← Chapters

ကြင်နာခြင်းနှင့် ရိုသေမှု

Vol. 131 Ch. 1689

ကြင်နာခြင်းနှင့် ရိုသေမှု

Vol. 131 Ch. 1689

ကောင်းကင်နတ်မင်းရီလော့၏ အမိန့်သံ ထွက်ပေါ်လာသည်နှင့် မုန့်ယွင်ကွေ့က နောက်မဆုတ်ဘဲ ရှေ့သို့ ပိုတိုးသွားသည်။ သူက ကျန်ရှိသော ယွီဟွာကောင်းကင်ဘုံစစ်တပ်၏ စစ်သည်တော်ဒါဇင်အနည်းငယ်ကို ဦးဆောင်ကာ သင်္ဘောထံ ပြေးဝင်သွားချေပြီ။

ကောင်းကင်နတ်မင်းရီလော့၏ မျက်နှာအမူအရာက ထူးဆန်းနေသည်။ ဤအခိုက်အတန့်တွင်ပင် မုန့်ယွင်ကွေ့ကား ဆက်လက်ချီတက်လာရဲသေးသည်လော။

သူ ထွက်ခွာသွားပါက ပိုက်ကွန်ထဲမှ လွတ်မြောက်နိုင်သည့် အလားအလာ ရှိသေးသည်။ သင်္ဘောထံ ဦးတည်ပြေးဝင်လာပါက ပိုက်ကွန်ထဲ ခုန်ချလိုက်သည်နှင့် အလားတူပင်။

သင်္ဘောပေါ်ရှိ ကျွန်များကို ကယ်တင်ရေးအတွက် သူသည် အသက်ကိုပင် စတေးရန် ဝန်လေးနေခြင်း မရှိပေ။ ဤသည်က အလွန်တရာ တုံးအသော ဆုံးဖြတ်ချက် မဟုတ်ပါလော။

“မျိုးဆက်တစ်ဆက််ရဲ့ ကောင်းကင်ဆရာသခင်တစ်ဦး၊ သိပ်ကို ပါရမီထူးကဲပြီး တစ်လောကလုံးမှာ ကျော်ကြားပေမယ့် ရူးနှမ်းတဲ့ ဆုံးဖြတ်ချက်တွေကိုပဲ ဆက်တိုက်ချနေတာပါလား… နာမည်ကျော်ကြားဖို့တောင် မထိုက်တန်ဘူး… မုန့်ယွင်ကွေ့၊ ခင်ဗျား အခု သေလိုက်တော့”

ကောင်းကင်နတ်မင်းရီလော့က မုန့်ယွင်ကွေ့အား သင်္ဘောပေါ်သို့ သတ်ဖြတ်ဝင်ရောက်ခွင့်ပေးထားသည်။ သူ့အနေဖြင့် မည်သည့်အရာမှလုပ်စရာ မလိုပေ။ နတ်ဘုရားမိစ္ဆာစစ်တပ်က မုန့်ယွင်ကွေ့နှင့် ယွီဟွာကောင်းကင်ဘုံ စစ်သည်တော်များအား တစ်ဖက်တစ်ချက် ပိတ်ဆို့ထားပြီး ဖြစ်၏။

နန်းစောင့်တပ်ဖွဲ့စစ်သည်တော်များက အနောက်မှ တိုက်ခိုက်သည်။ ဤတိုက်ပွဲက လိပ်တစ်ကောင်အား ဖန်ပုလင်းထဲ ဖမ်းထည့်၍ တိုက်ခိုက်နေသည့်အလားပင်။

ကောင်းကင်နတ်မင်းရီလော့က သူတို့ကို အေးစက်စွာ စိုက်ကြည့်နေသည်။ မုန့်ယွင်ကွေ့နှင့် အခြားသူများသည် ဝိုင်း၀န်းပိတ်ဆို့ခံထားကြရသော်လည်း တိုက်ခိုက်သတ်ဖြတ်ရင်း သူ့အနားသို့ ချဉ်းကပ်လာနိုင်ရန် ကြိုးစားနေကြသေးသည်။

မုန့်ယွင်ကွေ့၌ ကျန်ရှိသည့် ယွီဟွာကောင်းကင်ဘုံစစ်တပ် စစ်သည်တော်များ တဖြည်းဖြည်း နည်းပါးလာချေပြီ။ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးနေကြသော်လည်း သူတို့တပ်မှူး၏ ဘေးဘီဝဲယာကို ကာကွယ်ပေးထားပြီး ကောင်းကင်နတ်ဘုံမှ ကောင်းကင်လက်နက်များနှင့် ကောင်းကင်နတ်သိုင်းများကို သူ့အစား ခုခံနေကြဆဲ ဖြစ်၏။

သူတို့ မခုခံနိုင်ပါက ခန္ဓာကိုယ်များဖြင့် ကာဆီးကာ အသက်ကို စတေးပေးကြသည်။

“ဒီလိုသတ္တိမျိုးက ချီးကျူးစရာပဲ”

ကောင်းကင်နတ်မင်းရီလော့က ချီးကျူးစကားဆို၍ လက်ခုပ်တီးနေသည်။ “မုန့်ယွင်ကွေ့ ၊ ခင်ဗျားက သိပ်ကို သတ္တိကောင်းတဲ့ စစ်သည်တော်တွေကို ပိုင်ဆိုင်ထားတာပဲ…. ဒီအချက်က ခင်ဗျားက သူရဲကောင်းတစ်ယောက် ဆိုတာ ပြသနေတယ်… ဒီလိုသူရဲကောင်းတွေနဲ့အတူ သေရမှာကတော့ နှမြောစရာပဲ”

သူ မလှုပ်ရှားသေးပေ။ မုန့်ယွင်ကွေ့ဘေးမှ စစ်သည်တော်များ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးနေကြသည်ကို အေးစက်စွာ စိုက်ကြည့်နေသည်။ မုန့်ယွင်ကွေ့၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများ ပိုပို၍များပြားလာသည်ကို စိုက်ကြည့်နေ၏။ မုန့်ယွင်ကွေ့၏ သွေးများ စီးကျ၍ အားအင် ပိုပို၍လျော့နည်းလာသည်ကို ကြည့်ရှုနေဆဲ ဖြစ်သည်။

ကောင်းကင်နတ်မင်းရီလော့က သူ၏ ခြေထောက်ကို လှုပ်ရှားလိုက်သည်။ သူလှုပ်ရှားလိုက်သည်နှင့် လူငယ်တစ်ယောက်ကို ဆွဲယူကာ ပြုံးလျက် ခနဲ့သည်။ “ခင်ဗျားက ဒီလိုလူသားမျိုးကို ကာကွယ်ပေးနေတာလား…”

လူငယ်မှာ တုန်ရီနေကာ မလှုပ်ရဲပေ။

“မင်း ငါ့ကို ထိုးမယ်ဆိုရင် လွှတ်ပေးမယ်” ကောင်းကင်နတ်မင်းရီလော့က လူငယ်အား ပြောသည်။

လူငယ်က ပါးစပ်ဟ၍ တစ်ခဏကြာသော် တုန်ရီနေသောအသံဖြင့် ပြော၏။ “အရှင်…”

ကောင်းကင်နတ်မင်းရီလော့က ပါးစပ်ဟကာ လူငယ်အား စားပစ်လိုက်သည်။ သူက ရယ်မောလျက် ပြော၏။ “ခင်ဗျား ကာကွယ်ပေးချင်တဲ့ မျိုးနွယ်ဆိုတာက ဒီလိုပုံစံမျိုးလား…. သူတို့က ခင်ဗျားရဲ့ မျိုးနွယ် မဟုတ်ဘူး… မွေးမြူထားတဲ့ တိရစ္ဆာန်တွေသက်သက်ပဲ… တိရစ္ဆာန်တွေလို့တောင် ပြောမရဘူး… တိရစ္ဆာန်တွေတောင် အသတ်ခံရရင် ရုန်းကန်ကြသေးတာပဲ… သူတို့က တိရစ္ဆာန်တွေလောက်တောင် အဖြစ်မရှိဘူး”

သူက အဘိုးကြီးတစ်ယောက်ကို ဆွဲခေါ်၍ မုန့်ယွင်ကွေ့၏ ခံယူချက်များကို ခနဲ့နေသည်။ “တောင်ကောင်းကင်ရဲ့ လူသားတွေက လောက်တွေပဲ…. အတွေးမရှိဘူး… ဉာဏ်ရည် မရှိကြဘူး… လျှောက်သွားနေတဲ့ အသားစိုင်ကြီးတွေသက်သက်ပဲ…. ခင်ဗျားက အဲဒီလိုအသားစိုင်တွေအတွက် အသေခံပေးနေတာ…. တန်တယ်ထင်လို့လား မုန့်ယွင်ကွေ့”

မုန့်ယွင်ကွေ့က သင်္ဘောပေါ်သို့ တက်လာသည်။ သူ၏ ခန္ဓာကိုယ်မှာ သွေးများဖြင့် စိုရွှဲနေပြီး စစ်သည်တော်များမှာလည်း အနည်းငယ်သာ ကျန်ရစ်တော့၏။

ကောင်းကင်နတ်မင်းရီလော့က အဘိုးအိုကို တလုတ်တည်းဖြင့် မြိုချလိုက်သည်။ သူက တောင်ပံများကို ဖြန့်လျက် နန်းစော့င်တပ်ဖွဲ့ စစ်သည်တော်များကို နောက်ဆုတ်စေလိုက်၏။ နှစ်ဖက်စလုံးမှ စစ်သည်တော်များက နောက်ဆုတ်သွားကြသည်။

မုန့်ယွင်ကွေ့မှာ အသက်ပြင်းစွာ ရှူနေရသည်။ သူသည် ပင်ပန်းနေပြီဖြစ်ပြီး ခွန်အား သိပ်မကျန်တော့ပေ။ သို့သော် ခေါင်းမော့၍ ကောင်းကင်နတ်မင်းရီလော့ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သေး၏။

ကောင်းကင်နတ်မင်းရီလော့က လက်ကို နောက်ပစ်၍ အေးဆေးတည်ငြိမ်စွာ ပြောသည်။ “ကောင်းကင်ဆရာသခင်မုန့်၊ ခင်ဗျား ကျုပ်ကို အနိုင်ယူနိုင်မယ်ဆိုရင် ဒီသင်္ဘောပေါ်က လူသားတွေကို လွှတ်ပေးမယ်… လာပါ တိုက်ခိုက်ကြတာပေါ့”

မုန့်ယွင်ကွေ့မှာ ပျော်ရွှင်သွားသော်လည်း သူ၏ ပတ်ပတ်လည်ရှိ စစ်သည်တော်များကို ကြည့်လိုက်မိသည်။

သူ့မှာ အနည်းငယ် တုံ့ဆိုင်းနေ၏။ သူနှင့် အတူတကွ ရှိနေသော စစ်သည်တော်များမှာ တိုက်ခိုက်ရန် ခွန်အားမရှိကြတော့ပေ။

ရုတ်တရက် သူ၏ ဘေးတွင် ဒုတ်ခနဲ အသံတစ်သံ ကြားလိုက်ရသည်။ တပ်မှူးအိုကြီးတစ်ဦးက မြေပြင်တွင် ဒူးထောက်နေ၏။ သူ၏ဦးခေါင်းက ငိုက်စိုက်ကျနေပြီး အသက်ရှူနေခြင်း မရှိတော့ပေ။

မုန့်ယွင်ကွေ့မှာ ငေးငိုင်သွားသည်။ သူ့နောက်မှ အမြဲလိုက်လာခဲ့သော တပ်မှူးအိုကြီးတွင် ဒဏ်ရာများ ပွထနေလေသည်။ သေစေနိုင်သည်အထိ ဒဏ်ရာရထားပြီး ကောင်းကင်နန်းဆောင် ကောင်းကင်ရတနာများကလည်း ပြိုလဲအက်ကွဲနေသည်။ မူလဝိညာဉ်တွင်လည်း အပေါက်များ ပြည့်နေ၏။ နောက်ဆုံးတွင်တော့ ခံနိုင်ရည် မရှိတော့ဘဲ ဝိညာဉ်လွင့်ပျယ်သွားတော့သည်။

တပ်မှုးအိုကြီးဘေးတွင် လူငယ်လူသားနတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်မှာ တုန်ရီနေသည်။ သူသည် ဓားကို အတင်းအကြပ် ဆုပ်ကိုင်ထားသော်လည်း ခံနိုင်ရည် မရှိတော့ပေ။ သူက သွားဖြဲကာ ရယ်ပြသည်။ “ကောင်းကင်ဆရာသခင်၊ ဆရာ့အနောက်က မလိုက်နိုင်တော့ဘူးဗျာ…”

သူ၏ မျက်လုံးများက ပြူးကျယ်သွားပြီး ရုတ်တရက် ဓားဖြင့် သူ့ခေါင်းသူ ဖြတ်တောက်ပစ်လိုက်သည်။

နတ်ဘုရားငယ်က သူ၏ ဦးခေါင်းကို ကိုင်ထားလျက် ပြုံးနေသည်။ “ကျွန်တော်ကြောင့် ဆရာ ဝန်ထုတ်‌၀န်ပိုး မဖြစ်စေရပါဘူး”

“ကောင်းကင်ဆရာသခင်”

ယွီဟွာကောင်းကင်ဘုံမှ နောက်ထပ်စစ်သည်တော်တစ်ဦးက သူ့လက်ထဲရှိ လှံကျိုးကို ကုန်းပတ်ပေါ်တွင် စိုက်ထားလိုက်သည်။ လှံထိပ်က သူ၏ ရင်ဘတ်ကို ချိန်ရွယ်ထား၏။ “ကောင်းကင်ဆရာသခင်နောက် လိုက်ခွင့်ရတာက ကျွန်တော့် တစ်ဘဝလုံးမှာ ကံအကောင်းဆုံးပါပဲ…. ကောင်းကင်ဆရာသခင်၊ နောက်ဘဝမှာ ပြန်တွေ့ကြတာပေါ့ဗျာ”

သူက ရှေ့သို့ တိုက်၍ လှံထိပ်အား သူ၏နှလုံးသားထဲအထိ ထိုးစိုက်လိုက်သည်။ သူ၏ခန္ဓာကိုယ်က ရပ်နေဆဲ ဖြစ်၏။

“ကျွန်တော်တို့မှာ ကောင်းကင်ဆရာသခင်ဘေးကနေ တိုက်ခိုက်ဖို့ အင်အား မရှိတော့ပါဘူး… ကျွန်တော်တို့ကို ငဲ့နေရင် ကောင်းကင်ဆရာသခင်အနေနဲ့ ကောင်းကင်နတ်မင်းရီလော့ကို အားကုန်တိုက်ခိုက်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်”

ယွီဟွာကောင်းကင်ဘုံစစ်တပ်၏ ကျန်ရှိသော စစ်သည်တော်များက သူတို့၏ ကောင်းကင်လက်နက်များကို အသက်သွင်းကာ ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။ တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်လက်နက်များဖြင့် မူလဝိညာဉ်များကို သတ်ဖြတ်လိုက်ကြချေပြီ။

မုန့်ယွင်ကွေ့၏ အမြင်အာရုံမှာ မျက်လုံးထဲရှိ သွေးနှင့် မျက်ရည်တို့ကြောင့် ဝေဝါးနေသည်။ မတ်တပ်ရပ်လျက် သေဆုံးသွားကြသော စစ်သည်တော် ၁၁ ဦးနှင့် ဒူးထောက်ကာ မည်သည့်အရှိန်အဝါမှ မရှိတော့သည့် လက်အောက်ငယ်သားများက သူ့ကို ဝမ်းနည်းစေသော်လည်း ထူးဆန်းစွာဖြင့် တည်ငြိမ်အေးဆေးနေစေသည်။

သူက မျက်တောင်ခတ်လျက် သွေးနှင့် မျက်ရည်များကို ပုတ်ထုတ်လိုက်သည်။ ဤအခိုက်အတန့်တွင် ထိုသွေးနှင့် မျက်ရည်များက သူ၏အမြင်အာရုံကို နှောင့်ယှက်နေမည်သာ ဖြစ်၏။

သူသည်လည်း ထိုစစ်သည်တော်များထက် အခြေအနေ ပို၍ကောင်းနေခြင်း မဟုတ်ပေ။ သူ၏ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်မှာလည်း အက်ကွဲကြောင်းတို့ဖြင့် ပြည့်နှက်နေပြီး မူလဝိညာဉ်မှာ အက်ကွဲလုနီးပါး ဒဏ်ရာရထားသည်။

သူသည် သေဆုံးခြင်းမှ မဝေးကွာတော့ချေ။

“အားလုံးပဲ ခဏလေး စောင့်ပေးကြပါ”

သူက ဒယိမ်းဒယိုင်ဖြင့် ကောင်းကင်နတ်မင်းရီလော့ ရှိရာသို့ လျှောက်သွားသည်။ ဤအခိုက်အတန့်တွင် သူ၏အရှိန်အဝါကား အားကောင်းနေပြီး ချီနှင့် သွေးတို့ဖြင့် ရောယှက်နေကာ သင်္ဘောကို ရဲရဲနီနေစေ၏။

ကောင်းကင်ဘုရင်ရီလော့မှာလည်း ရင်ထဲတွင် လှုပ်ခတ်သွားသည်။ မုန်ယွင်ကွေ့သည် နောက်ဆုံးအခြေအနေသို့ ရောက်နေချေပြီ။

ဤအခြေအနေတွင် မုန့်ယွင်ကွေ့သည် မူလခွန်အား၏ ဆယ်ရာခိုင်နှုန်းကိုပင် အသုံးပြုနိုင်တော့မည် မဟုတ်ပေ။

“ကိန်းဂဏန်းတွေဟာ ကျင့်စဉ်တစ်မျိုးလိုပဲ ယင်ယန်နိယာမကို လိုက်နာပြီး သင်္ချာအနုပညာနဲ့ သဟဇာတဖြစ်နေတယ်”

မုန့်ယွင်ကွေ့က ရှေ့သို့ လျှောက်လာရင်း ရေရွတ်နေသည်။ “ယင် နဲ့ ယန်က သုညနဲ့ တစ် မူလ နှစ်ဖြာ ဖြစ်တယ်... တန်ခိုးသုံးရပ်ဟာ ကောင်းကင်၊ မြေကြီး၊ လူသား ... သုံးကို ကိုယ်စားပြုတယ်... လေးပါးအရှင် ၊ ဧကရာဇ်လေးပါးက ‌လေးကို ရည်ညွန်းတယ်... ဓာတ်ကြီးငါးပါး၊ ကြယ်ငါးစင်းကတော့ ငါး ....”

ကောင်းကင်နတ်မင်းရီလော့ မျက်မှောင်ကြုတ်သွား၏။ မုန့်ယွင်ကွေ့က ကိန်းဂဏန်းဘာသာရပ်၏ အခြေခံအကျဆုံး သဘောတရားများ ရွတ်ဖတ်နေခြင်းဖြစ်သည်။ သူလည်း ၎င်းတို့ကို ယခင်က ကြားဖူးသည့်အပြင် လေ့လာဖူး၏။

သို့သော် သင်္ချာတာအိုမှာ ရှုပ်ထွေးနက်နဲလွန်းပေသည်။ နတ်ဘုရားတစ်ပိုင်းအနေဖြင့် သူသည် သင်္ချာတာအိုအား အချိန်ပေးကာ မလေ့လာခဲ့ပေ။ ထိုအစား အခြားကျင့်စဉ်များကိုသာ ကျင့်ကြံခဲ့သည်။

မုန့်ယွင်ကွေ့ကား သင်္ချာ၏ အခြေခံအကျဆုံး သဘောတရားများကို သူပင်မသိဘဲ ရွတ်ဖတ်နေမိသည့်ပုံပင်။ ကျန်ရှိသော ချီစွမ်းအင်နှင့် ကျင့်ကြံခြင်းအခြေခံကို စုစည်းနေစဉ် သူ့ပတ်ပတ်လည်ရှိ ချီစွမ်းအင်တို့က သင်္ကေတများအဖြစ် ပြောင်းလဲသွား၏။ သင်္ကေတများက သင်္ချာ၏ အမျိုးမျိုးသော နိယာမများအတိုင်း ဆင့်ကဲပြောင်းလဲလာသည်။

ကောင်းကင်နတ်မင်းရီလော့၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်လာသည်။ မုန့်ယွင်ကွေ့ ထိုအခြေခံသင်္ချာသဘောတရားများကို ရွတ်ဖတ်နေခြင်းက မည်သို့အသုံးဝင်သည်လဲ မသိသော်လည်း မုန့်ယွင်ကွေ့၏ သင်္ကေတများက တာအိုအမှတ်အသားများအဖြစ် ပြောင်းလဲနေသည်ကို မျက်ဝန်းထင်ထင် တွေ့မြင်နေရသည်။

မုန့်ယွင်ကွေ့၏ ပတ်ပတ်လည်ရှိ တာအိုအမှတ်အသားများက အလျင်အမြန် ပုံစံဖွဲ့တည်လာနေပြီး တာအိုသံကြိုးများအဖြစ် ပြောင်းလဲလာနေ၏။ ထိုတာအိုသံကြိုးများက နယ်ပယ်များအဖြစ် ပြောင်းလဲနေသည်။

မုန့်ယွင်ကွေ့၏ ပတ်ပတ်လည်ရှိ တာအိုမဟာနယ်ပယ်က ဆက်လက်လေးနက်လာနေ၏။

မုန့်ယွင်ကွေ့၏ လက်ရှိအနေအထားဖြင့် ဤမျှကြီးမားသော နယ်ပယ်တစ်ခုကို အသုံးပြုနိုင်ရန် ချီစွမ်းအင်အလုံအလောက် မရှိပေ။ သို့သော် သူသည် သူ၏မူလဝိညာဉ်နှင့် ခန္ဓာကိုယ်ဆီမှ စွမ်းအင်ကို အဆက်မပြတ် ထုတ်ယူနေပြီး သူ၏နယ်ပယ်ကို ပိုပို၍ ခိုင်မာတောင့်တင်းလာအောင် ဖိအားပေးနေသည်။

ပို၍အရေးကြီးသည်က မုန့်ယွင်ကွေ့၏ သင်္ချာမဟာနယ်ပယ်သည် သူ၏ ကျင့်စဉ်များနှင့် ကျင့်ကြံခြင်းဆိုင်ရာ အစွမ်းအစတို့အား ပစ်မှတ်ထားနေသည်ကို ကောင်းကင်နတ်မင်းရီလော့ တွေ့မြင်နေရ၏။ တာအိုအမှတ်အသားတစ်ခုစီတိုင်းနှင့် တာအိုသံကြိုးတစ်ကြိုးစီတိုင်းက သူ၏ အားနည်းချက်များကို ပစ်မှတ်ထားနေလေသည်။

ကောင်းကင်နတ်မင်းရီလော့အနေဖြင့် ဤတိုက်ကွက်ကြောင့် သေဆုံးသွားနိုင်၏။

ကောင်းကင်နတ်မင်းရီလော့၏ မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။ သူလည်း မုန့်ယွင်ကွေ့နှင့်အတူ တစ်ပါတည်း သေဆုံးသွားနိုင်သည့်အချက်အား ချက်ချင်း သဘောပေါက်သွားလေသည်။

နောက်ဆုံးတွင်တော့ မုန့်ယွင်‌ကွေ့က နောက်ဆုံးခြေလှမ်း လှမ်းလိုက်သည်။ ဤနောက်ဆုံးတိုက်ကွက်ကား သင်္ချာတာအိုပင်လယ်ပြင်ကြီးအလားပင်။ ကျယ်ပြန့်လေးနက်သော သင်္ချာနိယာမများဖြင့် ပြည့်နှက်နေ၏။

ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်မင်းရီလော့က နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။ သူက တောင်ပံများကို ဖြန့်၍ ‌‌သင်္ဘောပေါ်ရှိ မရေမတွက်နိုင်သော တောင်ကောင်းကင်လူသားများအပေါ် အုပ်မိုးလိုက်သည်။ ထိုလူများကို သူ၏ တောင်ပံအောက်တွင် စုစည်း၍ မုန့်ယွင်ကွေ့ထံ ပြေး၀င်သွား၏။

သင်္ချာနယ်ပယ်က တောင်ကောင်းကင်မှ ပထမဆုံးလူသား၏ နှာခေါင်းထိပ်နားတွင် ရပ်တန့်သွားသည်။

မုန့်ယွင်ကွေ့မှာ ထိုနေရာ၌ ရပ်နေပြီး ခွန်အားအလုံးစုံ ရုတ်တရက် ဆုံးရှုံးသွား၏။ သူ့မှာ ဒုန်းခနဲ ဒူးထောက်ကျသွားသည်။

ကောင်းကင်နတ်မင်းရီလော့လည်း စိတ်အေးသက်သာစွာဖြင့် သက်ပြင်းရှည်ကြီးချလိုက်၏။ သူ့တောင်ပံဖြင့် သယ်ဆောင်လာသော လူသားများ မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျသွားကြသည်။ သူ၏နဖူးတွင် ချွေးများဆို့နေချေပြီ။ သူက ကျယ်လောင်စွာ ရယ်မောလိုက်သော်လည်း ရယ်သံက တုန်ရီနေချေသည်။

“ကောင်းကင်ဆရာသခင်မုန့်၊ ခင်ဗျားက လူကောင်းတစ်ယောက် ဖြစ်နေတုန်းပဲ…. ဒီလူသားအတွေအပေါ် ဘာမှ မလုပ်ရက်ဘူးမလား…”

ကြောက်စိတ်ကြောင့် သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ရီနေသည်။ သူက ပြုံးလျက်‌ ပြောနေဆဲပင်။ “ဒီလူသားတွေကို ဂရုမစိုက်ရင် ကျုပ်ကို သတ်နိုင်လိမ့်မယ်… ဟားဟား… ခင်ဗျားမျိုးနွယ်ရဲ့ အသက်ကို အတော်လေး ဂရုစိုက်နေတာ နှမြောစရာပဲ…. ဒီအကြောင်းအရင်းကြောင့်ပဲ ခင်ဗျားတို့လူသားမျိုးနွယ် ဘယ်တော့မှ မအောင်မြင်မှာ”

သူ့ခန္ဓာကိုယ်က တုန်ရီနေခြင်း ရပ်တန့်သွားပြီး ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်သည်။

မုန့်ယွင်ကွေ့က မြေပြင်တွင် ဒူးထောက်နေပြီး ခေါင်းငိုက်စိုက်ကျနေ၏။

ကောင်းကင်နတ်မင်းရီလော့က အမွှေးတောင်တစ်ခု နှုတ်၍ ရွှေဓားတစ်လက်အဖြစ် ပြောင်းလဲကာ သူ့အနား ချဉ်းကပ်လာသည်။

ကောင်းကင်နတ်မင်းရီလော့က ဓားမြှောက်လိုက်သည်။ ဤအခိုက်အတန့်၌ မြေပြင်တွင် ဒူးထောက်နေသည့် အဘိုးအိုကြီးတစ်ယောက်က ကုန်းရုန်းထလျက် မုန့်ယွင်ကွေ့၏ အရှေ့မှ ကာလိုက်သည်။ သူက ခေါင်းမော့ကာ အသနားခံလေသည်။ “အရှင်… သူ့ကို မသတ်ပါနဲ့ခင်ဗျာ…”

ကောင်းကင်နတ်မင်းရီလော့က မျက်မှောင်ကြုတ်လျက် သူ့ကို ရင်ဆိုင်နေသည့် လယ်သမားအဘိုးအိုကြီးကို ကြည့်လိုက်သည်။

“ဘာပြောလိုက်တာ…” ကောင်းကင်နတ်မင်းရီ‌လော့က မှင်သေသေ မေး၏။

လယ်သမားအိုကြီးက ဖြေရှာသည်။ “အရှင်၊ သူ့ကို မသတ်…”

ဇွက်…

ကောင်းကင်နတ်မင်းရီလော့၏ ဓားက ခုတ်ပိုင်းချလိုက်ရာ လယ်သမားအိုကြီး၏ ဦးခေါင်းပြတ်သည် လိမ့်ဆင်းသွား၏။ ကောင်းကင်နတ်မင်းရီလော့က သူ့ခန္ဓာကိုယ်ကို အဝေးသို့ ကန်ထုတ်၍ လက်ထဲမှ ဓားကို ဆက်မြှောက်လိုက်သည်။

ဤအခိုက်အတန့်တွင် လူငယ်တစ်ယောက်က ထရပ်၍ လက်နှစ်ဖက်ကို ဆန့်တန်းကာ မုန့်ယွင်ကွေ့ရှေ့၌ ကာရပ်ပြန်သည်။ “အရှင်၊ သူ့ကို မသတ်ပါနဲ့”

ကောင်းကင်နတ်မင်းရီလော့က ထိုလူငယ်ကို တအံ့တဩ ကြည့်၍ ပြုံးလိုက်သည်။ “မင်းက ငါ့အရှေ့မှာ လာရပ်ရဲတယ်ပေါ့လေ…”

“အရှင်…”

လူငယ် စကားစလိုက်သည်နှင့် ဓားရောင်ထွက်ပေါ်လာပြီး ခေါင်းပြတ်သွားသော အလောင်းသည် လိမ့်ဆင်းသွားတော့၏

ကောင်းကင်န‌တ်မင်းရီလော့က ပြန်လှည့်ကြည့်ကာ ရယ်မောလိုက်သည်။ “ငါ ဒီကောင့်ကို သတ်မှာ တားရဲတဲ့လူ ရှိသေးလားကွ”

တောင်ကောင်းကင်၏ လူသားမျိုးနွယ်ထဲတွင် လူများစွာက တိတ်ဆိတ်စွာ ထရပ်၍ မုန့်ယွင်ကွေ့၏ အရှေ့မှ ကာကွယ်ထားကြသည်။ အဘိုးအိုကြီးများ၊ မိန်းမများနှင့် ကလေးသူငယ်များ၊ လူငယ်လူရွယ်များဖြင့် အရွယ်စုံ၏။ သူတို့က တိတ်ဆိတ်နေကြပြီး မည်သူကမှ ဒူးထောက်နေခြင်း မရှိပေ။

ပိုပို၍ များပြားသောလူများက မုန့်ယွင်ကွေ့အရှေ့၌ ရပ်လာကြရာ ကောင်းကင်နတ်မင်းရီလော့မှာ မျက်မှောင်ကြုတ်လာသည်။ သူ၏နှလုံးသားထဲရှိ ဒေါသမီးလျှံတို့က ပို၍ပင်ပြင်းထန်စွာ လောင်ကျွမ်းလာတော့သည်။

“လောက်ကောင်တွေကများ… ရာရာစစစ ငါ နတ်ဘုရားကို အာခံရဲတယ်ပေါ့လေ’’

ကောင်းကင်နတ်မင်းရီလော့ကား ဆွေ့ဆွေ့ခုန်သည့်တိုင်အောင် ဒေါသူပုန်ထနေချေပြီ။ သူက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း ပြောသည်။ “တောင်ကောင်းကင်မှာ ကောင်းကင်ဘုံတွေ အများကြီးရှိတယ်…. ငါ မင်းတို့အားလုံးကို သတ်လိုက်ရင်တောင်မှ ကျွန်တွေအများကြီး ကျန်နေဦးမှာပဲကွ”

သူ၏အရှိန်အဝါက ပေါက်ကွဲထွက်လာပြီး တောင်ကောင်းကင်ရှိ လူအားလုံး လွင့်စင်ထွက်သွားစေသည်။ ရုတ်တရက် သူ၏အရှိန်အဝါကြောင့် လွင့်ထွက်သွားကြသူများမှာ နူးညံ့ညင်သာသော အင်အားတစ်ရပ်ဖြင့် လေထဲသို့ မြှောက်တင်ခံလိုက်ရ၏။

ကောင်းကင်နတ်မင်းရီလော့က အေးစက်စွာ နှာမှုတ်၍ သူ့ထံ လျှောက်လာနေသော ပိုင်ယွီကျင့်ကို လှမ်းကြည့်လိုက်သည်။ သူက ခနဲ့သော လေသံဖြင့် မေးလေသည်။ “ကောင်းကင်ဆရာသခင်ပိုင်၊ ခင်ဗျားလည်း ဒီလောက်ကောင်တွေအတွက် မုန့်ယွင်ကွေ့လို ပုန်ကန်တော့မလို့လား”

သူ၏ အနောက်တွင် ဘိုးဘေးနန်းတော်၏ တောင်ကောင်းကင်မုခ်၀သည် မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး အဆုံးမရှိသော တာအိုအင်အားတို့ဖြင့် ပြည့်နှက်နေသည်။

ပိုင်ယွီကျင့်က ကောင်းကင်နတ်မင်းရီလော့၏ မျက်လုံးများထဲသို့ စူးစိုက်ကြည့်ကာ နူးညံ့ညင်သာစွာ ဖြေသည်။ “ကောင်းကင်နတ်မင်း၊ ရှင့်ရဲ့ နတ်စွမ်းအားက ပြိုင်ဘက်ကင်းပါတယ် … သစ္စာဖောက်မုန့်ယွင်ကွေ့ကို အနိုင်ယူနိုင်ခဲ့ပြီပဲ…. မုန့်ယွင်ကွေ့ကို သတ်တာက ရှင်ရဲ့ လက်တွေကို ညစ်ပတ်ပေကျံပါစေလိမ့်မယ်…. ကျွန်မကို သတ်ပေးခွင့်ပြုပါ… သစ္စာဖောက်မုန့်ယွင်ကွေ့က မှော်စွမ်းအင်အရာမှာ ကျွမ်းကျင်တဲ့အတွက် သူ့လက်ထဲမှာ ဝှက်ဖဲတွေ ရှိမနေဘူးလို့ ပြော မရပါဘူး”

ကောင်းကင်နတ်မင်းရီလော့က မျက်ခုံးပင့်ပြီးနောက် ခပ်ရွဲ့ရွဲ့ ပြုံးလေသည်။ “ကောင်းကင်ဆရာသခင်ပိုင်ကိုယ်တိုင် မုန့်ယွင်ကွေ့ကို သတ်ချင်လို့လား…. ခင်ဗျားတို့နှစ်ယောက်က တစ်ဂိုဏ်းသားတွေဖြစ်တဲ့အပြင် ဆရာတူမောင်နှမတွေလို့ ကျုပ်သိရတယ်… ခင်ဗျား သတ်နိုင်လို့လား”

ပိုင်ယွီကျင့်က ရှေ့သို့တက်၍ မုန့်ယွင်ကွေ့အနား ရောက်လာသည်။ သူမက နတ်ဓားကို ဆွဲထုတ်လျက် မုန့်ယွင်ကွေ့၏ ရင်ဘတ်ဆီသို့ ရွယ်လိုက်၏။

ကောင်းကင်နတ်မင်းရီလော့သည် သူမ သူ့ကို ကျောခိုင်းထားသည်ကို မြင်လျှင် ရုတ်တရက် သတိဝင်လာပြီး နောက်ပြန်တိုက်ခိုက်လာမည် စိုးသောကြောင့် တိတ်တဆိတ် နောက်ဆုတ်သွားသည်။

သူကား သတိထားတတ်သူတစ်ဦး ဖြစ်သည့်အလျောက် ပိုင်ယွီကျင့်အား မယုံကြည်ပေ။

ပိုင်ယွီကျင့်က မုန့်ယွင်ကွေ့၏ မျက်နှာအား ကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် မုန့်ယွင်ကွေ့သည် သူမအား မော့ကြည့်ကာ ပြုံးနေ၏။

“အစ်ကိုတော်၊ ဘာလို့ ဒီအချိန်မှာမှ ကောင်းကင်နတ်ဘုံကို ပုန်ကန်ရတာပါလဲ”

ဓား ကိုင်ထားသည့် ပိုင်ယွီကျင့်၏ ညာလက်ဆစ်များမှာ တင်းကြပ်စွာ ဆုပ်ကိုင်ထားခြင်းကြောင့် ဖြူလျော့နေ၏။ သူမက အသံကို နှိမ့်၍ အံကြိတ်ကာ ပြောသည်။ “ဒါက အစ်ကိုတော် မဟုတ်ပါဘူး…. တောင်ကောင်းကင်က ကယ်တင်လို့မရနိုင်ဘူးလေ”

“ကယ်လို့ရပါတယ် … သူတို့ ပြန်တွန်းလှန်နေကြပြီ”

မုန့်ယွင်ကွေ့မှာ တဟွတ်ဟွတ်ဖြင့် သွေးများ အဆက်မပြတ် အန်နေရသည်။ သူက သူမ၏ ဓားကို လှမ်းဆုပ်ကိုင်လိုက်၏။ တဖြည်းဖြည်းချင်း သူ၏နှလုံးသားထဲအထိ စိုက်သွင်း၍ အသက်လုရှူရင်း ပြောသည်။ “သူတို့အတွက် မျှော်လင့်ချက် ရှိပါသေးတယ်… ညီမတော်၊ မင်း ငါ့ကို သတ်လိုက်ရင် ရီလော့ရဲ့ ယုံကြည်မှုကို ရနိုင်လိမ့်မယ်…. ပြန်လည်တက်ကြွလာတဲ့ လူသားတွေကို ကာကွယ်နိုင်လိမ့်မယ်… မင်းမှာ ရီလော့ကို သတ်နိုင်မယ့် အခွင့်အရေး ရှိသေးတယ် …”

“မဟုတ်ဘူး…”

ပိုင်ယွီကျင့်က အသံမထွက်အောင် အတတ်နိုင်ဆုံး ကြိုးစား၍ ဓား သူ၏နှလုံးသားထဲ ထိုးစိုက်မသွားအောင် ပြန်ဆွဲနေသည်။ သူမက ရှိုက်ငိုလျက် ပြော၏။ “ကျွန်မ တောင်ကောင်းကင်မုခ်၀ကို မတိုက်ခိုက်နိုင်ဘူး အစ်ကိုတော်…. နန်းစောင့်တပ်ဖွဲ့တွေကို မတိုက်ခိုက်နိုင်ဘူး… ကောင်းကင်နတ်မင်းရီလော့ကို မတိုက်ခိုက်နိုင်ဘူး…”

“မင်း တိုက်နိုင်ပါတယ်”

မုန့်ယွင်ကွေ့၏ လက်ချောင်းများမှာ ကျိုးကြေနေသော်လည်း နောက်ဆုံးလက်ကျန်ခွန်အားကို အသုံးပြု၍ သူမ၏ ဓားကို သူ၏နှလုံးသားထဲအထိ ထိုးစိုက်လိုက်သည်။ သူက တောက်ပစွာ ပြုံးလျက် ပြော၏။ “ငါ ကောင်းကင်နတ်ဘုံကို ဘာလို့ သစ္စာဖောက်ရတာလဲလို့ မင်း မေးခဲ့တယ်နော်… လူတစ်ယောက်က သူ့မှာ အိပ်မက်ရှိတယ်လို့ ငါ့ကို ပြောပြခဲ့တယ်… သူ့ရဲ့အိပ်မက်ထဲမှာ လူသားမျိုးနွယ်ဟာ ပြန်လည်တွန်းလှန်ခဲ့တယ်…. တစ်ကြိမ် ထရပ်ပြီးတာနဲ့ ဘယ်တော့မှ ပြန်ပြီး ဒူးမထောက်ကြတော့ဘူး…. သူ့ရဲ့အိပ်မက်ထဲမှာ လူသားမျိုးနွယ်က ကျွန်တွေလည်း မဟုတ်သလို နတ်ဘုရားမိစ္ဆာတွေအတွက် အစာတွေလည်း မဟုတ်တော့ဘူး…. သူ့ရဲ့ အိပ်မက်ထဲမှာ လူသားမျိုးနွယ်က ကံကြမ္မာကို ကိုယ်တိုင်ထိန်းချုပ်ကြတယ်… ဒီအိပ်မက်က…”

သွေးတို့က သူ၏ပါးစပ်မှ စီးကျလာသည်။ သူ၏ပါးစပ်ထဲတွင် သွေးတို့ဖြင့် ပြည့်နှက်နေသောကြောင့် သူ၏စကားသံမှာ အနည်းငယ် မပီမသဖြစ်နေသည်။ “ငါလည်း အဲဒီလိုအိပ်မက်မျိုး ရှိခဲ့ဖူးတယ်…. လူသားမျိုးနွယ်ရဲ့ နတ်ဘုရား ဖြစ်လာပြီး ကောင်းကင်နတ်ဘုံဆီ တက်ရောက်နိုင်ခဲ့တဲ့အခါမှာ အဲဒီလိုအိပ်မက်မက်ခဲ့တယ်…. နောက်ပိုင်းမှာတော့ အဲဒီအိပ်မက်က ကလေးဆန်လွန်းတယ်လို့ ခံစားရတဲ့အတွက် မေ့သွားခဲ့တယ်… တောင်ကောင်းကင်ကို ရောက်လာပြီး ဒီနေရာက အရာအားလုံးကို မတွေ့ခင်အချိန်အထိပေါ့…. အိပ်မက်က တာအိုနှလုံးသားထဲက စိတ်နှလုံးမိစ္ဆာကို ပြန်ပြီးနိုးထလာစေလိုက်သလိုပဲ”

သူသည် ပိုင်ယွီကျင့်အား မျက်ရည်များ စီးကျလျက် မော့ကြည့်နေသည်။ သူ၏မျက်လုံးထဲတွင် တောင်းပန်တိုးလျှိုးသော အရိပ်အယောင်များ ပါရှိနေ၏။ “ညီမတော်ပိုင်၊ အခုလေးတင်မှ အဲ့ဒါဟာ စိတ်နှလုံးမိစ္ဆာ မဟုတ်ကြောင်း သဘောပေါက်ခဲ့ရတယ်… အတိတ်တုန်းက ငါ သင်္ချာနယ်ပယ်ကို ဘယ်လိုကျင့်ကြံနိုင်မလဲ ဆိုပြီး အမြဲတမ်းတွေးခဲ့ပေမယ့် မကျင့်ကြံနိုင်ခဲ့ဘူး…. ဒီအိပ်မက် ပြန်လည်နိုးထလာတဲ့အခါမှာတော့ အလိုအလျောက် ထွက်ပေါ်လာနိုင်ခဲ့တယ်… အတိတ်တုန်းက ငါ့ရဲ့ အကြောက်တရားကသာ စိတ်နှလုံးမိစ္ဆာဖြစ်ခဲ့တာ…”

သူ၏လည်စလုတ်က လှုပ်ရှားသွားပြီး သွေးအန်လိုက်ရပြန်သည်။ သူ၏စကားလုံးများမှာ လည်ချောင်းထဲမှ ထွက်မလာနိုင်ဖြစ်နေ၏။

အဝေးတွင် ကောင်းကင်နတ်မင်းရီလော့က နှာခေါင်းရှုံ့လိုက်သည်။ “ကောင်းကင်ဆရာသခင်ပိုင်၊ ဘာစောင့်နေတာလဲ…”

မုန့်ယွင်ကွေ့က သူ၏ ကျန်ရှိသောခွန်အားဖြင့် ပိုင်ယွီကျင့်၏ ဓားကို ‌ဆွဲယူကာ နှလုံးသားအနက်ရှိုင်းဆုံးအထိ ထိုးသွင်းလိုက်သည်။

ပိုင်ယွီကျင့်၏ လက်လေးမှာ တုန်ရီသွားသော်လည်း ဤတစ်ကြိမ်တွင် သူ့ကို မတားဆီးတော့ပေ။

‌မုန့်ယွင်ကွေ့က မြေပြင်တွင် အေးဆေးတည်ငြိမ်စွာ ထိုင်လျက် လက်ချောင်းတစ်ချောင်းမြှောက်ကာ ကောင်းကောင်းကင်ရှိ လူသားများဆီသို့ ညွှန်ပြလိုက်သည်။

သူ၏မျက်နှာတွင် အပြုံးတစ်ပွင့် ဖြစ်တည်လာပြီး ရေရွတ်နေ၏။ “မသင်ယူရဘဲ တတ်မြောက်တာက မွေးရာပါစွမ်းဆောင်ရည်ပဲ… မတွေးဘဲ သိနိုင်တာက သူတို့ရဲ့ မွေးရာပါအသိစိတ်ပဲ… မိဘကို မချစ်တဲ့ သားသမီးဆိုတာ မရှိဘူး… အသက်အရွယ် ကြီးလာတဲ့အခါကျရင် သူတို့ရဲ့ အစ်ကိုကြီးအစ်မကြီးတွေ၊ ဆွေမျိုးတွေကို မလေးစားတဲ့သူ ဆိုတာမရှိဘူး… ဆွေမျိုးကို ချစ်ခြင်းသည် ကြင်နာမှု ဖြစ်ပြီး၊ ကြီးသူကို ‌လေးစားခြင်းသည် ရိုသေမှုဖြစ်သည် ... ဒီစကားနှစ်ခွန်း တစ်လောကလုံး ကျင့်သုံးကြဖို့ကိုသာ ငါ မျှော်လင့်ပါတယ်”

သူ၏ ခေါင်းက ငိုက်ကျသွားပြီး သူ့ခန္ဓာကိုယ်မှာ မြေပေါ် လဲသွားတော့သည်။

ပိုင်ယွီကျင့်က ဓားကို သူ၏ရင်ဘက်မှ ဆွဲနှုတ်၍ တောင်ကောင်းကင်ရှိ လူသားများကို လှည့်ကြည့်လိုက်သည်။

မုန့်ယွင်ကွေ့သည် မသေဆုံးခင် သူမကို အသိပညာတစ်ခု ပေးသွားခဲ့သည်။ ၎င်းက….

လူတိုင်း၏ နှလုံးသားထဲတွင် အသိစိတ်ရှိသည်။ တောင်ကောင်းကင်၏ လူသားများမှာ မျှော်လင့်ချက်ကင်းမဲ့နေခြင်း မဟုတ်ပေ။

All Chapters