← Chapters

မျှော်လင့်ချက်

Vol. 24 Ch. 337

မျှော်လင့်ချက်

Vol. 24 Ch. 337

အခန်း (၃၃၇)  မျှော်လင့်ချက်

မြောက်ဖျားဒေသရှိ ထူထပ်သောနှင်းလွင်ပြင်ထက်တွင် ကြီးမားသောရေကန်ကြီးတစ်ခုရှိနေသည်။ ရေကန်မျက်နှာပြင်က အေးခဲနေသော်လည်း ရေခဲလွှာအောက်မှ  မှုန်ဝါးဝါးအလင်းရောင်များ ထွက်ပေါ်နေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးက အလွန်ငြိမ်သက်နေသော်လည်း ရေကန်အလယ်ဗဟိုရှိ ရေခဲလွှာထက်တွင် လူအနည်းငယ် မတ်တတ်ရပ်နေကြသည်။

သူတို့ထဲမှတစ်ယောက်က ကောင်းကင်မိုးကြိုးခန်းမ၏ ပင်မတိုက်ရိုက်တပည့်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ဖြစ်ပြီး မျက်နှာအမူအရာက တည်ငြိမ်လွန်းသည်။

အခြားသူမဟုတ် ၊ မိုးကြိုးသခင်လေး ‘လင်ကျိုး’ ပင် ဖြစ်၏။

ဖခင်ဖြစ်သူ လင်ထျန်းဖုန်း ကွယ်လွန်သွားခဲ့သော်လည်း လင်ကျိုး၏တွင် လူအများအထင်ကြီးလောက်စရာ ကိုယ်ပိုင်အရည်အချင်းနှင့် စွမ်းအားများ ပိုင်ဆိုင်သည်။ ထို့ကြောင့် ဖခင်မရှိတော့သည့်တိုင် ကောင်းကင်မိုးကြိုးခန်းမတွင် သူရရှိထားသည့် ရာထူးနှင့်အခွင့်အာဏာများကို ထိခိုက်ခြင်း မရှိပေ။

လင်ကျိုးက သူ့အရှေ့မှ မြေပြင်ကို ကြည့်လိုက်သည်။ ရေခဲအလွှာထက်တွင် သေးငယ်သည့်တွင်းပေါက်တစ်ခု ရှိနေပြီး ထိုအထဲတွင် အစိမ်းရောင်တောက်ပနေသည့် အေးစိမ့်သောရေများဖြင့် ပြည့်နေသည်။

မကြာမီ တွင်းပေါက်ထဲမှ ပုံရိပ်တစ်ခုက ရေခဲအလွှာ မျက်နှာပြင်ထက်သို့ ခုန်ထွက်လာသည်။

ထိုသူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အခိုးအငွေ့များထွက်လာပြီး ပြင်းထန်သောအအေးဓာတ်များကို ဖယ်ရှားလိုက်သည်။ သူက အရပ်မြင့်မြင့် သက်လတ်ပိုင်းလူရွယ်တစ်ယောက် ဖြစ်၏။

သူက လင်ကျိုးကို ကြည့်ရင်း...

“ဒီနေရာက ထူးခြားတာမှန်ပေမယ့် ရေခဲနဂါးသူတော်စင်ရဲ့ အမွေအနှစ်ကိုတော့ ဘယ်နေရာမှာမှ ရှာမတွေ့ဘူး ၊ ပြီးတော့ ဒီနေရာကို ဖွင့်ချင်တယ်ဆိုရင် ထူးခြားတဲ့ရတနာပစ္စည်းတွေ ၊ ဒါမှမဟုတ် အထူးနည်းပညာအချို့လည်း လိုအပ်တယ်”

လူရွယ်က နက်ရှိုင်းသည့်လေသံဖြင့် ဆက်ပြောသည်။

“လင်ကျိုး... မင်း ရရှိထားတဲ့သတင်းအချက်အလက်က တိကျရဲ့လား”

လင်ကျိုးက သူ့ခြေဖဝါးအောက်မှ ရေခဲကန်ကို တိတ်ဆိတ်စွာ စူးစိုက်ကြည့်နေသည်။

သူ၏ မှတ်ဉာဏ်များအရဆိုလျှင် ရေခဲနဂါးသူတော်စင်၏ အမွေအနှစ်ကို ရီကျင်းဟုခေါ်သည့် ဝါဒတောင်တပည့်တစ်ယောက်က ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် ရီကျင်း သေဆုံးသွားသည်မှာကြာခဲ့ပြီဟု သိရသည်။ ဝါဒတောင်၏ အတွင်းရေးကိစ္စ ဖြစ်သောကြောင့် ကောင်းကင်မိုးကြိုးခန်းမမှ တပည့်တစ်ယောက်အနေဖြင့် အသေးစိတ်အချက်အလက်များကို မသိရှိနိုင်ခဲ့ပေ။

သို့သော် ရီကျင်းသေဆုံးရခြင်းက ရန်ကျောက်ကဲနှင့် ပတ်သက်နေကြောင်း များစွာသောလက္ခဏာများက ပြသနေသည်။

“ရန်ကျောက်ကဲ” ဆိုသောနာမည်ကို တွေးမိသည်နှင့် လင်ကျိုးမျက်ဝန်းများ အနည်းငယ်တုန်ခါသွားသော်လည်း ချက်ချင်းပင် ပြန်လည်တည်ငြိမ်သွား၏။

ဤနေရာသို့လာရောက်ရသည်က တာ့ပေဘိုးဘိုးဂူသင်္ချိုင်းထဲဝင်ရောက်စဉ်ကနှင့် မတူညီပေ။ ထိုစဉ်က လင်ကျိုးအနေဖြင့် ဂူသင်္ချိုင်းအကြောင်း သေသေချာချာလေ့လာထားခဲ့ပြီး ထောင်ချောက်မျိုးစုံကိုလည်း သိရှိထားသည်။ ယခု ရေခဲနဂါးသူတော်စင်အမွေအနှစ်နှင့်ပတ်သက်ပြီး လင်ကျိုးရရှိထားသည့်သတင်းအချက်အလက်က နည်းပါးလွန်းသည်။ တည်နေရာကိုသာ သိရှိခဲ့ခြင်းဖြစ်ပြီး နောင်ခါလာနောင်ခါရေး မီးစင်ကြည့်ကမည်ဟု ဆုံးဖြတ်ကာ ခရီးထွက်လာခဲ့ခြင်းပင်။

လင်ကျိုးက အက်ရှသည့်လေသံဖြင့်...

“လွန်ခဲ့တဲ့ (၂)နှစ်က ဝါဒတောင်က အကြီးအကဲဟောင်း’ရှီတိ’ က ဒီမြောက်ဖျားဒေသကို အရှေ့ပင်လယ်ကနေတစ်ဆင့် ခရီးထွက်ခဲ့ဖူးတယ်လို့ သိရတယ် ၊ ဝါဒတောင်ကလည်း ရေခဲနဂါးသူတော်စင်ရဲ့ အမွေအနှစ်ကို အာရုံစိုက်ပုံရတယ် ၊ ဒီတော့... သဲလွန်စတွေက သူတို့လက်ထဲမှာ ရှိနေနိုင်တယ်”

လင်ကျိုးက ရေခဲလွှာထက်တွင်လမ်းလျှောက်ရင်း ဆက်ပြောသည်။

“မြောက်ဖျားလွင်ပြင်ပတ်ဝန်းကျင်က ထူးဆန်းတယ် ၊ အထူးသဖြင့် မြေအောက်ချီစွမ်းအားစီးဆင်းမှုက အတော်လေး ထူးခြားတယ် ၊ ဒီနေရာမှာ ရှိနေတဲ့ ရေခဲနဂါးသူတော်စင်အမွေအနှစ်ဟာ မြေအောက်မြစ်တွေမှာ ကူးခတ်နေတဲ့ငါးတွေလိုပဲ စီးဆင်းနေတယ်”

“ဒီတော့ ငါတို့ ခဏအနားယူရင်း ဒီဧရိယာကို ပိတ်ဆို့ပြီး ဝါဒတောင်ကလူတွေကို စောင့်ကြမယ် ၊ (၂)နှစ်နီးပါး အချိန်ယူလေ့လာထားတာဆိုတော့ သူတို့ ဒီနေရာကို သေချာပေါက် ရောက်လာကြမှာပဲ”

လူရွယ်က မျက်မှောင်ကြုတ်ရင်း...

“နေသူတော်စင်ဂိုဏ်းက ထူးကဲယင်သရဖူရသွားပြီဆိုတော့ အသက်ရှူချောင်သွားပြီ ၊ လှိုင်းနက်ဂေဟာကလွဲရင် ကျန်တဲ့ ထိပ်သီးသိုင်းဂိုဏ်းကြီး (၅) ဂိုဏ်းက ရန်ဘက်ဖြစ်နေကြဦးမှာပဲ ၊ ဒီတော့ ဘယ်သူမှ သတိလက်လွတ်နေရဲကြမှာ မဟုတ်ဘူး ၊ ငါတို့ဂိုဏ်းပဲဖြစ်ဖြစ်... ဝါဒတောင်ပဲဖြစ်ဖြစ် ဒီကိုလာမယ်ဆိုရင် လူနည်းနည်းလောက်ပဲ လာနိုင်ကြမှာ”

လင်ကျိုးက သိမ်မွေ့စွာဖြင့်...

“မြောက်ပိုင်းမှာ နှစ်ပေါင်းများစွာ လွှမ်းမိုးထားတဲ့ ငါတို့ဂိုဏ်းက နယ်မြေကျွမ်းကျင်မှု အားသာချက် ရှိတယ်လေ ၊ ဒီနေရာက အလစ်ချောင်းတိုက်လို့မလွယ်တာတစ်ခုပဲ စိတ်ညစ်ရတယ် ၊ ဒီတော့ သစ်ပင်အောက်မှာထိုင်ရင်း ယုန်အလာကို စောင့်ဆိုသလို ဝါဒတောင်ကလူတတွေ ရောက်လာတဲ့အချိန်ကိုပဲ စောင့်ကြတာပေါ့ ၊ သူတို့လက်ထဲ ရတနာပစ္စည်းတွေရောက်ပြီဆိုတော့မှ ပိတ်ဆို့ထားတဲ့ဧရိယာကိုဖွင့်လိုက်ကြတာပေါ့”

လူရွယ်က မချိတင်ကဲမျက်နှာထားဖြင့်...

“ဒါဖြင့် ငါတို့ သတိကြီးကြီးထားပြီး စောင့်ကြတာပေါ့ ၊ မင်းပြောတဲ့အတိုင်း သူတို့တွေရောက်လာဖို့ မျှော်လင့်ပါတယ်”

***

ရန်‌ကျောက်ကဲနှင့် အားဟူတို့က နှင်းများဖုံးလွှမ်းနေသော တောင်ကုန်းငယ်တစ်ခုထက်တွင် မတ်တတ်ရပ်နေကြသည်။

“ငါတို့ ဒီနေရာအထိပဲ လာလို့ရတယ် ၊ ဆက်ပြီးချဉ်းကပ်လို့ မဖြစ်တော့ဘူး ၊ ဒီနှင်းလွင်ပြင်မှာက ခြေရာဖျောက်ဖို့ အတော်လေးခက်ခဲတယ် ၊ တစ်ဖက်လူက ငါတို့ထက်ကျင့်ကြံခြင်းအဆင့်မြင့်နေရင် ပြဿနာရှိနိုင်တယ်”

ရန်ကျောက်ကဲက နဖူးကိုလက်ဖြင့်ကာရင်း အဝေးသို့လှမ်းကြည့်ရင်း ဆက်ပြောသည်။

“ကြည့်ရတာ သူတို့က အတော်လေး သတိကြီးကြီးထားပြီး စောင့်နေကြတဲ့ပုံပဲ”

အားဟူ၏မျက်နှာအမူအရာက ခါးသက်သွားပြီး စိတ်ရှုထွေးဟန်ဖြင့်...

“သခင်လေး ၊ ဒီနေရာက အရမ်းကြမ်းတမ်းတယ် ၊ တစ်ဖက်သားကို အလစ်ချောင်းတိုက်ခိုက်ဖို့ အရမ်းခက်တယ် ၊ ပြီးတော့ သူတို့က လူအင်အားလည်းမနည်းတဲ့အပြင် အခု ကျွန်တော်တို့ရှိနေတဲ့နေရာနဲ့လည်း အတော်လေးဝေးတယ် ၊ ဒါကြောင့် ရန်သူကိုမျက်စိလှည့်စားဖို့ တပ်ဖျောက်ထားတာလည်း ဖြစ်နိုင်တယ် ၊ ဒီကောင်တွေကို တစ်ချက်တည်းရှင်းမပစ်နိုင်ဘူးဆိုရင် သွားပြီးတိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး ၊ ပြီးတော့ သူတို့အုပ်စုထဲမှာ ကောင်းကင်မိုးကြိုးခန်းမက အထွတ်ထိပ်သိုင်းသမားတစ်ယောက် မရှိဘူးလို့ ဘယ်သူသိနိုင်မလဲ”

ရန်ကျောက်ကဲက...

“သူတို့ဘက်မှာ အမတလက်ဖွဲ့အဆင့်သိုင်းဆရာသခင်တော့ မရှိလောက်ဘူး ၊ ဒီအချိန်က ထိပ်သီးသိုင်းဂိုဏ်းကြီးတွေကြား သဘောထားတင်းမာနေတဲ့ကာလဆိုတော့ အားလုံးက သတိထားနေကြတာ ၊ ဒီလိုနေရာမျိုးကို ကျင့်ကြံခြင်းအဆင့် အရမ်းမြင့်မားတဲ့သူတစ်ယောက် ရောက်မလာနိုင်ဘူး ၊ ဘယ်သူမှ တခြားလူတွေ အာရုံစိုက်တာ မခံချင်ဘူးလေ ၊ အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်တွေတော့ ရှိကောင်းရှိနိုင်တယ် ၊ ဒါပေမဲ့ သူတို့အဆင့်က ဘယ်လောက်ရှိလဲ ပြောဖို့ခက်တယ်”

ရန်ကျောက်ကဲက မေးကိုပွတ်သပ်ရင်း...

“ငါတို့ဝါဒတောင်နဲ့ နေသူတော်စင်ဂိုဏ်းဆိုရင်တော့ ဘာမှမဖြစ်နိုင်ဘူး ၊ ဒါပေမဲ့ အဆုံးမဲ့တေင်တန်း ၊ ကျောက်စိမ်းပင်လယ်မြို့တော် နှစ်ဖက်ညှပ်ထားတဲ့ ကောင်းကင်မိုးကြိုးခန်းမအတွက်တော့ အခုအချိန်က လှုပ်ရှားဖို့အချိန်ကောင်း မဟုတ်နိုင်ဘူး”

အားဟူက နာကျင်သွားသည့်အမူအရာဖြင့်...

“သခင်လေး... ကျွန်တော်တို့ မြောက်ဖျားကိုလာတဲ့သတင်း ပေါက်ကြားသွားလို့ ကောင်းကင်မိုးကြိုးခန်းမက သခင်လေးကိုသတ်ဖို့ တမင်သက်သက် လူတွေလွှတ်ထားတာများလား”

ရန်ကျောက်ကဲက တစ်ချက်စဉ်းစားရင်း...

“အဲဒီလိုတော့ မဖြစ်နိုင်ပါဘူး ၊ သေသေချာချာတော့မပြောနိုင်ပေမယ့် ကောင်းကင်မိုးကြိုးခန်းမမှာ ရေခဲနဂါးသူတော်စင်အကြောင်း သိတဲ့သူတစ်ယောက် ရှိနေတယ်ထင်တယ်”

နောက်ဆုံးစာကြောင်းကို ရန်ကျောက်ကဲက သူ့တစ်ကိုယ်စာကြားလောက်ရုံလေသံဖြင့် ပြောလိုက်သဖြင့် အားဟူက သူ့ကို စူးစမ်းလိုသည့်အကြည့်ဖြင့် ကြည့်နေသည်။

ရန်ကျောက်ကဲက ထပ်ပြောလိုက်၏။

“ကောင်းကင်မိုးကြိုးခန်းမမှ ရေခဲနဂါးသူတော်စင်ရဲ့ အမွေအနှစ်အကြောင်း သိတဲ့သူတစ်ယောက် ရှိနေနိုင်တယ်”

သူက အဝေးသို့ လှမ်းကြည့်ရင်း ရေရွတ်လိုက်သည်။

“သူတို့ရှိတဲ့နေရာက ဒီလောက်ဝေးတာတောင် ဧရိယာတစ်ခုလုံးကို ဘာလို့ပိတ်ဆို့ထားရတာလဲ”

အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း...

“ရေခဲနဂါးသူတော်စင်အမွေအနှစ်အတွက် သူတို့ဒီကိုရောက်လာမှန်း သခင်လေးက ဘယ်လိုလုပ်သိတာလဲ ၊ ပြီးတော့ သူတို့က အဲဒီအမွေအနှစ်အတွက်လာတာဆိုရင် အခုချိန်ထိ အဲဒါကို မယူနိုင်သေးဘူးလား ၊ တကယ်ဆို ကျွန်တော်တို့ထက်အရင်ဦးရမှာ မဟုတ်ဘူးလား”

ရန်ကျောက်ကဲက ပြန်မဖြေဘဲ ကျောက်စိမ်းတုံးငယ်တစ်ခုကို ထုတ်ယူလိုက်သည်။

ထိုကျောက်စိမ်းက အရည်အသွေးကောင်းမွန်သော်လည်း ဝိညာဉ်စွမ်းအားများ ခမ်းခြောက်နေဟန်ရှိသည်။ မျက်နှာပြင်ထက်တွင်ထွက်ပေါ်နေသော ဝိညာဉ်စွမ်းအား အနည်းငယ်ကိုသာ ခံစားနိုင်သည်။

ရန်ကျောက်ကဲက ကျောက်စိမ်းတုံးလေးကို လက်ဖဝါးထက်တွင်ချိန်ဆရင်း ပြုံးလိုက်၏။

“သူတို့မှာ ဒီပစ္စည်း မရှိဘူးလေ ၊ ဒီကျောက်စိမ်းထဲက ဝိညာဉ်စွမ်းအားတွေအကုန်လုံးကို ငါ စုပ်ယူပစ်လိုက်ပြီ ၊ ဒီတော့ ရေခဲနဂါးသူတော်စင်ရဲ့ အမွေအနှစ်ကို ဖွင့်လှစ်ဖို့ ငါ့ရဲ့ကြယ်တာရာချီစွမ်းအားနဲ့မှ ဖြစ်နိုင်လိမ့်မယ် ၊ မဟုတ်လို့ကတော့ အဲဒီရေကဲကန်တစ်ခုလုံးကို ဖြည်းဖြည်းချင်း တူးပေရော့ပဲ”

အားဟူက သူ့လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်လိုက်ရင်း...

“သခင်လေး... ဒါဆို အခု လုပ်ကြမလား”

ရန်ကျောက်ကဲက ပြုံးရင်း...

“အလျင်လိုစရာ မရှိပါဘူး ၊ သူတို့ ဒီနေရာမှာစုနေတာ ငါတို့အတွက်လည်း ကောင်းပါတယ် ၊ တခြားကိစ္စတွေလှုပ်ရှားရတာ အဆင်ပြေတာပေါ့”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက နှင်းများဖုံးလွှမ်းနေသည့် တောင်ကုန်းထက်မှ ဆင်းသွားသည်။

ထို့နောက် ရေခဲရေကန်တည်ရှိရာနေရာကို ရှောင်ကွင်းပြီး အားဟူနှင့်အတူ အခြားနေရာတစ်ခုသို့ ထွက်ခွာသွားသည်။

ရန်ကျောက်ကဲက အနီးပတ်ဝန်းကျင် မိုးမြေတစ်ခွင်မှ ဝိညာဉ်စွမ်းအားစီးဆင်းမှုများကို တိတ်တဆိတ်ခံစားရင်း အရှေ့ဘက်သို့ ဦးတည်ထွက်ခွာသွားသည်။ ရံဖန်ရံခါ တစ်ထောက်နားပြီး ခရီးဆက်ခဲ့ကြသည်။

ထိုသို့ဖြင့်...

ရက်ပေါင်းများစွာ ခြေလျှင်ခရီးနှင်ခဲ့ကြပြီးနောက် နှင်းလွင်ပြင်တစ်နေရာတွင် ရန်ကျောက်ကဲ မတ်တတ်ရပ်လိုက်သည်။

သူက ခြေထောက်အောက်မှ နှင်းထုနှင့်ရေခဲများကို အချိန်ကြာမြင့်စွာ ကြည့်နေသည်။ ထို့နောက် ခြေတစ်ချက်ဆောင့်လိုက်ရာ နှင်းများနှင့်အတူ ရွှံများပါ အက်ကွဲထွက်လာကြောင်း တွေ့လိုက်ရ၏။

ရေခဲနှင့် ရွှံ့အလွှာများ ကွဲထွက်သွားပြီးနောက် ရန်ကျောက်ကဲ အောက်ဘက်သို့ ကျဆင်းသွားသည်။

ခဏအကြာတွင် ရန်ကျောက်ကဲ ခြေထောက်အောက်မှမြေလွှာက လျော့နည်းသွားပြီး ပျော့ပြောင်းလာသည်ကို ခံစားလိုက်ရသည်။

ရန်ကျောက်ကဲက ချက်ချင်းပင် နှင်းလွင်ပြင်ထက်သို့ ပြန်ခုန်တက်လိုက်သည်။ အောက်သို့ပြန်ငုံ့ကြည့်လိုက်တော့ အောက်သို့ကျွံသွားသည့်အခေါင်းပေါက်အတွင်းမှ ပွက်ပွက်ဆူနေသည့်ရေပူများ ထွက်လာသည်ကို တွေ့ရသည်။

“သခင်လေး... ဒါ...”

အားဟူ သေသေချာချာ ကြည့်လိုက်တော့ ရေပူစမ်းတစ်ခုဖြစ်ကြောင်း တွေ့လိုက်ရသည်။

ရေခဲနှင့်နှင်းများ ဖုံးလွှမ်းပြည့်နက်နေသည့်နေရာတွင် ရေပူစမ်းတစ်ခု ရှိနေခြင်းပင်။ စမ်းရေအရောင်ကလည်း အပြာရောင်ဖြစ်၏။

ရန်ကျောက်ကဲက လက်ပိုက်ရင်း အောက်ဘက်မှအပြာရောင်ရေပူစမ်းကို အာရုံစိုက်လိုက်သည်။

“ဒါက ကျွင်းအာနဲ့ အစ်မီကျန်းအတွက် မျှော်လင့်ချက်ပဲ”

All Chapters