← Chapters

လူသားဧကရာဇ်စစ်တပ်

Vol. 131 Ch. 1692

လူသားဧကရာဇ်စစ်တပ်

Vol. 131 Ch. 1692

‘ဒီကြေးမုံကို အတိတ်ကြေးမုံ ... ဇာတ်ကြောင်းပြန်ကြေးမုံလို့ ခေါ်သင့်တယ်”

နဂါးချီလင်မှာ ပိုင်ယွီကျင့်၏ အခြေအနေကို မြင်လျှင် ချင်မူ့အား စိတ်ထဲမှ ချီးကျူးမိသွားသည်။ နဂါးချီလင်အနေဖြင့် ချင်မူ့ဆီမှဘ၀ပြန်ဝင်စားခြင်း ကောင်းကင်နတ်သိုင်းကို သင်ယူခဲ့ဖူးသော်လည်း သူ ငယ်စဉ်ကသာဖြစ်သည်။

ထိုအချိန်တုန်းက ချင်မူ၏ ဘ၀ပြန်၀င်စားခြင်းလမ်းစဉ်သည် လေ့လာနေဆဲ၊ ပြီးပြည့်စုံအောင် ပြုပြင်နေဆဲ အခြေအနေတွင် ဖြစ်ခဲ့၏။

ထိုအချိန်တုန်းကပင်လျှင် ချင်မူ၏ ဘ၀ပြန်၀င်စားခြင်း ကောင်းကင်နတ်သိုင်းက တီထွင်ဖန်တီးခဲ့သူဖြစ်သည့် ကောင်းကင်ယင်သားတော်ထက် သာလွန်နေခဲ့သည်။

ချင်မူ သင်ယူခဲ့သည်က အလွန်တရာ ရှုပ်ထွေးသည့်အပြင် အင်မတန် လေးနက်ကျယ်ပြန့်သည်။ ချင်မူက မည်သည့်အရာကိုမဆို တက်တက်ကြွကြွ လေ့လာပြီး နယ်ပယ်အမျိုးမျိုးတွင် အောင်မြင်မှုရအောင် စွမ်းဆောင်နိုင်သော်လည်း နဂါးချီလင်ကတော့ ထိုသို့ မဟုတ်ချေ။

ထို့ကြောင့် နဂါးချီလင်၏ ဘ၀ပြန်၀င်းစားခြင်း ကောင်းကင်နတ်သိုင်းမှာ မမြင့်မားသောကြောင့် ချင်မူ့ဘ၀ပြန်၀င်းစားခြင်း ကောင်းကင်နတ်သိုင်းအား နားလည်သည်ဆိုရုံသာ နားလည်နိုင်၏။

အတိတ်ကြေးမုံထဲတွင် အချိန်သည် ပိုင်ယွီကျင့်၏ ဘဝတစ်ခုပြီးတစ်ခုအား ဖြတ်သန်းစီးဆင်းနေ၏။ သူမ၏မှတ်ဉာဏ်များက တောင်နတ်မင်း၏ မှတ်ဉာဏ်များမှ ခွဲထွက်နေပြီး ကြေးမုံထဲတွင် ပိုင်ယွီကျင့်မှာ ဘဝတစ်ဘဝပြီးတစ်ဘ၀နှင့် အခက်အခဲများကို တစ်ဖန်ဖြတ်သန်းနေရဟန်တူသည်။

ဤသို့ ဖြစ်ရခြင်းသည် သူ၏ မူလနှလုံးသားကို ပြန်ရှာပြီး သူမ၏ မှတ်ဉာဏ်များကို တောင်နတ်မင်း၏ မှတ်ဉာဏ်များမှ ခွဲထုတ်၍ နိုးထလာစေရန် ဖြစ်သည်။

ချင်မူသာလျှင် ပိုင်ယွီကျင့်ကို ကိုယ်ချင်းစာနိုင်ပြီး သူမအတွက် ထိုသို့ပြုလုပ်ပေးနိုင်၏။

သို့သော် ချင်မူက သူမ၏ မီးငှက်နတ်ဝိညာဉ်ကိုလည်း ဖယ်ရှားခဲ့ခြင်းမရှိပေ။ ထိုအစား ဘဝပြန်ဝင်စားခြင်းကို အသုံးပြု၍ သူမ၏ ဘဝပေါင်းနှစ်ရာနီးပါး မှတ်ဉာဏ်များကို ပိုမိုနက်ရှိုင်းစေခဲ့သည်။

အထူးသဖြင့် ချွဲဖေးယင်ပင်။ ဤဘဝရှိ မှတ်ဉာဏ်များက အရေးအကြီးဆုံး ဖြစ်၏။

ဤသည်က သူမ၏ ပထမဦးဆုံးဘဝ ဖြစ်ခဲ့ပြီး ပိုင်ယွီကျင့်မှာ ဤဘဝ၏ မှတ်ဉာဏ်များကို တစ်ကြိမ်တစ်ခါမှ မမှတ်မိဖူးပေ။ သို့သော် ရတနာကြေးမုံထဲတွင် သူမ၏ ပထမဦးဆုံးဘဝမှ မှတ်ဉာဏ်များမှ နိုးထနေကြချေပြီ။

ဤဘဝ၏ မှတ်ဉာဏ်များက တောင်နတ်မင်း၏ မှတ်ဉာဏ်များနှင့် သူမကို ဆက်သွယ်ပေးထားသည့် ဆုံမှတ်တစ်ခု ဖြစ်၏။ ဤဆုံမှတ်သာ မရှိလျှင် သူမနှင့် တောင်နတ်မင်းအကြားရှိ ဆက်သွယ်မှုကို သိရှိလိမ့်မည် မဟုတ်ပေ။

ဤဘဝ၏ မှတ်ဉာဏ်များဖြင့် အကျိုးအကြောင်းကို ဆင်ခြင်နိုင်လိမ့်မည်။

တောင်နတ်မင်းနှင့် ပတ်သက်သည့်အရာအားလုံးကို မေ့ဖျောက်ခြင်း ဒါမှမဟုတ် တောင်နတ်မင်း ဖြစ်လာခြင်းက သူမ၏ ကိုယ်ပိုင်ရွေးချယ်မှုပေါ်တွင် မူတည်နေ၏။

ပိုင်ယွီကျင့်ဖြစ်သည့် မီးငှက်က ကြေးမုံအရှေ့တွင် ထိုင်နေသည်။ သူမ၏မျက်ဝန်းထဲရှိ မီးတောက်များသည် သူမ မည်သူဖြစ်သည်ကို ပြန်လည်မှတ်မိလာခြင်းကြောင့် ပိုမိုတောက်ပလာကြလေသည်။

“ငါက ပိုင်ယွီကျင့်ပဲ”

မီးငှက်က ကြေးမုံကို ကြည့်ကာ ရေရွတ်လိုက်သည်။ “လူသားပိုင်ယွီကျင့်၊ လူသား….”

သူမသည် နှလုံးသားထဲတွင် ရွေးချယ်ပြီးချေပြီ။၊ ကြေးမုံထဲရှိ သူမက ဤဘဝ၌ ပြန်လည်ဝင်စားနသည်။ ချွဲဖေးယင်နှင့် ပိုင်ယွီကျင့်တို့၏ မှတ်ဉာဏ်များက ပိုမိုနက်ရှိုင်းလာသော်လည်း တောင်နတ်မင်းမှတ်ဉာဏ်များကတော့ တဖြည်းဖြည်း ပို၍ ဝေဝါးလာနေသည်။

နောက်ဆုံးတွင် မှတ်ဉာဏ်များက မီးငှက်၏ စိတ်ထဲသို့ ရေလှိုင်းများအလား အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။ မီးငှက်၏ တောင်ပံများက တဖျတ်ဖျတ် ခတ်သွားပြီး သူမ၏ ပုံရိပ်သည် မီးတောက်ထဲတွင် ပြောင်းလဲလာကာ ပိုင်ယွီကျင့်၏ ပုံပန်းသွင်ပြင်အဖြစ်သို့ ပြန်လည်ရောက်ရှိလာ၏။

“လုံရှန်ဆန်းရန်၊ ပိုင်ယွီကျင့် ပြန်အသက်ဝင်လာပြီလား” မင်းသားယိုမင်းက မေးလိုက်သည်။

နဂါးချီလင်မှာ မဖြေတတ်ပေ။ “သူ့အခြေအနေက ဂိုဏ်းသခင်နဲ့ မြေအောက်ဘုံအရှင်သခင်လေးတို့နဲ့ ဆင်တူနေတယ်…” သူက ခပ်တိုးတိုး ပြန်ဖြေသည်။ “ဂိုဏ်းသခင်နဲ့ မြေအောက်ဘုံအရှင်သခင်လေးတို့က တကယ်တော့ လူတစ်ယောက်တည်းဆိုပေမယ့် အသိစိတ်နှစ်ခု ရှိကြတယ်…. တစ်ယောက်က လူသားဖြစ်ပြီး နောက်တစ်ယောက်ကတော့ နတ်မိစ္ဆာတစ်ပါးပဲ… သူတို့ရဲ့ မှတ်ဉာဏ်တွေကလည်း တူကြတယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကပ်ဘေးဖြစ်လာတဲ့အခါမှသာ ကွဲသွားကြပြီး နှစ်ယောက် ဖြစ်လာခဲ့တာ”

ထိုအချိန်တုန်းက ချင်မူ့အခြေအနေက အတော်လေးရှုပ်ထွေးခဲ့သည်။ သို့သော် ယိုတုသားတော်ချင်ဖုန်းကျင့်ဖြစ်စေ၊ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင် ချင်မူဖြစ်စေ သူတို့နှစ်ဦးလုံးသည် ပုဂ္ဂိုလ်တစ်ဦးတည်းသာ ဖြစ်ကြ၏။ ချင်မူက သူ၏ မျက်လုံးများကို ကလော်ထုတ်၍ ဝိညာဉ်ကို စွန့်ခွာခဲ့သည်။ ထိုအချိန်မှသာ တစ်သီးတခြား ရပ်တည်နိုင်သော လူတစ်ယောက် ဖြစ်လာခဲ့ခြင်းပင်။

ပိုင်ယွီကျင့်၏ အခြေအနေက ချင်မူ့ထက် များစွာ သာလွန်ကောင်းမွန်သည်။ ထိုအချိန်တုန်းက ချင်မူမှာ ရုပ်ခန္ဓာနှင့် အသိစိတ်သာ ရှိခဲ့ပြီး ဝိညာဉ်မရှိခဲ့ချေ။ အချိန်မရွေး ပျောက်ကွယ်သွားနိုင်ခဲ့သည်။

ပိုင်ယွီကျင့်တွင်မူ တောင်နတ်မင်းဝိညာဉ်အပြင် ကောင်းကင်ယင်သားတော် သူမအတွက် “ပုံသွင်း” ပေးထားခဲ့သော ဝိညာဥ်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။

တာအိုမီးတောက်ထဲတွင် ပိုင်ယွီကျင့်၏ မျက်လုံးများ ပွင့်လာ၏။ သူမအရှေ့ရှိ အတိတ်ရတနာကြေးမုံက အရည်ပျော်ပြာကျကာ မည့်သည့်အရိပ်အယောင်မှ မကျန်ရစ်တော့ပေ။

သူမသည် ပြန်လည်အသက်၀င်လာခဲ့သော်လည်း လူသားခန္ဓာကိုယ် မဟုတ်တော့။ နတ်ဘုရားတစ်ပိုင်း ဖြစ်လာ၏။ လူသားတစ်ယောက်၏ အသိစိတ်ကို ပိုင်ဆိုင်ထားပြီး တစ်ချိန်တည်းမှာပင် မီးငှက်ခန္ဓာကိုယ်ကိုပါ ပိုင်ဆိုင်ထားသည်။

နဂါးချီလင်က ရှေ့သို့ တက်ကာ နှုတ်ဆက်သည်။ “သမက်တော် ယောက္ခမတော်ကို နှုတ်ဆက်ဂါ၀ရပြုပါတယ်ခင်ဗျာ..”

ပိုင်ယွီကျင့်က သူ့ကို ကြည့်ပြီးနောက် တခစ်ခစ် ရယ်မာလိုက်သည်။ “ငါဖြင့် လက်တောင် မထပ်ရသေးဘဲ သမီးတစ်ယောက်နဲ့ သမက်တောင် ရနေပြီပဲ… ထူးဆန်းလိုက်တာနော်…”

သို့သော် ပိုင်ယွီကျင့်သည် ယန်အာကို မှတ်မိ၏။ သူမ ချွဲဖေးယင် ဖြစ်မလာခင်တုန်းက တောင်နတ်မင်းကျုချွဲဘဝတွင် အရှေ့နတ်မင်းချင်းလုံနှင့် ပက်သက်ခဲ့ဖူး၏။ နောက်တွင် ယန်အာ့ကို ကောင်းကင်နတ်အရှင်ယွဲ့ထံ ပို့ဆောင်ခဲ့လေသည်။

သူမ၏ မှတ်ဉာဏ်များထဲတွင် တောင်နတ်မင်း၏ မှတ်ဉာဏ်များ ရှိသော်လည်း ခပ်ရေးရေးသာ ကျန်တော့သည်။ အံ့ဩဖွယ်အရာတချို့ကိုသာ မှတ်မိလေသည်။ သူမသည် ချွဲဖေးယင်နှင့် ပိုင်ယွီကျင့်ဖြစ်လာပြီးနောက် ဖြစ်ပျက်ခဲ့သည့် အရာများကို ပို၍အံ့ဩအထင်ကြီးခဲ့၏။

သူမက ပိုင်ယွီကျင့် မဟုတ်လော။

ဤတစ်ကြိမ်တွင် ဘ၀အသစ်တစ်ခု ပိုင်ဆိုင်ခဲ့ပြီး‌ တောင်နတ်မင်း ဖြစ်လာခဲ့သော်လည်း တောင်နတ်မင်းတော့ မဟုတ်ချေ။

ကမ္ဘာဦးဘုံ၏ ရွှင်ပျော်ပျော်ကျေးရွာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံတွင်

ချင်မူက တောင်နတ်မင်းထံမှ အကြည့်လွှဲ၍ ပြုံးလိုက်၏။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာ တောင်ကောင်းကင်က စစ်ရှုံးသွားတဲ့ စစ်တပ်တွေကို တားဆီးနိုင်မယ့် တပ်ဖွဲ့များများစားစားတော့ မရှိဘူး… ဒါပေမဲ့ သူတို့က ထိပ်တန်းတကာ့ ထိပ်တန်းတွေပါပဲ…”

တောင်နတ်မင်းကျုချွဲက မေးသည်။ “ကောင်းကင်နတ်အရှင်မူက ဘယ်သူ့ကို ပို့ဖို့ စီစဉ်ထားတာပါလဲ…”

ချင်မူက ပထမလူသားဧကရာဇ်ဆီသို့ ကြည့်ကာ ပြုံးလိုက်၏။ “ပထမလူသားဧကရာဇ်က လူသားဧကရာဇ်စစ်တပ်ကို ဦးဆောင်ပြီး အဲ့ဒီကို သွားပါလိမ့်မယ်…”

ပထမလူသားဧကရာဇ်လည်း ထရပ်၍ တောင်နတ်မင်းအား ဦးညွှတ်အရိုအသေပေးလိုက်သည်။

တောင်နတ်မင်း၏ မျက်လုံးများက လင်းခနဲ ဖြတ်ပြေးသွား၏။ “တောင်ပင်လယ်မှာ ချိမင်ဧကရာဇ်နှစ်ပါးရဲ့ စစ်တပ်၊ ယန်အာနဲ့ ကျွန်မရဲ့ စစ်တပ်၊ ဇာမဏီနတ်မင်းချီရှားယွီရဲ့ စစ်တပ် ရှိတယ်… ပြိုင်ဘက်ကင်းခွန်အားနဲ့ ကျွန်မတို့တွေအကုန်လုံးက ကောင်းကင်နတ်ဘုံရဲ့ ကျန်ရှိတဲ့ စစ်တပ်အင်အားကို ချေမှုန်းနေကြတာ… အသက်ရှင်နိုင်ဖို့အတွက် ကောင်းကင်နတ်ဘုံရဲ့ စစ်တပ်တွေက ထွက်ပြေးနေကြတယ်… မင်းသားချင်ဝူသာ လမ်းပိတ်ပေးထားနိုင်မယ်ဆိုရင် သူတို့တွေ ပြေးစရာရှိမှာ မဟုတ်တော့ဘူး… ချောင်ပိတ်မိနေတဲ့ တိရစ္ဆာန်တစ်ကောင်က ကြောက်ဖို့အကောင်းဆုံးပဲ… မင်းသားချင်ဝူ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိရဲ့လား”

သူမ၏ အသံအနေအထားက ဖိအားပေးနေပြီး နတ်အလင်းတန်းတို့က သူမ၏မျက်လုံးများမှ တောက်ပနေကြသည်။ “ခိုင်ဧကရာဇ်ချင်ယဲ့ အသက်ရှင်လျက်ရှိခဲ့တုန်းက မင်းသားချင်ဝူဟာ စစ်တပ်ကိုစွန့်ခွာထွက်ပြေးခဲ့တာလို့ သိထားရတယ်… နန်းတော်ကို ချန်ထားရစ်ခဲ့ပြီး ညီအစ်ကိုမောင်နှမတွေ၊ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေကို စွန့်ပစ်ခဲ့တယ်… ဒီနေ့ခေတ် ကောင်းကင်နတ်ဘုံရဲ့ စစ်တပ်တွေကို ရင်ဆိုင်ရတဲ့ ပြင်းထန်တဲ့ တိုက်ပွဲမျိုးကို ကိုင်တွယ်နိုင်တဲ့ သတ္တိ ရှိပါ့မလား”

လင်ယွိရှို့မှာ မျက်မှောင်ကြုတ်လျက် ပထမလူသားဧကရာဇ်ဘက်မှ ကာပြောပေးတော့မည့်အချိန်တွင် ချင်မူက သူမကို တားပြီး အသာအယာ ခေါင်းရမ်းပြသည်။

“ရှင် ကောင်းကင်နတ်ဘုံရဲ့ စစ်ရှုံးတပ်မှူးတွေကို မတားဆီးနိုင်ရင် အဲဒီတပ်မှူးတွေက ရွှင်ပျော်ပျော်ကျေးရွာကို တိုက်ခိုက်နေတဲ့ စစ်တပ်နဲ့ ပေါင်းစည်းသွားပြီး ကျွန်မကို ဒုက္ခရောက်စေလိမ့်မယ်”

တောင်နတ်မင်းကျုချွဲ ထရပ်လိုက်သည့်အခါ သူမ၏အရှိန်အဝါသည် စစ်မြေပြင်ရှိ တောက်လောင်နေသော မီးတောက်များကဲ့သို့ တဟုန်းဟုန်း လောင်ကျွမ်းနေ၏။ သူမက ရှေ့သို့ တက်၍ သူမ၏အရှိန်အဝါအား ပထမလူသားဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်သို့ ဖိချကာ ခပ်ပြတ်ပြတ် မေးသည်။ “ကျွန်မ ရှင့်ကို ယုံကြည်လာအောင် ရှင် မလုပ်နိုင်ဘူး… အရင်တည်းက တပ်ပြေးတစ်ယောက် ဖြစ်နေခဲ့တာ မဟုတ်လား… စစ်မြေပြင်က ထောင်သောင်းချီတဲ့ အလောင်းတွေနဲ့ သွေးပင်လယ်ကို ရင်ဆိုင်နိုင်တဲ့သတ္တိ ရှိလို့လား”

သူမ၏အရှိန်အဝါက အထွတ်အထိပ်အထိ မြင့်တက်သွားသည်။ အဆုံးမရှိသော မီးပင်လယ်ထဲတွင် မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာများစွာမှာ အသည်းအသန် ညည်းညူဟိန်းဟောက်လျက် ရုန်းကန်နေကြ၏။ သူတို့မှာ အတော်လေး ဒုက္ခဆင်းရဲခံစားနေကြရသည်။

တောင်နတ်မင်းဖြစ်သည့်အလျောက် ကျုချွဲသည် တိုက်ပွဲပေါင်းများစွာကို တွေ့ကြုံခံစားဖူး၏။ ကမ္ဘာဦးခေတ် ဖန်ဆင်းရှင်များအကြားစစ်ပွဲမှ ဖန်ဆင်းရှင်များနှင့် ရှေးဟောင်းနတ်ဘုရားများအကြား စစ်ပွဲ၊ နဂါးဟန်ခေတ်ရှိ နတ်ဘုရားမိစ္ဆာများအကြား စစ်ပွဲအထိ တွေ့ကြုံဖူးသည့်အလျောက် သူမ၏အရှိန်အဝါတွင် သွေးတို့ စွန်းထင်းနေသည်။ သူမအရှိန်အဝါကပင် စိတ်ဓာတ်မခိုင်မာသူကို ပြိုလဲသွားစေနိုင်ရန် လုံလောက်၏။

ပထမလူသားဧကရာဇ်မှာ စိတ်ဓာတ်ကျသွားသော်လည်း အရှိန်အဝါကို ထိပ်တိုက်ရင်ဆိုင်သည်။ သူ၏ခန္ဓာကိုယ်က တစ်လောကလုံး ပြိုလဲသွားလျှင်တောင်မှ ကောင်းကင်ကို ထောက်ပံ့ပေးထားနိုင်သေးသည့် တိုင်လုံးကြီးအလား မြင့်မားထည်ဝါစွာ ထောင်မတ်နေ၏။

“ကျုပ် လုပ်နိုင်တယ်” သူ့အသံက အနည်းငယ် ဖျော့တော့သော်လည်း ပြတ်သားနေသည်။

တောင်နတ်မင်းကျုချွဲက သူမ၏ အနီရောင်ဝတ်ရုံလက်စများကို ခါလိုက်ပြီး ပထမလူသားဧကရာဇ်အရှေ့သို့ ရောက်လာ၏။ မီးပင်လယ်က သွေးပင်လယ်အဖြစ် ပြောင်းလဲသွားသည်။ မရေမတွက်နိုင်သော သေဆုံးမှုများစွာက ပထမလူသားဧကရာဇ်၏ စိတ်ထဲသို့ ဝင်ရောက်လာကြ၏။

တောင်နတ်မင်းက ခက်ထန်စွာ ပြောသည်။ “လုပ်နိုင်သေးလို့လား … ရှင့်ရဲ့ တာအိုနှလုံးသားက လိုအပ်နေသေးတယ်… ဒီလောက် တုန်လှုပ်ခြောက်ခြားဖွယ်ရာကောင်းတဲ့ စစ်မြေပြင်မှာ စိတ်က နည်းနည်းလေး နုနယ်နေရင်တောင်မှ၊ တာအိုနှလုံးသားထဲက အကြောက်တရား နည်းနည်းလေး ထွက်ပေါ်လာရင်တောင်မှ ထွက်ပြေးမိပြီး ကျွန်မတို့ကို ရှုံးသွားစေနိုင်တယ်… ခံနိုင်ရည်ရှိလို့လား… ချင်ဝူ၊ အခုချိန် လက်လျှော့လိုက်လို့လည်း နောက်မကျသေးပါဘူး”

ပထမလူသားဧကရာဇ်က တစ်လောကလုံး၏ ဗဟိုချက်ဖြစ်သည့်အလား တည်ငြိမ်စွာ ရပ်နေသည်။ သူ၏အသံက အက်ကွဲစွာဖြင့် ထွက်ပေါ်လာ၏။ “ကျုပ် လုပ်နိုင်တယ်”

“ရှင့်မှာ သက်သေပြစရာ ရှိလို့လား”

တောင်နတ်မင်းကျုချွဲ၏ အရှိန်အဝါက တုန်ခါသွားသည်။ ရုတ်တရက် သူမ၏ ချီ၊ သွေးနှင့် တာအိုမီးတောက်တို့က တောင်ကောင်းကင်၏ စစ်တပ် ၃၉ တပ်အဖြစ် ပြောင်းလဲကာ ပထမလူသားဧကရာဇ်ထံသို့ ပြေးဝင်သွားတော့၏။

တောင်ကောင်းကင်၏ စစ်တပ် ၃၉ တပ်မှာ ပုံစံအမျိုးမျိုး ရှိသည့် နတ်ဘုရားတစ်ပိုင်းများ ဖြစ်ကြသည်။ တပ်ဖွဲ့များ၏ ခေါင်းဆောင်မှာ ပို၍ပင် ခက်ထန်၏။ သူသည် ထူးဆန်းသော ပုံပန်းသွင်ပြင် ရှိပြီး ခြေလက်များက ကောက်ကွေးနေကာ သာမန်ထက်ပို၍ အရိုင်းဆန်သည်။ သူက ပထမလူသားဧကရာဇ်အား ကြောက်မက်ဖွယ်ကောင်းသော အားတစ်ရပ်ဖြင့် ဖိချလိုက်၏။သာမန်လူများအနေဖြင့် ဤသို့ပြင်းထန်သော မြင်ကွင်းမျိုးကို တွေ့ကြုံရပါက တာအိုနှလုံးသား ပြိုလဲသွားကြပေလိမ့်မည်။ သို့သော် ပထမလူသားဧကရာဇ်က ထိုနေရာတွင် ရပ်နေဆဲဖြစ်ပြီး သူ၏လက်များကို လှုပ်ရှားနေ၏။ သူက ချီနှင့်သွေးကို ဗဟိုပြု၍ ၀င်္ကပါတစ်ခု ဖွဲ့တည်ကာ ထောင်သောင်းချီသော မြင်းများပါဝင်သည့် စစ်တပ်တစ်တပ်ကို ဖွဲ့တည်လိုက်သည်။ ယင်းက စစ်တပ် ၃၉ တပ်မှ မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာများ၏ တိုက်ကွက်များကို ရွပ်ရွပ်ချွံချွံ တော်လှန်နေသည်။

ဤတိုက်ကွက်ကြောင့် ခြေလက်များ ပျံထွက်သွားသည့်အခါ အတော်လေး ကြေကွဲ ၀မ်းနည်းဖွယ် ကောင်းနေတော့သည်။

တောင်နတ်မင်းကျုချွဲက သူ၏နှလုံးသားထဲရှိ အကြောက်တရားကို မြင်ချင်သည့်အလား သူ၏မျက်နှာနှင့် မျက်လုံးများကို စိုက်ကြည့်နေ၏။

ရုတ်တရက် ကောင်းကင်ရှိ ထူးဆန်းသောဖြစ်ရပ်မှာ ပျောက်ကွယ်သွားသည်။ တောင်နတ်မင်းကျုချွဲက အနီရောင်အင်္ကျီလက်စများကို ပြန်ရုတ်လိုက်ရင်း ပြုံးနေသည်။ “မင်းသားချင်ဝူ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ တောင်ဘက်နယ်စပ်မှာ ပြန်တွေ့ကြပါမယ်”

ပထမလူသားဧကရာဇ်က လက်ယှက်၍ အရိုအသေပေးလိုက်၏။ “တောင်နတ်မင်း ရောက်လာဖို့ စောင့်မျှော်နေပါ့မယ်ခင်ဗျာ”

တောင်နတ်မင်းကျုချွဲက ပြန်လည်ဦးညွှတ်အရိုအသေပေး၍ ချင်မူ၊ လန်ဝူနှင့် တခြားသူများကို ပြောသည်။ “တောင်ပင်လယ်က စစ်ပွဲက အရေးကြီးတဲ့အတွက် ငါ အရင် ပြန်တော့မယ်” သူမက ထိုသို့ပြောပြီးနောက် မီးတောက်အဖြစ် ပြောင်းလဲ၍ ပျံသန်းထွက်ခွာသွားကာ ရွှင်ပျော်ပျော်ကျေးရွာမှ ပျောက်ကွယ်သွားတော့၏။

ချင်မူက ထရပ်၍ ဦးညွှတ်အရိုအသေပေးသည်။ “ပထမလူသားဧကရာဇ် ကျေးဇူးပြုပြီး ကောင်းကောင်းကင်မှာ စစ်ရှုံးသွားတဲ့ ကောင်းကင်နတ်ဘုံရဲ့ စစ်တပ်တွေကို ချေမှုန်းပေးပါ”

ပထမလူသားဧကရာဇ်က ပြန်လည်ဦးညွှတ်အရိုအသေပေးသည်။ “စိတ်မပျက်စေရပါဘူး…” သူက ထိုသို့ပြောပြီးနောက် ချာခနဲ လှည့်ကာ ထွက်ခွာသွားတော့၏။

ချင်မူက သက်ပြင်းရှည်ကြီး ချလိုက်ရင်း သူ ထွက်ခွာသွားသည်ကို ကြည့်နေသည်။

လင်ယွိရှို့က အနည်းငယ် စိုးရိမ်ပူပန်စွာဖြင့် ခပ်တိုးတိုး မေးလိုက်သည်။ “ပထမလူသားဧကရာဇ်ရဲ့ တာအိုနှလုံးသားကို ဒီလိုဖိနှိပ်လိုက်လို့ တောင်နတ်မင်း အဆင်ပြေပါ့မလား”

“သူ့ရဲ့ အတိုက်အခိုက်စိတ်ဆန္ဒကိုတောင် ပိုပြီး မြှင့်တင်ပေးနိုင်လိမ့်မယ်”

ချင်မူက တစ်ချက်မျှ ပြုံးလိုက်သည်။ “ဒီတိုက်ပွဲက သိပ်ကိုအရေးကြီးတဲ့အတွက် တောင်နတ်မင်းက သတိထားနေရတယ်” သူက ပြော၏။ “ဒါပေမဲ့ ပထမလူသားဧကရာဇ်က ကျောက်စိမ်းလင်းရောင်နန်းတော်ကို စွန့်ပစ်ထွက်ခွာလာခဲ့တဲ့သူ မဟုတ်တော့ဘူး… သူက ခိုင်ဧကရာဇ်ရဲ့ နောက်ဆုံးအချိန်မှာ မျိုးနွယ်စုအမျိုးမျိုးကို ဦးဆောင်ခဲ့တဲ့သူ ဖြစ်နေပြီ… သူ နည်းနည်းစိတ်ဓာတ်ကျနေတာက အရင်တုန်းက ကျောက်စိမ်းလင်းရောင်နန်းတော်က လူတွေကို မကယ်တင်နိုင်ခဲ့လို့ပဲ… ဒီတိုက်ပွဲက သူ့ရဲ့ နောင်တတွေကို ဖြေဖျောက်ပေးနိုင်မယ့် အကောင်းဆုံးအချိန် ဖြစ်လိမ့်မယ်”

လူသားဧကရာဇ်ခန်းမ

ပထမလူသားဧကရာဇ်က နန်းဆောင်ထဲသို့ ဝင်ရောက်လာသည်။ ကျောက်စိမ်းလင်းရောင်နန်းဆောင်မှာ ဖျက်ဆီးခံခဲ့ရသည့် အခြေအနေအတိုင်း ဤနေရာတွင် ရှိနေသေးပြီး မည်သည်မှ မပြောင်းလဲသေးပေ။ ဤနန်းဆောင်သည် ခိုင်ဧကရာဇ် ပညာသင်ကြားပို့ချပေးသော နေရာဖြစ်၍ ကျောင်းသားများစွာ ဤနေရာတွင် ပညာသင်ကြားခဲ့ကြသည်။ ဤနေရာသည် ခိုင်ဧကရာဇ်ခေတ်တွင် အဆင့်မြင့်ဆုံး တက္ကသိုလ်နှင့် အထွတ်အမြတ်နေရာတစ်နေရာ ဖြစ်သည်ဟု ပြော၍ရနိုင်၏။

ကပ်ဘေး ထွက်ပေါ်လာသည့်အချိန်တွင် ကောင်းကင်ယင်သားတော်က မန္တန်တစ်ခု အသက်သွင်း၍ ကျောင်းသားအားလုံးနီးပါး၏ ဝိညာဉ်များကို နှုတ်ယူကာ သူတို့၏ အလောင်းခန္ဓာကိုယ်များသာ ချန်ရစ်ထားခဲ့သည်။

ထိုလူများသည် အသက်ရှိနေတုန်းက ကိုယ်ဟန်အမူအရာများအတိုင်းသာ ရှိနေကြသေး၏။

ပထမလူသားဧကရာဇ်က လူအုပ်ထဲတွင် တိတ်ဆိတ်စွာ လျှောက်နေသည်။ သူ့မှာ ကျောက်စိမ်းလင်းရောင်နန်းဆောင်သို့ ပြန်ရောက်သွားသည့်အလားပင်။ သူ၏အတန်းဖော်များက ငယ်ရွယ်နေသေးပြီး သူ၏ပတ်ဝန်းကျင်တွင် အသက်ရှိနေကြသေး၏။ ထိုအချိန်က သူ၏ဆရာများနှင့် အတန်းဖော်များ၏ ရယ်သံများကိုလည်း ကြားနေရသည်။

သူက တိတ်ဆိတ်စွာ ရပ်လိုက်သည်။ ကောင်းကင်ယင်သားတော်သည် မန္တန်တစ်ခု ရွတ်ဆို၍ ကပ်ဘေး ဖြစ်ပွားစေခဲ့သောကြောင့် အားလုံးသေဆုံးခဲ့ကြရသည်။ သူ တစ်ယောက်တည်းသာ အသက်ရှင်ခဲ့၏။

ဤနေရာသည် သူ့ဘဝတလျှောက်လုံး နာကျင်ခံစားခဲ့ရသည့် နေရာတစ်ခု ဖြစ်လာခဲ့သည်။

“သူငယ်ချင်းတို့၊ ဆရာတို့… ဒီတစ်ကြိမ်မှာတော့ ငါ ထွက်မပြေးတော့ပါဘူး”

သူ ထိုသူငယ်ချင်းဟောင်းများကို ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပေးလိုက်သည်။ သူ ခေါင်းပြန်မေ့ာလိုက်သည့်အချိန်တွင်တော့ သူ၏ တာအိုနှလုံးသားသည် ပြီးပြည့်စုံနေပြီး ကျောက်စိမ်းကဲ့သို့ ကြည်လင်နေချေပြီ။

ပထမလူသားဧကရာဇ်က ကျောက်စိမ်းလင်းရောင်နန်းဆောင်နှင့် လူသားဧကရာဇ်ခန်းမထဲမှ ထွက်ခွာသွားတော့သည်။

လူသားဧကရာဇ်ခန်းမအပြင်တွင် လူသားဧကရာဇ် မျိုးဆက်တစ်ဆက်စီတိုင်းက စစ်တပ်အသီးသီး ဦးဆောင်၍ စိတ်ရှည်စွာ စောင့်ဆိုင်းနေကြ၏။ပထမလူသားဧကရာဇ်၏ အကြည့်က ဒုတိယလူသားဧကရာဇ်၊ တတိယလူသားဧကရာဇ်နှင့် အခြားသူများကို ကြည့်ပြီးနောက် ရွာလူကြီးစုမူကျဲ၏ မျက်နှာပေါ် ကျရောက်သွားကာ ပြုံးလိုက်သည်။ “ပြီးခဲ့တဲ့နှစ်ပေါင်နှစ်သောင်းလုံးမှာ ငါတို့ရဲ့ လူသားဧကရာဇ်ခန်းမဟာ ဒီနယ်မြေရဲ့ ကာကွယ်စောင့်ရှောက်သူတွေ ဖြစ်ခဲ့ကြတယ်… နှစ်နှစ်သောင်းလုံး လူသားဧကရာဇ်မျိုးဆက် တစ်ခုပြီးတစ်ခုက တစ်သီးတခြားတည်း ဖြစ်နေခဲ့ပေမယ့် အထက်ကောင်းကင်၊ ကောင်းကင်နတ်ဘုံနဲ့ လောကရဲ့ မတရားမှုတွေကို ပြန်လည်တွန်းလှန်ခဲ့ကြတယ်…. ဒါပေမဲ့ နှစ်ပေါင်းနှစ်သောင်းကြာပြီးတဲ့ ဒီနေ့မှာတော့ မတူတော့ဘူး”

သူက ရှေ့သို့ တက်၍ စစ်တပ်အား ဖြတ်လျှောက်သွားသည်။ သူ၏အသံက ကြည်လင်ပြတ်သားနေ၏။ “ငါတို့မှာ တာအိုမိတ်ဆွေတွေအများကြီး ရှိလာပြီ… ခံယူချက်တူညီတဲ့ ရဲဘော်တွေ ရှိလာပြီ… ငါတို့ရဲ့နောက်မှာ ကောင်းကင်နတ်ဘုံရဲ့ နတ်ဘုရားတွေကြောင့် ဖြစ်တည်လာခဲ့တဲ့ အပျက်အစီးတွေကနေ ပေါ်ထွက်လာခဲ့တဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ရှိနေပြီ” သူ၏ ညာလက်က တောင်အရပ်သို့ ညွှန်ပြထား၏။ “လူသားဧကရာဇ်ခန်းမက တစ်ဘ၀လုံး ဒီနယ်မြေကို ခုခံကာကွယ်ခဲ့ကြတယ်… ငါ့နောက်လိုက်ပြီး ရန်သူကို သတ်ကြ..”

စစ်တပ်က ရှေ့သို့ ချီတက်လာသည်။

လူသားဧကရာဇ်ချီကန်းက ရှေ့သို့ အပြေးရောက်လာ၍ ခပ်ဟဟ ရယ်ကာ ခနဲ့၏။ “ စုလေး၊ လုပ်နိုင်သေးလို့လား… မင်းက အိုနေပြီနော်”

ရွာလူကြီးစုမူကျဲ၏ မျက်နှာအမူအရာမှာ သူ့စကားကို ကြားသော်လည်း ပြောင်းလဲသွားခြင်းမရှိပေ။ သူက မျက်စောင်းထိုးကြည့်လိုက်ပြီး ရုတ်တရက် သွေးများ ဆူပွက်လာသည်။ ချက်ချင်းဆိုသလို အဘိုးကြီးတစ်ဦးအဖြစ်မှ လူငယ်တစ်ဦးအဖြစ် ပြောင်းလဲသွား၏။ သူ၏ခန္ဓာကိုယ်က အလွန်တရာ တောင့်တင်းသန်မာနေပြီး လက်ထဲတွင် နတ်ဓားမတစ်လက်ကို ကိုင်ထားသည်။ သူ တစ်ချက်မျှ ကြည့်လိုက်ရာ သူ့ဓားစိတ်ဆန္ဒက လူသားဧကရာဇ်ချီကန်းအား ပိုင်းဖြတ်လိုက်၏။

လူသားဧကရာဇ်ချီကန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “မင်းရဲ့ဆရာနဲ့ ဘိုးဘေးတွေကို လှည့်စားတဲ့နေရာမှာတော့ ပြိုင်ဘက်ကင်းပါပေတယ်… ငါ သင်ပေးထားတဲ့အတိုင်းပဲ… ဒါပေမဲ့ ငါ့တပည့်က ပိုပြီးသန်မာတယ်”

လူသားဧကရာဇ်အားလုံး တဟားဟား ရယ်မောလိုက်ကြသည်။ သူတို့၏ ရယ်သံများက တိမ်တိုက်များကို ရိုက်ခတ်လျက် လွင့်ပြယ်ပျောက်ကွယ်သွားစေသည်။

ရွှင်ပျော်ပျော်ကျေးရွာ ၊ ထိုက်ဧကရာဇ်ကောင်းကင်ဘုံတွင်

နတ်ဘုရားတစ်ပါးသည် နေရာရွှေ့ပြောင်းခြင်းမုခ်၀ထဲမှ ခပ်သုတ်သုတ် ထွက်လာပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ စာကို ပေးပို့လာသည်။ ချင်မူ ဖွင့်ဖောက်ကြည့်လိုက်ရာ အရှေ့ကောင်းကင်၏ အစိမ်းရောင်နတ်မင်းက သတိကြီးလွန်းသည့်အတွက် တိုက်ခိုက်ရန် ငြင်းဆိုနေကြောင်း သိလိုက်ရ၏။ ကျန်းပိုင်ကွေ့က ချင်မူ့လက်ထပ်ပွဲနေ့တုန်းက တစ်စုံတစ်ယောက်ပေးခဲ့သည့် လက်ဖွဲ့ကို လိုအပ်သည်ဟု ပါရှိသည်။

ချင်မူက ထူးဆန်းသော မျက်နှာအမူအရာဖြင့် ပြုံးလိုက်၏။ “ဘာလို့ ညီလေးကျန်းက အရှေ့ကောင်းကင် နဂါစိမ်းရဲ့ အကြေးခွံကို လိုချင်ရတာလဲ”

ကောင်းကင်နတ်အရှင်ယွင်၏ အသံ ထွက်ပေါ်လာ၏။ “အရှေ့ကောင်းကင် အစိမ်းရောင်နတ်မင်းနဲ့ ‌အရှေ့နတ်မင်း ချင်းလုံတို့ အကြားမှာ ကြီးမားတဲ့ ရန်ငြိုး ရှိတယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ‌အရှေ့နတ်မင်းချင်းလုံကို အသုံးချပြီး ရန်စချင်နေတာ… အကြံကောင်းတစ်ခုပဲ”

All Chapters