ဝိညာဉ်နက်တွင် တစ်ယောက်တည်း သောင်းကျန်းခြင်း
Vol. 87 Ch. 1215
“ရာရာစစ”
“မင်းကများ ကောင်းကင်နတ်ဘုရားမဟာမိတ်ရဲ့ ဝိညာဉ်နက်အဖွဲ့အစည်းကို ကျူးကျော်ရဲတယ်ပေါ့လေ။ ဘယ်သူလဲ မင်းက” မန်ဟိုသည် လာနေသော နတ်ဘုရားအာရုံများ သယ်ဆောင်လာသည့် ဒေါသတကြီး မာန်မဲကြိမ်းမောင်းသံများကို စိတ်ထဲတွင် ကြားလိုက်ရ၏။
သူသာ သာမန်ကျင့်ကြံသူတစ်ယောက်ဆိုလျှင် ထိုနတ်ဘုရားအာရုံများက သူ့အား ရူးသွားစေရန် လုံလောက်သည်။
ထိုအစား သူက ရှေ့သို့ ဆက်လျှောက်သွားရင်း အေးအေးဆေးဆေး ပြောလိုက်သည်။ "ငါပြောခဲ့သလို ငါ့နာမည်က မန်ဟို ။ ငါ ဒီဂိုဏ်းကို သုတ်သင်ဖို့ ဒီနေရာကို လာခဲ့တာပဲ"
သူ နောက်ဆုံးစကားသုံးလုံးကို ပြောလိုက်သောအခါ သူ့အသံသည် ကောင်းကင်ဘုံလာအင်အားကြီးကဲ့သို့ ထစ်ချုန်းသွားကာ သူ့ပတ်ပတ်လည်ရှိ နတ်ဘုရားအာရုံများအား စိစိညက်ညက် ကြေမွသွားစေသည်။
ဂျိန်းးးးးးးးးးးးးး
အဝေးရှိ ဝိညာဉ်နက်အဖွဲ့အစည်းထဲမှ မရေမတွက်နိုင်သော ကြိမ်းဝါးသံများကို ကြားလိုက်ရ၏။
"သူ့ကို သတ်ပစ်ကြစမ်း"
"သူစိမ်းတစ်ယောက် ကျုးကျော်နေပြီ။ သတ်ပစ်ကြ"
"ငါ သူ့၀ိညာဉ်ကို ထုတ်၊ အလံအဖြစ်သန့်စင်ပြီး အဲ့ဒီအလံကို ဆန်းကြယ်အိတ်လောကတစ်ခုထဲက ရေခဲလေတွေထဲမှာ လွှင့်ထူထားမယ်။ အဲဒီကောင် .... နှစ်ထောင်ပေါင်းများစွာ အော်ဟစ်နေစေရမယ်"
မရေမတွက်နိုင်သော ကျင့်ကြံသူများ မန်ဟို့ထံ ပြေး၀င်သွားကြသဖြင့် မိုးကောင်းကင်သည် မှေးမှိန်လာပြီး လေများ တဝေါဝေါ တိုက်ခတ်ကာ မြေပြင်များ တသိမ့်သိမ့် တုန်ခါနေသည်။ သူတို့အားလုံးက နတ်ဘုရားစွမ်းအင်များကို ထုတ်လွှတ်လိုက်ကြပြီး မျက်စိတစ်မှိတ်အတွင်း ကောင်းကင်တွင် စူးစူးဝါးဝါးအော်ရင်း မန်ဟို့ဆီ ထိုးဆင်းလာကြသော မကောင်းဆိုးဝါးဝိညာဉ်များဖြင့် ပြည့်နှက်သွားတော့၏။
မန်ဟိုက တည်ငြိမ်အေးဆေးစွာဖြင့် ဆက်လျှောက်နေသည်။ သူက အင်္ကျီလက်စကို ခါလိုက်ရာ လာနေသော ကျင့်ကြံသူများ၏ လမ်းကြောင်းတည့်တည့်တွင် ဧရာမအကွဲကြောင်းကြီးတစ်ကြောင်း ဝုန်းခနဲ ပွင့်လာသည်။ အကွဲကြောင်းထဲမှ အနီရောင်မြူခိုးများနှင့်အတူ ကြက်သီးထဖွယ် ရယ်သံကြီး ထွက်လာသည်။ ဧရာမသွေးရောင်ခေါင်းကြီးတစ်လုံးပေါ်လာပြီး တစ်စုံတစ်ယောက်က ထွက်လာသဖြင့် အကွဲကြောင်းမှာ ပို၍ ကျယ်သွားတော့၏။
ထွက်လာသည့်အရာကား သွေးမိစ္ဆာပင်။
သွေးမိစ္ဆာက ဟိန်းဟောက်ရင်း အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည့် သွေးပင်လယ်တစ်စင်းအသွင်ပြောင်းကာ ရှေ့တက်သွားသည်။ ၎င်း ကျင့်ကြံသူများထံ ရောက်ရှိသောအခါ သွေးပျက်စွာ အော်ဟစ်သံများ ဆူညံသွား၏။ မရေမတွက်နိုင်သော မကောင်းဆိုးဝါးဝိညာဉ်များ ဖျက်ဆီးခံလိုက်ရပြီး ကျင့်ကြံသူများမှာ ပြင်းပြင်းထန်ထန် တုန်ရီလာကြတော့သည်။ ထို့နောက် သွေးများသည် သူတို့၏ မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ ပန်းထွက်သွားပြီး သူတို့မှာ အရှင်လတ်လတ် စုပ်ယူခံနေကြရ၏။
သွေးမြူထဲ၌ သွေးကိုယ်ပွားတစ်ကောင် ပေါ်လာသည်။ ၎င်းက ခံစားချက်ကင်းမဲ့စွာဖြင့် ဟိုဟိုသည်သည် ခုန်ကူးနေသော သွေးအရိပ်ဖြစ်လာသည်။ ကျင့်ကြံသူများမှာ လျင်မြန်စွာ ခြောက်ကပ်သေဆုံးနေကြသဖြင့် မချိတင်ကဲ အော်သံများ ပွက်လောရိုက်နေတော့သည်။
ဝိညာဉ်နက်အဖွဲ့အစည်း၏ကျင့်ကြံသူများသည် သူတို့၏ ရက်စက်ကြမ်းကြုတ်သော ကျင့်စဉ်များကြောင့် ထင်ရှားကျော်ကြားပြီး အားလုံးက ရေတွက်၍ပင်မရအောင် သတ်ဖြတ်ခဲ့ကြသူများ ဖြစ်ကြသည်။ သူတို့သည် သူတို့ကိုယ်သူတို့ အရက်စက်ဆုံးလူများဟု ယုံကြည်ကြ၏။ သို့သော် ယခု မြင်နေရသည့်အရာက ဝိညာဉ်နက်အဖွဲ့အစည်းကျင့်ကြံသူများကို အံ့ဩမှင်သက်သွားစေသည်။
ရက်စက်ကြမ်းကြုတ်မှုနှင့် ပက်သက်လျှင် သူတို့မှာ သွေးမိစ္ဆာနှင့် သွေးကိုယ်ပွား၏ ခြေဖျားပင်မမှီပေ။
မန်ဟိုက အင်္ကျီလက်စကို ခါ၍ အင်မော်တယ်တောင်များအား ကျဆင်းလာစေရင်း အေးအေးဆေးဆေး ဆက်လျှောက်လာသည်။ တဝုန်းဝုန်းမြည်သံများမှာ အလွန်ကျယ်လောင်လှသဖြင့် ဤကမ္ဘာသို့ ပျက်ကိန်းကြီး ဆိုက်ရောက်လာခဲ့သည့်အလား ဖြစ်နေတော့သည်။
“အရိုးအစိုင်းကောင်” အေးစက်စက်နှာမှုတ်သံတစ်သံက အထင်ကြီးဖွယ်စွမ်းအားအပြည့်ဖြင့် ဟိန်းထွက်လာသည်။ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ထိုအသံကြောင့် သွေးမိစ္ဆာမှာ တုန်ရီသွားပြီး သွေးကိုယ်ပွားသည် ထိတ်လန့်သွား၏။ အင်မော်တယ်တောင်များလည်း ကြေမွသွားလေပြီ။
အသံပဲ့တင်ထပ်နေစဉ် အနက်ရောင်မီးခိုးငွေ့များက အနက်ရောင်ကျောက်ဆောင်ပတ်ဝန်းကျင်မှ စီးမျောထွက်လာသည်။ မီးခိုးများသည် လျှပ်စီးကဲ့သို့ လင်းလက်နေသော မျက်လုံးများဖြင့် မန်ဟို့အား ကြည့်နေသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက်၏မျက်နှာအဖြစ် စုစည်းသွားကြ၏။
ဝိညာဉ်နက်အဖွဲ့အစည်းတွင် တာအိုနယ်ပယ်ခေါင်းဆောင်ကြီးတစ်ယောက်တည်း ရှိသည်။ သို့သော် သူကား နယ်နယ်ရရတာအိုနယ်ပယ်ကျင့်ကြံသူ မဟုတ်ပေ။ မန်ဟို ကံကြွေးအမျှင်များမှတစ်ဆင့် သူ့ကို မြင်ခဲ့တုန်းက ထိုလူသည် အနှစ်သာရ ၂ ခု တာအိုနယ်ပယ်ပညာရှင်ဖြစ်ကြောင်း ပြောနိုင်ခဲ့၏။ သို့သော် ယခုထုတ်လွှတ်နေသော စွမ်းအားအရ ... အနှစ်သာရ ၂ ခု ပညာရှင်မဟုတ်ဘဲ အနှစ်သာရ ၃ ခု တာအိုသခင်ဖြစ်ကြောင်း မန်ဟို ပြောနိုင်သွားသည်။
သူက မန်ဟို့ကို ‘အရိုင်းအစိုင်းကောင်’ ဟု ခေါ်ခဲ့သူဖြစ်ပြီး ထိုစကားလုံးများက အောက်ရှိအရာအားလုံးကို တုန်ခါသွားစေသည်။ အမှန်ပင် ထိုစကားလုံးများသည် မိုးနှင့်မြေ၏ စိတ်ဝိညာဉ်စွမ်းအင်များကိုပင် ထိန်းချုပ်၍ မန်ဟို့အား တွန်းထုတ်လိုက်သော တွန်းအားဖြစ်သွားစေခဲ့၏။
မန်ဟို့မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ့နှလုံးသား အတန်ငယ်လေးလံသွားတော့သည်။
ဤအခိုက်အတန့်တွင် အဘိုးကြီးဆယ်ယောက်သည် မီးခိုးမျက်နှာကြီးကို ဝန်းရံရန် ပျံထွက်လာကြ၏။ သူတို့၏ကျင့်ကြံခြင်းအခြေခံများကို ထုတ်လွှတ်လိုက်သည့်အခါ ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်း၏ အံ့မခန်းလိလိစွမ်းအားများ ပေါက်ကွဲထွက်လာသည်။
သူတို့အထဲမှ တချို့က သွေးမိစ္ဆာနှင့် သွေးကိုယ်ပွားထံသို့ တန်းတန်းမတ်မတ် ပျံသွားပြီး တချို့က တင်းမာခက်ထန်သောအမူအရာများဖြင့် မန်ဟို့ဆီ ပြေးဝင်လာကြသည်။
ထို့အပြင် ဝိညာဉ်မီးအိမ်များဖြင့် ဝန်းရံလျက်ရှိသော ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူတစ်ရာကျော်လည်း ရှိသေးသည်။ ၎င်းက အထင်ကြီးဖွယ်မြင်ကွင်းတစ်ခုဖြစ်ပြီး သူတို့၏စွမ်းအားများသည် ဖြာထွက်လာသည့်အခါ ကောင်းကင်ဘုံများကိုပင် စိုးမိုးနိုင်ပုံရသော မန္တန်ဝင်္ကပါကြီးတစ်ခုအား ဖော်ဆောင်လိုက်ကြ၏။
ဤတာအိုနယ်ပယ်အဆင့် တိုက်ပွဲတွင် ပါဝင်ဖို့ ဝိညာဉ်နက်အဖွဲ့အစည်းကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် အပေါ်သို့ ပျံတက်လာကြသည်။
ဤသည်ကား ဂိုဏ်းတစ်ဂိုဏ်း၏ အင်အားကြီးမားနိုင်ပုံပင်။
“အနှစ်သာရ ၃ ခု ... “ မန်ဟိုက အေးစက်စက် ပြောသည်။ “အဲဒီတော့ ဘာအရေးလဲ။ ဒါ ဒီအထိတောင် ရောက်လာခဲ့မှတော့ ဒီနေရာ ၊ ဒီအချိန်မှာပဲ အကုန်လုံး အဆုံးသတ်ပေးမယ်” ကံကြွေးမျှင်များမှတစ်ဆင့် မြင်ခဲ့ရသောအရာကို သူ သေချာသည်။ သူ မသိခဲ့သည့်အရာတစ်ခုခု ရှိခဲ့လိမ့်မည်။ သို့မဟုတ် ဤလူသည် ဤရက်ပိုင်းမှ အဆင့်တက်ခဲ့ခြင်းဖြစ်လိမ့်မည်။ အကြောင်းရင်းက မည်သို့ပင်ဖြစ်စေကာမူ မန်ဟိုအနေဖြင့် ဤနေရာသို့ ရောက်လာပြီဖြစ်၍ အနှစ်သာရ ၃ ခု ပညာရှင်ကို တိုက်ခိုက်ရလျှင်တောင်မှ တိုက်ခိုက်မည်သာ။
သူက လေးလှမ်းမြောက်ကို လှမ်းလိုက်ပြီး သူ့တန်ခိုးသည် အရာအားလုံးကို ပြင်းပြင်းထန်ထန် တုန်ရီလာစေရင်း မြင့်တက်သွား၏။ မြေကြီးတချို့ပင်လျှင် ကျွံကျကုန်သည်။ တစ်ချိန်တည်းမှာပင် မန်ဟို၏သိုလှောင်အိတ်ထဲမှ ဟောင်သံတစ်သံ ကြားလိုက်ရသည်။ သွေးခွေးကြီးက ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအဆင့် ကျင့်ကြံခြင်းအခြေခံဖြင့် အရာအားလုံးကို တုန်ခါလှုပ်ယမ်းနေစေရင်း ပျံထွက်လာသည်။
သစ်စေ့နက်မှင်စာအုပ်သည်လည်း စူးစူးဝါးဝါးအော်ရင်း လူအုပ်ကြီးထံ ပြေးဝင်သွားကြ၏။
အံ့ဩဖွယ်ကောင်းစွာနှင့် မန်ဟိုကား ဝိညာဉ်နက်အဖွဲ့အစည်းတစ်ခုလုံးကို တစ်ယောက်တည်း ချေမှုန်းနေလေသည်။
သူက ချူယွီယန်၏ဝိညာဉ်ကို ပြန်ယူဖို့ လာသည့်အကြောင်း မပြောပေ။ ယင်းက သူ၏အားနည်းချက်ဖြစ်သွားနိုင်၍ သူ ဖော်ပြမည်မဟုတ်။ မှန်ပါသည်၊ သူတို့သာ ဝိညာဉ်ကို ပြန်ပေးဖို့ သဘောတူလျှင်တော့ သူ့အနေဖြင့် ငွေကြေးများစွာပေးရလျှင်တောင်မှ သူတို့နှင့်အပေးအယူလုပ်မည်ဖြစ်သည်။
သို့သော် သဘောမတူဘဲ သူ လာရသည့်အကြောင်းရင်းကို သိသွားလျှင် ... ချူယွီယန်အတွက် အန္တရာယ်များလိမ့်မည်။
ထို့ကြောင့် အရိုးရှင်းဆုံးနည်းလမ်းက တစ်ဂိုဏ်းလုံးကို သုတ်သင်၍ ချူယွီယန်၏ဝိညာဉ်အား အတင်းအဓမ္မ ရယူရန်သာ....
မန်ဟို၏အသတ်အဖြတ်အရှိန်အဝါသည် အနက်ရောင်လှိုင်းလုံးကြီးသဖွယ် အရပ်လေးမျက်နှာအား ရိုက်ခတ်နေ၏။ ၎င်းနှင့် ထိသွားသည့် ကျင့်ကြံသူတိုင်းမှာ စိတ်ဖောက်ပြန်ရူးသွပ်သွားကြပြီး လွင့်ထွက်သွားကြတော့သည်။
တစ်ချိန်တည်းမှာပင် နတ်ဘုရားခြေခုနစ်လှမ်းမှ အားဖြည့်ပေးထားသော မန်ဟို၏ လောကပါလတာအိုအင်မော်တယ်တန်ခိုးတို့သည် ထွက်ပေါ်လာသည်။ ထိုငါးလှမ်းမြောက်အား လှမ်းလိုက်သည့်အခါ ထိုတန်ခိုးသည် မြင့်မားသထက် မြင့်မားသွား၏။
ထိုအချိန်တွင် ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူများက ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအဆင့်ပညာရှင်ခြောက်ယောက်နှင့်အတူ အနားရောက်လာကြသည်။ သူတို့သည် အဖျက်အစီးစွမ်းအားများကို ထုတ်လွှတ်လိုက်ကြကာ ငရဲပြည်မှ ယခုလေးတင် ထွက်လာခဲ့သော ဧရာမယမဝိညာဉ်ကြီးအဖြစ် ပေါင်းစည်းသွားစေလိုက်၏။ ယမဝိညာဉ်သည် အနက်ရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ခါးအထက်ပိုင်းက လူသဏ္ဌာန်ရှိကာ ခါးအောက်ပိုင်းမှစ၍ မြေကိုယ်ကြီးဖြစ်နေသည်။ ၎င်းက ဟိန်းဟောက်ကြုံးဝါးရင်း ယမလက်နက်တစ်ခုကို ကိုင်ပြီး မန်ဟို့အား ထိုးချလိုက်သည်။
ထိုအခိုက်အတန့်တွင် မန်ဟို့ ငါးလှမ်းမြောက်ခြေဖဝါးက အောက်ကျသွားပြီး သူ့တန်ခိုးသည် ပို၍ပင်ကြီးမားလာ၏။ မိုးကောင်းကင်တုန်ခါသွားပြီး မြေငလျင်လှုပ်ခတ်သွားသည်။ မရေမတွက်နိုင်သော အက်ရာများ မြေပြင်တစ်လျှောက် မြေလိမ်မြွေကောက် ဖြာထွက်သွားကာ ဂြိုဟ်ပေါ်ရှိ တောင်တစ်လုံးပြီးတစ်လုံး ပြိုကျလာ၏။
သူ၏တဟုန်ထိုးတက်နေသော တန်ခိုးကို တုံ့ပြန်သည့်အနေဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံသည် လေပြင်းမုန်တိုင်းတစ်လုံးအား ယမဝိညာဉ် ဝင်ဆောင့်တိုက်လိုက်သည့် အကာအကွယ်အသွင်ပြောင်းသွားစေ၏။ ချက်ချင်းပင် ယမဝိညာဉ်မှာ လွင့်ထွက်သွား၏။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် ၎င်းကား ... ထိုအကာအကွယ်ကို ဘာဆိုဘာမှမလုပ်နိုင်ပေ။
ယမဝိညာဉ်က မန်ဟို့ကို တိုက်ခိုက်နေသည်ဟုပင် မဆိုနိုင်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ သူထံမှ မီတာသုံးရာပတ်ဝန်းကျင်အတွင်းပင် မဝင်နိုင်ဖြစ်နေ၍ပင်။
ယမဝိညာဉ်သာ လွင့်ထွက်သွားခြင်းမဟုတ်။ ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူအားလုံးလည်း အကာအကွယ်ဖြင့် ဝင်တိုက်ခံလိုက်ရ၍ သွေးအန်လိုက်ကြရပြီး ပေါက်ကွဲသွားရသူများပင် ရှိသည်။ ခန္ဓာနှင့်ဝိညာဉ်ပျက်စီးမသွားသူများမှာတော့ ဒဏ်ရာအပြင်းအထန်ရလျက် လွင့်ထွက်ကုန်ကြသည်။
ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအဆင့် ကျင့်ကြံသူများက တုန်လှုပ်မှုကြောင့် ဖြူဆုပ်နေသောမျက်နှာများဖြင့် ကြည့်နေကြ၏။
“မင်းက ဘယ်သူလဲ”
ထိုမေးခွန်းမေးလိုက်သည့်အခါ မန်ဟို၏ခြောက်လှမ်းမြောက် ခြေလှမ်းကျသွားသည်။ သူ့တန်ခိုးသည် ထပ်မံ၍ကြီးမားလာပြီး သူ၏ကျင့်ကြံခြင်းအခြေခံက ကျယ်ပြန့်လာရာ မမြင်ရသောအကာအကွယ်အား မီတာ ၃၀၀ မှ မီတာ ၉၀၀ အထိ တွန်းပို့လိုက်သည်။ အဆက်မပြတ် တွန်းထုတ်ခံနေရသော အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများအပါအဝင် ပို၍ပင် များပြားသောကျင့်ကြံသူများ သက်ရောက်ခံလိုက်ရ၏။ အတော်များများ အသတ်ခံလိုက်ရပြီး သွေးပျက်စွာအော်သံများ တစ်ဂြိုဟ်လုံးတွင် ဆူညံနေတော့သည်။ ဤအခိုက်အတန့်တွင် ဤပုဂ္ဂိုလ်သည် မည်သူဖြစ်ဖြစ် ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် အစွမ်းထက်ကြောင်း မည်သူမဆို ပြောနိုင်သွားလေပြီ။
“တာအိုနယ်ပယ်။ သူက တာအိုနယ်ပယ်မှာပဲ” ကြောက်လန့်တကြားအော်သံများ ပွက်လောရိုက်နေသည်။ ဤလူများမှာ မည်မျှခက်ထန်ရက်စက်သူများဖြစ်စေကာမူ ... ယခုတော့ သူတို့စိတ်ထဲတွင် ... အကြောက်တရားသည်သာ စိုးမိုးနေတော့၏။
သူတို့၏ခေါင်းဆောင်ကြီးက တာအိုနယ်ပယ်အဆင့်ဖြစ်ပြီး တာအိုနယ်ပယ်ပညာရှင်များအကြား၌ အင်အားကြီးမားသည်ဟုပင် သတ်မှတ်နိုင်သည်။ သို့ထိတိုင် သူတို့မှာ ကြောက်စိတ်တို့မွှန်နေကြသေးသည်။ မည်သည့်တာအိုနယ်ပယ်ပညာရှင်မဆိုသည် သူတို့နှလုံးသားထဲသို့ အကြောက်တရားများ ရိုက်ထည့်နိုင်သည့် လူစားများဖြစ်ကြပေ၏။
ထိုလူများ ကြောက်လန့်တကြား အော်ဟစ်နေသောအခိုက်အတန့်တွင် အနက်ရောင်မီးခိုးများမှ ဖြစ်ပေါ်လာသော ဧရာမမျက်နှာကြီးက ပါးစပ်ကြီးဟကာ အနက်ရောင်လေအား တိုက်ခတ်သွားစေသည်။
အနက်ရောင်လေတွင် အနှစ်သာရစွမ်းအား ပါရှိ၏။ အထူးသဖြင့် ၎င်းက လေအနှစ်သာရ ဖြစ်နေသည့်အပြင် ပို၍အံ့ဩဖွယ်ကောင်းသည်က စူးစူးဝါးဝါး အော်ဟစ်နေသော အမုန်းဝိညာဉ်များဖြင့် ပြည့်နေခြင်းပင်။ ထိုဝိညာဉ်များက လေထဲတွင် ငုပ်လျှိုးလျက် မန်ဟို့ဆီ ပြေးဝင်သွားကြသည်။
ယခုတွင် ခြောက်လှမ်းမြောက်ခြေလှမ်း၏ကျေးဇူးကြောင့် တန်ခိုးတို့ မြင့်တက်သွားခဲ့ရာ မန်ဟိုသည် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်ပြီးနောက် ကောင်းကင်ကြီးကို တွန်းတင်နေသကဲ့သို့ လေထုအား အပေါ်သို့ ပင့်မလိုက်သည်။
"နတ်မီးတောက်အနှစ်သာရ"
ကောင်းကင်ရှိ တိမ်တိုက်များ ပြိုကွဲသွားသဖြင့် တဝုန်းဝုန်း မြည်သံများ တစ်လောကလုံးတွင် ပြည့်နှက်သွား၏။ ဤအနှစ်သာရသည် သွေးရောင်လည်းမဟုတ် ၊ အနက်ရောင်လည်းမဟုတ်။ ၎င်းအတွင်း၌ မည်သည့်ဝိညာဉ်ကိုမှလည်း မမြင်ရပေ။ ၎င်းတွင် ပြည့်နှက်နေသည်က ... အဆုံးမဲ့သော မီးတောက်မီးလျှံများ ဖြစ်ကြ၏။ မီးတောက်မီးလျှံများက အပြင်သို့ လိမ့်ထွက်လာကာ အရာအားလုံးကို လွှမ်းခြုံသွားပြီး တစ်ကမ္ဘာလုံးရှိ အပူချိန်အား ခြစ်ခြစ်တောက် ပူပြင်းနေသည့် ကြောက်ခမန်းလိလိ အတိုင်းအတာသို့ ရောက်ရှိသွားစေသည်။
ကောင်းကင်မှာ မီးပင်လယ်ဖြစ်လာခဲ့ပြီး မြေပြင်သည် စစ်မြေပြင်ဖြစ်နေသည်။ မန်ဟိုက ဝိညာဥ်လေကို ခုခံဖို့ နတ်မီးတောက်ကို အသုံးပြုနေ၏။
အနှစ်သာရစွမ်းအားတို့ လိမ့်ထွက်လာခဲ့ရာ တစ်ကမ္ဘာလုံးမှာ ပို၍ပင် ပြင်းပြင်းထန်ထန် တုန်ခါလာတော့သည်။ ဤသည်မှာ ဂြိုဟ်အစစ်မဟုတ်ဘဲ အစိတ်အပိုင်းသေးသေးလေးများကို စုစည်း၍ ဖန်တီးထားသည့် လူလုပ်ဂြိုဟ်အတုသာဖြစ်သည့်အတွက် တာအိုနယ်ပယ်ဖိအားများ ၎င်း၏အပေါ်သို့ ကျရောက်လာသည့်အခါ အက်ကွဲတော့မည့်လက္ခဏာများ ပြလာသည်။ ၎င်း၏မျက်နှာပြင်ပေါ်တွင် ပို၍များပြားသော အက်ကွဲကြောင်းများ ပျံ့နှံ့လာ၏။
ထို့နောက် ... မန်ဟိုက ခုနစ်လှမ်းမြောက်ခြေလှမ်းကို လှမ်းလိုက်သည်။
ထိုခြေလှမ်းက သူ့စိတ်ဆန္ဒကို မိုးကောင်းကင်၏စိတ်ဆန္ဒနှင့် တစ်သားတည်း ပေါင်းစည်းရင်း သူ့အား နတ်မင်းကြီးပမာ ဖြစ်လာစေသည်။
သူ့တန်ခိုးသည် တစ်ခါမှ မရောက်ရှိဖူးသော အတိုင်းအတာအထိ မြင့်တက်လာ၏။ သူသည် ဤမျှအမြင့်အထိ တစ်ခါမှ တန်ခိုးမမြှင့်တင်ခဲ့ဖူးသလို အမှန်ုတိုင်းပြောရလျှင် သူ၏ပါရာဂွန်တံတားကိုပင် ယခုထက်ထိ မထုတ်ဖော်ရသေးပေ။ ဤသည်ကား တာအိုနယ်ပယ်ကို တုန်လှုပ်စေနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံခြင်းအခြေခံစွမ်းအားသပ်သပ်သာ ရှိသေးသည်။
သူသည် ယခုတွင် ကြီးထွားစပြုလာ၏။ မျက်စိတစ်မှတ်အတွင်း သူက မီတာ ၃၀၀၀ အထိ မြင့်မားသော ဘီလူကြီးတစ်ကောင် ဖြစ်လာခဲ့လေပြီ။ သူက လက်သီးဆုပ်၍ အနက်ရောင်ကျောင်ဆောင်ကြီးအပေါ်၌ လွင့်မျောနေသော မီးခိုးမျက်နှာကြီးအား တန်းတန်းမတ်မတ် ထိုးချလိုက်သည့်အတွက် မိုးကောင်းကင်သည် ပြိုကျစပြုလာ၏။
ဤသည်ကား နတ်ဘုရားသုတ်သင်ခြင်းလက်သီးမှတစ်ပါး အခြားမဟုတ်ပေ။
မီးခိုးထဲရှိ မျက်နှာကြီးမှာ စိုးရိမ်သွားပုံပေါ်လာသည်။ မန်ဟို့ကြောင့် ၎င်း ခံစားနေရသည့် အန္တရာယ်မှာ အဋ္ဌမတောင်ပင်လယ်ရှိ အသက်အကြီးဆုံးပညာရှင်တစ်ချို့သာ ယှဉ်နိုင်သည့်အရာ၊ သူ မခံစားခဲ့ရသည်မှာ အလွန့်အလွန်ကြာခဲ့ပြီဖြစ်သောအရာပင်။
သို့သော် ဤလက်သီးချက်မှာ တန်ခိုးများစွာကို စုစည်းပြီးနောက်မှ ထုတ်လွှတ်နိုင်သည့် မန်ဟို၏အစွမ်းအထက်ဆုံး တိုက်ကွက်များထဲမှ တစ်ကွက်ဖြစ်ကြောင်းကိုလည်း သူ ပြောနိုင်၏။ မျက်နှာကြီးအနေဖြင့် ဤတိုက်ကွက်ကို တိုက်ခိုက်နိုင်သော်လည်း တိုက်ခိုက်စရာလိုအပ်သည်ဟု မမြင်ပေ။ သူ့အတွက် လုပ်စရာမှာ မန်ဟို၏တန်ခိုးကုန်ခမ်းသွားသည်ကိုသာ စောင့်စားနေခြင်းဖြစ်၏။
မျက်လုံးများ အေးစက်စက် တောက်ပနေလျက် မျက်နှာကြီးသည် မန်ဟို့လက်သီးထံမှ နောက်ဆုတ်၍ ပျောက်ကွယ်စပြုလာ၏။ ၎င်း ထိုသို့လှုပ်ရှားသည့်အခါ မန်ဟို့မျက်ဝန်းများတွင် ပါးနပ်သောအလင်းတစ်စ ပေါ်လာသည်။
မျက်နှာကြီး ပျောက်ကွယ်သွားတော့မည့်ဆဲဆဲမှာပင် သူ့လက်သီးက လက်ဝါးဖြန့်ကာ ... အနက်ရောင်ကျောက်ဆောင်ဘေးရှိ နံ့သားအိုးကြီးထံ လှမ်းလိုက်သည်။
သူ၏အဓိကပန်းတိုင်မှာ သူ အကျယ်ကြီးကြေညာခဲ့သလို တစ်ဂိုဏ်းလုံးအား အမြစ်ဖြုတ်ရန် မဟုတ်ခဲ့ဘဲ ... ချူယွီယန်၏ဝိညာဉ်သာ ဖြစ်ခဲ့သည်။ စောစောက အရာအားလုံးမှာ သူ့ပြိုင်ဘက် သူ၏လက်သီးချက်ကို ရှောင်ခဲ့လျှင်တောင်မှ နံ့သာအိုးကို ရယူနိုင်ဖို့ အကွက်ချခဲ့သောအရာများဖြစ်၏။
သူ့ပြိုင်ဘက် မရှောင်လျှင်လည်း ... မန်ဟိုသည် အစီအစဉ်နောက်တစ်ခုအား ပြင်ထားပြီးလေပြီ။