← Chapters

အခြားနည်းလမ်းတစ်ခုမှတစ်ဆင့်

Vol. 24 Ch. 338

အခြားနည်းလမ်းတစ်ခုမှတစ်ဆင့်

Vol. 24 Ch. 338

အခန်း (၃၃၈) အခြားနည်းလမ်းတစ်ခုမှတစ်ဆင့်

အားဟူက အပြာရောင်ဝိညာဉ်စမ်းချောင်းလေးကို စူးစမ်းဟန်ဖြင့် ကြည့်လိုက်သည်။

ရန်ကျောက်ကဲက ခေါင်းမော့လိုက်ပြီး ပတ်ဝန်းကျင်အခြေနေကို လေ့လာလိုက်သည်။

သူက ပတ်ဝန်းကျင် မိုးမြေတစ်ခွင်မှ ဝိညာဉ်စွမ်းအားလှည့်ပတ်မှုကို အာရုံခံလိုက်သည်။ ထို့နောက် အပြာရောင်စမ်းရေကို လက်တစ်ခုပ်လှမ်းယူပြီး သူ၏ကြယ်တာရာချီစွမ်းအားများဖြင့် ပေါင်းစပ်ကာ ဂရုတစိုက် စစ်ဆေးကြည့်သည်။

ခဏကြာတော့ ရန်ကျောက်ကဲက...

“အချိန်မတန်သေးဘူး ၊ ဒီနေရာမှာ ဝိညာဉ်စွမ်းအားတွေ ပိုများလာတဲ့အထိ စောင့်ရလိမ့်မယ်”

ပြောပြီးသည်နှင့် သူက ပတ်ဝန်းကျင်အခြေအနေကို တစ်ချက်လေ့လာလိုက်ပြီး မြေပြင်ထက်သို့ ခြေထောက်ဖြင့် နောက်တစ်ကြိမ် ဖိနင်းချလိုက်သည်။

သူ့ခြေနင်းချက်ကြောင့် အနီးပတ်ဝန်းကျင်မှ မြေဆီလွှာများ ကျောက်တုံးကျောက်ခဲများနှင့် နှင်းခဲများ ပြိုကျလာပြီး အပြာရောင်ရေပူစမ်းတည်နေရာ ဖုံးကွယ်သွားသည်။

ပတ်ဝန်းကျင် မြေထုတွင် အပြောင်းအလဲများဖြစ်ပေါ်သွားပြီး ကျောက်တုံးများပြိုကျနေမှုက နှင်းလွင်ပြင်ထက်တွင် အနည်းငယ် ထူးခြားနေသယောင် တွေ့မြင်ကြရသည်။

ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ကြယ်တာရာချီစွမ်းအားများ ရုတ်တရက် ပြောင်းလဲသွားပြီး ရေခဲနဂါးများဖြင့် ဖန်တီးထားသော အဖြူရောင်ကြယ်တာရာချီစွမ်းအားများ ထွက်ပေါ်လာသည်။ အရိုးထဲထိစိမ့်ဝင်ထိုးဖောက်နိုင်သော ထိုချီစွမ်းအားများက လေထုထဲတွင် ပျံသန်းထွက်ပေါ်လာကာ မြေပြင်ထက်သို့ ဆင်းသက်လာပြီး ပုံပျက်ပန်းပျက်ကျောက်တုံးများနှင့် မြေလွှာများ တည်ရှိရာနေရာကို ချိတ်ပိတ်လိုက်သည်။

အားဟူက ဘေးနားမှ လိုအပ်ချက်များကို ပြုပြင်ရန် ကူညီပေးလိုက်ပြီး ကျောက်တုံးများနှင့် မြေလွှာများက ပတ်ဝန်းကျင်နှင့် သိပ်ပြီးကွဲပြားနေမှုမရှိစေရန် ပြုလုပ်လုက်သည်။

အားလုံးပြုလုပ်ပြီးသွားသည်နှင့် ရန်ကျောက်ကဲက...

“လာ... ငါတို့ နောက်တစ်နေရာကို သွားရအောင်”

ထို့နောက် ရန်ကျောက်ကဲက ဦးဆောင်ခရီးနှင်သွားရင်း စကားဆိုသည်။

“အားဟူ... စောစောက မင်းကိုပေးထားတဲ့ ဓား (၄)လက် ငါ့ကိုပေး...”

အားဟူက ချက်ချင်းပင် (၁)ပေထက်ပိုမရှည်သော သာမန်ပုံစံရှိသည့် ဓား (၄)လက်ကို ရန်ကျောက်ကဲအား ထုတ်ပေးလိုက်သည်။

သေသေချာချာကြည့်မည်ဆိုလျှင် ထိုဓား (၄)လက်မှာ ထက်ရှခြင်းမရှိဘဲ အနားသတ်များ ၊ ဓားဦးချွန်များ ခပ်တုံးတုံးဖြစ်နေသည်ကို တွေ့ရပေမည်။

သို့ပေသိ ဓားသွားများက သွေးနီရောင်တောက်ပနေပြီး မီးတောက်ပမာ လင်းလက်နေသည်။

ဓား (၄)လက်ကို ယူပြီးသည်နှင့် ရန်‌ကျောက်ကဲက ကြယ်တာရာချီစွမ်းအားကို ထုတ်ဖော်လိုက်လေရာ ဓားများအားလုံး လေထဲသို့ ပျံတက်သွားပြီး ရန်ကျောက်ကဲအား လှည့်ပတ်နေသည်။

ဓားများယိမ်းထိုးသွားသည်နှင့် လေထဲတွင်မီးတော်ကများကခုန်နေသည့်အလားထင်မှတ်ရပြီး တစ်ပြိုင်တည်းပင် ရန်ကျောက်ကဲ၏ ဦးခေါင်းထက်တွင် ပုံရိပ်ယောင်ပမာ မီးတောက်စီးကြောင်းတစ်ခု ဖြစ်တည်လာသည်။ ထိုမီးတောက်စီးကြောင်းက အဆုံးမရှိဝေးကွာသော နေရာတစ်ခုသို့ ညွှန်ပြနေ၏။

မီးတောက်စီးကြောင်းက လမ်းညွှန်ပေးသည့်နေရာသို့ ရန်ကျောက်ကဲနှင့်အားဟူ အတူတကွ ခရီးဆက်ခဲ့ကြသည်။

အချိန်ကြာလာသည်နှင့်အမျှ အဆုံးမရှိဝေးကွာသောနေရာသို့ ညွှန်ပြနေသည့် ပုံရိပ်ယောင်မီးတောက်စီးကြောင်းက တဖြည်းဖြည်းတည်ငြိမ်လာပြီး  ဦးတည်ချက် တစ်ခုတည်းသို့သာ တည့်တည့်ညွှန်ပြနေသည်။

ထိုပုံရိပ်ယောင်မီးတောက်စီးကြောင်းက အဖြူရောင်နှင်းများအလယ် အလွန်ထင်ရှားနေသော်လည်း ဓား (၄)လက်ကို ထိန်းချုပ်ထားသော ရန်ကျောက်ကဲတစ်ယောက်သာလျှင် ထိုမီးတောက်စီးကြောင်းကို မြင်နိုင်စွမ်း ရှိသည်။

ခရီးရှည်နှင်ခဲ့ပြီး တစ်နေရာအရောက်တွင် နှစ်ယောက်လုံး ရပ်တန့်လိုက်ကြသည်။

ရန်ကျောက်ကဲ ဦးခေါင်းထက်မှ မီးတောက်စီးကြောင်းက မြေကြီးအောက်တည့်တည့်သို့ ထိုးဖောက်ဝင်ရောက်သွားသည်။

သူက ခေါင်းကိုမော့ပြီး ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအားစီးဆင်းမှုများကို အာရုံခံလိုက်သည်။

အတန်ကြာမှ ရေရွတ်လိုက်၏။

“ဒီနေရာအဆင်ပြေနိုင်တယ်”

ထို့နောက် သူက လက်ဖဝါးဖြင့် မြေပြင်ထက်သို့ ခပ်သာသာ တစ်ချက်ဖိနှိပ်လိုက်ရာ ရေခဲပြင်နှင့်အတူ မြေပြင်ပါ ပြိုကျသွားသည်။

တစ်ချိန်တည်းမှာပင် လေထဲမှ ဓား (၄)လက်၏ ဓားဦးချွန်များက မြေပြင်ထက်သို့ ထိုးစိုက်သွားသည်။

ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းရင်း ဓား (၄)လက်ကို မြေကြီးထဲနစ်ဝင်သွားအောင် ရိုက်ချလိုက်၏။

ဓားသွားများက မြေကြီးအတွင်းစိုက်ဝင်သွားပြီး ဓားရိုးများက မြေကြီးအပြင်ဘက်တွင် ကျန်ရှိနေသည်။ ၎င်းဓားရိုးများမှ သွေးနီရောင်အလင်းတန်းများထွက်ပေါ်လာသည်။ ထို့နောက် ထိုအလင်းတန်းများက တဖြည်းဖြည်း ရေခဲပြာရောင် ပြောင်းလဲသွားသည်။

ရန်ကျောက်ကဲ ခေါင်းတစ်ချက်ညိတ်လိုက်ပြီး မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်ကို ထုတ်ယူလိုက်သည်။ ထို့နောက် ဓား (၄)လက်ကို မြေကြီးထဲမှ ထုတ်ယူသိမ်းဆည်းလိုက်ပြီး အားဟူနှင့်အတူ လွန်းပြန်ယဉ်ကိုမောင်းနှင်ကာ မြေအောက်သို့ သက်ဆင်းသွားတော့၏။

အေးခဲနေသောမြေဆီလွှာများကြားတွင် ရွေ့လျားနေသည့် မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်က ခါတိုင်းလို သွက်လက်ခြင်း မရှိပေ။

သို့သော် ရန်ကျောက်ကဲက လွန်းပြန်ယဉ်ကို ထိန်းချုပ်လိုက်သည့်အခါ ဖိအားများအနည်းငယ် လျော့နည်းသွားသလို ခံစားလိုက်ရသည်။

မြေကြီးနှင့်ကျောက်တုံးများကို ထိုးခွင်းကာ အမှောင်ထုထဲတွင် ခရီးနှင်နေကြသော်လည်း သူတို့ရောက်နေသည့် ပတ်ဝန်းကျင်က ရေခဲအလွှာတစ်ခုဖြစ်ကြောင်း ရန်ကျောက်ကဲ သိရှိသည်။

ရန်ကျောက်ကဲ မည်သည့်နေရာသို့ သွားနေပါသနည်း။

ဤနေရာ မြေပြင်အောက်တွင် ကွယ်ဝှက်ထားသော ဧရာမရေခဲလိုဏ်ဂူကြီးတစ်ခုဆီသို့ သွားရောက်နေခြင်း ဖြစ်သည်။

ရန်ကျောက်ကဲနှင့် အားဟူ စီးနင်းလာသော မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်သည် ရုတ်တရက် ဗလာနယ်တစ်ခုကို ဖြတ်သန်းသွားပြီး ရေခွဲအလွှာတစ်ခုထက်တွင် ပြန်လည်ထွက်ပေါ်လာသည်။ ထိုနေရာက ဧရာမရေခဲဂူကြီး၏ အလယ်ပိုင်း ဖြစ်၏။

ဤမြေ‌အောက် ရေခဲလိုဏ်ဂူကြီးက လုံးဝအလုံပိတ်နေရာတစ်ခု ဖြစ်သော်လည်း ရန်ကျောက်ကဲနှင့် အားဟူတို့ကတော့ ဤနေရာတွင် ပုံမှန်အတိုင်း အသက်ရှူနေနိုင်သည်။

သူတို့ရှေ့တွင် အပြာနုရောင် ပုံရိပ်တစ်ခု တောက်ပနေသည်ကို တွေ့ရသည်။

ထိုအရာက တိတ်တဆိတ်စီးဆင်းနေသော မြေအောက်လျှို့ဝှက်ရေခဲမြစ်တစ်စင်းဖြစ်ဆင်တူသည်။

အပြာရောင်ပုံရိပ်ကိုကြည့်ရင်း ရန်ကျောက်ကဲ ပြုံးလိုက်သည်။

“ဒီနေရာပဲ...”

အားဟူက စီးဆင်းနေဟန်ရှိသော အပြာရောင်အလင်းတန်းကို စိုက်ကြည့်ရင်း...

“သခင်လေး... ဒါကိုကြည့်ရတာ ရေခဲချီစွမ်းအားနဲ့ နှင်းတွေပေါင်းစပ်ပြီး အဆုံးစွန်အထိ သိပ်သည်းနေသလိုပဲ”

ရန်ကျောက်ကဲက...

“အမှန်ပဲ ၊ အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်တွေတောင် အဲဒီအရာနဲ့ ထိတွေ့မိရင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး ၊ ဒါကြောင့် မင်း အဲဒါကို လုံးဝသွားမထိနဲ့  ၊ မဟုတ်လို့ကတော့ မင်းရဲ့ အသွေးအသား ၊ အရိုးတွေအကုန်လုံး အေးခဲသွားပြီး ရေခဲရုပ်တုဖြစ်သွားလိမ့်မယ်”

အားဟူက ခေါင်းညိတ်ရင်း...

“ဒီရေခဲဂူကြီးတစ်ခုလုံးက အေးတယ်လို့ မခံစားရဘူး ၊ ကြည့်ရတာ အအေးဓာတ်အားလုံးက အဲဒီအပြာရောင်အလင်းတန်းထဲ ပေါင်းစပ်သွားတာဖြစ်ရမယ် ၊ ကြည့်တာနဲ့တင် ကျောချမ်းစရာပဲ”

ရန်ကျောက်ကဲက တည်ကြည်သည့်မျက်နှာထားဖြင့်...

“ဒါက မြောက်ဖျားရေခဲလွင်ပြင်တွေ ၊ နှင်းတောင်တွေရဲ့ မူလအစပါပဲ ၊ ရေခဲနဲ့နှင်းကမ္ဘာရဲ့ မူလရင်းမြစ်လို့ ပြောလို့ရတယ် ၊ မိုးမြေမှာ သဘာဝအတိုင်းဖြစ်တည်လာတဲ့ ‘ပကတိရေခဲသွေးကြော’ ပါပဲ... ပြီးတော့...”

ခဏနားပြီးမှ သူက ဆက်ပြောသသည်။

“... တကယ်တော့ ဒီနေရာက ပင်မ ပကတိရေခဲသွေးကြော မဟုတ်သေးဘူး ၊ သွေးကြောအခွဲတစ်ခုပဲ ရှိသေးတယ် ၊ ပင်မသွေးကြောဆိုလို့ကတော့ သိုင်းသူတော်စင်တစ်ယောက် သွားထိမိရင်တောင် အေးခဲပြီး အသက်ပျောက်သွားနိုင်တယ်”

ရန်ကျောက်ကဲက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချရင်း...

“အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးက အအေးစွမ်းအားတွေမှာ ‘ပကတိရေခဲသွေးကြော’ ထက် အစွမ်းထက်တာ မရှိပါဘူး”

အားဟူက နောက်သို့ ခြေတစ်လှမ်းဆုတ်ရင်း...

“ဒါဖြင့်... သခင်လေး ဘာလို့ ဒီနေရာကိုလာရတာလဲ”

ရန်ကျောက်ကဲက...

“စမ်းသပ်မှုတစ်ခု လုပ်မလို့လေ ၊ ဒီစမ်းသပ်မှုသာ အောင်မြင်ရင် ငါတို့ လုပ်ငန်းကြီးတစ်ခု အောင်မြင်ပြီ”

အားဟူက ထိုစကားကို နားမလည်သဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။

ရန်ကျောက်ကဲက လက်တစ်ဖက်လှုပ်ရှားလိုက်ပြီး သူ ကြိုတင်ပြင်ဆင်ထားသည့် ပစ္စည်းမျိုးစုံကို ထုတ်ယူလိုက်သည်။

အစီအရင်တစ်ခုပြုလုပ်နေရင်း သူက စကားဆိုသည်။

“မဟာကပ်ဘေးကြီးမတိုင်ခင်က  သိုင်းစွမ်းအလွန်ထက်မြက်တဲ့ ‘အမတနှင်းနန်းတော်’ ရှိတယ်ဆိုတဲ့အကြောင်း ရှေးဟောင်းမှတ်တမ်းတွေထဲမှာ ရေးသားထားတယ် ၊ အမတနှင်းနန်းတော်က အရမ်းအစွမ်းထက်တဲ့ ကောင်းကင်ရေခဲစမ်းချောင်းကို ပိုင်ဆိုင်ထားတယ် ၊ ဒါပေမဲ့ နောက်ပိုင်းမှာ အဲဒီကောင်းကင်ရေခဲစမ်းချောင်းတွေဟာ ဘာကြောင့်မှန်းမသိ တဖြည်းဖြည်းခမ်းခြောက်သွားကြတယ်”

စကားပြောရင်း ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သွေးနီရောင်ဓား (၄)လက်က လိုဏ်ဂူအပေါ်ဘက် ရေခဲလွှာ၏ ထောင့် (၄)ထောင့်တွင် အသီးသီး နစ်မြုပ်သွားသည်။

“ကောင်းကင်ရေခဲစမ်းချောင်း ဘာလို့ခမ်းခြောက်သွားလဲဆိုတာ ငါလည်း မသိဘူး ၊ ဒါပေမဲ့ ငါ့စိတ်ထဲ သံသယဝင်နေတာ တစ်ခုရှိသည်။

ရန်ကျောက်ကဲက ဆက်ပြောသည်။

“မိုးမြေတစ်ခွင်က ထူးခြားဖြစ်စဉ်တွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ် ၊ ကမ္ဘာပေါ်က ဝိညာဉ်စွမ်းအားစီးဆင်းမှုတွေက တစ်ခုပြီးတစ်ခု ပြောင်းလဲနေပေမယ့် တကယ်တမ်း ခြုံကြည့်လိုက်ရင် အားလုံက ဆက်စပ်နေတယ် ၊ တချို့တွေက သိသိသာသာဆက်စပ်နေတယ် ၊ တချို့ကတော့ မသိသာဘူး ၊ တချို့က ငါတို့ ထိတွေ့နားလည်လို့ရတယ် ၊ တချို့ကတော့ ခြေရာပျောက်အဆက်အသွယ်ပြတ်နေတယ်”

ရန်ကျောက်ကဲက များပြားလှစွာသောပစ္စည်းများကို အသုံးပြုပြီး အစီအရင်တစ်ခုကို ခပ်မြန်မြန် တည်ဆောက်နေသည်။

အစီအရင်တည်ဆောက်နေရင်း သူက ဆက်ပြောသည်။

“အစွန်းရောက်အအေးဓာတ်နဲ့ အစွန်းရောင်အပူဓာတ်က ဆန့်ကျင်နေတယ်လို့ထင်ရပေမယ့် ယင်နဲ့ယန်လိုမျိုး လိုက်ဖက်ညီမှုရှိတယ်”

ရန်ကျောက်ကဲက သက်ပြင်းတစ်ချက်ချရင်း...

“အဲဒီအချိန်တုန်းက အမတနှင်းနန်းတော်ကို ဘယ်သူမှမတိုက်ခိုက်ဘဲ အလိုလိုနေရင်း ကောင်းကင်ရေခဲစမ်းချောင်းက ခမ်းခြောက်သွားပြီး ဝိညာဉ်စွမ်းအားတွေ ပျက်ဆီးသွားတယ် ၊ ဘာလို့ အဲဒီလို ဖြစ်ရတာလဲ”

အလုပ်ပြီးသွားသည်နှင့် ရန်ကျောက်ကဲက ဝတ်ရုံကို လက်ဖြင့်ခါလိုက်ရင်း...

“ငါ ခန့်မှန်းကြည့်ရသလောက်... လူတွေမသိနိုင်တဲ့ နည်းလမ်းတစ်ခုကြောင့် အဲဒီလိုဖြစ်သွားတာ ၊ အဲဒီနည်းလမ်းက အမတနှင်းနန်းတော်က ခန်းမှန်းထားတာထက်တောင် ကျော်လွန်နေနိုင်တဘ် ၊ တစ်စုံတစ်ယောက်က ဘယ်သူမှတွေးမထားတဲ့နည်းလမ်းကို အသုံးပြုပြီး ကောင်းကင်ရေခဲစမ်းချောင်းကို ဖျက်ဆီးလိုက်တာပဲ”

ထိုစကားကြားသည်နှင့် အားဟူ ချက်ချင်း သဘောပေါက်သွားသည်။

“သခင်လေး ဆိုလိုတာက ပကတိမီးသွေးကြောမှာ တစ်ခုခုလုပ်လိုက်ရင် မီးနဲ့ရေကြားက ဆန့်ကျင်ဘက်သဘောတရားကို ကျော်လွန်ပြီး ယင်နဲ့ယန် လိုက်ဖက်ညီခြင်းအပေါ် သက်ရောက်မှု ရှိသွားမယ် ၊ အဲဒါကြောင့် ပကတိရေခဲသွေးကြောမှာ အပြောင်းအလဲဖြစ်သွားပြီး အမတနှင်းနန်းတော်က ကောင်းကင်ရေခဲစမ်းချောင်းကို ခမ်းခြောက်သွားစေတယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အမှန်ပဲ ၊ ဒါပေမဲ့ ဒီလိုလုပ်ဖို့ဆိုတာ အရမ်းခက်ခဲတယ် ၊ အဲဒီပုဂ္ဂိုလ်က တကယ်အရည်အချင်းရှိတဲ့သူဆိုရင် အမတနှင်းနန်းတော်ကို တိုက်ခိုက်အမှုန့်ချေပစ်လို့ရတာပဲလေ ၊ ဒါပေမဲ့ သူ  မလုပ်ခဲ့ဘူး ၊ သူက သိမ်မွေ့တဲ့နည်းလမ်းကို အသုံးပြုပြီး ကီလိုဂရမ်တစ်ထောင်လေးလံတဲ့အရာကို ခွန်အားနည်းနည်းလေးပဲသုံးပြီး ရွေ့လျားစေလိုက်တယ် ၊ သူ့ လုပ်ဆောင်ချက် အောင်မြင်သွားတယ်လို့ ‌ပြောလို့ရတယ်”

အားဟူက စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။

“ဒါဖြင့်... ပကတိမီးသွေးကြောနဲ့ ပကတိရေခဲသွေးကြောတွေလို မြေပြင်သွေးကြောတွေက တစ်ခုနဲ့တစ်ခု အခုလိုကြီးမားတဲ့လွှမ်းမိုးမှုရှိတယ်ဆိုတာ သူက ဘယ်လိုလုပ်သိတာလဲ ၊ အဲဒီကိစ္စကို မစဉ်းစားဘူးထားလိုက်... သူ့နည်းလမ်းက အမတနှင်းနန်းတော်ရဲ့ ကောင်းကင်ရေခဲစမ်းချောင်းကို သက်ရောက်မယ်လို့ သူ ဘယ်လိုလုပ် သေသေချာချာ သိရတာလဲ ၊ ပကတိမီးသွေးကြောကို ပြဿနာနည်းနည်းရှာလိုက်ရုံနဲ့ ပကတိရေခဲသွေးကြောမှာ ပြောင်းလဲမှု မဖြစ်သွားတာမျိုးလည်း ဖြစ်နိုင်တာပဲလေ”

All Chapters