← Chapters

ငါ့နာမည်က မန်ဟို

Vol. 87 Ch. 1214

ငါ့နာမည်က မန်ဟို

Vol. 87 Ch. 1214

မန်ဟိုသည် မူလက အဋ္ဌမတောင်ပင်လယ်သို့ သွားဖို့ အစီအစဉ်မရှိခဲ့ပေ။ သူ၏ဦးစားပေးနေရာကား စတုတ္ထတောင်ပင်လယ်ဖြစ်ခဲ့သည်။ သူက ထိုနေရာသို့ တိုက်ရိုက်သွားရန် သို့မဟုတ် အဋ္ဌမတောင်ပင်လယ်ကို ဖြတ်၍သာသွားရန် မျှော်လင့်ခဲ့သည်။

ဒုတိယနည်းလမ်းသာ တစ်ခုတည်းသော ရွေးချယ်စရာဆိုလျှင် သူ့အနေဖြင့် သတ္တမတောင်၊ ဆဋ္ဌမတောင်နှင့် ပဉ္စမတောင်တို့ကို ဖြတ်သွားပြီးနောက်မှ ... စတုတ္ထတောင်ပင်လယ်သို့ ရောက်လိမ့်မည်။ ရှုချင်ကို အိမ်ပြန်ခေါ်ဖို့ ... တောင်ပင်လယ်များစွာကို သူ ဖြတ်သွားမည်။

သို့သော် ချူယွီယန်၏ကိစ္စ ပေါ်လာခဲ့ရာ သူ့မှာ စိတ်ပြောင်းခဲ့ပြီး စတုတ္ထတောင်သို့ တိုက်ရိုက်မသွားတော့ပေ။ ချူယွီယန်အပေါ်တွင် သူ အကြွေးများစွာ တင်နေသည့်အတွက် သူမဝိညာဉ်ကို ခြေရာခံ၍ သူမကို ကယ်တင်ရုံသာ ရှိတော့သည်။

ထို့ကြောင့် သူသည် အဋ္ဌမတောင်ပင်လယ်အား ဖြတ်သွားရန်မဟုတ်ဘဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့လေပြီ။

ဤနေရာတွင် မှီခိုရာဂိုဏ်းချုပ်နှင့် မန်မျိုးနွယ်စု ရှိသည်။ မန်မျိုးနွယ်စုသည် သူ့အမေ၏မျိုးနွယ်စု၊ သူ၏အမျိုးများ ဖြစ်၏။

မှီခိုရာဂိုဏ်းချုပ်နှင့်ပတ်သက်၍မူ သူ အဋ္ဌမတောင်ပင်လယ်တွင် ရှိနေကြောင်း တွေ့ခဲ့ရကတည်းက မန်ဟိုသည် သူ့အား စီးတော်လိပ်အဖြစ် အရယူမည်ဟု စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။

ထိုသို့စီးတော်လိပ်အဖြစ် ထိန်းကျောင်းနိုင်ပါက သူ့အနေဖြင့် တောင်ပင်လယ်များအကြားရှိ အတားအဆီးများအား အလွယ်တကူ ဖြတ်သွားနိုင်ဖို့ မှီခိုရာဂိုဏ်းချုပ်၏စွမ်းအားကို အသုံးပြုနိုင်လိမ့်မည်။

ယခုတွင် သူသည် သစ်မီးတောက်အဖွဲ့အစည်း၏ နေရာရွှေ့ပြောင်းခြင်းမုခ်ဝတွင် ရပ်နေ၏။ သစ်မီးတောက်အဖွဲ့အစည်းတွင် ကိုယ်ပိုင်ဂြိုဟ်မရှိ၍ သူတို့၏ဂိုဏ်းကို ဧရာမဂြိုဟ်သိမ်ကြီးတစ်လုံးအပေါ်တွင် တည်ဆောက်ထားလေသည်။ အဋ္ဌမတောင်၏ နိုင်ငံရေးအနေအထားက နဝမတောင်ပင်လယ်နှင့် အတန်ငယ်ကွဲပြားသဖြင့် ထိုကဲ့သို့ဂိုဏ်းသေးဂိုဏ်းမွှားအားလုံးနီးပါးသည် ထိုနည်းတူ တည်ဆောက်ထားကြရ၏။ “စီနီယာ ဒီနေရာကနေ ကောင်းကင်နတ်ဘုရားမဟာမိတ်ရဲ့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူလုပ်ဂြိုဟ်တုတစ်လုံးအပေါ် နေရာရွှေ့ပြောင်းသွားပါလိမ့်မယ်။ အဲဒီဂြိုဟ်တွေက ကောင်းကင်နတ်ဘုရားမဟာမိတ်အတွက် ဝင်ပေါက်တွေပဲ”

တာအိုဆရာသစ်မီးတောက်က လက်ယှက်ရင်း လေးလေးနက်နက် အရိုအသေပေးကာ စတင်ရှင်းပြသည်။ “အဲဒီကနေ ဝိညာဉ်နက်အဖွဲ့အစည်းဆီ ဦးတည်နေတဲ့ နေရာရွှေ့ပြောင်းခြင်းမုခ်ဝကို ရှာတွေ့လောက်ပါတယ်ခင်ဗျာ....”

မန်ဟိုက တစ်ချိန်လုံး သူ ပြောပြနေသော သတင်းအချက်အလက်များအတွက် အဖိုးအခကို တစ်ခွန်းမဟခဲ့သော ထိုလူအား တွေးတွေးဆဆ ကြည့်လိုက်သည်။ ရုတ်တရက် မန်ဟိုသည် တာအိုဆရာသစ်မီးတောက်၏နဖူးကို လှမ်းထိလိုက်ကာ နတ်မီးတောက်အနှစ်သာရအနည်းငယ်အား သူ၏ကိုယ်ထဲ စီးဆင်းသွားစေ၏။

တာအိုဆရာသစ်မီးတောက်မှာ မဆိုစလောက် တုန်ရီသွားပြီး မီးတောက်များအား မှုတ်ထုတ်တော့မည့်အလား မျက်နှာကြီးနီမြန်းလာသည်။ သူ့မျက်လုံးများသည် ဝမ်းသာပျော်ရွှင်မှုတို့ဖြင့် တောက်ပသွား၏။ သူက ကတုန်ကယင်ဖြင့် ဒူးထောက်ချလိုက်သည်။

“စီနီယာ ကျေးဇူးအများကြီးတင်ပါတယ်။ ဒီကျေးဇူးကို ကျုပ်တစ်သက်မမေ့ပါဘူး။ စီနီယာ လိုချင်တာရှိရင် ကျုပ် ဓားတောင်ကို ကျော်၊ မီးပင်လယ်ကို ဖြတ်ပေးပါ့မယ်” တာအိုဆရာသစ်မီးတောက်မှာ သူ ကျင့်ကြံထားသော မီးတောက်ကျင့်စဉ်များကို စဉ်းစားရင်း အလွန်တရာ စိတ်လှုပ်ရှားနေတော့သည်။ ယခုတွင် မန်ဟိုက သူ့ကို နတ်မီးတောက်အနှစ်သာရတချို့ ပေးအပ်ခဲ့ရာ ... သူ၏တာအိုနယ်ပယ်လမ်း ပွင့်သွားခဲ့ပြီဟု ဆိုလိုလေသည်။

ထိုကဲ့သို့လက်ဆောင်မျိုးသည် ... ဘဝအသစ်အတွက် လက်ဆောင်နှင့် တူ၏။

“ကျင့်ကြံခြင်းလမ်းစဉ်ဟာ နောက်ကျိမှုန်ဝါးနေတယ်” မန်ဟိုက ဖြည်းညင်းစွာ ပြောသည်။ “ဒါကြောင့် ငါ မင်းကို ပေးနိုင်သမျှက မင်းလမ်းကို အလင်းပြပေးမယ့် မီးအိမ်ပဲ။ ဘယ်လောက်ဝေးဝေး သွားနိုင်မလဲဆိုတာကတော့ ... မင်းအပေါ်ပဲ မူတည်တယ်။ အကောင်းဆုံးကြိုးစားပါ” သူက အင်္ကျီလက်စကို ခါလိုက်ရာ နေရာရွှေ့ပြောင်းခြင်းမုခ်ဝပတ်ပတ်လည်တွင် စီရင်ထားသော ဝိညာဉ်ကျောက်တုံးအစီအရင်သည် တဖျပ်ဖျပ် လက်လာ၏။ ဝိညာဉ်ကျောက်တုံးများ ကြေမွသွားစဉ် အစီအရင်၏စွမ်းအားက တောက်ပသောအလင်းရောင်ကို ဖြာထွက်သွားစေသည်....

အလင်း မှေးမှိန်ပျောက်ကွယ်သွားသောအခါ မန်ဟို့အား မည်သည့်နေရာတွင်မှ မမြင်ရတော့ပေ။

သို့သော် တာအိုဆရာသစ်မီးတောက်မှာတော့ ဒူးထောက်ဝပ်တွားလျက် ရှိနေဆဲပင်။

အဋ္ဌမတောင်ပင်လယ်တွင် ကောင်းကင်နတ်ဘုရားမဟာမိတ်အဖွဲ့သည် တောင်ကို လှည့်ပတ်နေသော ဂြိုဟ်များအနက်မှ သုံးလုံးကို ပိုင်စိုးထား၏။ ထိုဧရိယာကို အတွင်းပတ်လမ်းဟု ခေါ်သည်။

အတွင်းပတ်လမ်း၏အပြင်တွင် ကောင်းကင်နတ်ဘုရားမဟာမိတ်ကျင့်ကြံသူများသည် တာအိုအတတ်အမျိုးမျိုးကို အသုံးပြုကာ မရေမတွက်နိုင်သော ဂြိုဟ်သိမ်ဂြိုဟ်မွှားများကို အတူတကွ ပေါင်းစည်းရင်း လူလုပ်ဂြိုဟ်အတုများအား ဖန်ဆင်းထားကြ၏။

ထိုဧရိယာကိုတော့ အပြင်ပတ်လမ်းဟု ခေါ်သည်။

အပြင်ပတ်လမ်းထဲရှိ လူလုပ်ဂြိုဟ်အတုများသည် ဂြိုဟ်ဝိညာဉ်များကို ပိုင်ဆိုင်ထားပြီး အစစ်အမှန်အင်မော်တယ်များအား မွေးဖွားပေးနိုင်သော မဟာဂြိုဟ်ကြီးလေးလုံးနှင့် မတူပေ။ အလွန်ဆုံး ကျင့်ကြံသူများအတွက် နေထိုင်ပြီး ကျင့်ကြံအားထုတ်ရန် နေရာတစ်နေရာသာ ပေးနိုင်သည်။

သို့သော် ၎င်းတို့ကား အလွန်အထင်ကြီးအံ့ဩဖွယ် ကောင်းနေသေးသည်။

အဋ္ဌမတောင်ပင်လယ်ရှိ ကြယ်တာရာကောင်းကင်၏ ခုနစ်ဆယ်ရာခိုင်နှုန်းခန့်မှာ ကောင်းကင်နတ်ဘုရားမဟာမိတ်၏ အာဏာစက်အောက်တွင် ကျရောက်သည်။ ဤအာကာသသည် တသီးတခြားပိုင်နက်တစ်ခု ဖြစ်နေပြီး ကောင်းကင်နတ်ဘုရားမဟာမိတ် ကျင့်ကြံသူမဟုတ်သူများ လိုအပ်သောသက်သေခံအမိန့်ပြားမရှိသရွေ့၊ ဝင်ကြေးအခွန်အခမပေးသရွေ့ ဖြတ်မသွားနိုင်သော ကိုယ်ပျောက်ဒိုင်းတစ်ခုဖြင့် ကာကွယ်ခံထားရ၏။

ဝင်ပေါက်မှာတော့ ကောင်းကင်နတ်ဘုရားမဟာမိတ်သို့ ဦးတည်နေသည့် ဂိတ်ဝများဖြစ်သော လူလုပ်ဂြိုဟ်ခုနစ်လုံးဖြင့် ဖွဲ့စည်းထားသည်။ ၎င်းတို့က မျဉ်းဖြောင့်အတိုင်း စီတန်းလျက်ရှိလေသည်။

မန်ဟိုက ထိုဂိတ်ဝဂြိုဟ်အတုခုနစ်လုံးအနက်မှ သုံးလုံးမြောက်ပေါ်ရှိ အလွန်ထူးခြားစွာ စည်ကားသိုက်မြိုက်နေသောမြို့တစ်မြို့ထဲတွင် ပေါ်လာသည်။

ထိုနေရာတွင် ကောင်းကင်နတ်ဘုရားမဟာမိတ်ဆီ သွားချည်လာချည် လုပ်နေကြသော ကျင့်ကြံသူများဖြင့် ပြည့်ကြပ်နေ၏။

မည်သူမှ မန်ဟို့ကို အာရုံမရှိကြပေ။ သို့သော် နေရာရွှေ့ပြောင်းခြင်းမုခ်ဝမှ အလင်းတန်းတစ်တန်း ဖြာထွက်လာပြီး သူ့ကို လွှမ်းခြုံသွားသည်။ တာအိုဆရာသစ်မီးတောက်မှ သူ တောင်းခံခဲ့သည့် သက်သေခံအမိန့်ပြားက သူ၏သရုပ်မှန်ကို ဖုံးကွယ်ပေးထားရင်း တလက်လက်တောက်ပနေကာ အသုံးဝင်ကြောင်း သက်သေပြနေသည်။

ရုတ်တရက် မန်ဟိုသည် ဘေးမှ စိတ်မရှည်သောအသံတစ်သံကို ကြားလိုက်ရ၏။ “ကဲ ရောက်လာပြီမလား မြန်မြန် ဘေးဖယ်တော့။ စောင့်နေတဲ့လူတွေ ကျန်သေးတယ်”

သူက လှမ်းကြည့်လိုက်ရာ ကောင်းကင်နတ်ဘုရားမဟာမိတ်မှ ကျင့်ကြံသူများသာ ဝတ်ပိုင်ခွင့်ရှိသော အထူးအဆောင်အယောင်၊ အဖြူအပြာတာအိုဝတ်ရုံတစ်စုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ယောက်ကို မြင်လိုက်ရ၏။

ထို့နောက် မန်ဟိုသည် မပြောင်းလဲသောမျက်နှာထားဖြင့် နေရာရွှေ့ပြောင်းခြင်းမုခ်ဝမှ ထွက်၍ မြို့ထဲသို့ လျှောက်လာခဲ့သည်။ တစ်ချက်ကြည့်လိုက်လျှင် ကောင်းကင်နတ်ဘုရားမဟာမိတ်၏ ဤဂိတ်ဝဂြိုဟ်အတုအပေါ်တွင် ဟိုဟိုသည်သည် သွားလာနေကြသော ကျင့်ကြံသူထောင်ပေါင်းများစွာ ရှိကြောင်း သူ တွက်ချက်နိုင်လိုက်၏။

“ဂြိုဟ်ခုနစ်လုံး ... ကျင့်ကြံသူသန်းပေါင်းများစွာ ...” မန်ဟိုက ရေရွတ်လိုက်သည်။ “ဒီလိုစီးပွားရေးမျိုးနဲ့ ကောင်းကင်နတ်ဘုရားမဟာမိတ်က အမြတ်တွေကို ထားစရာနေရာတောင် ရှိမှာမဟုတ်ဘူး...” ဤအဋ္ဌမတောင်ပင်လယ်က မန်ဟို့အား ကောင်းကင်နတ်ဘုရားမဟာမိတ်၏ ကြီးမားမှုနှင့် ဩဇာအာဏာကို များစွာအထင်ကြီးမိစေသည်။

“သခင်ကျီ မပုန်ကန်ခဲ့လို့ ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းသာ ဒီနေ့အထိ ရှိနေခဲ့ရင် ... နဝမတောင်ပင်လယ်လည်း ဒီလိုဖြစ်နေလိမ့်မှာ” မန်ဟိုက သက်ပြင်းချလိုက်သည်။ သူသည် အဋ္ဌမတောင်ပင်လယ်သို့ မလာခင် စိတ်ကိုပြင်ဆင်ထားခဲ့သော်လည်း ဤမျှရှုပ်ထွေးလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။

သူ့တာဝန်က ရှုပ်ထွေးနေခြင်းမဟုတ်ဘဲ အခြေအနေနှင့် အချိန်အခါက ရှုပ်ထွေးနေခြင်းဖြစ်သည်။ ဝိညာဉ်နက်အဖွဲ့အစည်းအတွက်မူ ၎င်း မည်မျှအင်အားကြီးပါစေ အရေးမကြီး။ အနှစ်သာရ ၂ ခု တာအိုနယ်ပယ်ပညာရှင်ကို မြင်ခဲ့ရသော်လည်း ၎င်းက မန်ဟို့အား ဂရုစိုက်စေဖို့ မလုံလောက်ပေ။

သို့သော် ကောင်းကင်နတ်ဘုရားမဟာမိတ်တစ်ဖွဲ့လုံးကိုတော့ သူ အမှန်တကယ် ဂရုစိုက်ရလိမ့်မည်။ သူသာ ကောင်းကင်နတ်ဘုရားမဟာမိတ်၏ ပိုင်နက်ထဲသို့ သည်အတိုင်းကျူးကျော်ပြီး ဝိညာဉ်နက်အဖွဲ့အစည်းကို အမြစ်ဖြုတ်လိုက်လျှင် အဋ္ဌမတောင်ပင်လယ်တစ်ခုလုံး ပွက်လောရိုက်သွားလိမ့်မည်။ ရန်သူများလည်း သူ့ကို ခြေရာခံပြီး လိုက်သတ်ဖို့ ကြိုးစားလိမ့်မည်။

“နှမြောစရာပဲ။ ငါ့မှာသာ အချိန်ပိုရရင် အဆင်ပြေပြေ ကိုင်တွယ်လို့ရသေးတယ်။ စီးပွားရေးတစ်ခုလုပ်ပြီး အဲဒီကရမယ့် အကျိုးအမြတ်တွေနဲ့ ငါ့အပိုင်နေရာရွှေ့ပြောင်းမုခ်ဝတောင် ဆောက်နိုင်ဦးမှာ

“ကံဆိုးတာက အချိန်မရဘူး... ဒါပေမဲ့ အန္တရာယ်ဘယ်လောက်များများ လုပ်ကိုလုပ်ရမယ့် အရာတွေရှိတယ် .... တချို့လူတွေက ဘယ်လိုပဲဖြစ်ဖြစ် ကယ်တင်ခံရသင့်တဲ့လူတွေ

“အန္တရာယ်များလောက်ပေမယ့် ဒီမဖြစ်စလောက် အဋ္ဌမတောင်ပင်လယ်က လေဟုန်ခွင်းလောကနဲ့ ယှဉ်နိုင်ပါ့မလား” သူ့မျက်လုံးများက အေးစက်မှုတို့ဖြင့် တောက်ပသွားသည်။

“ငါက တောင်ပင်လယ်လောကရဲ့ သခင်အလောင်းအလျာ။ ဒါက ငါ့လောကပဲ” သူက အသက်ပြင်းပြင်းရှူ၍ ထပ်မံအချိန်ဆွဲမနေတော့ဘဲ ဆက်လျှောက်သွားပြီး ဝိညာဉ်နက်အဖွဲ့အစည်း၏ နေရာရွှေ့ပြောင်းခြင်းမုခ်ဝတည်နေရာကို စုံစမ်းကြည့်လိုက်သည်။

ပေးလိုက်ရသည့် ဝိညာဉ်ကျောက်တုံးပမာဏက သူ့မျက်နှာအား တင်းမာသွားစေသော်လည်း မကြာမီ သူ ရှာနေသောအရာကို တွေ့လိုက်ရသည်။ နောက်ဆုံးတော့ ... ဝိညာဉ်နက်အဖွဲ့အစည်း နေရာရွှေ့ပြောင်းခြင်းမုခ်ဝရှေ့သို့ သူ ရောက်သွားခဲ့လေပြီ။

ဝိညာဉ်နက်အဖွဲ့အစည်းမှာ အတွင်းပတ်လမ်းတွင် နေနိုင်သည့် အရည်အချင်းမရှိ၍ လူလုပ်ဂြိုဟ်အတုတစ်လုံးအပေါ်တွင်သာ တည်ရှိသည်။ သို့သော် ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏နာမည်သတင်းက ကောင်းကင်နတ်ဘုရားမဟာမိတ်အတွင်း၌ပင် ထင်ရှားပေရာ သူကား အထင်ကြီးလေးစားခံရသည်။ ထို့ကြောင့် ဝိညာဉ်နက်အဖွဲ့အစည်းသည် အတွင်းပတ်လမ်းတွင် မတည်ရှိသည့်တိုင် အတွင်းပတ်လမ်းနှင့် လွန်စွာနီးသေး၏။

ထိုမျှသာမက ၎င်းက ဂြိုဟ်အတုတစ်လုံးလုံးကို ကိုယ်ပိုင်သိမ်းပိုက်ထားသည်။

သူတို့ဂိုဏ်း၏ လူဦးရေသည် သိပ်မများလှပေ၊ ကျင့်ကြံသူသုံးသိန်းမျှသာ ရှိသည်။ သို့သော် အကုန်လုံးက ဂိုဏ်းအပေါ် လွန်စွာသစ္စာရှိပြီး ဝိညာဉ်ဆက်နွှယ်မှော်ကျင့်စဉ်များကို ကျင့်ကြံကြသည်။ သူတို့က သရဲများကို အစွဲချွတ်၍ ဝိညာဉ်များကို စားသုံး၏။ သူတို့ကျင့်စဉ်များမှာ အလွန်တရာထူးခြားပြီး ယေဘုယျအားဖြင့် ရက်စက်ကြမ်းကြုတ်ပေသည်။

လောလောဆယ်တွင် ဝိညာဉ်နက်အဖွဲ့အစည်းဂိုဏ်းသားများသည် နေရာရွှေ့ပြောင်းခြင်းမုခ်ဝအနားတွင် တင်ပျဉ်ခွေထိုင်နေကြ၏။ ရုတ်တရက် မုခ်ဝက လင်းခနဲ လက်လာ၍ ဂိုဏ်းသားများ အေးစက်စက် လှမ်းကြည့်လိုက်ကြစဉ် အဖြူရောင်ဝတ်ရုံနှင့်လူရိပ်တစ်ခု မြင်သာလာသည်။

၎င်းကား မန်ဟိုမှတစ်ပါး အခြားမဟုတ်ပေ။

သူ့ကို အေးစက်စက် ကြည့်နေသော ဂိုဏ်းသားများထဲမှတစ်ယောက်က လှမ်းငေါက်သည်။ “ဘယ်သူလဲ ဘာလာလုပ်တာလဲ”

မန်ဟိုက မကြားချင်ယောင်ဆောင်ထားသည်။ သူက နေရာရွှေ့ပြောင်းခြင်းမုခ်ဝအထဲတွင် ရပ်လျက် ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ မကြာမီ အဝေး၌ စာလုံးသုံးလုံး ရေးထားသည်ကို မြင်ရနိုင်သော အနက်ရောင်ကျောက်ဆောင်တစ်ခုအား သူ တွေ့လိုက်၏။

ဝိညာဉ် နက် အဖွဲ့အစည်း

၎င်းက သူ ကံကြွေးမန္တန်မှတစ်ဆင့် မြင်ခဲ့ရသော ပုံရိပ်အတိုင်းပင်။ ထို့အပြင် ထိုကျောက်ဆောင်၏ဘေးတွင် ဧရာမနံ့သာအိုးကြီးတစ်လုံးလည်း ရှိနေသည်။

လောလောဆယ်တွင် ၎င်းထံမှ ထုတ်လွှတ်နေသော သို့မဟုတ် ၎င်း၏စုပ်ယူခြင်းခံနေရသော အငွေ့များ မရှိသော်လည်း မန်ဟိုမှာတော့ ၎င်း၏ပုံပန်းသွင်ပြင်ကို ဘယ်တော့မှ မေ့ရမည်မဟုတ်ပေ။

“ဒီနေရာပဲ... “ သူက တိုးညင်းသော်လည်း အေးစက်နေသောအသံဖြင့် ပြောလိုက်သည်။

“မင်းမှာ လျှာမပါဘူးလား။ လျှာဖြတ်ခံထားရတာလား။ အေး စကားမပြောမှတော့ မင်းရဲ့ဝိညာဉ်ကို ငါ ထုတ်ပစ်မယ်” သူတို့ကျင့်စဉ်များ၏ ရက်စက်ကြမ်းကြုတ်သော သဘာဝကြောင့် တခြားဂိုဏ်းမှ အဖွဲ့ဝင်များသည် သူတို့လိုဂိုဏ်းသားများကို အလွန်ရိုရိုကျိုးကျိုး ဆက်ဆံကြ၏။ မန်ဟိုက သူတို့ကို အဖက်မလုပ်သောအခါ အကုန်လုံး အေးစက်စက် နှာမှုတ်၍ သူ့ကို တိုက်ခိုက်ရန် ချက်ချင်း လှုပ်ရှားလိုက်ကြသည်။

မကောင်းဆိုးဝါးဝိညာဉ်များက စူးစူးဝါးဝါး အော်သံများပြုရင်း မန်ဟို့ကို စားတော့မည့်အလား ပြေးဝင်လာကြသည်။

သူက အနက်ရောင်ကျောက်ဆောင်မှ အကြည့်လွဲရင်း ပြောလိုက်၏။ “ငါ့နာမည်က မန်ဟို ....”

ထို့နောက် သူသည် လက်ကို ဝှေ့ယမ်းလိုက်ကာ လေပြင်းတစ်ချက်အား ဝိညာဉ်နက်အဖွဲ့အစည်းကျင့်ကြံသူများကို ရိုက်ခတ်လိုက်စေသည်။

မန်ဟို ဆက်ပြောလိုက်သော စကားလုံးမှာ သူတစ်ယောက်တည်းသာ ကြားရသည်အထိ တိုးလွန်းလေသည်။ “ငါက ဒီဂိုဏ်းကို အမြစ်ဖြုတ်ဖို့ .... ငါ့အချစ်ဆုံးသူငယ်ချင်းရဲ့ ဝိညာဉ်အတွက် ဒီနေရာကို ရောက်လာတာပဲ”

ထို့အခိုက်အတန့်တွင် စူးစူးဝါးဝါးအော်နေသော ဝိညာဉ်များသည် လေပြင်းကို ဝင်တိုက်လိုက်ကြပြီး တစစီစုတ်ဖြဲဖျက်စီးခံလိုက်ရတော့၏။ သူတို့အနောက်ရှိ ကျင့်ကြံသူများမှာတော့ အံ့ဩရန်ပင် အခွင့်အရေးမရလိုက်ပေ။ လေပြင်းက သူတို့ကို လွှမ်းခြုံ၍ သူတို့၏အသွေးအသားများကို အရိုးများမှ အစိမ်းလိုက်စုတ်ဖြဲပစ်ပြီးနောက် သူတို့အား ပြာချပစ်လိုက်သည်။ သူတို့မှာ သူတို့ဆင့်ခေါ်ခဲ့သော ဝိညာဉ်များကဲ့သို့ အော်ဟစ်ရန်ပင် အခွင့်မရလိုက်ပေ။

တစ်ယောက်မှလွဲ၍ အကုန်လုံး ... ချက်ချင်း ခန္ဓာနှင့်ဝိညာဉ်ပါ အသတ်ခံလိုက်ကြရသည်။

အသက်ရှင်ကျန်ခဲ့သော တစ်ယောက်မှာ ဧရာမအားကြီးတစ်ရပ်၏ ရစ်ပတ်ချုပ်နှောင်ခြင်းခံလိုက်ရပြီး မန်ဟို့ထံ ဆွဲခေါ်သွားခံရသည်။ မန်ဟိုက အေးအေးဆေးဆေးဖြင့် သူ့ခေါင်းပေါ် လက်တင်၍ ဝိညာဉ်ဖွေရှာအတတ်ကို ထုတ်လွှတ်လိုက်၏။

ကျင့်ကြံသူမှာ တဆတ်ဆတ် တုန်ရီလာပြီး ပါးစပ်မှ အမြှုပ်များထလာသည်။ အမြှုပ်များက လျင်မြန်စွာ နီရဲလာကာ အသက်ရှူချိန်အနည်းငယ်အတွင်း သူကား အသက်ထွက်သွားတော့သည်။ မန်ဟိုက ဆုပ်ကိုင်ထားသည်ကို ဖြေလျှော့ပေးလိုက်သည့်အခါ ထိုလူမှာ ပြာကျသွားလေ၏။

“စုစုပေါင်း နေရာရွှေ့ပြောင်းခြင်းမုခ်ဝငါးခုပေါ့လေ ဟမ်....” မန်ဟိုသည် ညာခြေကို မြှောက်၍ မြေကြီးအား နင်းချလိုက်၏။ ချက်ချင်းပင် သူ့အောက်ရှိ နေရာရွှေ့ပြောင်းမုခ်ဝနှင့် ဂြိုဟ်၏ကျန်နေရာများရှိ နေရာရွှေ့ပြောင်းခြင်းမုခ်ဝလေးခုလည်း စိစိညက်ညက်ကြေသွားတော့သည်။

“တံခါးတွေပိတ်ပြီးပြီဆိုတော့ သတ်ပွဲလေး စတာပေါ့” မန်ဟိုက ခပ်တိုးတိုး ပြောလိုက်သည်။ သူ ခေါင်းမော့လိုက်သည့်အခါ သူရှိရာသို့ ဒေါသတကြီး ပျံသန်းလာနေသော လူရိပ်များကို မြင်လိုက်ရ၏။ တစ်ချိန်တည်းမှာပင် နတ်ဘုရားအာရုံစီးကြောင်းများစွာ သူ့ဆီ ပြေးဝင်လာကြသည်။ မန်ဟိုက တည်ငြိမ်အေးဆေးသောအမူအရာဖြင့် ရှေ့သို့ လျှောက်သွားလေသည်။

All Chapters