တောင်ပင်လယ်တွေကို တွေ့မြင်လိုက်ရခြင်း
Vol. 87 Ch. 1216
မီးခိုးမျက်နှာကြီး၏မျက်လုံးများက အတန်ငယ် ပြူးကျယ်သွားပြီးနောက် တင်းမာခက်ထန်သွားသည်။ ၎င်းက အေးစက်စက် အသံဖြင့် ပြော၏။ "ဆိုတော့ မင်းက ဒီအတွက် ရောက်လာခဲ့တာကိုး"
စကားသံပဲ့တင်ထပ်နေစဉ် မီးခိုးမျက်နှာကြီးက မန်ဟို့ကို မတားဘဲ သူ၏ဧရာမလက်ကြီးကို အနက်ရောင်ကျောက်ဆောင်၏အောက်ခြေရှိ နံ့သာအိုးဆီ ရွေ့လျားသွားခွင့် ပြုထားသည်။
မန်ဟိုမှာ ရင်လေးသွားပြီး သက်ပြင်းချလိုက်မိသည်။ သူ၏ပြိုင်ဘက်သည် အနှစ်သာရ ၃ ခု တာအိုသခင်ဖြစ်၍ ကျင့်ကြံခြင်းအခြေခံသာ အစွမ်းထက်ခြင်းမဟုတ်၊ ဖြတ်ထိုးဉာဏ်လည်း ကောင်းသည့်အပြင် ကောက်ကျစ်စဉ်းလဲလေသည်။ မန်ဟို၏အစီအစဉ်တွင်လည်း ဟာကွက်များရှိခဲ့ရာ ဤလူ သတိထားမိခြင်းက အံ့ဩစရာတော့မဟုတ်ပေ။
သို့သော် ၎င်းကလည်း အခြေအနေများကို ပိုမိုရှုပ်ထွေးစေသည်။
“သိတယ်ပေါ့ဟုတ်လား" သူက မျက်လုံးများ တောက်ပနေလျက် ပြောလိုက်သည်။ "သိတော့ရော ဘာလုပ်ရမှာလဲ" ထိုလူ ရိပ်မိသွားလျှင်တောင်မှ မန်ဟိုသည် နံ့သာအိုးအား ယူမည့်အကြံအစည်ကို လက်လျှော့မည်မဟုတ်ပေ။ သူ အေးစက်စက် နှာမှုတ်လိုက်စဉ် သူ၏ဧရာမလက်ကြီးက လေကိုခွင်းလိုက်၍ တဝုန်းဝုန်း မြည်သံများ ထွက်လာပြီး လေထုပင်လျှင် ဝေဝါးလာနေသယောင် ပုံပျက်ရှုံ့တွလာသည်။
လက်ကြီး နံ့သာအိုးအား ထိတော့မည့်အခိုက်အတန့်တွင် မမြင်ရသော ဒိုင်းတစ်ဒိုင်းက လင်းခနဲ လက်လာ၏။ မန်ဟို့လက် ၎င်းကို ထိလိုက်သည့်အခါမှ ၎င်းက မြင်သာလာခြင်းဖြစ်ပေသည်။
ဒိုင်းက မှောက်ထားသောပန်းကန်လုံးပုံစံမဟုတ်ဘဲ ဝိညာဉ်နက်အဖွဲ့အစည်းတစ်ခုလုံးအပြည့် နေရာယူထားသော ပိုက်ကွန်တစ်ခုနှင့်တူသည်။ တစ်ယောက်ယောက် နံ့သာအိုးကို ယူဖို့ ကြိုးစားလျှင် ပိုက်ကွန်ဒိုင်း ပေါ်လာလိမ့်မည်။
မန်ဟို၏ညာလက်သည် ဧရာမပိုက်ကွန်ကြီးနှင့်ထိ၍ တအုန်းအုန်း မြည်သံများ ပဲ့တင်ထပ်သွားစေသည်။ ချက်ချင်းဆိုသလို ဧရာမပိုက်ကွန်ကြီးက တလက်လက် တောက်ပလျက် မန်ဟို့လက်အား စုပ်ယူတော့သည်။
မျက်စိကျိန်းလုမတတ် အလင်းတန်းများ ဖြာထွက်လာပြီး မိုးထစ်ချုန်းသံများအား ကျယ်လောင်စွာ ကြားရနိုင်သည်။ စုပ်ယူခြင်းစွမ်းအားမှာ ဝိညာဉ်နက်အဖွဲ့အစည်း ပိုက်ကွန်ဒိုင်း၏ တစ်ခုတည်းသော လုပ်ဆောင်ချက်မဟုတ်ပေ။ စွမ်းအားကို စုပ်ယူပြီးနောက် ပိုက်ကွန်ဒိုင်းက ပြန်ကန်အားကို ထုတ်လွှတ်လိုက်သည်။ ပြန်ကန်အားသည် မိုးပြိုမြေပြုစေမည့် အားကြီးဖြင့် မန်ဟို့အား တိုးဝှေ့ရိုက်ခတ်ဖို့ အမှတ်တစ်မှတ်တွင် ဆုံစည်းရင်း ပိုက်ကွန်မှ လိမ့်ထွက်လာ၏။
ထိုဆုံမှတ်သည် .... မန်ဟို ပိုက်ကွန်အား ထိလိုက်သော အမှတ်ပင် ဖြစ်ချေသည်။
"မင်းက ငါ့စွမ်းအားကို ပထမဆုံး စုပ်ယူတယ်။ ပြီးတော့ စုပ်ယူထားတဲ့စွမ်းအားတွေကို ပြန်စုစည်းပြီး ငါ့ကို တန်ပြန်ရိုက်ခတ်တယ်ပေါ့လေ ဟမ်" ပြန်ကန်အားက သူ့လက်ကို ရိုက်ခတ်လိုက်သဖြင့် မန်ဟိုမှာ တုန်ရီနေလျက် ရေရွတ်လိုက်သည်။ ထို့နောက် သူက ရုတ်တရက် အေးစက်စက် ထရယ်သည်။
"ကဲ ဒါဖြင့် ဒီအကာအကွယ်မန္တန်အစီအစဉ်က ငါ့လမ်းကို တားနိုင်တဲ့အထိ အရည်အချင်းရှိလား ကြည့်ကြသေးတာပေါ့" သူ၏မျက်လုံးများက အေးစက်စက် တောက်ပနေပြီး သူ့ညာလက်သည် ရုတ်တရက် လက်သီးဆုပ်ဖြေ၍ ပိုက်ကွန်ကို ဆုပ်ကိုင်လိုက်၏။ မိုးပြာရောင်အလင်းနှင့်အတူ လောကပါလတာအိုအင်မော်တယ်တန်ခိုးက အရပ်မျက်နှာတစ်ခွင် ဖြာထွက်သွားသည်။
ပထဝီမြေပြင်သည် လှုပ်ခတ်တုန်ဟည်းလာပြီး ပြင်းထန်ကျယ်လောင်သော မိုးထစ်ချုန်းသံများအား ကြားလာရသည်။ မန်ဟိုက မာန်သွင်းဟိန်းဟောက်၍ ရှေ့တက်လိုက်သည်။ သူ ထိုသို့တက်လိုက်သည့်အခါ ပိုက်ကွန်သည် စတင်တိုက်ခိုက်ပြီး ပြန်ကန်အားမှာလည်း ပို၍ပင် ကြီးမားပြင်းထန်လာ၏။
“ဒါကို မင်းက ပြန်တွန်းလှန်နိုင်မယ်ထင်သလား” ဤအခိုက်အတန့်တွင် သူ့ကိုယ်ထဲ၌ အသစ်တစ်ခု ပေါ်လာသည်.... ပါရာဂွန်စွမ်းအား။
၎င်းက ... ပါရာဂွန်တံတား၏စွမ်းအား ဖြစ်သည်။ ပါရာဂွန်တံတား၏စွမ်းအားသည် အပြင်တွင် ပေါ်မလာသော်လည်း သူ့ကိုယ်ထဲ၌ ပေါ်လာခဲ့၏။ ပါရာဂွန်တံတားကို အကောင်အထည်ရှိစေခဲ့ပြီးနောက်ပိုင်း ဤနည်းလမ်းက သူ ၎င်း၏စွမ်းအားကို ထုတ်လွှတ်နိုင်သည့် နည်းလမ်းအသစ်ဖြစ်လာသည်။
ပါရာဂွန်တံတား၏စွမ်းအား သူ့ကိုယ်ထဲ၌ ပေါ်လာသည့်အခါ နတ်တံတားတစ်စင်းက သူ့ခန္ဓာကိုယ်၏အစိတ်အပိုင်းတစ်ခုစီတိုင်းကို ဆက်သွယ်ပေးထားရင်း အမျိုးအမည်မဖော်နိုင်သော အားစီးကြောင်းတစ်ကြောင်းအား သူ၏ချီစီးဆင်းမှုလမ်းကြောများတစ်လျှောက် စီးဆင်းသွားစေသည့်အလား ခံစားလာရသည်။
ထိုစွမ်းအားသည် ပိုက်ကွန်ကြီးကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် ပိုက်ကွန်တစ်ခုလုံးကို ထိုးဖောက်၍ တုန်ခါလာစေသည်။ ပိုက်ကွန်မှာ ယခုထက်ပို၍ ခိုင်မာတောင့်တင်းလျှင်တောင်မှ အသုံးဝင်မည်မဟုတ်။ ၎င်းသည် ပြန်တိုက်ခိုက်နိုင်စွမ်းမရှိခဲ့သည့်သာမက အက်ကွဲစပင်ပြုလာ၏။
မီးခိုးမျက်နှာကြီး၏အမူအရာက ချက်ချင်း ရိပ်ခနဲ ဖြစ်သွားသည်။
တစ်ချိန်တည်းမှာပင် မန်ဟိုက ဟိန်းဟောက်ရင်း ပိုက်ကွန်ကြီးအား အပေါ်သို့ မြှောက်ကာ ဖျက်စီးနေသည်။
“ကျိုးပျက်စမ်း” သူ့အသံက မိုးနှင့်မြေကို သိမ့်ခါတုန်သွားစေသည့်တိုင်အောင် ကျယ်လောင်လှလေသည်။ ပတ်ဝန်းကျင်ရှိ ဝိညာဉ်နက်အစည်းအရုံး၏ ဂိုဏ်းသားများမှာတော့ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ မန်ဟိုက သူတို့၏ပိုက်ကွန်ဒိုင်းကို အမှန်တကယ် .... အမြစ်မှလှန်ပစ်ခဲ့သည်ကို သူတို့ မယုံနိုင်သေးပေ။
ဧရာမပိုက်ကွန်ကြီးသည် မီတာထောင်ချီကျယ်ပြော၍ အပေါ်သို့ ပင့်မမြှောက်ခံထားရသည့်အခါ ခြုံထည်ပမာဖြစ်နေသည်။ ထို့အပြင် တစ်ခုလုံး ပြိုကျပျက်စီးနေသဖြင့် ခပ်အုပ်အုပ်ပေါက်ကွဲသံများကိုလည်း ကြားရနိုင်သည်။ ထို့နောက် မန်ဟိုက ပိုက်ကွန်ကို ဘေးသို့ ပစ်ချကာ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားစေသည်။ အစအနများက ဝိညာဉ်နက်အဖွဲ့အစည်း၏ ကျင့်ကြံသူများကို လာရောက်ထိမှန်၏။
“မလုပ်နဲ့” ဝိညာဉ်နက်အဖွဲ့အစည်း၏ကျင့်ကြံသူများက ကြောက်လန့်တကြား အော်ဟစ်ရင်း စစ်မြေပြင်မှ ဆုတ်ခွာပြေးကြသည်။ သို့သော် သူတို့၏အားထုတ်မှုကား အချည်းနှီးသာ။ မန်ဟိုက မြန်လွန်းခဲ့၍ သူ ဒိုင်းအစအနများအား လွင့်စင်ထွက်သွားစေသောအခါ ကျင့်ကြံသူများမှာ ချက်ချင်း ခေါင်းတခြားကိုယ်တခြား ဖြစ်ကုန်ကြလေသည်။
တခဏလေးအတွင်း စစ်မြေပြင်တစ်ခုလုံးတွင် သွေးညှီနံများ လှိုင်လှိုင်ထသွားသည်။ အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရမှုကား မြန်လွန်းသည်၊ ရုတ်တရက် ဆန်လွန်းသည်။ မည်သူမှ မတွေးနိုင်ခင်၊ မည်သူမှ မတုံ့ပြန်နိုင်ခင် ... ပတ်ဝန်းကျင်တစ်ခုလုံးမှာ ငရဲပြည် ဖြစ်သွားခဲ့လေပြီ။
မန်ဟို ပိုက်ကွန်အား ချလိုက်လျှင်ချင်း သူ့လက်သည် နံ့သာအိုးဆီ တန်းတန်းမတ်မတ် ထွက်သွားသည်။
သူ၏ရန်သူက သူ့အစီအစဉ်ကို ကြိုသိခဲ့စေကာမူ အရေးမကြီး။ ဤနံ့သာအိုးက အတုဖြစ်နိုင်ချေရှိစေကာမူ အရေးမကြီး။ သူကား ၎င်းကို ယူဖို့ ကြိုးစားဦးမည်သာ။ ၎င်းက သူ လုပ်ကိုလုပ်ရမည့်အရာသာ ဖြစ်၏။
သို့သော် သူ၏လက် ၎င်းအပေါ် ကျရောက်တော့မည့် အခိုက်အတန့်တွင် နံ့သာအိုးက ရုတ်တရက် ဝါးသွားပြီး မန်ဟို၏လက်မှာ လေကိုသာ ထိတွေ့သွားသည်။
"ကဲ ဒီလိုဆိုမှတော့ အစီအစဉ် ၂ ကိုပဲ သုံးရတော့မှာပေါ့" မန်ဟိုက အေးစက်စက် ပြောသည်။ သူ၏လက်ချောင်းများသည် လေကိုဆုပ်ကိုင်လိုက်တော့မည့်အချိန်မှာပင် လက်သီးဆုပ်ဖြစ်သွားပြီး အနက်ရောင်ကျောက်ဆောင်ကို ထိုးချလိုက်၏။
ဤအပြုအမူက မီးခိုးမျက်နှာကြီး၏အမူအရာကို ပျက်ယွင်းသွားစေသည်။ မန်ဟို ဘာကြောင့် ဤနေရာသို့ လာရောက်ခဲ့သလဲ၊ မည်သို့လှုပ်ရှားမည်လဲ သူ ခန့်မှန်းခဲ့မိ၍ မန်ဟိုက ဝိညာဉ်နက်အဖွဲ့အစည်းကို အမြစ်ဖြုတ်ရန် စိတ်ပိုင်းဖြတ်ထားသည်ဟု သူ တစ်ခါမှ မထင်ခဲ့ပေ။
မန်ဟိုသည် သူ အလိုရှိသောအရာနှင့် အပေးအယူလုပ်ဖို့ ဂိုဏ်းကို သုတ်သင်မည်ဟု ခြိမ်းခြောက်စကားပြောခဲ့ခြင်းဖြစ်မည်ဟု မီးခိုးမျက်နှာကြီး ယူဆခဲ့၏။
မန်ဟို့တွင် ထိုသို့လုပ်ဖို့ စိတ်ကူးမရှိဘဲ နေလိမ့်မည်ဟု သူ မည်သို့ ထင်ထားခဲ့မည်နည်း။
အစွမ်းထက်ပညာရှင်တစ်ယောက် ဂိုဏ်းကို သုတ်သင်မည်ဟု လာရောက်ခြိမ်းခြောက်လျှင် ၎င်းက ဖြေရှင်း၍မရသော အခြေအနေမဟုတ်ပေ။ သို့သော် တစ်စုံတစ်ယောက်က ဂိုဏ်းတစ်ဂိုဏ်းလုံးကို ဖျက်ဆီးဖို့ စိတ်ပိုင်းဖြတ်ထားလျှင်တော့ ညှိုနှိုင်းဆွေးနွေးလို့မရသည့် ရန်ငြိုးရှိနေသည်ဟု ဆိုလိုသည်။
"အတင့်ရဲလိုက်တာ" မီးခိုးမျက်နှာကြီး၏အသံက ကောင်းကင်ဘုံမှလာသော အင်အားကြီးသဖွယ် အောက်သို့ သက်ဆင်းသွားပြီး ပတ်၀န်းကျင်ရှိ အရာအားလုံးအား တုန်ခါလာစေသည်။ ပို၍များပြားသော အနက်ရောင်မီးခိုးငွေ့များ စုစည်းလာသော်လည်း ခန္ဓာကိုယ်ပုံသဏ္ဍာန်ပေါ်လာတော့မည့်အချိန်မှာပင် မန်ဟို့လက်သီးကား အနက်ရောင်ကျောက်ဆောင်ကြီးနှင့် ထိသွားခဲ့လေပြီ။
"ကျုပ် ဘယ်လောက် အတင့်ရဲသလဲ ခင်ဗျား စောင့်ကြည့်လိုက်" မန်ဟိုက ခိုင်မာပြတ်သားမှုအပြည့်ဖြင့် အေးစက်စက်ပြောလိုက်စဉ် သူ၏ကျင့်ကြံခြင်းအခြေခံသည် လက်သီးမှတစ်ဆင့် ပေါက်ကွဲထွက်သွား၏။
ထိုပေါက်ကွဲအားက လောကပါလတာအိုအင်မော်တယ်၏ တန်ခိုး၊ အထွတ်အထိပ်အဆင့် အပြင်အားကိုယ်ခွန်အားနှင့် နတ်ဘုရားခြေခုနစ်လှမ်းသိုင်းကွက်မှ အားဖြည့်ပေးခံထားရခြင်းဖြစ်သည်။ ၎င်းတွင် သူ့ကိုယ်ထဲရှိ ပါရာဂွန်တံတားမှ ထုတ်လွှတ်ပေးနေသော အင်အားကြီးမားပါရာဂွန်စွမ်းအားပင် ပါ၀င်လေသည်။
ထိုအရာအားလုံးက အတူတကွ ပေါင်းစည်းကာ .... မန်ဟို ထုတ်လွှတ်နိုင်သည့် အပြင်းဆုံးလက်သီးချက်ဖြစ်လာခဲ့သည်။
တဂျိန်းဂျိန်းမြည်သံများ လေထုတွင် ဆူညံသွားပြီး အနက်ရောင်ကျောက်ဆောင်ကြီးမှာ တုန်ခါလာသည်။ အက်ကွဲသံများ ကြားရနိုင်ပြီးနောက် အက်ကွဲကြောင်းများသည် ကျောက်ဆောင်တစ်လျှောက် ဖြာထွက်သွား၏။ ရုတ်တရက် ဝိညာဉ်နက်အဖွဲ့အစည်း၏ အမြင့်မားဆုံးဩဇာအာဏာကို ကိုယ်စားပြုသော အနက်ရောင်ကျောက်ဆောင်ကြီးမှာ ..... အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားတော့သည်။
ထိုသို့ ကြေမွသွားသည့်အခါ မရေမတွက်နိုင်သောဝိညာဉ်များသည် ကောင်းကင်ထက်သို့ ပျံတက်သွားကြ၏။ မြစ်ဝါမြစ်တစ်စင်း လေလယ်တွင် ပေါ်လာခဲ့ကာ ထွက်လာသော ဝိညာဉ်များသည် ၎င်းအထဲ ၀င်ရောက်၍ ဘ၀ပြန်၀င်စားဖို့ စတုတ္ထတောင်ရှိရာသို့ ဦးတည်သွားကြလေသည်။
ဝိညာဉ်များက မြစ်ဝါမြစ်နှင့် ပေါင်းစည်းနေစဉ် မန်ဟို့အား ကျေးဇူးတင်နေသော မျက်၀န်းများနှင့် ကြည့်ပြီးနောက် လက်ယှက်၍ပင် အရိုအသေပေးကြသည်။
ဝိညာဉ်အရေအတွက်ကား တစ်ကုဋေပင် ကျော်၏။
မန်ဟိုပင်လျှင် ထိုမျှများပြားသောပမာဏကြောင့် တုန်လှုပ်သွားရသည်။ ဝိညာဉ်နက်အဖွဲ့အစည်းက ရက်စက်ကြမ်းကြုတ်ကြောင်း သူ သိသော်လည်း ဤမျှရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
ထိုမျှသာမက ထိုဝိညာဥ်အများစုသည် သေမျိုးဝိညာဉ်များ ဖြစ်နေကြ၏။
"မလုပ်နဲ့" ပတ်၀န်းကျင်ရှိ ဝိညာဥ်နက်အဖွဲ့အစည်းကျင့်ကြံသူများမှာ သူတို့၏ကိုးကွယ်ရာ ဖျက်ဆီးခံလိုက်ရသဖြင့် တဆတ်ဆတ် တုန်ရီလာကြသည်။
သို့ထိတိုင် ဤမျှနှင့်မပြီးသေး။ မန်ဟို၏အကြီးမားဆုံးစွမ်းအားက ကျောက်ဆောင်ကိုသာ ဖျက်ဆီးခဲ့ခြင်းမဟုတ်။ ကျောက်ဆောင် အစိတ်စိတ်အမြွှာမြွှာ ကြေမွနေစဉ် အက်ကွဲကြောင်းများသည် ဆက်လက်ဖြာထွက်သွား၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့က အနီးအနားရှိ တောင်များ၊ အဆောက်အအုံများဆီ ရောက်ရှိသွားခဲ့ပြီး ဝိညာဉ်နက်အဖွဲ့အစည်းတစ်ခုလုံးတွင် ပြည့်နှက်သွားခဲ့လေသည်။
အမှန်တွင် .... ထိုလူလုပ်ဂြိုလ်တစ်ခုလုံး သက်ရောက်ခံလိုက်ရ၏။
ဝုန်းးးးးးးးးးးးးးးး
တောင်များ ပြိုကျ၍ အဆောက်အအုံများ ပြာကျကုန်သဖြင့် ဆူညံပွက်လောရိုက်နေတော့သည်။ မျက်စိတစ်မှိတ်အတွင်း ဝိညာဉ်နက်အဖွဲ့အစည်းတစ်ခုလုံး ပြိုကျသွားခဲ့လေပြီ။ ဧရာမချောက်နက်ကြီးက တစ်ဂိုဏ်းလုံးကို ဝါးမြိုလိုက်သော ပါးစပ်ကြီးသဖွယ် မြေကြီးထဲ၌ ပေါ်လာခဲ့၏။
တည်ရှိခဲ့သမျှ အရာအားလုံးကား ယခုတော့ ပျက်စီးသွားခဲ့ပြီဖြစ်သည်။
ဂိုဏ်း ပျက်စီးသွားသည့်အခါ မရေမတွက်နိုင်သော ဝိညာဉ်များသည် နေရာအနှံ့အပြားမှ ပျံထွက်လာခဲ့ကာ တဖြည်းဖြည်း ကောင်းကင်တစ်ခုလုံးကိုပင် ဖုံးကွယ်လွှမ်းသွား၏။ အဆိုပါဝိညာဉ်များက မြစ်ဝါမြစ်ထဲ ဝင်ရောက်နေကြစဉ် မန်ဟို့အား ကျေးဇူးတင်ကြောင်း ဖော်ပြသွားခဲ့ကြလေသည်။
ဝိညာဉ်များမှာ အလွန်များပြားလွန်းသဖြင့် မန်ဟို့အတွက် အရေအတွက်ကိုပင် ဆုံးဖြတ်ရန် မဖြစ်နိုင်တော့ပေ။
ထိုမျှများပြားသော ဝိညာဉ်များ၏ ကျေးဇူးတင်မှုက မန်ဟို့အား တုန်ရီသွားစေသည်။ မမြင်ရသော ချီစီးကြောင်းတစ်ကြောင်းက သူ့အား တစ်နည်းနည်းဖြင့် ကောင်းချီးပေးနေသည့်အလား ခံစားရ၏။
အဆိုပါ မမြင်ရသောချီစီးကြောင်း သူ့ကိုယ်တွင်း၌ စုဝေးလာစဉ် ပါရာဂွန်သွေးစက်သည်လည်း ပလုံစီထလာ၏။ ရုတ်တရက် ပလုံစီထနေသောသွေးများက မန်ဟို့စိတ်ထဲတွင် တစ်စုံတစ်ခုအား ပေါ်လာစေသည်။ ထိုတစ်စုံတစ်ခုကား ..... တောင်ကိုးလုံး၊ ပင်လယ်ကိုးစင်းနှင့်အတူ နေတစ်စင်း၊ လတစ်စင်းဖြစ်သည်။
မန်ဟိုသည် တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်းရှိ အသက်ရှိသော ဖြစ်တည်မှုအားလုံးကို မြင်နေရ၏။ ထိုသူတို့က တာအိုနယ်ပယ်အဆင့်ဖြစ်စေ၊ သေမျိုးများဖြစ်စေ၊ တောင်ပင်လယ်သခင်များဖြစ်စေ၊ သာမန်ကျင့်ကြံသူများဖြစ်စေ တစ်ယောက်မကျန် သူ မြင်နေရလေသည်။
ဤ ရုတ်တရက် အဖြစ်အပျက်က မန်ဟို့အား တအံ့တဩ ငေးမောသွားစေ၏။
မြင်ကွင်းက တခဏသာ ခံသော်လည်း ထိုခဏတာအတွင်း မန်ဟိုသည် သူ၏အတွေးလေးတစ်ချက်ဖြင့် တောင်ပင်လယ်လောကတစ်ခုလုံးကို ပြောင်းလဲနိုင်သည်ဟူသော ခံစားချက်ကို ရရှိခဲ့၏။
ထိုခံစားချက်က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး တောင်ပင်လယ်လောက၏ပုံရိပ်လည်း သူ့စိတ်ထဲမှ ထွက်ခွာသွားသည်။ မသိလျှင် သွေးလေချောက်ချား၍ မြင်ခဲ့ရသလိုပင်။
"ငါက တောင်ပင်လယ်လောကရဲ့ အရှင်သခင်အလောင်းအလျာပဲ။ ဧကန္တ ဝိညာဉ်နက်အဖွဲ့အစည်းကို သုတ်သင်လိုက်တာက တကယ်တော့ ... ငါက တောင်ပင်လယ်လောကရဲ့ ကောင်းကင်ဘုံလာပြစ်ဒဏ်ကို ကိုယ်စားပြုပေးလိုက်သလိုထင်တယ်...." ထိုအတွေးများ သူ့ခေါင်းထဲ ဖြတ်ပြေးနေသည့်အချိန်မှာပင် သူ့ပတ်ပတ်လည်ရှိ ဝိညာဉ်နက်အဖွဲ့အစည်း၏ဂိုဏ်းသားများမှာ မချင့်မရဲ အော်ဟစ်နေကြ၏။
ထိုအခိုက်အတန့်မှာပင် ဝိညာဉ်နက်အဖွဲ့အစည်း ပြိုကျနစ်မြုပ်သော ချောက်နက်ကြီးထဲမှ ကြောက်မက်ဖွယ်ဒေါသစိတ်ဆန္ဒတစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ဒေါသ၏ပြင်းအားက ကောင်းကင်ထက်တွင် အရောင်အဝါများ လင်းလက်သွားစေပြီး အရာအားလုံးကို တုန်ခါလာစေ၏။ မြစ်ဝါမြစ်ပင်လျှင် ရုတ်တရက် ရွေ့လျားနေခြင်း ရပ်သွားပြီး ထိုအတွင်းရှိ မရေမတွက်နိုင်သော ဝိညာဉ်များမှာ ထိတ်လန့်တုန်ရီလာကြသည်။ ရုတ်တရက်ဆိုသလို ချောက်နက်ကြီးထဲမှ အနက်ရောင်မီးများ ဟုန်းခနဲ ထတောက်လာ၏။ ၎င်းက စောစောက သက်လတ်ပိုင်းလူ၏ မျက်နှာကြီးပုံစံရှိသည့် မီးပင်လယ်တစ်စင်းဖြစ်လာသည်။
သူက မန်ဟို့ကို ဒေါသထွက်နေသော အမူအရာဖြင့် ကြည့်ပြီး ပြော၏။ "သေချင်နေတာလား အရိုင်းအစိုင်းကောင်"
ထိုအသံ ပဲ့တင်ထပ်လာသည့်အချိန်မှာပင် မန်ဟိုသည် မီးတောက်ထဲမှ တရွေ့ရွေ့ ထွက်လာသော လူရိပ်တစ်ခုကို မြင်လိုက်ရသည်။
ထိုလူ ထွက်လာနေစဉ် ကြောက်ခမန်းလိလိစွမ်းအားတစ်ရပ်က ထိုလူ့ထံမှ ဖြာထွက်လာလေသည်။