏ ဆေးဖက်ဝင်တောင်တန်းတွင် မြက်ပင်များ၊ ချုံပုတ်များ၊ သစ်တောများနှင့် အပင်များ အားလုံးသည် ဆေးဖက်၀င်အပင်များနှင့် ဆင်တူလှသည်။အပင် တစ်ခုနှင့်တစ်ခုကို ခွဲခြားရန်မှာလည်း မလွယ်ကူလှပေ။
လူသစ်အများစုသည် အပင်ကို မှားယွင်းခူးဆွတ်သည် အခြေအနေများ ရှိကြသည်။ စိတ်၀ိညာဥ်မြက်များစွာသည် ၎င်းအတွင်း၌ ဝိညာဉ်တချို့စုဝေးကာ အပင်တစ်ပင်ကဲ့သို့ဖြစ်စေသည်။
ထို့အပြင် ဆေးဖက်ဝင်အပင်များစွာသည် ၎င်းတို့ကိုယ်ကို ဖုံးကွယ်ထားနိုင်သောကြောင့် ၎င်းတို့ကိုရှာဖွေရန် ပို၍ပင်ခက်ခဲစေသည်။
ယီယွင် သည် သူ၏ပထမဆုံးအကြိမ်တွင် ဆေးဖက်၀င်အပင်များစွာကို ခူးယူနိုင်ခြင်းမှာ မယုံနိုင်ဖွယ် ကောင်းလှသည်။
“ဒီလေဟာနယ်ကြယ်ပန်း… အဲဒါကို ဘယ်လိုရှာလိုက်တာလဲ”
လေဟာနယ်ကြယ်ပန်းသည် ၎င်း၏ ပုံသဏ္ဍန်ကို တခြားသစ်ပင်တစ်ပင် ကဲ့သို့ဖြစ်အောင် အသွင်ပြောင်းနိုင်ပေသည်။ ကျောက်ချင်ချန်း သည် သူမ၏ဆေးပင်ရှာသည့် တစ်လျှောက်လုံးတွင် လေဟာနယ်ကြယ်ပန်းကို ရှာတွေ့ခဲ့ခြင်း မရှိပေ။
"အိုး... 'နတ်အရိုင်းတော' စာအုပ်ထဲမှာ ပါတယ်မဟုတ်လား... လေဟာနယ်ကြယ်ပန်း ဟာ သစ်ပင်တစ်ပင်နဲ့တူနေလိမ့်မယ်။ ဒါပေမယ့် ကြယ်ပန်းကဖန်တီးထားတဲ့သစ်ပင်က သူဘေးနားမှာ အမှုန်အမွှားတွေ ရှိနေလိမ့်မယ်။ တိမ်တွေ ကင်းစင်လာတဲ့အခါ ကြယ်ပွင့်လေးလို ရေစက်လေးတွေ ချန်ထားရစ်ခဲ့တာမို့ အပင်နာမည်ကိုလည်း အဲလိုပေးထားတာမလား"
ယီယွင် ၏ရှင်းပြချက်ကိုကြားတော့ ကျောက်ချင်ချန်း က ယီယွင် ကို ထူးဆန်းတဲ့လူတစ်ယောက်ကဲသို့ ကြည့်နေလေသည်။
အမှန်တော့၊ ကျောက်ချင်ချန်း သည် လေဟာနယ်ကြယ်ပန်း၏အမည်ကို မည်သို့မည်ပုံရခဲ့သည်နှင့် လေဟာနယ်ကြယ်ပန်းနှင့် ၎င်းအသွင်ပြောင်းထားသော အခြားအပင်အတုကို ခွဲခြားသိမြင်နိုင်သည် ။
သို့သော်…
တိမ်တွေ ကင်းစင်ပြီး နောက်မှာ ရေစက်လေးတွေက ဘယ်လောက်တောင် သေးငယ်နေမလဲ။တိုင်အာနတ်မြို့တော် ၏ ဆေးဖက်ဝင် တောင်တန်းတွင် သစ်ပင်များဖြင့် ပြည့်နှက်နေပြီး တောအတွင်းသို့ ဖြတ်သန်းသွားရန်ပင် တစ်ရက်မျှ အချိန်ပေးရ မည်ဖြစ်သည်။ စစ်သည်တစ်ဦး အရှိန်ဖြင့် ဖြတ်သန်းလာသောအခါ သစ်ပင်ပေါင်း ထောင်သောင်းချီ တွေ့ရပေလိမ့်မည်။ သစ်ပင်တစ်ပင်မှာ ထူခြားမှုများရှိမည်ဆိုပါက ဘယ်သူမျှ သတိထားမိနိုင်မည် မဟုတ်ပေ။ အထူးသဖြင့် ထိုရေစက်လေးများမှာ အပ်ပေါက်အရွယ်စားလောက် သာရှိသည်။
ယီယွင် ထိုအရာများကိုမြင်နိုင်သော မျက်လုံးတွေကို ဘယ်လိုရသွားတာလဲ။
ကျောက်ချင်ချန်း မယုံနိုင်ဖြစ်နေလေသည်။
ကောင်မလေး လေးယောက်မှာလည်း ယီယွင်အနားတွက် ပတ်လည်ဝိုင်းကာရပ်နေလေသည်။ ယီယွင် မခံမရပ်နိုင်ဖြစ်ပြီး "အိုး... မင်းတို့ကငါ့ကိုဘာလို့ဒီလိုဝိုင်းပြီးရပ်နေတာလဲ... မင်းကကော ဘာလို့ သွားရည်တွေကျနေတာလဲ"
ကျောက်ချင်ချန်း အနားမှာ ရပ်နေတဲ့ သူမနဲ့ အသက်ရွယ်တူ မိန်းကလေးတစ်ယောက်က ကျောက်ချင်ချန်း လက်ထဲရှိ ဥက္ကာခဲမြက်တွေကို ကြည့်ရင်း သွားရည်ကျနေသည်ကို ယီယွင် တွေ့လိုက်ရသည်။
"အယ်" ထိုဆယ့်သုံးနှစ်အရွယ် မိန်းကလေးသည် ပါးစပ်ကို အမြန်သုတ်လိုက်ပြီး ရှက်ပြုံးဖြင့် ပြုံးလိုက်လေသည်။
ထို ဥက္ကာခဲ မြက် သည် မှော်နဂါးကြေးပြား ၈၀ တန်ဖိုးရှိသည်။ ရတနာတစ်ပါးလိုပဲ၊ ၎င်းတို့မှာ ဆင်းရဲဒုက္ခများကြောင့် စိတ်မထိန်းနိုင်ဖြစ်လာကာ ထိုပစ္စည်းများကို လိုချင်သည်မှာ သဘ၀အတိုင်းပင်ဖြစ်သည်။
ထိုမိန်းကလေးများမှာ ဥက္ကာခဲမြက်ဘေးတွင် ရပ်နေသဖြင့် ထိုမြက်မှာ ထွက်ရှိလာသော မွှေးပျံသော နို့နံ့ကြောင့် ၎င်းတို့၏ စားချင်စိတ်များကို ထိန်းမနိုင်ဖြစ်နေကြခြင်း ဖြစ်သည်။
"အဲ... အစ်ကို ယီယွင်၊ ဒီ ဥက္ကာခဲမြက်ကို ဘယ်လို ရှာတွေ့ခဲ့တာလဲ။"
ထိုမိန်းကလေးငယ်လေးမှာ ကျောက်ချင်ချန်း၏မိသားစုသူငယ်ချင်း ဖြစ်သည်။ သူမသည်တိုင်အာနတ်မြိုတော်သို့ ကျောက်ချင်ချန်း၏ စောင့်ရှောက်အောက်မှာ လိုက်ပါခဲ့ခြင်းဖြစ်သည်။
သို့သော် ကျောက်ချင်ချန်း မှာလည်း တိုင်အာနတ်မြို့တော်မှာလည်း အဆင်ပြေပြေနေနိုင်ခြင်း မရှိသေးပေ။ ကျောက်ချင်ချန်းမှာလည်း ထိုမိန်းကလေးကို အကန့်အသတ်ဖြင့်သာ စောင့်ရှောက်ပေးနိုင်သည်။ မိန်းကလေးကို တိုင်အာနတ်မြို့တော်၏ စည်းမျဉ်းစည်းကမ်းများကို ဖော်ပြရုံမျှလောက်သာ ကူညီစောင့်ရှောက်ပေးနိုင်သည်။
ထိုမိန်းကလေးက မေးလိုက်သောအခါ အားလုံးမှာ ယီယွင် ဘက်ကို လှမ်းကြည့်လေကြသည်။ လေဟာနယ်ကြယ်ပန်းသည် ရှာရခက်သော်လည်း၊ အနည်းဆုံး အဓိပ္ပါယ်သတ်မှတ်ချက်တချို့ရှိသည်။ ယီယွင် မှာ မယုံနိုင်ဖွယ်ကောင်းလောက်အောင် သတိထားနိုင်စွမ်းကြောင့် ရှာတွေ့နိုင်ခဲ့လျှင် အံ့ဩစရာ မရှိပေ။
သို့သော် ထိုဥက္ကာခဲ မြက်များမှာ ကျောက်တုံးများကြားမှာ ပုန်းအောင်းနေပြီး ၎င်းအား အလွယ်တကူ မမြင်နိုင်သော အပင်မျိုးဖြစ်လေသည်။ ကျောက်တုံးများကို ဖယ်ရှားကြည့်မှသာ မြင်နိုင်ပေမည်။ ထိုအပြင် တိုင်အာနတ်မြို့တော် ရဲ့ ဆေးတောင်တန်းတွက် သစ်ပင်များထက် ကျောက်တုံးများမှာ ပိုများလေသည်။ထိုအမျှများပြားလှသော ကျောက်တုံးများကို မည်ကဲ့သို့ လိုက်လံဖယ်ရှား ရှာဖွေမည်နည်း။