ယောက္ခမကြီးနှစ်ယောက်
Vol. 131 Ch. 1691
မင်းသားယိုမင်း တောင်ကောင်းကင်သို့ ပြန်လာသည့်အချိန်တွင် မီးငှက်အဖြစ် အသွင်ပြောင်းနေသော ပိုင်ယွီကျင့်ကို သင်္ဘောထိပ်၌ တွေ့လိုက်ရသည်။
ပိုင်ယွီကျင့်မှာ စိတ်ရှုပ်ထွေးနေဆဲ ဖြစ်သည်။ သူမကိုသူမပင် သတိမထားမိဘဲ တောင်ကောင်းကင်၏ လူသားများကို စစ်မြေပြင်၏ အဝေး၊ ကောင်းကင်နတ်မြစ်၏ အဝေးသို့ ခေါ်သွားနေသည့်အလားပင်။
မင်းသားယိုမင်းက ရှေ့သို့ လျှောက်လာသည်။ ပိုင်ယွီကျင့်သည် မှတ်မိသလို၊ မမှတ်မိသလို ရှိသော်လည်း မတိုက်ခိုက်ချေ။
မင်းသားယိုမင်းက သူမကို စစ်ဆေးအကဲခတ်ကြည့်၍ မျက်မှောင်ကြုတ်သွား၏။ ပိုင်ယွီကျင့်၏ စိတ်ထဲတွင် မှတ်ဉာဏ်များစွာ ရှုပ်ထွေးရောပြွန်းနေသောကြောင့် သူမအား အသိစိတ်ပျောက်နေစေခြင်း ဖြစ်သည်။
မင်းသားယိုမင်း၏ သူမ၏မှတ်ဉာဏ်များကို ရှင်းလင်းပေးရန် ကြိုးစားနေသော်လည်း မှတ်ဉာဏ်များက ရှုပ်ထွေးလွန်းနေသဖြင့် သူလည်း မတတ်နိုင်ပေ။
“သူ ဘာဖြစ်သွားတာလဲ” သူက တောင်ကောင်းကင်လူသားများကို မေးလိုက်၏။
သင်္ဘောပေါ်ရှိ လူသားများက ဖြစ်ကြောင်းကုန်စင် ပြောပြသော်လည်း သူတို့သည် သာမန်လူများသာဖြစ်သောကြောင့် ပိုင်ယွီကျင့် အဘယ်ကြောင့် ဤသို့ပြောင်းလဲသွားရသည်လဲ နားမလည်နိုင်ကြပေ။
မင်းသားယိုမင်းမှာလည်း ဤအခြေအနေကို မည်သို့ကိုင်တွယ်ရမည်လဲ မသိတော့ဘဲ အခက်တွေ့နေသည်။
အဝေးတွင် ရှန့်ပင်းယင်က ကောင်းကင်နတ်ဘုံ၏ လက်ကျန်စစ်သည်တော်များကို ဦးဆောင်ထားသော်လည်း အနားကပ်မလာရဲပေ။
တောင်ကောင်းကင်သည် ကောင်းကင်နတ်ဘုံ၏ စပါးကျီ ဖြစ်သောကြောင့် ကောင်းကင်နတ်မင်းရီလော့ ရှုံးနိမ့်သွားသည့်တိုင် ကောင်းကင်နတ်ဘုံက ပို၍စွမ်းအားကြီးသော ပုဂ္ဂိုလ်များနှင့် စစ်တပ်တို့ကို စေလွှတ်ကာ တိုက်ပွဲအား ဆက်လက်ဖြစ်ပွားနေစေပေလိမ့်မည်။
မင်းသားယိုမင်းက ရှန့်ပင်းယင်ကို အဝေးမှ လှမ်းကြည့်နေသည်။ ရှန့်ပင်းယင်က ဖန်သားကောင်းကင်စေတီနှင့်အတူ အဝေးရှိ သင်္ဘောတစ်စီးပေါ်တွင် ရပ်နေသည်။
ဖန်သားကောင်းကင်စေတီသည် ကောင်းကင်နတ်မင်းရီလော့၏ လုယူခြင်း ခံခဲ့ရပြီး ယခုတွင်တော့ ရှန့်ပင်းယင်လက်ထဲသို့ ရောက်ရှိနေ၏။
မင်းသားယိုမင်းမှာ လမ်းပျောက်နေတော့သည်။ သူသည် ရွှမ်းဝူဧကရာဇ်နှစ်ပါး၏ အိမ်ရှေ့စံမင်းသား ဖြစ်သော်လည်း တပ်ဖွဲ့များကို ဦးဆောင်တိုက်ခိုက်ရာ၌ မထူးချွန်ပေ။ အထူးသဖြင့် တောင်ကောင်းကင်၏ မည်သည့်ခွန်အားမှ မရှိသော လူသားများကို ဦးဆောင်ရမည့် အရေးပင်။ သူ၏မျက်လုံးများက မရေရာမှုတို့ဖြင့် ရီဝေနေသည်။
သူ ကယ်တင်ခဲ့သော သင်္ဘောပေါ်မှ လူများကို အခြားကောင်းကင်ဘုံများ၌ ယာယီရှောင်တိမ်းရန် ပို့ဆောင်ခဲ့သည်။ သို့သော် ဤသည်က ယာယီဖြေရှင်းချက်သာ ဖြစ်ပြီး ကောင်းကင်နတ်ဘုံမှ နောက်ထပ်စစ်တပ်များ စေလွှတ်လျှင် ထိုလူသားများ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် မင်းသားယိုမင်းသည် ဟင်းလင်းပြင်ထဲမှ ထူးဆန်းသော ဆင့်ခေါ်စွမ်းအားတစ်ရပ်အား ရုတ်တရက် ခံစားလိုက်ရသည်။ စွမ်းအားက သူ့အပေါ် ကျရောက်လာသော်လည်း သူ့ကို ဆင့်ခေါ်နေခြင်းမဟုတ်ပေ။ ထိုအစား ပြောင်းပြန်ဆင့်ခေါ်ခြင်းကို အသုံးပြု၍ တစ်စုံတစ်ယောက် ဆင်းသက်ရန် ကြိုးစားနေခြင်းဖြစ်၏။
မင်းသားယိုမင်း၏ နှလုံးသားမှာ လှုပ်ရှားသွားသည်။ အရှိန်အဝါမှာ နဂါးချီလင်၏ အရှိန်အဝါ မဟုတ်လော။ ၎င်းကို အတော်လေးရင်းနှီးနေသောကြောင့် ခုခံခြင်းမပြုခဲ့ပေ။
တခဏကြာပြီးနောက် နဂါးချီလင်ကား ဧရာမဟင်းလင်းပြင်သားရဲမိခင်၏ ဦးခေါင်းပေါ်တွင် ရပ်လျက် သားရဲကမ္ဘာမှ ဆင်းသက်လာတော့သည်။
“တောင်ကောင်းကင်ရဲ့ တိုက်ပွဲက ပြီးသွားပြီလား”
နဂါးချီလင်က အံ့အားသင့်စွာဖြင့် ဟိုဟိုသည်သည် ကြည့်ကာ မေးလိုက်၏။ “မုန့်ယွင်ကွေ့က ဘယ်ရောက်သွားတာလဲ”
မင်းသားယိုမင်းက သူ့အား ဖြစ်ကြောင်းကုန်စင် ရှင်းပြသည်။ နဂါးချီလင်က တခဏ တိတ်ဆိတ်နေပြီးနောက် ချီးကျူးလိုက်လေသည်။ “တကယ်ကို သူရဲကောင်းတစ်ယောက်ပါပဲ”
မင်းသားယိုမင်းက ပိုင်ယွီကျင့်၏ အခြေအနေအား နဂါးချီလင်ကို ပြောပြသည်။ နဂါးချီလင်က သူမကို တခဏကြာ အကဲခတ်နေ၏။ “သူ့ရဲ့လက်ရှိအခြေအနေက တော်တော်လေး ထူးဆန်းတယ်… တောင်ကောင်းကင်နတ်မင်းမီးငှက်ရဲ့ မှတ်ဉာဏ်တွေ နိုးထလာတဲ့ပုံပဲ… အဲ့ဒါက ဘဝပေါင်း ၂၀၀ နီးပါးရှိတဲ့ သူ့ရဲ့မှတ်ဉာဏ်တွေနဲ့ ရောသွားတာ… သူ့ရဲ့စိတ်က ဇဝေဇဝါဖြစ်သွားတယ်… မှတ်ဉာဏ်နှစ်ခု အပြည့်အဝ ပေါင်းစပ်သွားရင်တော့ သူ နိုးထလာလိမ့်မယ်”
“နိုးထလာပြီးရင် ပိုင်ယွီကျင့်က ပိုင်ယွီကျင့် ဖြစ်နေဦးမှာလား” မင်းသားယိုမင်းက မေးမြန်းလိုက်သည်။
နဂါးချီလင် ခေါင်းခါရမ်းသည်။ “တောင်နတ်မင်းဖြစ်လိမ့်မယ်… ကျွန်တော်စစ်ဆေးကြည့်လိုက်တာ သူတို့ရဲ့ မှတ်ဉာဏ်တွေက စပြီး ပေါင်းစည်းနေပြီ”
“ဒါဆို ဒီအကြောင်းကြောင့် ပိုင်ယွီကျင့်က သေသွားပြီလား”
မင်းသားယိုမင်းမှာ နှမြောတသစိတ်ဖြင့် ရေရွတ်မိသည်။ “ပိုင်ယွီကျင့်က တောင်နတ်မင်းရဲ့ တစ်စိတ်တစ်ပိုင်း မဟုတ်ဘူးလို့ ငါ ခံစားရတယ်…. သူက သက်ရှိလူသားတစ်ယောက်လေ…. တောင်နတ်မင်းရဲ့ အရေးမပါတဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာရမယ်ဆိုရင် အမျိုးသမီးသူရဲကောင်းတစ်ယောက်အတွက် တကယ်ကို နှမြောစရာပဲ”
နဂါးချီလင်က တခဏစဉ်းစားနေပြီးနောက် ပြောသည်။ “တောင်နတ်မင်းနဲ့ ပိုင်ယွီကျင့်ရဲ့ မှတ်ဉာဏ်တွေက စတင်ပေါင်းစည်းနေကြပြီ… ဒီလိုပေါင်းစည်းနေသရွေ့ နှောင့်ယှက်လို့ မရနိုင်ဘူး… ဒါ့အပြင် သူ့အတွေးတွေက လုံးဝဖရိုဖရဲဖြစ်နေတာ… ဘယ်မှတ်ဉာဏ်တွေက ပိုင်ယွီကျင့်ဖြစ်ပြီး ဘယ်မှတ်ဉာဏ်တွေက တောင်နတ်မင်းဖြစ်လဲ ဆိုတာကို ခွဲခြားနိုင်ဖို့ ခက်ခဲလိမ့်မယ်… ကျွန်တော့်မှာ သူမှတ်ဉာဏ်တွေကို ရှင်းလင်းနိုင်အောင် ကူညီပေးနိုင်မယ့် ကောင်းကင်နတ်သိုင်းမျိုး မရှိဘူး… တစ်လောကလုံးမှာ အဲဒီလိုလုပ်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်တည်းပဲ ရှိတယ်… သူက ဂိုဏ်းသခင်ပဲ’’
မင်းသားယိုမင်းသည် သူ့ကို ကြည့်နေပြီး သင်္ဘောပေါ်မှ တောင်ကောင်းကင်၏ လူသားများကလည်း မျှော်လင့်နေသော မျက်နှာအမူအရာများဖြင့် ကြည့်နေကြသည်။
နဂါးချီလင်လည်း ထိုလူသားများ၏ မျက်နှာများကို ကြည့်ပြီးနောက် တွန့်ဆုတ်နေရာမှ အံတင်းတင်းကြိတ်လျက် ပြော၏။ “ဂိုဏ်းသခင်ရဲ့ ဘဝပြန်ဝင်စားခြင်းလမ်းစဉ်က သူ့ရဲ့ကိုယ်ပိုင်မှတ်ဉာဏ်တွေ ပြန်ရစေပြီး ပိုင်ယွီကျင့်အဖြစ် ပြန်ရောက်လာနိုင်အောင် လုပ်ပေးနိုင်တယ်… တကယ်တော့ ဂိုဏ်းသခင်က ပိုင်ယွီကျင့်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်… သူတို့ရဲ့အခြေအနေတွေက တူညီလို့လည်း ဖြစ်ရင်ဖြစ်မှာပေါ့…. ပိုင်ယွီကျင့်က တောင်နတ်မင်းဝိညာဉ်ရဲ့ လူဝင်စားဆိုပေမယ့် ကိုယ်ပိုင်အသိစိတ် ရှိတဲ့အပြင် ကိုယ်ပိုင်ဘဝတစ်ခုလည်း ရှိတယ်… ဂိုဏ်းသခင်ကလည်း တူညီတဲ့ခန္ဓာကိုယ်ကနေ မွေးဖွားလာခဲ့တဲ့ ဒုတိယအသိစိတ်တစ်ခုပဲ…. အရင်တုန်းက ပိုင်ယွီကျင့်ရဲ့ စကားကြောင့် ဂိုဏ်းသခင်က သူ တောင်နတ်မင်းအဖြစ် တိုက်ရိုက်နိုးထလာအောင် မလုပ်ခဲ့ဘူး… ကျွန်တော်သွားပြီး တောင်းဆိုမယ်ဆိုရင် ပိုင်ယွီကျင့်ကို နှိုးထပေးဖို့ သဘောတူကောင်း သဘောတူနိုင်တယ်… ဒါပေမဲ့ တောင်နတ်မင်းကို စော်ကားမိမှာ ကြောက်တယ်…”
သူက တုံ့ဆိုင်းနေသည်။ “တောင်နတ်မင်းမီးငှက်က သူ့ရဲ့ဝိညာဉ်ကို ပြန်လည်ရယူဖို့ စိတ်ကို အသေအချာ ဆုံးဖြတ်ထားတာ… ပိုင်ယွီကျင့် မီးငှက်ဝိညာဉ်ကို နိုးထစေနိုင်လိုက်ပြီဆိုရင် သူ့ဆီကနေ ဖုံးကွယ်ထားလို့ရမှာ မဟုတ်ဘူး…. သေချာပေါက် ဝိညာဉ်နိုးထလာတာကို အာရုံခံမိမှာပဲ… ကျွန်တော် ဂိုဏ်းသခင်ကို သွားရှာမယ်… သူ သိသွားရင် ဂိုဏ်းသခင်ကိုတော့ အထွန့်တက်ရဲမှာ မဟုတ်ပေမယ့် ကျွန်တော့်အပေါ်တော့ သေချာပေါက် အမြင်မကြည်ဖြစ်မှာပဲ… သူက ကျွန်တော့်ရဲ့ ယောက္ခမလေ... သူ့သမီးက ကျွန်တော်နဲ့ လက်ထပ်ပြီးနေပြီ…”
တောင်ကောင်းကင်၏ လူသားများက တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်၍ တောင်းဆိုလိုက်ကြသည်။ “ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်ကို ကယ်တင်ပေးပါ အရှင်”
နဂါးချီလင်၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူက အလျင်အမြန် ရှောင်လိုက်၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ တခြားသူတွေကို ဒူးထောက်ပြီး ပူဇော်တဲ့ထုံးစံ မရှိပါဘူး… အားလုံးပဲ ထကြပါ… ကျွန်တော် လုပ်ပေးမှာပါ…. အဆိုးဆုံးဆိုလို့ ကျွန်တော်ရဲ့ ယောက္ခမ ဒေါသထွက်ရုံပဲဖြစ်မှာပေါ့”
သူ၏ မျက်နှာအမူအရာက အမျိုးမျိုး ပြောင်းလဲနေပြီး ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်။ “ဘာပဲဖြစ်ဖြစ် ပိုင်ယွီကျင့်ကလည်း ကျွန်တော်ရဲ့ ယောက္ခမတစ်ပိုင်းပဲမလား…. ကျန်တဲ့တစ်ပိုင်းကို စော်ကားမိရင်တောင် တန်ပါသေးတယ်…. ခင်ဗျားတို့ တောင်ကောင်းကင်ရဲ့လူသားတွေက အမြဲတမ်း ပူဇော်ရှိခိုးတတ်ကြပြီး သူများတွေကို မျှော်လင့်တောင်းဆိုကြတယ်… ကျွန်တော် ခင်ဗျားတို့ကို စိတ်မပျက်စေချင်ပါဘူး…. တကယ်ပဲ ခင်ဗျားတို့က ယောက္ခမကြီးပိုင်ယွီကျင့်ကို လိုအပ်နေကြတာ…”
သူ၏အရှိန်အဝါက ရုတ်တရက် တုန်ရီသွားပြီး ဘဝပြန်ဝင်စားခြင်းကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သည်။ နေရာအက်ကွဲကြောင်းများက တောင်ကောင်းကင်အထက် ကောင်းကင်တွင် ထွက်ပေါ်လာကြ၏။ ကမ္ဘာဦးသားရဲများ၏ သားရဲဘုရင်တို့က အက်ကွဲကြောင်းများထဲမှ ထွက်လာကြသည်။
သူတို့ထဲတွင် ဘီလူးကြီးများအဖြစ် ပြောင်းလဲ၍ ကောင်းကင်နှင့် မြေကြီးကို ထောက်ခံပေးထားနိုင်သော ဧရာမသားရဲကြီးများလည်း ပါရှိ၏။ သို့သော် သူတို့သည် သားရဲမျိုးနွယ်၏ ကောင်းကင်နတ်သိုင်းပညာရှင်များ ဖြစ်ကြသည်။ ထို သားရဲမျိုးနွယ်၏ ကောင်းကင်နတ်သိုင်းပညာရှင်တို့မှာ နဂါးချီလင်၏ တိုက်ရိုက်မျိုးဆက်များ ဖြစ်ကြ၏။
နဂါးချီလင်က ကောင်းကင်နတ်သိုင်းပညာရှင်တစ်သောင်းနှင့် သားရဲဘုရင်များကို တပြိုင်နက် ဆင့်ခေါ်လိုက်ပြီး မင်းသားယိုမင်းအား ပြောသည်။ “ခင်ဗျားမှာ တပ်ဖွဲ့အလုံအလောက် မရှိတဲ့အပြင် ကောင်းကင်ဆရာသခင် ရှန့်ပင်းယင်အတွက်လည်း ပြိုင်ဘက်မဟုတ်ဘူး… အရေးပေါ်အခြေအနေကို ကိုင်တွယ်နိုင်ဖို့ ကျွန်တော် ဒီတပ်ဖွဲ့တွေကို ပေးခဲ့မယ်…. ယောက္ခမကြီးပိုင် နိုးထလာတဲ့အခါကျရင် ကျွန်တော်နဲ့ ခင်ဗျား ကောင်းကောင်းကင်ကနေ ထွက်ခွာပြီး သူ့လက်ထဲ အပ်ထားခဲ့လို့ရပြီ”
“မင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဘယ်လိုသွားမှာလဲ”
မင်းသားယိုမင်းက သတိပေးသည်။ “မင်းရဲ့ အမြန်နှုန်းနဲ့ဆိုရင်တောင် ထာဝရငြိမ်းချမ်းရေးအင်ပါယာအထိ ရောက်ဖို့ နှစ်ပေါင်းများစွာ ကြာလိမ့်မယ်… မင်း ကောင်းကင်နတ်အရှင်မူနဲ့ တွေ့တဲ့အခါကျ ကောင်းကင်ဆရာသခင်ပိုင်က လုံး၀ဖယ်ရှားခံရပြီးနေလောက်ပြီ”
နဂါးချီလင်က ပြုံးလိုက်သည်။ “ဂိုဏ်းသခင်နဲ့ ကျွန်တော်က သားအဖလို… ညီအစ်ကိုတွေလိုပါပဲ… ဟုတ်တယ် ညီအစ်ကိုတွေလိုပဲ…. ကျွန်တော် သူ့ကို မူတည်ပြီး ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်လို့ ရတယ်…. သူ့ဘေးကို ရောက်နိုင်ဖို့အထိ မှော်စွမ်းအင်အလုံအလောက် မရှိပေမယ့် ဂိုဏ်းသခင်က ကျွန်တော့်ကို အာရုံခံမိပြီး ဆင့်ခေါ်လိုက်လို့ရတယ်လေ…”
သူက ယုံကြည်ချက်အပြည့်ဖြင့် ပရဆေးလုံးတစ်လုံး ထုတ်လိုက်သည်။ “ဒီပရဆေးလုံးက ဂိုဏ်းသခင်ကိုယ်တိုင် သန့်စင်ပေးထားတာပဲ…. ဂိုဏ်းသခင်ရဲ့ အရှိန်အဝါ ပါတယ်…. ဒီအရှိန်အဝါနဲ့ဆို သူ့တည်နေရာကို ပစ်မှတ်ချပြီး ဆင့်ခေါ်ခြင်းကောင်းကင်နတ်သိုင်းကို အသက်သွင်းလို့ရတယ်…”
သူက ဆင့်ခေါ်ခြင်းကောင်းကင်နတ်သိုင်းကို အသက်သွင်း၍ ကမ္ဘာဦးဘုံထဲရှိ ချင်မူ့ကို ဆက်သွယ်လိုက်သည်။ သူ ကောင်းကင်နတ်သိုင်း၏ စွမ်းအားကို အသက်မသွင်းနိုင်ခင်မှာပင် ဟင်းလင်းပြင်က ရုတ်တရက် တုန်ခါလာပြီး ကြီးမားကျယ်ပြန့်သော စွမ်းအားတစ်ရပ်က ကမ္ဘာဦးဘုံကို ဖြတ်သန်းထွက်ပေါ်လာသည်။ နေရာဟင်းလင်းပြင် ပြိုလဲလာပြီး နဂါးချီလင်ကို နေရာဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးထဲအထိ ဆွဲခေါ်သွား၏။
မင်းသားယိုမင်းမှာ အလန့်တကြား ဖြစ်သွားသည်။ “ဒါက ကောင်းကင်နတ်အရှင်မူရဲ့ စွမ်းအားလား… သူက လုံရှန်ဆန်းရန်ရဲ့ တည်နေရာကို ချက်ချင်း အာရုံခံမိသွားပြီး လှမ်းခေါ်လိုက်တာပဲ… ဟုတ်သားပဲ… ကောင်းကင်နတ်အရှင်လုံရှောင်က ဘာလို့ လုံရှန်ဆန်းရန်ကို တပ်ဖွဲ့တွေနဲ့အတူ ပြန်လွှတ်ပေးလိုက်တာလဲ…”
နဂါးချီလင်၏ ခန္ဓာကိုယ်မှာ တဝှီးဝှီး လှည့်ပတ်သွားသည်။ နောက်တစ်ခဏတွင် သူ၏ခြေထောက်သည် မြေပေါ်ကျဆင်းသွား၏။ သူက ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်ဘုံ ၃၃ ဘုံထဲမှ ခန်းမတစ်ခုထဲတွင် ပေါ်လာသည်။ ချင်မူနှင့် လင်ယွိရှို့က ပင်မထိုင်ခုံတွင် ထိုင်နေကြပြီး သူတို့ဘေးတွင်တော့ လန်ဝူ၊ ကောင်းကင်နတ်အရှင်ရုံ၊ ခိုင်ဧကရာဇ်ရိယွဲ့နှင့် ပထမလူသားဧကရာဇ်တို့ ရှိကြ၏။
ချင်မူနှင့် လင်ယွိရှို့က ဧည့်သည်တော်များ လက်ခံတွေ့ဆုံနေကြခြင်းဖြစ်သည်။ ဧည့်သည်တော်သည် ရဲရဲတောက် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်မှာ မီးတောက်များ တောက်လောင်နေသည်နှင့်ပင် တူ၏။ သူမက ချောမောလှပသော အမျိုးသမီးတစ်ဦး ဖြစ်ပြီး တောင်နတ်မင်းကျုချွဲမှလွဲ၍ အခြားသူမဟုတ်ပေ။
နဂါးချီလင် ဒိန်းခနဲ ရင်ခုန်သွားသည်။ သူက ချက်ချင်း ရှေ့သို့ ဆက်လျှောက်သွားပြီး ချင်မူ့ကိုပင် နှုတ်ဆက်ချိန်မရလိုက်ဘဲ တောင်နတ်မင်းကျုချွဲကို ဦးစွာနှုတ်ဆက်လိုက်သည်။ “သမက်တော်၊ ယောက္ခမကို နှုတ်ဆက်ဂါဝရပြုပါတယ်ခင်ဗျာ”
သူက စိတ်ထဲတွင် ရေရွတ်လိုက်၏။ ‘တောင်နတ်မင်း ရောက်နေပြီပဲ…. တစ်လောကလုံးမှာ အမြန်ဆုံးဆိုတဲ့အတိုင်းပါပဲလား… ယောက္ခမကြီးက သူ့ရဲ့မီးငှက်ဝိညာဉ် နိုးထလာတာကို အာရုံခံမိသွားပြီး ဂိုဏ်းသခင် သူ့ရဲ့အစီအစဉ်တွေကို ဖျက်မှာစိုးလို့ အလောတကြီး ရောက်လာတာများလား’
သူ ထိုသို့တွေးနေသည့်အချိန်တွင် တောင်နတ်မင်းကျုချွဲက ပြုံးလျက် မေးသည်။ “သမက်လေးက သိပ်ကိုလိမ္မာတာပဲ… ထပါ လုံပိ…. နင် တောင်ကောင်းကင်မှာ ရှိနေခဲ့တာမဟုတ်ဘူးလား… အဲဒီကတိုက်ပွဲ ဘယ်လိုဖြစ်သွားပြီလဲ”
နဂါးချီလင်က ထရပ်၍ ဦးညွှတ်အရိုအသေပေးထားသည်။ သူ၏မျက်လုံးများ ဟိုသည်ပြေးလွှား၍ မည်သို့အဖြေပေးရမလဲ စဉ်းစားနေ၏။
ချင်မူက ပြုံးလိုက်သည်။ “လုံပိ၊ တောင်နတ်မင်းက သတင်းကောင်းတွေ လာပြောတာ…. တောင်ပင်လယ်ရဲ့ အောင်မြင်မှုကြီးကို လာပြောပြတာလေ… တောင်ပင်လယ်ရဲ့ တိုက်ပွဲက အတော်လေး အလားအလာကောင်းတယ်… ဇာမဏီနတ်မင်းချီရှားယွီ အညံ့ခံလာပြီ… ချိဧကရာဇ်နဲ့ မင်ဧကရာဇ်တို့က ချိမင်မျိုးနွယ်စုကို ခေါင်းဆောင်ပြီး ဇာမဏီနတ်မင်း၊ ယန်အာတို့နဲ့အတူ တိုက်ခိုက်ခဲ့တယ်…. တိုက်ပွဲတချို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာတော့ တောင်ကောင်းကင်ရဲ့ စစ်တပ် ၃၉ တပ် တစ်ဝက်ကျော် ချေမှုန်းဖျက်ဆီးခံခဲ့ရတယ်လေ… သူတို့က ရန်သူတွေကို ရွှင်ပျော်ပျော်ကျေးရွာဆီ ပြန်တွန်းထုတ်နေကြပြီ”
လင်ယွိရှို့က ပြုံးလိုက်သည်။ “ကောင်းကင်နတ်ဘုံ ရှုံးနိမ့်သွားတဲ့ စစ်တပ်တွေကို ပြန်အားမဖြည့်နိုင်အောင် သူတို့တွေရဲ့ လမ်းကို ပိတ်ဆို့ဖို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကနေ နောက်ထပ်စစ်တပ်တစ်တပ် စေလွှတ်စေချင်တာတဲ့”
နဂါးချီလင် သူတို့နှစ်ယောက်၏ စကားကို ကြားလျှင် နှလုံးသားထဲ လှုပ်ရှားသွားသည်။ “ဂိုဏ်းသခင်နဲ့ ဂိုဏ်းသခင်ကတော် ကူညီလို့ ကျွန်တော့်ဘက်က အဆင်ပြေနေတာပါ…. ကြည့်ရတာ ဂိုဏ်းသခင်က တစ်ခုခုကို သတိထားမိပြီးပြီ ထင်ပါတယ်’’
“ဂိုဏ်းသခင်၊ ဂိုဏ်းသခင်ကတော်… ကျွန်တော် ရောက်လာတာ တောင်ကောင်းကင်အတွက် မဟုတ်ပါဘူး… သားရဲကမ္ဘာအတွက်ပါ”
နဂါးချီလင်က စိတ်အားငယ်စွာဖြင့် တရှုံ့ရှုံ့ ငိုကြွေးတော့သည်။ “ကျွန်တော့်ရဲ့မွေးစားအဖေ ကောင်းကင်နတ်အရှင်လုံရှောင်ဟာ မြေအောက်ဘုံအရှင်သခင်လေးရဲ့ သဘောတူညီချက်ကို ဖောက်ဖျက်ခဲ့တဲ့အတွက် ဝိညာဉ်ဆုံးရှုံးလိုက်ရပါပြီ…. လုံပိ စိတ်မသန့်စွာနဲ့ပဲ သားရဲကမ္ဘာရဲ့ အရှင်သခင်ရာထူးကို မွေးစားအဖေဆီကနေ ဆက်ခံရရှိခဲ့ပါတယ်”
တောင်နတ်မင်းမှာ စိတ်လှုပ်ရှားသွားပြီး ပျော်ရွှင်မှုကို ထိန်းချုပ်၍ မရနိုင်ချေ။ သူမက ပြုံးလျက် မေးလိုက်၏။ “ဒါဆိုရင် ငါ့ရဲ့ ယန်အာလေးက သားရဲကမ္ဘာရဲ့ ဧကရီ ဖြစ်သွားပြီလား”
ချင်မူက ပြုံးလိုက်သည်။ “ဂုဏ်ယူပါတယ် မမကြီးကျုချွဲ”
တောင်နတ်မင်းက ချက်ချင်း ပြော၏။ “ငါက ဘာလို့ ပျော်နေရတာလဲ… ပျော်စရာကိစ္စမှမရှိပဲလေ… လုံရှောင်က သမက်လေးရဲ့ မွေးစားအဖေပဲဟာ… သူသေသွားတာ ထိုက်တန်ပေမယ့် ဝမ်းနည်းမိပါတယ်…. သမက်လေး၊ နင်က သားရဲကမ္ဘာရဲ့ အရှင်သခင်အသစ် ဖြစ်သွားပြီဆိုပေမယ့် မောက်မာမဝင့်ကြွားသင့်ဘူး… ရိုကျိုးနှိမ့်ချပြီး သတိထားရမယ်… မောက်မာပြီး စိတ်မရှည်သလို မပြုမူမိအောင် သတိထားပါ”
နဂါးချီလင်သည် လုံရှောင် သူ့အား မည်သို့ ဂရုတစိုက်ပျိုးထောင်ပေးခဲ့သည်ကို သတိပြန်ရသွားသဖြင့် ကြေကွဲဝမ်းနည်းလာမိသည်။
တောင်နတ်မင်းက သူ့ကို ချက်ချင်း နှစ်သိမ့်ပေးသည်။ “သမက်လေး၊ လုံရှောင်ရဲ့ သေဆုံးမှုက ကံတရားပါပဲ… ကိုယ့်ကိုယ်ကိုရော တခြားသူတွေကိုပါ အပြစ်တင်လို့မရဘူး”
ချင်မူက သက်ပြင်းချလိုက်သည်။ “လုံပိ၊ ငါ မင်းနဲ့ လုံရှောင်ကြားက သားအဖ ဆက်ဆံရေးကို သိပါတယ်… အခု မင်းက သားရဲကမ္ဘာရဲ့ အရှင်သခင် ဖြစ်လာပြီဆိုတော့ မမကြီးကျုချွဲပြောသလို နေထိုင်မှ ဖြစ်မယ်… မောက်မာပြီး စိတ်မရှည် သည်းမခံတတ်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်လာလို့မရဘူး…. ငါတောင်မှ ဘာအမှားတွေများ လုပ်ခဲ့မိသလဲ လို့ တစ်နေ့သုံးကြိမ် ငါ့ကိုယ်ကို ပြန်ဆန်းစစ်ပြီး သင်ယူရတယ်”
သူ၏ဦးခေါင်းပေါ်တွင် အလင်းတန်းများ လှည့်ပတ်နေပြီး ကြည်လင်တောက်ပသောမှန်တစ်ချပ် ထွက်ပေါ်လာသည်။ “ဒီမှန်ကို ကုရှီ ခေါ်တယ်… နေ့တိုင်း ငါ့ကိုယ်ငါ ကြည့်ဖို့ သုံးတဲ့ ရတနာတစ်ခုပဲ… မင်းကို ဒီနေ့ ပေးလိုက်မယ်”
နဂါးချီလင်က ရှေ့သို့တက်သွား၍ ကုရှီ ရတနာကြေးမုံကို ယူလိုက်၏။
ချင်မူက သူ့ကို နောက်တစ်ကြိမ် တိုက်တွန်းပြန်သည်။ “ကောင်းကောင်းကင်ရဲ့ စစ်ပွဲက သိပ်ကိုအရေးကြီးတယ်… တောင်ကောင်းကင်ကို ကာကွယ်ပေးနိုင်ရင် ကောင်းကင်နတ်ဘုံရဲ့ ရိက္ခာအထောက်အပံ့ကို ဖြတ်တောက်ပစ်လို့ ရပြီ… ငါ့ရဲ့ခန္ဓာကိုယ်ကို ခွဲလို့မရတော့ ငါကိုယ်တိုင်တော့ မသွားနိုင်ဘူး… မင်းက သားရဲကမ္ဘာရဲ့ အရှင်သခင် ဖြစ်တဲ့အပြင် စွမ်းအားလည်း ကြီးနေပြီဆိုတော့ တောင်ကောင်းကင်ကို ကာကွယ်ပေးပါ”
နဂါးချီလင်လည်း မေးလိုက်မိသည်။ “ဂိုဏ်းသခင်၊ ကောင်ကောင်းကင်ရဲ့ လူသားတွေက အသိဉာဏ်မဲ့ကြတယ်… သူတို့ရဲ့နှလုံးသားထဲက နတ်ဘုရားတွေကို ဘယ်လိုချိုးဖျက်ရမှာလဲ”
ချင်မူက တခဏ စဉ်းစားနေပြီးနောက် ပြော၏။ “သားရဲကမ္ဘာမှာလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ရှိတယ်မလား… အဲဒီလူတွေအပေါ် စီမံခွင့် မင်းကို ပေးလိုက်မယ်”
နဂါးချီလင်က ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ခန်းမထဲမှ ထွက်ခွာသွားတော့မည့်အချိန်တွင် တောင်နတ်မင်းက ချက်ချင်း ထရပ်၍ ပြုံးလိုက်သည်။ “ငါ့သမက်လေးနဲ့ မတွေ့ရတာကြာပြီ… ငါ လိုက်ပို့ပါ့မယ်”
နဂါးချီလင်လည်း ကူကယ်ရာမဲ့စွာဖြင့် တောင်နတ်မင်းနှင့်အတူ ခန်းမထဲမှ ထွက်ခွာသွားရတော့သည်။
ခန်းမအပြင်တွင် တောင်နတ်မင်းကျုချွဲက ပြုံး၏။ “သမက်လေး၊ ကောင်းကင်နတ်အရှင်မူပေးလိုက်တဲ့ ကုရှီရတနာကြေးမုံကို ပြပါဦး”
နဂါးချီလင်မှာ ကြေးမုံကို ထုတ်ပြန်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိပေ။ တောင်နတ်မင်းက ကြေးမုံ၏ အရှေ့ရော အနောက်ကိုပါ ကြည့်လိုက်သည်။ သူမက မည်သည့်ထူးဆန်းသည့် ခံစားချက်ကိုမှ မရသဖြင့် သူ့ကို ပြန်ပေးကာ မေးလေသည်။ “သမက်လေး၊ တောင်ကောင်းကင်ကို ဘယ်လိုပြန်မှာလဲ..”
နဂါးချီလင်က တရိုတသေ ပြန်ဖြေသည်။ “ရိုးရှင်းပါတယ် ယောက္ခမကြီးခင်ဗျာ…. ကျွန်တော် ကိုယ့်ကိုကိုယ် သားရဲကမ္ဘာဆီ ပြောင်းပြန်ဆင့်ခေါ်လိုက်ရုံပါပဲ…. ကျွန်တော် သားရဲကမ္ဘာဆီ ရောက်တဲ့အခါကျရင် မင်းသားယိုမင်းက ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းကို အသက်သွင်းပြီး ကျွန်တော့်ကို ဆင့်ခေါ်ပေးပါလိမ့်မယ်.. အဲ့ဒါဆိုရင် ကျွန်တော် ဆင်းသက်လို့ရပါပြီ”
တောင်နတ်မင်းကျုချွဲက ခေါင်းညိတ်၍ မှာသည်။“ဂရုစိုက်ပါ”
နဂါးချီလင်လည်း နှုတ်ဆက်စကားဆိုပြီးနောက် ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းကို အသုံးပြုကာ သားရဲကမ္ဘာသို့ ပြန်သွားတော့၏။
သားရဲကမ္ဘာသို့ ရောက်ပြီးမကြာခင် မင်းသားယိုမင်းက ကောင်းကင်နတ်သိုင်းအား အသက်သွင်းလိုက်သည်။ နဂါးချီလင်က သားရဲကမ္ဘာမှ ဆင်းသက်လာပြီး ကုရှီiရတနာကြေးမုံကို ထုတ်လိုက်၏။ “ဒီကြေးမုံက ဂိုဏ်းသခင် ကိုယ်တိုင် ဘဝပြန်ဝင်စားခြင်း တာအိုနဲ့ သန့်စင်ထားတဲ့ ရတနာကြေးမုံပဲ… ကျွန်တော့်ယောက္ခမ ဘဝပြန်ဝင်စားခြင်းတာအိုကို မသိတဲ့အတွက် ကျွန်တော် ထွက်လာနိုင်ခဲ့တာ… ဒီကြေးမုံနဲ့ဆိုရင် ယောက္ခမကြီးပိုင်ကို ကယ်နိုင်လိမ့်မယ်”
သူက ကြေးမုံကို ယူ၍ ပိုင်ယွီကျင်အသွင် ပြောင်းလဲသွားခဲ့သော မီးငှက်အရှေ့သို့ ရောက်လာသည်။ မီးငှက်သည် ကြေးမုံကို တခဏကြည့်ပြီးနောက် မီးတောက်မျက်ရည်များက မျက်လုံးများထဲမှ စီးကျလာ၏။
မှန်ထဲတွင် ပိုင်ယွီကျင့်၏ ဘဝသာမက ရှည်ကြာခဲ့ပြီ ဖြစ်သော အတိတ်အချိန်ကာလမှ သူမ၏ ဘဝဟောင်း ချွဲဖေးယင်ကိုပါ တွေ့မြင်နေရလေသည်။