ရက်စက်သော
Vol. 148 Ch. 2098
မုယွင်ရှုက ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ ထိုသူက အခု သူ့ကို ဤ နေရာမှ ထွက်သွားဟု ပြောလိုက်သည်လား။
ရွာအတွင်းတွင် မည်သူကမှ သူ့ကို ဤကဲ့သို့ မပြောဆိုရဲကြပေ။
မုယွင်ရှု၏ဘေးမှလူများက ရီဖူရှင်းအား အေးစက်စွာ ကြည့်လိုက်ကြ၏။ ရီဖူရှင်းနှင့်သူ့လူများ ရွာသို့ ရောက်လာသည့်အကြောင်း သူတို့ ကြားသိခဲ့ကြသည်။ သူတို့က ရွာသို့ လုချီရှင်းတို့နှင့်အတူ ရောက်လာခြင်းဖြစ်ပြီး မည်သူမှ သိပ်ဂရုမထားခဲ့ကြပေ။ သူတို့အား သာမန်ရွာသားတစ်ဦးက ခေါ်ဆောင်လာခြင်းဖြစ်ရာ အားလုံးက လျစ်လျူရှုထားခဲ့ကြ၏။
တုန်းဟွာနယ်မြေမှ တန်ခိုးရှင်အချို့က သူတို့၏ နယ်မြေသို့ ရောက်ရှိလာပြီး လေးမျက်နှာကျေးရွာအတွင်းတွင် မျက်နှာပြောင်တိုက်၍ အရိုသေမဲ့စွာ ပြုမူရန်မှာ တွေးဆ၍ မရနိုင်အောင်ပင် ဖြစ်သည်။
သူတို့သည် အပြင်ဘက်လောကရှိ ရှန်ချင်းနယ်မြေ၏ ကောင်းကင်တတိယအလွှာမှ ရောက်လာကြခြင်း ဖြစ်သည်။ ရှန်ချင်းနယ်မြေအတွင်းတွင် နန်ဟိုင်မိသားစုသည် ကျော်ကြား၏။ သူတို့၏ အမည်ကို ကြားဖူးသူတိုင်း မည်သည့်အရာကို ကိုယ်စားပြုကြောင်း သိကြသည်။
ရှန်ချင်းနယ်မြေအတွင်းရှိ ထိပ်သီးအင်အားစုများ၏ ခွဲခြားသတ်မှတ်မှုက ထူးခြားလှပြီး တုန်းဟွာနယ်မြေနှင့် ကွဲပြားခြားနားသည်။ တုန်းဟွာနယ်မြေ၏ ပုဂ္ဂိုလ်ကြီးများက အဓိကနယ်မြေများတွင် အုပ်စိုးကြသော်လည်း ရှန်ချင်းနယ်မြေအတွင်းရှိ ပုဂ္ဂိုလ်ကြီးများမှာ အဆင့်မြင့်ကောင်းကင်ကိုးလွှာဟု ခေါ်သော ပင်မကုန်းမြေကို အုပ်စိုးမင်းမူကြသူများဖြစ်ကြသည်။
အဆင့်မြင့်ကောင်းကင်ကိုးလွှာသည် ရှန်ချင်းနယ်မြေ၏ပင်မနယ်မြေဖြစ်သည်။ အားလုံးသော ထိပ်သီး ပုဂ္ဂိုလ်များနှင့် အစွမ်းထက်သူများက ဤ ကုန်းမြေအဖွဲ့အစည်း၌ ကျင့်ကြံနေကြ၏။
သူတို့ကြားတွင် အဆင့်မြင့် ကောင်းကင်တတိယအလွှာသည် အစွမ်းထက် အင်အားစုတစ်စု၏ ပြယုဂ်ပင် ဖြစ်သည်။ အဆင့်မြင့် ကောင်းကင် တတိယအလွှာ၌ ကျင့်ကြံသူ မည်သူမဆို သွားလေရာနေရာတိုင်း၌ လူအများ၏အာရုံစိုက်မှုကို ရရှိကြ၏။
ယခင်က လေးမျက်နှာကျေးရွာသို့ ဝင်ရောက်လာသည့် လုချီရှင်းသည် ရှန်ချင်းနယ်မြေ အဆင့်မြင့် ကောင်းကင်အလွှာမှ လုမိသားစု ဝင်တစ်ဦးဖြစ်သည်။ သူ၏ အဆင့်အတန်းက မြင့်မြတ်သည့်အပြင် လုချီရှင်းကိုယ်တိုင်ကလည်း ကျော်ကြားသူ တစ်ယောက် ဖြစ်သည်။
နန်ဟိုင်မိသားစုသည်လည်း ရှန်ချင်းနယ်မြေမှ အဓိက မိသားစုတစ်ခုဖြစ်ပြီးအဆင့်မြင့်ကောင်းကင်တတိယအလွှာ၌ တည်ရှိကာ ထိုနယ်မြေ၏ ထိပ်သီးအင်အားစုတစ်ခုပင် ဖြစ်သည်။
သူတို့ လေးမျက်နှာကျေးရွာသို့ ရောက်စဉ်က ရွာသားများသည် အပြင်လောကမှ သူတို့၏ အဆင့်အတန်းကို ဂရုမစိုက်ကြသည့်အခါ မည်သူကမှ အရေးတယူ ဝေဖန်ပြောဆိုခြင်း မရှိကြပေ။ သို့သော် နန်ဟိုင်မိသားစုနှင့် မုယွင်မိသားစု ကြားမှ ဆက်ဆံရေးက ပုံမှန်မဟုတ်ဘဲ တမူထူးခြားပြီး သာမန်မဟာမိတ်ဖွဲ့ခြင်းထက် သာလွန်သည်။
တစ်ချိန်က လေးမျက်နှာကျေးရွာမှ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ထွက်ပေါ်လာပြီး သူသည် အခြားသော အရည်အချင်းရှိ ပုဂ္ဂိုလ်များကိုပင် လွှမ်းမိုးနိုင်စွမ်းရှိခဲ့သည်။ သူ့အတွက် ထိုက်တန်သော ပြိုင်ဘက် တွေ့ဆုံရန် ရှားပါးလှပြီး ရှန်ချင်းနယ်မြေမှ ထိပ်သီးအင်အားစုများက သူ့အား သိမ်းသွင်းချင်ခဲ့ကြ၏။ သို့သော်လည်း ထိုသူသည် အလွန် မောက်မာပြီး သူ့အား ထိန်းချုပ်နိုင်ရန် ဝေးစွာ၊ လူအနည်းငယ်ကသာ ရင်းနှီးစွာ ဆက်ဆံနိုင်ခဲ့ကြသည်။
အဆုံးတွင် လေးမျက်နှာကျေးရွာမှ ထွက်ပေါ်လာသည့် ပြိုင်ဘက်ကင်းပါရမီရှင်က ထက်မြက်သိမ်မွေ့သော အလှလေး တစ်ယောက်၏ ချည်နှောင်ခြင်းကို ခံလိုက်ရသည်။ သူမသည် အလွန် အံ့သြမှင်တက်လောက်စရာ အလှတရားနှင့် ပါရမီလည်း ရှိသည့် နန်ဟိုင်မိသားစုမှ နတ်မိမယ်တစ်ပါးဖြစ်သည်။ သူတို့နှစ်ယောက်က တိုက်ပွဲကြောင့် တွေ့ဆုံခဲ့ကြပြီး အချင်းချင်း၏ ပါရမီကို နှစ်သက်သဘောကျ၍ အတူရှိရန် အကြောင်းဖန်လာခဲ့၏။ ထို့နောက်တွင် သူတို့နှစ်ယောက်သည် တစ်လောကလုံးမှ လေးစားအားကြရသည့် စုံတွဲတစ်တွဲဖြစ်လာ၏။
ထိုပြိုင်ဘက်ကင်းပုဂ္ဂိုလ်သည် သူချစ်ရသူ၏ မိသားစုက ရှန်ချင်းနယ်မြေ၏ အဓိကအင်အားစုတစ်ခုဖြစ်ပြီး တတိယကောင်းကင်အလွှာမှ နန်ဟိုင်မိသားစုဝင်တစ်ယောက်ဖြစ်ကြောင်း နောက်ပိုင်းမှ သိခဲ့ရသည်။ အဆုံး၌ သူက နန်ဟိုင်မိသားစု၏ သားမက် ဖြစ်လာခဲ့သည်။
ရှန်ချင်းနယ်မြေ၏ ထိပ်တန်းအဆင့်တွင် ရပ်တည်နေသည့် အင်အားစုတစ်ခုသည် ရှားရှားပါးပါး ပေါ်ထွန်းလာသည့် ပါရမီရှင်အား သူတို့၏ သားမက်အဖြစ် ဖမ်းဆုပ်ထားနိုင်ခဲ့သည်။ ထို ပါရမီရှင်နှစ်ယောက် အတူတကွပေါင်းစည်းလိုက်သည့်အခါ သူတို့၏ ဇာတ်လမ်းက ဒဏ္ဍာရီတွင်လောက်သည့် ပုံပြင်တစ်ပုဒ် ဖြစ်လာခဲ့သည်။
သူတို့၏ ပေါင်းစည်းမှုသည် ထိုအချိန်၌ ထူးခြားသော အဖြစ်အပျက်တစ်ခုဖြစ်လာခဲ့ပြီး ရှန်ချင်းနယ်မြေရှိ ထိပ်သီးအင်အားစုအားလုံး တက်ရောက်ခဲ့ကြသည့် ကြီးမားသော ပျော်ရွှင်စရာပွဲတစ်ခု ဖြစ်လာခဲ့၏။
ထိုပြိုင်ဘက်ကင်း ပါရမီရှင်သည် လေးမျက်နှာကျေးရွာမှ မုယွင်မိသားစုမှ ဖြစ်ပြီး မုယွင်ရှု၏ အကိုကြီး မုယွင်လန် ဖြစ်သည်။
နန်ဟိုင်မိသားစုသည် မုယွင်လန်၏ ညီငယ်လေးက လေးမျက်နှာကျေးရွာအတွင်းရှိ သီးသန့်ကျောင်းတွင် ကျင့်ကြံနေသည်အား သိသည်။ သူက လေးမျက်နှာကျေးရွာ၏ နတ်ဘုရားကျင့်စဉ်ကို ဆက်ခံခဲ့ပြီး ကောင်းမွန်သော အလားအလာကို ပိုင်ဆိုင်သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်က သူတို့သည် မုယွင်ရှုအား စနစ်တကျ လေ့ကျင့်ပေးနိုင်ရန် ရွာသို့ တစ်စုံတစ်ယောက် စေလွှတ်ခဲ့သည်။ ထိုလေ့ကျင့်ဖော် ကိုယ်တိုင်ကပင် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ မဟုတ်လျှင် သူက ရွာအတွင်းသို့ ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။
၎င်းက မုယွင်ရှုအပေါ် သူတို့ မည်မျှ အလေးထားကြောင်း သိသာထင်ရှားသည်။ သူ၏ အကိုကြီး မုယွင်လန်သည် ပါရမီရှင်တစ်ယောက်ဖြစ်ပြီး သူ၏ ညီငယ်သည်လည်း ကြီးမားသော အလားအလာကို ပိုင်ဆိုင်ထားသည်။ ပုံမှန်အားဖြင့် နန်ဟိုင်မိသားစုက ထိုသို့ အခွင့်အရေးမျိုးကို လက်လွှတ်ခံမည် မဟုတ်ပေ။ အနာဂတ်တွင် ထိုပြိုင်ဘက်ကင်း ပုဂ္ဂိုလ်နှစ်ယောက်က ဤနယ်မြေအတွင်း၌ သူတို့၏ နန်ဟိုင်မိသားစုကို မြှင့်တင်ရန် ကူညီအားဖြည့်ပေးကြ လိမ့်မည်။ နန်ဟိုင်မိသားစုမှ ထိုသို့သော ထိပ်သီးပုဂ္ဂိုလ်များကို မွေးထုတ်ပေးနိုင်စွမ်းရှိလျှင် အနာဂတ်တွင် သူတို့မိသားစုသည် အလွန်တရာ အင်အားကြီးမားလာပေလိမ့်မည်။
မုယွင်ရှုသည် သိတတ်စအရွယ်မှ စကာ သူ့ကိုယ်သူ ထူးခြားကြောင်း သိထား၏။ သီးသန့် သင်ကြားရေး၌ သူ့ကို သင်ကြားပေးသော ဆရာအပြင် နန်ဟိုင်မိသားစုမှ လူတိုင်းက သူ့ကို ကျင့်ကြံခြင်းအတွက် အကောင်းဆုံးအရင်းအမြစ်များ ပေးအပ်ထားသည့်အတွက်ကြောင့် သူက ယခု ဖော်ပြလာသော မောက်မာသည့် စရိုက်နှင့် လူတစ်ယောက် ဖြစ်လာခဲ့၏။
မုယွင်ရှု၏ ဘေးမှ လူငယ်လေးတစ်ယောက်ကို နန်ဟိုင်ချင်းဟု ခေါ်သည်။ ထိုသူက နန်ဟိုင်မိသားစု၏ အလေးထားခံရသူတစ်ယောက် ဖြစ်သည်။ သူက လွန်ခဲ့သည့် သုံးနှစ်ကတည်းက ရွာသို့ ဝင်ရောက်လာခဲ့သူဖြစ်၏။ နန်ဟိုင်မိသားစုက သူ့ကို လေးမျက်နှာကျေးရွာသို့ စမ်းသပ်ပို့ဆောင်ကာ ထိုနေရာ၌ သင်ကြားလေ့လာစေခဲ့သည်။ အဓိက အချက်က မုယွင်ရှု၏ ကျင့်ကြံခြင်းကို ကူညီရန် ဖြစ်ပြီး ဤတစ်ကြိမ်၌ သူ့အခွင့်အရေး ရောက်လာပြီ ဖြစ်သည်။
သာမန်လူများက လေးမျက်နှာကျေးရွာသို့ ဝင်ရောက်နိုင်ခြင်း မရှိသည့်အပြင် ထိုထိပ်သီးအင်အားစုများသည်ပင် သူတို့ကို ဤသို့သော အခွင့်အရေးမျိုးရအောင် လုပ်ဆောင် ပေးနိုင်လိမ့်မည် မဟုတ်ပေ။
နန်ဟိုင်ချင်း၏ နောက်မှ အခြားနှစ်ယောက်သည်လည်း အဆင့်မြင့် ရန်ဟောင်အဆင့်မှ အစွမ်းထက် တန်ခိုးရှင်များ ဖြစ်ကြသည်။ သူတို့က ပြီးပြည့်စုံသော မဟာလမ်းစဉ် မရှိသော်လည်း ကံကောင်းထောက်မစွာဖြင့် ရွာသို့ ဝင်ရောက်နိုင်ခဲ့ကြ၏။ သူတို့က သူတို့နှင့်အတူ အခြားလူ အချို့ကိုလည်း ခေါ်ဆောင်လာနိုင်ခဲ့သည်။ ထို့ကြောင့် နန်ဟိုင်မိသားစုက ရွာထဲသို့ လူအနည်းငယ် ခေါ်ဆောင်လာနိုင်ခဲ့ခြင်းမှာ အံ့သြ စရာမဟုတ်ပေ။
အမှန်တွင် ထိပ်သီးအင်အားစုတိုင်းသည် ရွာသို့ သူတို့၏ ကိုယ်စားပြုသူ အမြောက်အများ စေလွှတ်ခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့်ပင် ရီဖူရှင်း၏ကံကောင်းမှုမှာ သံသယဝင်စရာဖြစ်သည်ဟု ဖန်းမိသားစုက တွေးထင်ခဲ့ခြင်းဖြစ်သည်။ သူ၏ဘေးနားမှ လူများက ပြီးပြည့်စုံသော မဟာလမ်းစဉ်ကို မပိုင်ဆိုင်ပါက ၎င်းသည် ကံကောင်းခြင်းသက်သက်ဖြစ်၏။ သူက လူအများအပြားကို ခေါ်ဆောင်လာနိုင်ပါက သူ၏ကံသည် ထူးခြားဆန်းကြယ်လွန်းသည်ဟု သတ်မှတ်နိုင်သည်။
နန်ဟိုင်ချင်းက ရီဖူရှင်းနှင့် သူ့အဖွဲ့ထံမှ ထွက်လာသော အရှိန်အဝါကို ခံစားမိသည်။ သူသည် ထိုအဖွဲ့ထဲမှ အနည်းဆုံးနှစ်ယောက်က ပြီးပြည့်စုံသော မဟာလမ်းစဉ်နှင့် ကျင့်ကြံသူများ ဖြစ်ကြောင်း သတိပြုမိ၏။ ကြည့်ရသည်မှာ ဤ လူစုက သာမန်မဟုတ်ဘဲ တုန်းဟွာနယ်မြေအတွင်း၌ ထိပ်သီးအင်အားစုများ ဖြစ်နိုင်၏။
"မင်းတို့က တုန်းဟွာနယ်မြေရဲ့ ဘယ်အင်အားစုကနေ လာခဲ့တာလဲ။ မင်းတို့ကိုယ်မင်းတို့ စည်းကျော်နေတယ်လို့များ မထင်မိဘူးလား။" နန်ဟိုင်ချင်းက ရီဖူရှင်းနှင့် အခြားလူများကို ပြောလိုက်သည်။ အမှန်တကယ်အားဖြင့် ရီဖူရှင်းတို့နောက်ကြောင်းကို သူ စိတ်မဝင်စားပေ။ ဤနေရာက ရှန်ချင်းနယ်မြေဖြစ်ပြီး နန်ဟိုင်မိသားစုက အထွတ်အထိပ်တွင် ရပ်တည်နေသည့်အင်အားစု တစ်ခုဖြစ်သည်။ ရှင်းလင်းစွာပင် သူတို့က တုန်းဟွာနယ်မြေ၏ မည်သည့် အင်အားစုကိုမှ ကြောက်ရွံ့ခြင်းမရှိပေ။
"အဲဒါ မင်းနဲ့ ဘာမှမဆိုင်ဘူး။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။
"ရဲတင်းလိုက်တာ။"
တစ်ဖက်တစ်ချက်စီမှ ရန်ဟောင်နှစ်ယောက်က ရှေ့သို့ တက်လာကြပြီး အစွမ်းထက် စွမ်းအင်လှိုင်းတစ်ခုက ရီဖူရှင်းနှင့် အခြားလူများအပေါ် လွှမ်းခြုံလာခဲ့သည်။
အရှင်ဒွန်ဟောင်က လေးမျက်နှာကျေးရွာအတွင်း၌ အပြင်လူများ၏ တိုက်ခိုက်မှုကို တားဆီးထားသော်လည်း သူတို့ကို အောက်မေ့တမ်းတခြင်း အခမ်းအနားနေ့၌ တိုက်ခိုက်ရန် ခွင့်ပြုထားသည်။ ၎င်းက ရွာအတွင်းမှ လူတိုင်းအသိအမှတ်ပြုထားသော မှတ်တမ်းထဲ မရှိသော စည်းမျဉ်းတစ်ခုဖြစ်သည်ဟု အဘိုးမာက ရီဖူရှင်းကို ပြောပြထားခဲ့သည်။
ရန်ဟောင်နှစ်ပါးက ရှေ့သို့ တက်လာသောအခါ သူတို့သည် မုန်တိုင်းထန်သော စွမ်းအင်လှိုင်းများကို ရီဖူရှင်းနှင့် သူ့လူများထံသို့ လွှမ်းခြုံသွားစေခဲ့သည်။ ထိုမုန်တိုင်းတွင် အန္တိမအရှိန်အဝါတို့ ပါဝင်နေပြီး ဓားတစ်လက်ကဲ့သို့ ထက်ရှကာ အလွန် လွှမ်းမိုးနိုင်စွမ်းရှိသည့် ဓားဆန္ဒ အပြည့်ပင် ဖြစ်သည်။
သူတို့ နှစ်ယောက်သည် အဆင့်ရှစ်ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့က ဤနေရာ၌ နန်ဟိုင်ချင်းနှင့် မုယွင်ရှုတို့ကို ကာကွယ်ရန် ရောက်နေကြခြင်းဖြစ်၏။ သူတို့က ပြီးပြည့်စုံသော မဟာလမ်းစဉ်ကို ပိုင်ဆိုင်ထားခြင်းမရှိသော်လည်း အထွတ်အထိပ်ရန်ဟောင်များ ဖြစ်လေရာ အလွန် ကြောက်မက်ဖွယ် ကောင်းနေဆဲ ဖြစ်သည်။
"လေးမျက်နှာကျေးရွာမှာ လာပြီး ဘယ်လိုတောင် ရိုင်းစိုင်းရဲရတာလဲ။ သူတို့ရဲ့ ကျင့်ကြံခြင်းတွေကို ဖျက်ဆီးပြီးတော့ ရွာကနေ မောင်းထုတ်လိုက်။" မုယွင်ရှုက အေးစက်စွာပြောလိုက်သည်။ ရီဖူရှင်းသည် ထို ဆယ်ကျော်သက် ကောင်လေးထံမှ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များကို ခံစားမိသည်။
ကြည့်ရသည်မှာ သူသည် ရွာမှာ ရှိစဉ်က သူ၏ဒေါသကို ချိုးနှိမ်ခဲ့ရဟန်ရှိသည်။ သူ့အနေဖြင့် တခြား ဂရုစိုက်စရာ တစ်ခုခုရှိနေသည်လည်း ဖြစ်နိုင်၏။ ၎င်းတစ်ခုခုမှာ သီးသန့်ကျင့်ကြံနေသည်ဟုဆိုသော ဆရာသခင်ဖြစ်ပေလိမ့်မည်။ အကယ်၍ ပြင်ပတွင် သူသည် လွတ်လပ်စွာ ပြုမူခွင့်ပေးထားပါက မကြာခင် အာဏာရှင်ဆန်သော အရိုင်းအစိုင်းတစ်ဦး ဖြစ်လာနိုင်သည်။
သူက ထိုမျှ အသက်ငယ်ငယ်လေးမှာပင် ရက်စက်၍ အညှာအတာကင်းမဲ့သူ ဖြစ်နေပြီး အခြားလူများ၏ ကျင့်ကြံခြင်းကို ဖျက်ဆီးကာ မောင်းထုတ်ရန် ပြောဆိုခဲ့သည်။
ပေ့ကုံးအော့က ရှေ့သို့ ခြေလှမ်းလိုက်ပြီး ဝင်လာသည့် ထိုအဆင့်ရှစ် တန်ခိုးရှင်ကို ရင်ဆိုင်လိုက်သည်။ ထိတ်လန့်ဖွယ် အသံတစ်ခု သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး လေဟာနယ်အတွင်း ဖိနှိပ်မှု ဖြစ်ပေါ်လာစေသည်။ မဟာလမ်းစဉ် မုန်တိုင်းနှစ်ခုက လေဟာနယ်အတွင်း ထိပ်တိုက်တွေ့ဆုံသွားသော်လည်း အပြင်ဘက်မှ လမ်းစဉ်စွမ်းအားကို ကြီးစွာသော ပြောင်းလဲခြင်း မဖြစ်စေခဲ့ပေ။ ကြည့်ရသည်မှာ ဤ လေဟာနယ်အတွင်းရှိ မဟာလမ်းစဉ်စွမ်းအားက အပြင်ဘက်နှင့် အတော်လေး ကွာခြားပုံရသည်။
အခြားတစ်ဖက်တွင် စီဖုန်းက သူမ၏ ခန္ဓာကိုယ်မှ ထူးခြား ပြောင်မြောက်လှသည့် အရှိန်အဝါတို့ကို ထုတ်လွှတ်လိုက်ပြီး သူမ အနီးတွင် ခမ်းနားထည်ဝါသည့် မဟာလမ်းစဉ်မီးတောက် တစ်ခု ထွက်ပေါ်လာခဲ့သည်။ တောက်ပသည့် ဖီးနစ်အရိပ်ကြီးက ကောင်းကင်ထက်တွင် ပေါ်ပေါက်လာခဲ့၏။
စီဖုန်းသည် ကျင့်ကြံခြင်းအတွက် ရီဖူရှင်းနှင့် လိုက်ပါလာပြီး ရီဖူရှင်းကလည်း သူမအား လှည့်စားခြင်း မရှိခဲ့ချေ။ သူက ဝူထုံနတ်မီးလျှံကို သူမ ကျင့်ကြံနိုင်သည့် နတ်မီးလျှံပိုင်နက်စွမ်းအားတစ်ခု အဖြစ် ပြောင်းလဲပေးခဲ့သည်။ ယခု စီဖုန်းက ပြီးပြည့်စုံသော မဟာလမ်းစဉ်နှင့် အဆင့်ခြောက် နတ်ဆိုးအင်ပါယာတစ်ပါး ဖြစ်နေခဲ့ပြီး ဖြစ်သည်။ သူမ၏ အရှိန်အဝါက အလွန် ထိတ်လန့်အံ့သြဖွယ် ကောင်းလှပြီး အဆင့်ရှစ်တန်ခိုးရှင်များကိုပင် ဖိအား ခံစားရစေသည်။
"ဖီးနစ်တစ်ကောင်လား။" နန်ဟိုင်ချင်းက စီဖုန်းကို ကြည့်လိုက်သည်။ ကြည့်ရသည်မှာ ဤလူစုက ရိုးရှင်းပုံ မရပေ။ သူသည် ပြီးပြည့်စုံသော မဟာလမ်းစဉ်ကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူ သုံးယောက်ကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်ကာ ထိုသူများကို ဆရာသခင်အဆင့် ကျွမ်းကျင်သူများကသာ တန်ပြန် တိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မည်။
"အဲဒီတော့ ဒါက ဖီးနစ်မ တစ်ကောင်ပေါ့ မဆိုးပါဘူး။ ငါ့မှာ စီးဖို့ သားရဲတစ်ကောင်လိုနေတာ မင်း ငါ့နောက်ကို လိုက်ပြီး ငါ့ရဲ့စီးတော်ဖြစ်ပေးမယ်ဆို ဘယ်လိုလဲ။" မုယွင်ရှုက စီဖုန်းကို မြင်ပြီးနောက် ပြောလိုက်သည်။ သူ၏ လေသံက ရိုင်းစိုင်းနေဆဲပင် ဖြစ်၏။
ဘုန်း...
ပြင်းထန်စွာ လောင်ကျွမ်းနေသည့် မီးလျှံမြစ်တစ်စင်း ထွက်ပေါ်လာပြီး မုယွင်ရှုထံသို့ တိုးဝင်သွားသည်။ သို့သော်လည်း ထိုအချိန်၌ မမြင်ရသော မုန်တိုင်းတစ်ခုက တားဆီးသွားပြီး နောက်တခဏတွင် စီဖုန်းသည် မီးလျှံပုံရိပ်အဖြစ် ပြောင်းလဲသွားကာ ရှေ့သို့ တိုးဝင်သွားလေသည်။ မုယွင်ရှု၏ အရှေ့မှ အဆင့်ရှစ်တန်ခိုးရှင်တစ်ပါးက လက်ကို ဝေ့ယမ်းလိုက်ပြီး ဓားစက်ကွင်းတစ်ခု ပေါ်ပေါက်လာစေသည်။ ဓားများက ဥက္ကာပျံကဲ့သို့ နေရာအနှံ့ကျဆင်းလာ၏။ ဓားစက်ကွင်းအတွင်းမှ ဓားတစ်လက်ချင်းစီတိုင်းတွင် လေဟာနယ်ကို ဆုတ်ဖြဲပစ်နိုင်သော ထက်ရှသည့် စွမ်းအားများ ပါဝင်နေသည်။ ၎င်း ဓားတစ်ချက်က လူတစ်ယောက်ကို အပေါက်များ ပြည့်နှက်သွားစေရန် လုံလောက်ပေသည်။
အခြားတစ်ဖက်တွင် ပေ့ကုံးအော့က နောက်ထပ် အဆင့်ရှစ်ရန်ဟောင်တစ်ပါးနှင့် တိုက်ခိုက်နေသည်။
ကြမ်းတမ်းသည့် လေလှိုင်းက ဤ လေဟာနယ်ကို လွှမ်းခြုံထားသည်။ နန်ဟိုင်ချင်းက သူနှင့် ဆန့်ကျင်ဘက်တွင် ရှိနေသော ရီဖူရှင်းနှင့် အခြားလူများကို ကြည့်လိုက်သည်။ သူက ဤ နေရာတွင်တစ်ယောက်ထဲသာ ရှိနေသော်လည်း သူသည် သူ၏ မျက်လုံးများထဲ၌ ဂရုမစိုက်မှုများ ရှိနေပြီး ယုံကြည်ချက်အပြည့် ရှိနေသလို ထင်မှတ်ရ၏။ သူက ရီဖူရှင်းနှင့် အခြားလူများကို အရေးကြီးသည်ဟု မည်သည့်အခါကမှ ရှုမြင်ခဲ့ခြင်းမရှိသလို ဖြစ်သည်။
သူက ရီဖူရှင်းနှင့် အခြားလူများ၏ ကျင့်ကြံဆင့်ကို ခံစားမိပြီး သူတို့၏ ကျင့်ကြံဆင့်က သူ့အား ခြိမ်းခြောက်နိုင်မည် မဟုတ်ဟု ဆုံးဖြတ်ခဲ့သည်။ သူတို့က လူအင်အားများသော်လည်း သူနှင့်တစ်ချီမျှပင် တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။
နန်ဟိုင်ချင်းက အဆင့်ခြောက်ရန်ဟောင်တစ်ပါးဖြစ်ပြီး ပြီးပြည့်စုံသော မဟာလမ်းစဉ်ကို ပိုင်ဆိုင်ထားသည်။ သူက အဆင့်ခြောက် အထွတ်အထိပ် သို့ ရောက်နေခဲ့ပြီး ဖြစ်သည်။ သူ၏ တိုက်ပွဲစွမ်းရည်က ထူးချွန်ထက်မြက်လှပြီး အဆင့်ကိုးမှ သာမန်ရန်ဟောင်တစ်ပါးနှင့်ပင် ယှဉ်တိုက်နိုင်စွမ်းရှိသည်။ အဆင့်ရှစ် ရန်ဟောင်အများစုမှာ သူ့ကို ဆန့်ကျင်တိုက်ခိုက်ရန် အခွင့်အရေးပင် ရှိလိမ့်မည် မဟုတ်ပေ။
ရီဖူရှင်း၏ အရှိန်အဝါက အဆင့်ငါးရန်ဟောင်တစ်ပါးသာ ရှိပြီး သူမည်သည့်နေရာမှ လာသည်ဖြစ်စေ ထိုလူက သူ့ကို ဆန့်ကျင်တိုက်ခိုက်ရန် အခွင့်အရေး လုံးဝ ရှိလိမ့်မည် မဟုတ်ကြောင်း သေချာသည်။
သို့သော်လည်း သူသည် ရီဖူရှင်းက သူ့ကို ကြည့်မနေဘဲ သူ၏ အာရုံစိုက်မှု အပြည့်အဝကို မုယွင်ရှုထံ၌သာ ပို့ထားသည်ကို သတိပြုမိလိုက်၏။ ထို့နောက် ရီဖူရှင်းက မုယွင်ရှုထံသို့ စတင်၍ လျှောက်သွားခဲ့သည်။
***