← Chapters

တောင်ကောင်းကင်မုခ်ဝ၊ မီးငှက်ဝိညာဉ်ကို လောင်မြိုက်တိုက်စားခြင်း

Vol. 131 Ch. 1690

တောင်ကောင်းကင်မုခ်ဝ၊ မီးငှက်ဝိညာဉ်ကို လောင်မြိုက်တိုက်စားခြင်း

Vol. 131 Ch. 1690

မုန့်ယွင်ကွေ့ သေဆုံးသွားသည်နှင့် သူ၏ မူလဝိညာဉ် ပြိုလဲသွားပြီး ဝိညာဥ်မှာ အနက်ရောင်သဲမှုန်များအဖြစ် ပြောင်းလဲ၍ သူ၏အလောင်းထဲမှ ထွက်ခွာလွင့်မျောကာ ပျောက်ကွယ်သွားတော့သည်။

သူ၏ ဒဏ်ရာများမှာ ပြင်းထန်လွန်းသောကြောင့် မူလဝိညာဉ်နှင့် ဝိညာဥ်မှာ အက်ကွဲခဲ့ရ၏။ အစောကြီးကတည်းက သေဆုံးသွားသင့်ပြီ ဖြစ်သော်လည်း ကျင့်ကြံခြင်းအခြေခံက ခိုင်မာအားကောင်းလွန်းသောကြောင့် ခံနိုင်ရည်ရှိခဲ့ခြင်း ဖြစ်သည်။

“ကောင်းကင်ဆရာသခင်ပိုင်၊ နောက်ဆုံးတော့ ခင်ဗျားကျေးဇူးနဲ့ ကျုပ် စိတ်အေးရပြီဗျာ’’

ကောင်းကင်နတ်မင်းရီလော့က မုန့်ယွင်ကွေ့၏ ခန္ဓာကိုယ်ထဲမှ ပျံ့လွင့်လာသော အနက်ရောင်သဲမှုန်များကို ကြည့်၍ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။ သူက သူမထံ လျှောက်လာပြီး ပြုံးနေသည်။

“ဒီကို မလာခင်တုန်းက အရှင်မင်းကြီးက တတိယမြောက်ကောင်းကင်ဆရာသခင် ပိုင်ယွီကျင့်ဟာ လူသားမျိုးနွယ်ဖြစ်တဲ့ အပြင် မုန့်ယွင်ကွေ့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့အတွက် သတိထားဖို့ မိန့်ကြားခဲ့တယ်… လမ်းတလျှောက်လုံးမှာ ကျုပ်လည်း ကောင်းကင်ဆရာသခင်ပိုင်ကို အမြဲတမ်း သံသယဝင်ပြီး သတိထားလာခဲ့တာ… အကြိမ်ကြိမ်လည်း စမ်းသပ်ခဲ့တယ်… ကောင်းကင်ဆရာသခင်ပိုင်က မြင့်မြတ်တည်ကြည်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါပဲ…. သစ္စာဖောက် မုန့်ယွင်ကွေ့ကို ကိုယ်တိုင် သတ်ဖြတ်ခဲ့တယ်… ကျုပ် လေးစားမိသလို စိတ်လည်း အေးသွားပါပြီ…”

ပိုင်ယွီကျင့်မှာတော့ ခေါင်းငုံ့လျက် သူမလက်ထဲရှိ ဓားကို စိုက်ကြည့်နေဆဲပင်။ သူမ၏အသံသည် အေးစက်နေ၏။ “သစ္စာဖောက်မုန့်က အခြေအနေနဲ့ အချိန်အခါကို စဉ်းစားဆင်ခြင်နိုင်တဲ့ အသိဉာဏ် မရှိဘူး… ကောင်းကင်နတ်ဧကရာဇ်အပေါ် သစ္စာခံနိုင်တဲ့ နှလုံးသားလည်း မရှိဘူး…. ကောင်းကင်နတ်ဘုံရဲ့ အလေးပေးမှုကို ရခဲ့ပေမယ့် ကောင်းကင်နတ်ဘုံကို အလုပ်အကြွေး ပြုလိုစိတ် မရှိဘူး…. သူက တိရစ္ဆာန်တစ်ကောင်ထက်တောင် ဆိုးသေးတယ်… ကျွန်မ သူ့ကို သတ်ပြီး သူနဲ့ သံယောဇဉ်မှန်သမျှ ဖြတ်ပစ်ချင်တာက သဘာဝပါပဲ”

သူမ၏မျက်လုံးများမှ သွေးတို့ စီးကျလာသော်လည်း ထူးဆန်းသည်က ထိုမျက်ရည်များသည် မီးတောက်များအဖြစ် တောက်လောင်ကာ အငွေ့ပျံကုန်၏။

သူမ၏အသံက အေးစက်နေသော်လည်း သူမ၏ ခန္ဓာကိုယ်ထဲတွင် အထွတ်အမြတ်မီးတောက်ဖြင့် လောင်ကျွမ်းလျက် ရုန်းကန်နေသော ဝိညာဉ်တစ်ခု ရှိနေသည်။

သူမ၏နှလုံးသားထဲတွင် အဆုံးမရှိနိုင်သော‌ ကြေကွဲဝမ်းနည်းမှုနှင့် နာကျည်းမှုတို့ ပြည့်နှက်လာသည့်အခါ ထိုဝိညာဉ်အား ပိုပို၍ပူလောင်လာစေသည်။ ရုပ်ခန္ဓာသည် အချုပ်အနှောင်များထဲမှ ရုန်းထွက်ချင်သည့်အလား အုံကြွလာသည်။ ဝိညာဉ်သည် လက်သည်းစွယ်ကြီးများကို ထုတ်၍ သူမ၏ခန္ဓာကိုယ်ကို ဆွဲဖြဲကာ အဆုံးမရှိသော မီးစွမ်းအားတို့ကို ထုတ်လွှတ်လိုက်သယောင်ပင်။

ပိုင်ယွီကျင့်က ကျန်လက်တစ်ဖက်ကို မြှောက်၍ သူမ၏လည်တိုင်ရှိ ကျောက်စိမ်းလည်ဆွဲအား ဆုပ်ကိုင်လိုက်မိသည်။

ဤကျောက်စိမ်းလည်ဆွဲကို ချင်မူ ပေးခဲ့ခြင်းဖြစ်ပြီး ကောင်းကင်ယင်သားတော်၏ ဘဝပြန်ဝင်စားခြင်းကောင်းကင်နတ်သိုင်းကို ချိုးဖျက်စေနိုင်ရန် ရည်ရွယ်သည်။ တစ်ချိန်တုန်းက ဤကျောက်စိမ်းလည်ဆွဲသည် ၉၈ ကြိမ်တိတိ ဘဝပြန်ဝင်စားခဲ့သည့်တိုင် နတ်ဘုရားဝိညာဉ် မပျက်စီးအောင် ဆောင်ရွက်ပေးခဲ့၏။

ဤကျောက်စိမ်းလည်ဆွဲက သူမ၏ စိတ်နှလုံးမိစ္ဆာဖြစ်သလို သူမ၏ နှလုံးသားထဲမှ အစိုင်အခဲတစ်ခုလည်း ဖြစ်သည်။

ငါက ငါပဲ…

ငါဆိုတာ တစ်ယောက်တည်းရှိတယ်…

တစ်လောကလုံးမှာ ပိုင်ယွီကျင့်ဆိုတာ တစ်ယောက်တည်း ရှိတယ်…

ငါက တောင်နတ်မင်း မဟုတ်ဘူး….

သူမသည် တစ်ချိန်တုန်းက ချင်မူအား ယုံကြည်ချက်ရှိရှိ ပြတ်သားစွာဖြင့် ထိုသို့ပြောခဲ့ဖူး၏။

သို့သော်…

ပိုင်ယွီကျင့်မှာ သူမအရှေ့ရှိ မုန့်ယွင်ကွေ့၏အလောင်းကို ကြည့်ရှုပြီးနောက် ရုတ်ရုတ်သဲသဲ ဖြစ်နေကြသော နေရာတိုင်းရှိ ကောင်းကောင်းကင်မှ လူသားများကို ပြန်ကြည့်လိုက်သည်။ တောင်နတ်မင်းကျုချွဲ ဆိုသည်ကား တောင်၀င်ရိုးစွန်းနတ်မင်း ဖြစ်သည်သာမက တောင်ကောင်းကင်၏ အရှင်သခင်လည်း ဖြစ်သည် မဟုတ်လော။

တောင်နတ်မင်းကျုချွဲအနေဖြင့် တောင်ကောင်းကင်နှင့် တောင်ကောင်းကင်၏ လူသားများကို ကာကွယ်နိုင်ရန် ကျရှုံးခဲ့သည်။ တာဝန်မကျေမှု၊ ၀တ္တရားပျက်ကွက်မှုတို့အပြင် အမှားအယွင်းတစ်ခုလည်း ဖြစ်ခဲ့သည်။ ၎င်းတို့အားလုံးကြောင့် တောင်ကောင်းကင်လူသားများမှာ ဒုက္ခမခံသင့်သလို မုန့်ယွင်ကွေ့အနေနှင့်လည်း ကိုယ်စားဒုက္ခခံစရာ မလိုပေ။

တောင်ကောင်းကင်လူသားများသည် ဘယ်သောအခါကမှ မည်သည့်အမှားအယွင်းမှ လုပ်ခဲ့ခြင်း မရှိပေ။ သူတို့မှာ တောင်ကောင်းကင်တွင်သာ နေထိုင်ခဲ့ခြင်းဖြစ်သလို မုန့်ယွင်ကွေ့အနေနှင့်လည်း မည်သည့်အမှားမှမပြုလုပ်ခဲ့ပေ။ သူသည် ကောင်းကောင်းကင်သို့ ရောက်လာခဲ့ခြင်းသာ ဖြစ်၏။

ကျောက်စိမ်းလည်ဆွဲကို ကိုင်ထားသည့် သူမ၏ လက်က တုန်ရီနေသည်။ “ငါ တောင်နတ်မင်း မဖြစ်ချင်ဘူး…. တောင်နတ်မင်းရဲ့ တစိတ်တစ်ပိုင်း ဖြစ်မလာချင်ဘူး… ငါက ငါပဲ…”

မျက်ရည်များကြောင့် ဖွဲ့တည်လာသော အထွတ်အမြတ်မီးတောက်များက ကျောက်စိမ်းလည်ဆွဲထဲသို့ ၀င်ရောက်သွားကြသည်။

ကောင်းကင်နတ်မင်းရီလော့က လျှောက်လာပြီး ပြုံးလျက် ပြော၏။ “အရှင်မင်းကြီးက ခင်ဗျားကို သတိထားနိုင်အောင် ကျုပ်ကို ဘိုးဘေးနန်းတော်ရဲ့ တောင်ကောင်းကင်မုခ်ဝအပေါ် ထိန်းချုပ်ခွင့်ပေးလိုက်တာလေ… ဒါပေမဲ့ ခင်ဗျားရဲ့ ဆောင်ရွက်မှုက သိပ်ကိုတော်တယ်… အရှင်မင်းကြီးကို စိတ်မပျက်စေခဲ့ဘူး…. ကောင်းကင်ဆရာသခင်ပိုင်၊ အနာဂတ်မှာ ခင်ဗျားလည်း ကောင်းကင်နတ်အရှင်ဟွေ့လို ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်လာနိုင်တယ်…. ကောင်းကင်နတ်အရှင်ဟွေ့က ကောင်းကင်နတ်အရှင်ယွင်ကို သတ်ပြီး အရှင်မင်းကြီးရဲ့အလေးပေးမှုကို ရရှိခဲ့ပေမယ့် ရည်မှန်းချက်ကြီးလွန်းခဲ့တယ်… သူ့လို တူညီတဲ့အမှားမျိုး မကျူးလွန်မိပါစေနဲ့”

“ကျွန်မက ကောင်းကင်နတ်အရှင်ဟွေ့နောက်တစ်ပါး ဖြစ်လာမှာလား…” ပိုင်ယွီကျင့် ပြုံးလိုက်မိသည်။

သူမခန္ဓာကိုယ်ထဲရှိ တောက်လောင်နေသော ဝိညာဉ်မှ ထုတ်လွှတ်နေသည့် မီးတောက်များမှာ ပိုပို၍ပြင်းထန်အားကောင်းလာပြီး ထိန်းချုပ်နိုင်ရန် ခက်ခဲလာသည်။

သူမ မရင်ဆိုင်ရဲသော အရာတစ်ခု ရှိသည်။ ယင်းသည် တောင်နတ်မင်း၏ဝိညာဉ် ဖြစ်၏။ ထိုဝိညာဉ်က အလိုအလျောက် နိုးထလာနိုင်စွမ်း ရှိပြီး နောက်ဆုံးဘဝ၌ လူပြန်ဝင်စားစရာ မလိုအပ်ပေ။

ဤသည်က မုန့်ယွင်ကွေ့ ပြောခဲ့သည့် အသိစိတ်အလော။

သူ၏ အသက်ကို စတေး၍ တောင်ကောင်းကင်သားများ၏ အသိစိတ်ကို နိုးထလာစေခဲ့သော မုန့်ယွင်ကွေ့သည် သူမ၏အသိစိတ်ကိုပါ နိုးထလာစေခဲ့ခြင်းလော။

ဤအသိစိတ်က သူမခန္ဓာကိုယ်ထဲရှိ တောင်နတ်မင်း၏ ဝိညာဉ်ကို နိုးထလာစေခဲ့ပြီး မီးတောက်များဖြင့် ပေါက်ကွဲထွက်ကာ သူမ၏ခန္ဓာကိုယ်ကို လောင်ကျွမ်းစေ၍ အချုပ်အနှောင်များအား ဖျက်ဆီးရန် နှိုးဆွပေးခဲ့သည်လား။

မီးတောက်များက သူမ၏ တာအိုနှလုံးသားနှင့် ဝိညာဉ်ကို လောင်ကျွမ်းတိုက်စားရင်း သူမရင်ဘတ်ထဲ၌ ထိန်းချုပ်မရနိုင်သော မီးတောက်နှင့် အဆုံးမရှိသော စွမ်းအင်တို့ကို ထုတ်လွှတ်ကာ မုန့်ယွင်‌ကွေ့ကိုယ်စား တောင်ကောင်းကင်လူသားများအပေါ် ကာကွယ်၍ တောင်နတ်မင်း မအောင်မြင်နိုင်ခဲ့သည့် တာဝန်ကို ဖြည့်ဆည်းပေးချင်စိတ် ပေါ်လာစေသည်။

သို့သော် သူမ မသေချင်ပေ။

တောင်နတ်မင်း၏ ဝိညာဉ်ကို ထုတ်လွှတ်လိုက်ပါက ပိုင်ယွီကျင့်သည် ပိုင်ယွီကျင့်မဟုတ်တော့ဘဲ တောင်နတ်မင်း ဖြစ်လာပေတော့မည်။

ကောင်းကင်နတ်မင်းရီလော့က သူမဘေးသို့ လျှောက်လာပြီး ရုန်းကန်နေသည့် တောင်ကောင်းကင်မှ လူသားများကို ကြည့်လိုက်သည်။ သူက ပြော၏။ “ခင်ဗျားက ကောင်းကင်နတ်အရှင်ဟွေ့ထက် ပိုပြီးသာလွန်မှာပါ… ဒူးထောက်ကြစမ်း”

ကောင်းကင်နတ်မင်းရီလော့၏ မျက်နှာအမူအရာကြီးက မည်းမှောင်နေပြီး သူက တောင်ကောင်းကင်၏ လူသားများကို အော်ဟစ်လိုက်သည်။ “မင်းတို့ရဲ့ ဇာတ်နာပြနေတဲ့ ပွဲလေး ပြီးသွားပြီကွ… ဒူးထောက်ကြစမ်း”

သို့သော် သူ၏အရှေ့၌ မည်သူကမှ ဒူးထောက်ခြင်း မရှိပေ။

ကောင်းကင်နတ်မင်းရီလော့၏ မျက်နှာအမူအရာက ပို၍မည်းမှောင်လာသည်။ သူက နှာခေါင်းရှုံ့သည်။ “လောက်ကောင်တွေ၊ သေချင်နေတာလား”

ရုတ်တရက် လူငယ်တစ်ယောက်က သစ်သားချောင်းတစ်ချောင်း ကိုင်ကာ သူ၏ဦးခေါင်းကို ရိုက်ချလိုက်သည်။

ထိုသို့တိုက်ခိုက်မှုမျိုးသည် ကောင်းကင်နတ်မင်းရီလော့လို ပုဂ္ဂိုလ်တစ်ဦးအတွက် နာကျင်မှုမရှိပေ။ သို့သော် အရှက်ကွဲစေသည်။ ရီလော့မှာ ဆတ်ဆတ်ခါသွားကာ လက်မြှောက်၍ လူငယ်အား လည်ပင်းမှ ဆွဲကိုင်လိုက်သည်။ “ပြန်ရိုက်လိုက်စမ်း…”

လူငယ်မှာ အသက်မရှူနိုင်သော်လည်း လက်သီးမြှောက်၍ ရီလော့၏ မျက်နှာကို ထိုးလိုက်သည်။

ကောင်းကင်နတ်မင်းရီလော့က အရုပ်ဆိုးစွာ ပြုံးဖြီး၍ ပါးစပ်ဟလိုက်၏။ “သနားဖို့ကောင်းလိုက်တာ…. ခွန်အားလည်း မရှိဘူး”

သူ လူငယ်ကို ဝါးမြိုတော့မည်အချိန်တွင် ဓားရောင်တစ်ချက် ဖြတ်ခနဲ လက်လာပြီး လူငယ်၏ လည်ပင်းကို ဆွဲကိုင်ထားသော လက်ကို ဖြတ်တောက်ပစ်လိုက်သည်။

“ငါက ကောင်းကင်နတ်အရှင်ဟွေ့ မဟုတ်ဘူး…”

အမျက်တချောင်းချောင်း ဒေါသထွက်နေသော အသံတစ်သံက သူ၏နားထဲ ဝင်ရောက်လာပြီး ဓားရောင်က သူ၏မျက်ခုံးနှစ်ဖက်ကြား၊ မျက်လုံး၊ လည်ပင်းနှင့် ရင်ဘတ်တို့ကို တခဏအတွင်း ဖောက်ထွက်သွားသည်။

ဓားရောင်မှာ ပိုင်ယွီကျင့်လက်ထဲတွင် အင်မတန် ဖြတ်လတ်သွက်လက်နေသည်။ ၎င်းက သူ၏ခန္ဓာကိုယ်ကို တမုဟုတ်ချင်း ဖောက်ထွက်သွားပြီး သူ၏ရုပ်ခန္ဓာကို ဖျက်ဆီး၍ ကောင်းကင်ရတနာများ၊ ကောင်းကင်နန်းဆောင်တို့ကို ဖောက်ထွက်ကာ မူလဝိညာဉ်ထံသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့၏။

ကောင်းကင်နတ်မင်းရီလော့က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူက တောင်ပံများကို ဖြန့်ကျက်လိုက်ရာ မရေမတွက်နိုင်သော အမွှေးတောင်များက ရွှေရောင်ဓားများကဲ့သို့ လှုပ်ယွလာကြပြီး ပိုင်ယွီကျင့်၏ ဓားရောင်ကို ခုခံကာကွယ်လိုက်သည်။

ဝုန်း….

သူ၏မူလဝိညာဉ်က ကောင်းကင်သို့ ပျံတက်သွားပြီး ကောင်းကင်နန်းဆောင်များအား ဖြန့်ကျက်ကာ ကောင်းကင်နတ်ဘုံငယ်တစ်ခု ဖွဲ့တည်လိုက်လေသည်။

ကောင်းကင်နန်းဆောင် ၁၈ ဆောင်အထိ မကျင့်ကြံပြီးသေးသည့် အဆင့်ကို ကောင်းကင်နတ်ဘုံငယ်အဆင့်ဟု ခေါ်၏။

ကောင်းကင်နတ်မင်းရီလော့သည် ကောင်းကင်နတ်ဘုံ၏ မြောက်ကောင်းကင်နတ်မင်း ဖြစ်သည့်အပြင် ကောင်းကင်နတ်မင်းလေးပါးထဲတွင် မြောက်ကောင်းကင်နတ်မင်းအဆင့်သည် အမြင့်မြတ်ဆုံး အဆင့်အတန်းဖြစ်၏။ သူကိုယ်တိုင်ကလည်း ကောင်းကင်နန်းဆောင်ခြောက်ဆောင်အထိ ကျင့်ကြံထားပြီးချေပြီ။

ကောင်းကင်နန်းဆောင်ခြောက်ဆောင်ဖြင့် ဖွဲ့တည်ထားသော ကောင်းကင်နတ်ဘုံငယ်သည် ထိပ်တန်းအတိုက်အခိုက်စွမ်းရည်များကို ရင်ဆိုင်နိုင်ရန် လုံလောက်ပေသည်။

မမျှော်လင့်ဖွယ်ကောင်းစွာနှင့် သူ၏ကောင်းကင်နတ်ဘုံငယ် ထွက်ပေါ်လာသည့်အချိန်တွင် ပိုင်ယွီကျင့်၏ ဦးခေါင်းအပေါ်၌ တိမ်တိုက်များ ထွက်ပေါ်လာသည်။ တိမ်များထဲတွင် ကောင်းကင်နန်းဆောင်လေးဆောင် ကိန်းဝပ်နေ၏။ ကောင်းကင်နန်းဆောင်လေးဆောင်ထဲတွင် ပိုင်ယွီကျင့် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာသည်။ ကောင်းကင်နတ်သိုင်းမျိုးစုံမှာ ခန့်မှန်း၍မရနိုင်ပေ။

ထိုပိုင်ယွီကျင့်တို့မှာ အစစ်အမှန်ဖြစ်၏။ သူတို့တစ်ယောက်ချင်းစီတိုင်းက ကိုယ်ပိုင်ခန္ဓာကိုယ်နှင့် မူလဝိညာဉ်တို့ပိုင်ဆိုင်ထားကြသည်။ ဤသည်က လူမသိသော လျှို့ဝှက်ချက်တစ်ခုဖြစ်၏။

ပိုင်ယွီကျင့်သည် ၁၉၇ ကြိမ်တိတိ ဘဝပြန်ဝင်စားခဲ့သည်။ ထို့ကြောင့် ကောင်းကင်ယင်သားတော်၏ လက်ချက်ဖြင့် မသေဆုံးစေရန် ကျင့်စဉ်အမျိုးမျိုးနှင့် ကောင်းကင်နတ်သိုင်းအမျိုးမျိုး ကျင့်ကြံခဲ့လေသည်။

သူမသည် တစ်ချိန်က ကောင်းကင်နတ်ရှင်ယွဲ့၏ တပည့်မလည်း ဖြစ်ခဲ့ဖူး၏။ ယခုအချိန်အထိ ရုပ်လုံးပေါ်မလာသေးသော အန္တိမဟင်းလင်းပြင်ကျမ်းစာကိုလည်း လေ့လာခဲ့ဖူးသည်။ တာအိုရသေ့မ၊ ဗုဒ္ဓဘုရားငယ်တို့အပြင် ကောင်းကင်နတ်ဘုံ၏ နတ်မင်း၊ ဧကရာဇ်တို့၏ တပည့်လည်း ဖြစ်ခဲ့ဖူးသည်။

ထို့ကြောင့် သူမ၏ ကျင့်စဉ်စနစ်မှာ အလွန်တရာ ထူးဆန်းသည်။ ကောင်းကင်နတ်အရှင်ယွဲ့၏ အန္တိမဟင်းလင်းပြင်ကျမ်းစာကို အခြေခံပြီး အမျိုးမျိုးသော ကျင့်စဉ်များနှင့် ပေါင်းစည်းထားခြင်း ဖြစ်၏။ မှန်ပါသည်။ နေရာဟင်းလင်းပြင်တာအိုအပေါ် သူမ၏ အသုံးပြုနိုင်မှုမှာ မျက်မှောက် အန္တိမဟင်းလင်းပြင်ကျမ်းစာလောက် မကောင်းမွန်သော်လည်း သူမသည် အရာများစွာကို ပေါင်းစည်း၍ သူမ၏ ထူးခြားသော ကိုယ်ပိုင်လမ်းစဉ်ကို လျှောက်လှမ်းနေခဲ့လေသည်။

ပိုင်ယွီကျင့်တို့က ချက်ချင်း ခုန်ဝင်လာသည်။ သူတို့က ရီလော့၏ ကောင်းကင်နတ်ဘုံကို လျစ်လျှူရှုကာ ရုပ်ခန္ဓာကိုယ်စီသို့ တိုက်ရိုက်ဦးတည်သွား၏။

ကောင်းကင်နတ်မင်းရီလော့က ရုပ်ခန္ဓာဒဏ်ရာရထားသည့်အတွက် အတိုက်အခိုက်စွမ်းရည်အလုံးစုံကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ သူက သူ၏ခန္ဓာကိုယ်ကို ချုပ်တည်းမထားတော့သည့်အတွက် ရွှေရောင်အမွှေးတောင်များ သူ၏ခန္ဓာကိုယ်ထဲမှ တဖွားဖွား ပေါက်လာကြကာ သူ၏ခန္ဓာကိုယ်သည် ကြီးမားသထက် ကြီးမားလာ၏။

သူကား နတ်ဘုရားတစ်ပိုင်းမျိုးနွယ် မဟုတ်လော။ ကမ္ဘာဦးဘုံ၏ ရွှေတောင်ပံ ဂဠုန်မျိုးနွယ်စုမှ ခေါင်းဆောင်ဖြစ်၏။ နတ်အရိုးများသာမက မိစ္ဆာအရိုးများကိုပါ ပိုင်ဆိုင်ထားသည့်အလျောက် သူ၏ကြွက်သားများက လှုပ်ယွတောင့်တင်းလာကြသည်။ သူ၏တောင်ပံက တဖြည်းဖြည်း ကျယ်ပြန့်ကြီးထွားလာပြီး ဧရိယာအတော်များများကို လွှမ်းခြုံလာချေပြီ။

ကောင်းကင်နတ်မင်းဖြစ်သည့်အတွက် သူသည် ကောင်းကင်နတ်ဘုံ၏ အင်အားစုတချို့အပေါ် တာဝန်ယူအုပ်ချုပ်ရ၏။ သူ၏အတိုက်အခိုက်စွမ်းရည်က ကောင်းကင်နတ်အရှင်တစ်ပါးထက်ပင် သာလွန်မြင့်မားလေသည်။

သို့သော် သူ၏ခန္ဓာကိုယ် လူအသွင်မှ အပြည့်အဝ အသွင်မပြောင်းနိုင်ခင်မှာပင် ပိုင်ယွီကျင့်တစ်ဦးက သူ၏ခန္ဓာကိုယ်ကို ဖောက်ထွက်သွားသည်။ သူမက သူ၏ဦးခေါင်းကို ဖိ၍ သင်္ဘောကုန်းပတ်ပေါ်သို့ ရိုက်ချလိုက်၏။

ကျန်ပိုင်ယွီကျင့်လေးယောက်က ၀င်္ကပါတစ်ခု ဖွဲ့တည်လိုက်သည်။ ကောင်းကင်နတ်မင်းရီလော့ ပြန်ထမလာနိုင်ခင်မှာပင် ၀င်္ကပါက အသက်ဝင်လျက် ပေါက်ကွဲလာပြီဖြစ်၏။ တခဏအတွင်း သူသည် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် တိုက်ခိုက်ခံလိုက်ရသည်။ သူ၏ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားပြီး အသွေးအသားတို့က နေရာတိုင်းသို့ လွင့်စင်ထွက်သွားတော့သည်။

ကောင်းကင်နတ်မင်းရီလော့၏ မူလဝိညာဉ်က ရွှေတောင်ပံဂဠုန်အဖြစ် ပြောင်းလဲကာ တောင်ပံများဖြန့်လိုက်သည်။ သူက ကောင်းကင်နန်းဆောင်ခြောက်ဆောင်ဖြင့် ဖွဲ့တည်ထားသော ကောင်းကင်နတ်ဘုံငယ်ကို သူ၏ကျောတွင် သယ်ဆောင်၍ အော်ဟစ်လိုက်၏။ “စစ်သည်တော်တို့၊ တောင်ကောင်းကင်မုခ်၀ကို အသက်သွင်းပြီး သစ္စာဖောက်ပိုင်ယွီကျင့်ကို သတ်ဖြတ်ကြစမ်း…”

နန်းစောင့်တပ်ဖွဲ့၏ စစ်သည်တော်နှစ်သောင်းက ပြိုင်တူဟစ်ကြွေးလိုက်ကြသည်။ သူတို့က မှော်စွမ်းအင်များ ထုတ်လွှတ်၍ ဘိုးဘေးနန်းတော်၏ တောင်ကောင်းကင်မုခ်၀ကို အသက်သွင်းလိုက်ကြ၏။

တောင်ကောင်းကင်မုခ်၀၏ တောင်တန်းနှစ်ခုကြားတွင် မီးတောက်များက မျက်စိတစ်မှိတ်အတွင်း တဟုန်းဟုန်း လောင်ကျွမ်းတောက်လောင်သွားကြသည်။ မီးတောက်များက ကောင်းကင်ကို ဖြတ်ကျော်၍ ကောင်းကင်နတ်မြစ်၏ ရေများကို အငွေ့ပျံသွားစေ၏။ တောင်ကောင်းကင်၏ ကြယ်တာရာကောင်းကင်မှာ ပုံပျက်ပြိုလဲလာသည်။

မီးလျှံများက ကြယ်တာရာကောင်းကင်နှင့် ကောင်းကင်နတ်မြစ်ကို ထိတွေ့တောက်လောင်နေစေသည်။ ၎င်းတို့ဖြတ်သန်းသွားသော နေရာတိုင်းရှိ အရာများမှာ ဗလာနတ္ထိဖြစ်သွားကြ၏။

ပိုင်ယွီကျင့်ငါးယောက်မှာ ကောင်းကင်နတ်မင်းရီလော့ကို လိုက်ဖမ်းရန် အာရုံမစိုက်အားတော့ပေ။ သူတို့က တောင်ကောင်းကင်မုခ်၀ကို အလျင်အမြန် ခုခံလိုက်ကြသည်။

သူမအနေဖြင့် တောင်ကောင်းကင်မုခ်၀၏ မီးတောက်စွမ်းအားကို ရှောင်တိမ်းနိုင်စွမ်းရှိသော်လည်း သင်္ဘောပေါ်မှ တောင်ကောင်းကင်လူသားများကတော့ ထိုသို့လုပ်နိုင်စွမ်း မရှိကြပေ။ တောင်ကောင်းကင်သားများ စိတ်ဓာတ်နိုးကြားလာအောင် သူမ၏ ဆရာတူအစ်ကို မုန့်ယွင်‌ကွေ့ အသက်စတေးပေးခဲ့မှုအား မည်ကဲ့သို့ အလဟဿ ဖြစ်ခွင့်ပြုရမည်နည်း။

သူမ၏အရှိန်အဝါက အပြည့်အဝ ပေါက်ကွဲထွက်လာသည်။ သူမ၏ကောင်းကင်နတ်သိုင်းက တောင်ကောင်းကင်မုခ်၀၏ မဟာတာအိုနှင့် ထိပ်တိုက်တွေ့ဆုံသွားချေပြီ။

တဟုန်းဟုန်း တောက်လောင်နေသော တာအိုမီးတောက်များက သူမ၏မျက်နှာကို လာရောက်ရိုက်ခတ်နေသော်လည်း ပိုင်ယွီကျင့်ငါးယောက်က ဆက်လက်ကာကွယ်ပေးထားသည်။ တာအိုမီးတောက်သည် မမြင်ရနိုင်သော နံရံတစ်ခုကို တွေ့ဆုံနေသည့်အလား ဆက်လက် တိုက်ခိုက်လှုပ်ခါနေလျက် နံရံကို ဖောက်ထွင်းနိုင်ရန် ကြိုးစားနေသည်။

နံရံ၏အရှေ့တွင် ပိုင်ယွီကျင့် နေရာယူထားပြီး သူမအနောက်တွင်တော့ လူသားများဖြင့် ပြည့်နက်နေသည့် သင်္ဘောရှိနေ၏။

ပိုင်ယွီကျင့်ငါးယောက်၏ ခန္ဓာကိုယ်တို့တွင် မီးများတောက်လောင်နေကြပြီး သူမတို့၏ ဖြူလျသေးသွယ်သော လက်မောင်းကလေးများမှာ မီးသွေးတုံးများကဲ့သို့ မည်းမှောင်လာကြသည်။ ရုတ်တရက် ပိုင်ယွီကျင့်တစ်ဦးမှာ ပြာကျသွားပြီး တာအိုမီးတောက်၏ ဝါးမြိုခြင်း ခံလိုက်ရသည်။ ဒုတိယမြောက် ပိုင်ယွီကျင့်တစ်ယောက်မှာလည်း အရှင်လတ်လတ် ပြာကျသွားတော့၏။ ထို့နောက် တတိယမြောက်၊ စတုတ္ထမြောက်ဖြင့် အသီးသီး ကြွေလွင့်သွားကြတော့သည်။

မကြာမီ ပိုင်ယွီကျင့်တစ်ဦးတည်းသာ သင်္ဘောပေါ်၌ ကျန်ရစ်တော့၏။ သူမ၏ခန္ဓာကိုယ်မှာ တုန်ရီနေပြီး ခံနိုင်ရည် မရှိတော့ပေ။

ကောင်းကင်နတ်မင်းရီလော့၏ မူလဝိညာဉ်က ခက်ထန်စွာအော်ဟစ်လိုက်သည်။ “သေတဲ့အထိ မီးလောင်တိုက်သွင်းလိုက်စမ်း… သင်္ဘောပေါ်က လောက်ကောင်တွေ လောင်ကျွမ်းသွားပစေ”

သူသည် အတော်လေး စိတ်ရှုပ်ဒေါသထွက်နေ၏။ သူက တခြားစစ်တပ်များကို စုစည်း၍ ထောင်သောင်းပေါင်းများစွာသော ကောင်းကင်နတ်ဘုရားများကို ဘိုးဘေးနန်းတော်၏ တောင်ကောင်းကင်မုခ်၀အား အသက်သွင်းလိုက်စေသည်။

ဘိုးဘေးနန်းတော် ကောင်းကောင်းကင်မုခ်၀ ဆိုသည်မှာ မဟာတာအိုဖြင့် ဖွဲ့တည်ထားသည့် သဘာဝမုခ်၀တစ်ခု ဖြစ်ပြီး အမြင့်မြတ်ဆုံး တာအိုမီးတောက် ပါရှိသည်။ နန်းစောင့်တပ်ဖွဲ့၏ စစ်သည်တော်နှစ်သောင်းဖြစ်သည့် ကျောက်စိမ်းမြို့တော်အဆင့်၊ နတ်ကောင်းကင်ခန်းမအဆင့်နှင့် ဧကရာဇ်ပလ္လင်အဆင့်ရှိသော ပုဂ္ဂိုလ်များပင်လျှင် ဤမုခ်၀စွမ်းဆောင်ရည်ကို အဆုံးအစွန်အထိ မထုတ်လွှတ်နိုင်ကြပေ။

ယခုတွင် နတ်ဘုရားမိစ္ဆာ ထောင်သောင်းပေါင်းများစွာ ထည့်ပေါင်းလိုက်သည့်အတွက် ဘိုးဘေးနန်းတော် တောင်ကောင်းကင်မုခ်၀၏ စွမ်းအားမှာ ချက်ချင်း ထိုးတက်သွားသည်။

ပိုင်ယွီကျင့်က မရပ်မနား ပြန်လည်တွန်းထုတ်နေရင်း သူမ၏ခန္ဓာကိုယ်မှာ ပိုပို၍ တုန်ရီလာတော့သည်။ သူမသည် သင်္ဘောပေါ်ရှိ တောင်ကောင်းကင်လူသားများအရှေ့သို့ ရောက်ရှိနေပြီဖြစ်၏။ သူမ၏ခြေထောက်များက မုန့်ယွင်ကွေ့အလောင်း၏ အင်္ကျီစအား တက်နင်းလိုက်မိသည်။

ပိုင်ယွီကျင့်က ကျယ်လောင်စွာ အော်ဟစ်လိုက်ရင်း သူမလည်တိုင်ရှိ ဘဝပြန်ဝင်စားခြင်းကျောက်စိမ်းလည်ဆွဲကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

“ငါက ပိုင်ယွီကျင့်ပဲ”

ဘိုးဘေးနန်းတော် တောင်ကောင်းကင်မုခ်ဝမှ တာအိုမီးတောက်များက သူမကို လွှမ်းခြုံသွားချေပြီ။ သူမ၏အသံက မီးတောက်များကြားမှ ထွက်ပေါ်လာ၏။ “ငါက လူသားပိုင်ယွီကျင့်ပဲ…..”

သူမ၏အသံက ကြည်လင်ပြတ်သားနေသည်။ မီးငှက်တစ်ကောင်၏ အော်ဟစ်သံနှင့်တူသော်လည်း ကွဲပြားခြားနားနေသေး၏။

တာအိုမီးတောက်များ သူမကို လွှမ်းခြုံသွားသောကြောင့် သူမမှာ ရှေ့သို့မတက်နိုင်တော့ပေ။ ကောင်းကင်နတ်မင်းရီလော့နှင့် မရေမတွက်နိုင်သော ကောင်းကင်နတ်ဘုံနတ်ဘုရားမိစ္ဆာတို့မှာ ပိုင်ယွီကျင့်၏ ပုံရိပ်သည် တာအိုမီးတောက်များကြား၌ ဆက်လက်ရပ်နေသေးသည်ကို တွေ့လိုက်ရ၏။ သူမကား တာအိုမီးတောက်ကြောင့် ပြာကျသွားခြင်းမရှိပေ။

ထိုအမျိုးသမီးသည် တာအိုမီးတောက်များဖြင့် လွှမ်းခြုံခံထားရသော်လည်း အံ့မခန်းလိလိ မြင့်မားသော အပူချိန်တစ်ခုက သူမခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ အံ့ဩဖွယ်မီးတောက်မီးလျှံများက ဘိုးဘေးနန်းတော် တောင်ကောင်းကင်မုခ်၀၏ တာအိုမီးတောက်များနှင့် ရောယှက်ကာ သဟဇာတ ဖြစ်လာ၏။

တစ်စုံတစ်ခုက သူမ၏ခန္ဓာကိုယ်ထဲတွင် ရုတ်တရက်နိုးထလာသည့်အလား သူမ၏ခန္ဓာကိုယ်ကို စုတ်ဖြဲ၍ ထွက်ပေါ်လာတော့မည့်ပုံပင်။

ဤအခိုက်အတန့်တွင် ပိုင်ယွီကျင့်၏ ခန္ဓာကိုယ် စတင်ပြောင်းလဲလာသည်ကို ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာများ တွေ့မြင်လိုက်ကြရသည်။ အလွန်တရာ ခမ်းနားလှပသော အမွှေးတောင်တို့က သူမ၏ခန္ဓာကိုယ်၌ ပေါက်ဖွားလာပြီး တောင်ကောင်းကင်မုခ်၀၏ မီးတောက်မီးလျှံများကြားထဲတွင် အသက်ရှူမှားဖွယ် လှပနေတော့သည်။

“ဇာမဏီငှက်ပဲ…” တပ်မှူးတစ်ယောက်က အော်ဟစ်လိုက်၏။

“ဇာမဏီငှက်မဟုတ်ဘူးကွ… ဇာမဏီငှက်က အသွေးအသားနဲ့ ဖွဲ့တည်ထားတာ”

ကောင်းကင်နတ်မင်းရီလော့သည် သူ၏သဘာဝရန်သူတော်ကြောင့် ထွက်ပေါ်လာသည့် အကြောက်တရားကို ခံစားလိုက်ရသဖြင့် အော်ဟစ်လိုက်၏။ “မီးငှက်ပဲ… မြန်မြန်… တောင်ကောင်းကင်မုခ်၀ကို ရုတ်သိမ်းလိုက်ကြ… တာအိုမီးတောက်က သူ့ကို ဘာမှမလုပ်နိုင်ဘူး…. အဲဒီအစား သူ့ရဲ့ခွန်အားကို တိုးမြှင့်ပေးလိမ့်မယ်”

ဤအခိုက်အတန့်တွင် အလွန်တရာ လှပသော မီးငှက်တစ်ကောင်က ပိုင်ယွီကျင့်၏ခန္ဓာကိုယ်ထဲမှ ကောင်းကင်သို့ ပျံတက်သွားသည်ကို နတ်ဘုရားအားလုံး တွေ့လိုက်ရသည်။ ထိုငှက်သည် သူမခန္ဓာကိုယ်ရှိ အချုပ်အနှောင်များမှ ရုန်းထွက်၍ တာအိုမီးတောက်ထဲတွင် တောင်ပံများ ဖြန့်ကားထား၏။

ဤအခိုက်အတန့်တွင် ဘိုးဘေးနန်းတော် တောင်ကောင်းကင်မုခ်၀ကို ထိန်းချုပ်နေကြသည့် နတ်ဘုရားအားလုံးမှာ မုခ်၀အား သူတို့ ဆက်လက်မထိန်းချုပ်နိုင်ကြတော့သည်ကို ခံစားလိုက်ရသည်။ တောင်ကောင်းကင်မုခ်၀ထဲရှိ တာအိုမီးတောက်တို့က ယခင်ကထက် ပို၍အားကောင်းနေသော်လည်း သူတို့ထိန်းချုပ်နိုင်ခြင်း မရှိကြတော့ပေ။

“ပြန်ဆုတ်ကြ…”

ကောင်းကင်နတ်မင်းရီလော့က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူက တောင်ပံများခတ်၍ သူ၏ကောင်းကင်နတ်ဘုံကို ကျောတွင် သယ်ဆောင်ရင်း အဝေးသို့ ပျံသန်းသွား၏။

အဝေးရှိ သင်္ဘောတစ်စီးပေါ်တွင် စိတ်ရူးဖောက်နေခဲ့သော ရှန့်ပင်းယင်က ရုတ်တရက် နိုးထလာပြီး ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသည်။ သူက ခက်ထန်စွာ အော်ဟစ်လိုက်၏။ “ပြန်ဆုတ်လို့မဖြစ်ဘူး…. မြန်မြန် ၀င်္ကပါဖွဲ့တည်ပြီး တိုက်ခိုက်ကြ”

သို့သော် နောက်ကျသွားခဲ့လေပြီ။

ကောင်းကင်နတ်မင်းရီလော့၏ အမိန့်က ကောင်းကင်နတ်ဘုံစစ်တပ်အတွက် သေမိန့်တစ်ခု ဖြစ်စေခဲ့သည်။ ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာများသာ တပ်မဆုတ်ခဲ့လျှင် တောင်ကောင်းကင်မုခ်၀၏ တာအိုမီးတောက်ကို ခုခံတိုက်ခိုက်နိုင်စွမ်း ရှိနေသေး၏။

သူတို့၏စွမ်းဆောင်ရည်များက အင်မတန် အားကောင်းသည်။ ကောင်းကင်နတ်ဘုံ၏ ၀င်္ကပါအခင်းအကျင်းကလည်း အလွန်တရာ ကျယ်ပြန့်၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ၀င်္ကပါအခင်းအကျင်းလောက် မထူးကဲသော်လည်း ‌မီးငှက်ကိုတော့ တိုက်ခိုက်နိုင်သေးသည်။

သို့သော် ကောင်းကင်နတ်မင်းရီလော့မှာ ကောင်းကင်ဆရာသခင်တစ်ဦး မဟုတ်ချေ။ သူ၏ အခြေအနေကို အကဲခတ်အဖြေထုတ်နိုင်စွမ်းက ရှန့်ပင်းယင်လောက် မကောင်းမွန်ပေ။

ဤသို့ နောက်ဆုတ်လိုက်သည့်အခါတွင် ၀င်္ကပါ၏ အကာအကွယ် မရှိတော့သောကြောင့် မီးငှက် တောင်ပံများ ခတ်လိုက်သည့်အချိန်တွင် တောင်ကောင်းကင်မုခ်၀၏ တာအိုမီးတောက်များမှာ ချက်ချင်း ဦးတည်ရာပြောင်းသွားသည်။ ၎င်းတို့က တဝှီးဝှီး လောင်ကျွမ်းတိုက်ခတ်လျက် ပျံ့နှံလာပြီး အားလုံးကို ဝါးမြိုသွားတော့၏။

ကောင်းကင်နတ်ဘုံ၏ မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာများမှာ တာအိုမီးတောက်များကြားထဲတွင် ရုန်းကန်ပြေးလွှားနေကြသည်။ ပြေးလွှားနေစဉ်အတွင်း ပြာကျကုန်၏။ မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာများက မူလဝိညာဉ်များကို ခန္ဓာကိုယ်ထဲမှ ထွက်ခွာစေ၍ ပျံတက်နေကြသည်။ သို့သော် တာအိုမီးတောက်မှ အချိန်မီ မလွတ်မြောက်နိုင်ဘဲ ပြာကျသွားကြ၏။

“ငါက ပိုင်ယွီကျင့်ပဲ…”

မီးငှက်၏ အော်သံက ကောင်းကင်မှ ထွက်ပေါ်လာသည်။ တာအိုမီးတောက်များဖြင့် လောင်ကျွမ်းနေသော ပုံရိပ်တစ်ခုက တောင်ကောင်းကင်မုခ်၀နှင့် တာအိုမီးတောက်များကြောင့် ဖွဲ့တည်လာသော မီးပင်လယ်ကို ဖြတ်သန်းသွား၏။ ကောင်းကင်နတ်ဘုံကို သယ်ဆောင်ရင်း ထွက်ပြေးနေသည့် ဂဠုန်ရီလော့အား လိုက်ဖမ်းနေခြင်း ဖြစ်သည်။

တစ်လောကလုံးတွင် အလျင်မြန်ဆုံး နတ်ဘုရားမှာ ခေါင်းကိုးလုံးဇာမဏီနတ်မင်း ချီရှားယွီ မဟုတ်ပေ။၊ အမြန်နှုန်းကြောင့် ကျော်ကြားသော ရှေးဟောင်းနတ်ဘုရား မဟာနေဧကရာဇ်လည်း မဟုတ်သလို ရွှေတောင်ပံမဟာဂဠုန်မျိုးနွယ်စု၏ ခေါင်းဆောင် ကောင်းကင်နတ်မင်းရီလော့လည်း မဟုတ်ချေ။

တာအိုမီးတောက်များဖြင့် လောင်ကျွမ်းလျက် ပျံသန်းနေသည့် တောင်နတ်မင်းမီးငှက်သာ ဖြစ်ချေသည်။

တောင်နတ်မင်းမီးငှက်၏ တာအိုမီးတောက်တို့က ပျံသန်းနေစဉ် နေရာဟင်းလင်းပြင်အား ပုံပျက်နေစေ၏။

“ငါက ပိုင်ယွီကျင့်…. လူသား ပိုင်ယွီကျင့်ပဲ”

မီးငှက်သည် တောင်ပံများ ခတ်ရင်း ကောင်းကင်နတ်မင်းရီ‌လော့ကို လိုက်မှီလာ၏။ သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်ကြပြီးနောက် ကောင်းကင်နတ်မင်းရီလော့၏ မူလဝိညာဉ်မှာ တာအိုမီးတောက်ကြောင့် စုတ်ဖြဲခံရ၍ ပြာကျသွားပြီး အနက်ရောင်ဝိညာဉ်သဲမှုန်များအဖြစ် ပြောင်းလဲသွားတော့သည်။

မီးငှက်က တောင်ပံခတ်ရင်း ကျွန်သင်္ဘော၏ ထိပ်သို့ ဆင်းသက်လာ၏။ ခန္ဓာကိုယ်သည် တဖြည်းဖြည်း သေးငယ်လာပြီး ကောင်းကင်သို့ မော့ကြည့်ကာ သံရှည်ဆွဲလျက် ငိုကြွေးလိုက်သည်။ “ငါက ပိုင်ယွီကျင့်…. လူသားတစ်ယောက်ဖြစ်တဲ့ ပိုင်ယွီကျင့်ပဲ…”

အမျိုးမျိုးသော မှတ်ဉာဏ်များက သူမစိတ်ထဲသို့ ဝင်ရောက်လာကာ ရှုပ်ထွေးနေစေသောကြောင့် သူမ၏မျက်လုံးလေးထဲတွင် ဇဝေဇဝါဖြစ်နေသော အရိပ်အယောင်တို့ လွှမ်းမိုးနေတော့သည်။

“ငါက ပိုင်ယွီကျင့်… လူသား ပိုင်ယွီကျင့်..”

သူမသည် ဤစကားကိုသာ အထပ်ထပ် ပြောနေသော်လည်း အဓိပ္ပာယ်ကိုတော့ နားမလည်ရှာပေ။ ကြေကွဲဝမ်းနည်းစွာဖြင့် တရှိုက်ရှိုက် ငိုကြွေးနေပြီး အတိတ်ကို မှတ်မိရန် အတတ်နိုင်ဆုံး ကြိုးစားနေ၏။

သူမအနောက်တွင် တောင်ကောင်းကင်မှ ကလေးမလေးတစ်ဦးက သတ္တိမွေး၍ ရှေ့သို့ လျှောက်လာသည်။ ထိုကလေးမလေးက ကတုန်ကယင်ဖြင့် လက်ကလေး ဆန့်လာ၏။ တာအိုမီးတောက်မှာ ထင်သလောက် ပူလောင်နေခြင်း မရှိပေ။ ထိုအစား နူးညံ့နေ၏။

ကလေးမလေးက ပိုင်ယွီကျင့်၏ အမွှေးတောင်များကို နူးညံ့ညင်သာစွာ ပွတ်ပေး၍ သူမစိတ်တည်ငြိမ်အောင် နှစ်သိမ့်ပေးနေသည်။

သူမက ကလေးမလေးကို လှည့်ကြည့်လာ၏။ သူမ၏ မျက်လုံးထဲတွင် နားမလည်နိုင်သော အရိပ်အယောင်များ ပြည့်နှက်နေဆဲပင်။ “ငါက ပိုင်ယွီကျင့်… လူသားပိုင်ယွီကျင့်…”

“မမက လူသားပိုင်ယွီကျင့်ပါ” ကလေးမလေးက ပြန်ပြောသည်။

မီးငှက်မှာ ငြိမ်ကျသွား၏။

တောင်နတ်မင်းမီးငှက်တွင် နှစ်ပေါင်းကုဋေချီသော မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားလေသည်။ မီးငှက်ဝိညာဉ် နိုးထလာသည့်အခါ တောင်နတ်မင်း၏ မှတ်ဉာဏ်များလည်း နိုးထလာခြင်းဖြစ်၏။

ပိုင်ယွီကျင့်၏ ဘဝပေါင်း ၁၉၇ ဘ၀ဆီမှ မှတ်ဉာဏ်များမှာ ပြန့်ကျဲနေသောကြောင့် သူမအတွက် အရာအားလုံးမှာ ရှုပ်ထွေးနေသည်။

သူမကိုယ်သူမ မည်သူဖြစ်သည်လဲ မမှတ်မိနိုင်တော့ချေ။။

“ငါက ပိုင်ယွီကျင့်ပဲ” မီးငှက်သည် ထို့သို့သာ ရေရွတ်နေတော့၏။

သူမ၏နှလုံးသားထဲတွင် ယောက်ျားတစ်ယောက်၏ အသံကိုသာ မှတ်မိနေသည်။ ထိုအသံသည် ခံယူချက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး တောင်ကောင်းကင်မှ လူသားများကို ကာကွယ်ပေးရန် တိုက်တွန်းနေ၏။

All Chapters